အခြေခံဥပဒေသည် စီးပွားရေးဆိုင်ရာ စာတမ်း မဟုတ်ပေ။ သို့သော်လည်း ၂၀၀၈ အခြေခံဥပဒေတွင် စီးပွားရေးနှင့်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသောကြောင့် အသေအချာ လေ့လာ ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။
သို့သော် သတိထားသင့်သည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ အလေးထားခြင်း မရှိသော အစိုးရတရပ်သည် ဘဏ္ဍာရေးနှင့် အခြားမက်မောစရာများကြောင့် မူလ အနေအထား အတိုင်းသာ ဆက်လက် တည်မြဲနေလိုပြီး ၎င်းတို့၏ အမူအကျင့်များကို အချိန်တိုတိုနှင့် ပြောင်းလဲလိုမည် မဟုတ်ဟူသော အချက် ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရသည် အခြေခံဥပဒေကို လေးစားလိုက်နာခြင်း ရှိမရှိ ဆိုသည့် အချက်ကို အသာထား၍ ဤအခြေခံဥပဒေကို လေ့လာခြင်းဖြင့် ရေးဆွဲသူများ၏ စိတ်နေသဘောထားများကို ခန့်မှန်းနိုင်မည် ဖြစ်သည်။
မြန်မာပြည် အခြေခံဥပဒေ၏ စီးပွားရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ပြည်ထောင်စု၏ အခြေခံမူများ အဖြစ် ဖော်ပြထားသော အခန်း (၁) တွင် တွေ့နိုင်သည်။ မြန်မာပြည်သည် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးမည် ဖြစ်ကြောင်း ပုဒ်မ ၃၅ နှင့် ၃၆ တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
၃၅။ နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။
၃၆။ နိုင်ငံတော်သည် -
(က) အမျိုးသားစီးပွားရေး တိုးတက် ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ် အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စသည့် စီးပွားရေး အင်အားစု အားလုံးကို စီးပွားရေး လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခွင့်ပြုသည်။
(ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တဦးတယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီး ကာကွယ်မည်။
(ဂ) အများပြည်သူတို့၏ နေထိုင်မှု အဆင့်အတန်း မြှင့်တင်ရေးနှင့် အထွေထွေ အရင်းအနှီးများ တိုးတက် ဖွံ့ဖြိုးရေးတို့ကို ရှေးရှု ဆောင်ရွက်မည်။
(ဃ) စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို နိုင်ငံပိုင် သိမ်းယူခြင်းမပြု။
(င) တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြု။
၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် မြန်မာပြည်၏ စီးပွားရေးသည် ဈေးကွက်အပေါ် အခြေခံနေခြင်းမှာ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်အခြေခံဥပဒေနှင့် မတူညီသည့် အချက် ဖြစ်သည်။ သမဝါယမနှင့် အခြားအခန်းကဏ္ဍများကို ထည့်သွင်း ဖော်ပြထားသော်လည်း အနှစ်သာရအားဖြင့် အရင်းရှင်စနစ် ဖြစ်ကြောင်း သိသာထင်ရှားသည်။ အပိုဒ် (ခ)တွင် ဖော်ပြထားသော လက်ဝါးကြီးအုပ် ဆောင်ရွက်မှု နှင့် ဈေးကစားမှုတို့သည် ၁၉၄၇ အခြေခံဥပဒေတွင် ဖော်ပြထားသော ကိုလိုနီခေတ် စိုးရိမ်မှုများကို ရောင်ပြန်ဟပ်ထားခြင်း ဖြစ်သည်။
အပိုဒ် (ဃ) နှင့် (င) တို့မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ ဤသို့ နိုင်ငံတော်က တစုံတရာ ပြုလုပ်မည် မဟုတ်ကြောင်း ကတိကဝတ်များမှာ အခြေခံဥပဒေတွင် ဖော်ပြလေ့မရှိပါ။ နိုင်ငံတော်က ထောက်ပံ့သည့် ဘာသာရေး ထူထောင်ခြင်းအား ကန့်ကွက်သော အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေမှ ပြဌာန်းချက်သည် ထင်ရှားသော သာဓကဖြစ်သည်။ သို့သော် ဤပြဌာန်းချက်များသည် အပြင်းအထန် ထိခိုက်ပျက်စီးခဲ့သော မြန်မာ့စီးပွားရေးနှင့် ဘဏ္ဍာရေးသမိုင်းကို ထင်ဟပ်နေသည်။
အတိတ်ကာလတွင် လျော်ကြေး လုံလုံလောက်လောက် မပေးဘဲ နိုင်ငံပိုင်ပြုခြင်း၊ ငွေကြေးကို တရားမဝင် ပြုလုပ်ခြင်းတို့ကြောင့် တိုင်းပြည် နာမည်ပျက်ခဲ့သည်။ မြန်မာပြည် စီးပွားရေးနှင့် တိုးတက်မှုများကို များစွာ ထိခိုက် ပျက်စီးစေခဲ့သည်။ ဤကိစ္စများကို ဆောင်ရွက်မည် မဟုတ် ဆိုသည်မှာလည်း သံသယရှိဖွယ် အာမခံချက် ဖြစ်နေသည်။
ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်တွင် တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေသောကြောင့် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်မှာလည်း အသိအမှတ်ပြုခြင်း မခံရပါ။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှသည် အရာရှိငယ်များ အထိ ဥပဒေ လုပ်ထုံးလုပ်နည်းများကို လေးစား လိုက်နာခြင်း မရှိပါ။ ဤအမူအကျင့်များသည် နိုင်ငံရေး ပြုပြင်မှုများ မပြုလုပ်ဘဲ ပြောင်းလဲသွားမည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။
အတိုချုပ်ပြောရလျှင် တရုတ်ပြည်နှင့် အခြား “အာရှကျား”များ စီးပွားရေး တိုးတက်လာခြင်း၏ အဓိက မောင်းနှင်အား ဖြစ်သည့် လုံခြုံစိတ်ချရသော ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခွင့်ကို မြန်မာပြည်တွင် အခြေခံဥပဒေ၌ အာမခံရုံ သက်သက်ဖြင့် တည်ဆောက်နိုင်မည် မဟုတ်ပါ။
အပိုဒ် (င) တွင် ဖော်ပြထားသော “တရားဝင်ထုတ်ဝေထားသည့် ငွေကြေး” ဟူသော အသုံးအနှုန်းက စဉ်းစားစရာ ဖြစ်နေသည်။ ဤစကားရပ်သည် အဓိပ္ပာယ် ဖွင့်ဆိုရန် လိုအပ်ပါသလော။ ၁၉၆၄၊ ၁၉၈၅ နှင့် ၁၉၈၇ ငွေကြေးကို တရားမဝင် ပြုလုပ်ခြင်းမှာ တရားဝင် ထုတ်ဝေထားသော ငွေစက္ကူတချို့ကို တရားဝင်မှု အနေအထားမှ ရုပ်သိမ်းသော ဥပဒေ ထုတ်ပြန် ကြေညာပြီးနောက် လည်ပတ်နေသော ငွေစက္ကူများ တရားဝင်မှု ရပ်ဆိုင်းသွားသည်။ ထို့ကြောင့် သံသယရှိဖွယ် ဖြစ်နေသည်။
ဤသို့ဆိုလျှင် ဤစာပိုဒ်၏ရည်ရွယ်ချက်မှာ တရားမဝင် ငွေကြေးသတ်မှတ်ခြင်း မပြုရန် ဥပဒေ၏ သက်ညှာမှုကို ပြသလိုခြင်း ဟုတ်ဟန်မတူပေ။
မြန်မာစစ်အစိုးရက စီးပွားရေးသင်ခန်းစာများကို သင်ယူရန် စိတ်ဝင်စားခြင်း မရှိသေးသော်လည်း တရားမဝင်ငွေကြေး သတ်မှတ်ခြင်းနှင့် ပတ်သက်သော အတွေ့အကြုံများကို အမှတ်ရနေပုံရသည်။
“တရားဝင်ထုတ်ဝေထားသော” ဟူသည့် ဝေါဟာရ၏ အခြား အဓိပ္ပာယ် ရှိနိုင်ပါသေးသည်။ ငွေစက္ကူအတုများ သို့မဟုတ် အခြားဥပဒေများအရ ထုတ်ဝေထားသော နိုင်ငံခြားငွေများ သို့မဟုတ် FEC ဟု ခေါ်သော အစားထိုး နိုင်ငံခြားငွေများကို ဆိုလိုသည်လည်း ဖြစ်နိုင်ပါသည်။ နိုင်ငံတော်ကထုတ်ဝေသော ငွေကြေးကို တရားမဝင် သတ်မှတ်ခြင်း မပြုရဟု ရိုးရှင်းစွာ ဖော်ပြခြင်း မပြုသည်မှာလည်း စဉ်းစားဖွယ် ဖြစ်နေသည်။
မြန်မာပြည်တွင် ဈေးကွက်စီးပွားရေးစနစ် မည်မျှ အောင်မြင်မှု ရှိမည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး အခြေခံဥပဒေ၏ အခြားသော အခန်းများတွင်လည်း ဖော်ပြထားချက်များ၊ အထူးသဖြင့် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် အချက်များကို ပုဒ်မ ၃၇ တွင် အထင်အရှား တွေ့နိုင်သည်။
၃၇။ နိုင်ငံတော်သည်-
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်။
(ခ) နိုင်ငံပိုင် သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဌာန်းရမည်။
(ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေ ပြဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်။
အပိုဒ် (ခ) သည် ဈေးကွက်စီးပွားရေးစနစ်နှင့် မဆန့်ကျင်ပါ။ နိုင်ငံအများစုတွင် နိုင်ငံတော်၏ ထုတ်ယူသုံးစွဲနိုင်ခွင့် တည်ရှိပြီး ဖြစ်သည်။
အပိုဒ် (ဂ) သည် အမှန်တကယ် လက်တွေ့ ကျင့်သုံးမည် ဆိုလျှင် အဓိကကျသောအချက် ဖြစ်သည်။ သို့သော်လည်း ပစ္စည်းပိုင်ဆိုင်ခွင့်သည် သဘာဝအခွင့်အရေးမဟုတ်ဘဲ နိုင်ငံတော်က ပေးအပ် ထားသော အခွင့်အရေး ဖြစ်သကဲ့သို့ ပြဌာန်းထားခြင်းက အခြေခံဥပဒေ မူကြမ်း ရေးဆွဲသူများ၏ စိတ်နေသဘောထားကို ဖော်ပြနေသည်။
ပြဿနာရှိသည်မှာ အပိုဒ် (က) ဖြစ်သည်။ ထိုအချက်သည် လူဦးရေအားလုံး၏ သုံးပုံနှစ်ပုံကျော်ကို အလုပ်ပေးထားသော၊ ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုး၏ ထက်ဝက်ကျော်ဖြစ်သော စိုက်ပျိုးရေးအခန်းကဏ္ဍ၏ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို များစွာ အတားအဆီး ဖြစ်စေသည်။
ပုဒ်မ (၃၇)သည် ၁၉၄၈ ခုနှစ် “မြေယာနိုင်ငံပိုင်ပြုလုပ်ခြင်းဥပဒေ” မှ ဆင်းသက်လာသော မြန်မာပြည်၏ လက်ရှိ မြေယာစီမံခန့်ခွဲရေး စနစ်အား ဆက်လက် အသက်သွင်းခြင်း ဖြစ်သည်။ ဤပြဌာန်းချက်အရ နိုင်ငံသားများသည် မြေယာများကို အနှစ် ၃၀ ငှားရမ်းခွင့်ရသည်။ မြေယာများကို အကျိုးရှိစွာ အသုံးချခြင်းရှိ မရှိ နှစ်စဉ် အကဲဖြတ်သည့် ကျေးရွာနှင့် ဒေသအဆင့် မြေယာကော်မတီများက ဤအခွင့်အရေးများကို ပြန်လည် သုံးသပ်သည်။ ဤအချက်သည် နာဂစ်မုန်တိုင်းကြောင့် မြေယာများ ပျက်စီးသွားကြသော လယ်သမားတို့ အလွန် စိုးရိမ်သည့်အချက် ဖြစ်သည်။
မြေယာများသည် ဥပဒေအရ ဆွေမျိုးမတော်သူများ အချင်းချင်း လွှဲပြောင်း၍ မရပါ။ သို့မဟုတ် အကြွေးဖြင့် ခုနှိမ်ရန် အသုံးပြု၍ မရပါ။ မြန်မာ မြေပိုင်ရှင်များမှာ မြေယာတွင် ရင်းနှီး မြှုပ်နှံလိုစိတ်များ ချိုးနှိမ်ခံနေရပြီး ၎င်းတို့အပိုင် မြေယာများကို ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်လိုစိတ်လည်း မရှိကြတော့ပါ။ စစ်အစိုးရ နှင့် မြန်မာ့တပ်မတော်တို့၏ ဥပဒေမဲ့ မြေယာသိမ်းဆည်းမှုများက မြေယာပိုင်ဆိုင်ခွင့်ကို လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။ မြေယာပိုင်ဆိုင်ခွင့် ဟူသည်မှာ စာရွက်ပေါ်၌သာ ရှိသော အခွင့်အရေးတရပ်ကဲ့သို့ ဖြစ်နေသည်။
အထက်ပါအချက်များသည် ချဲ့ကားပြောဆိုထားခြင်း မဟုတ်ပါ။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ မြေယာ ဝယ်ယူ ရောင်းချပိုင်ခွင့်သည် အခြေခံကျသော စီးပွားရေးဆိုင်ရာ အခွင့်အရေးတရပ် ဖြစ်သောကြောင့် မြန်မာပြည် စိုက်ပျိုးရေး အတွက် အဓိက အရေးကြီးသောအချက် ဖြစ်သည်။
ပုဒ်မ (၂၉) (၃၀) နှင့် ၂၃ (ခ) တို့မှာ အရေးမကြီးသယောင်နှင့် ဈေးကွက်စီးပွားရေးကို ထိခိုက်နိုင်သော အချက်များ ဖြစ်သည်။
၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏-
(ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုး ရရှိရန် ကူညီဆောင်ရွက်မည်။
၂၉။ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။
၃၀။ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမည်။
ပုဒ်မ (၂၉) နှင့် (၃၀) တို့သည် နိုင်ငံတော်၏ ဝင်ရောက်စွက်ဖက်မှုကို အားပေးထားပြီး နိုင်ငံတော်က ဖြစ်ထွန်းစေလိုသော ဈေးကွက်စီးပွားရေးစနစ်ကို ကန့်သတ်ထားသည်။ ပုဒ်မ (၂၃) အပိုဒ် (ခ) သည် သာမန်အားဖြင့် ကြည့်လျှင် အန္တရာယ်ကင်းသယောင် ရှိသော်လည်း ဤအချက်သည် နိုင်ငံတော်က စိုက်ပျိုးရေး ထွက်ကုန်များကို ဝယ်ယူရန် ခွင့်ပြုထားသဖြင့် စိုက်ပျိုးရေး ကဏ္ဍကို များစွာ ထိခိုက် ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။ ဤအချက်ကို မည်သို့ အကောင်အထည် ဖော်မည် ဟူသော အချက်မှာ လွန်စွာ အရေးကြီးသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ အခြားအစိတ်အပိုင်းများသည်လည်း စီးပွားရေး၏ ပုံသဏ္ဌာန်ကို အဆုံးအဖြတ် ပေးနိုင်သည်။ ဤအချက်သည် ဗဟိုအစိုးရနှင့် လွှတ်တော်များအကြား ပြည်နယ်အစိုးရနှင့် တိုင်းရင်းသား အများစုကို ကိုယ်စားပြုသော အပစ်အခတ် ရပ်စဲရေး၊ အပစ်မရပ်ရသေးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ အကြား အုပ်ချုပ်ရေး နှင့် အခြား အာဏာများခွဲဝေမှုတို့နှင့်လည်း သက်ဆိုင်သည်။
အခွန်ကောက်ခံရေးနှင့် သုံးစွဲနိုင်ခွင့် အာဏာ တို့သည်လည်း အလွန် ဆက်စပ်နေသည်။ ပုဒ်မ ၁၈၈ အရ ဒေသဆိုင်ရာ အာဏာပိုင်များထံ၌ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ် လုပ်ကိုင်နိုင်ခွင့် အာဏာတချို့ သတ်မှတ်ထားသော်လည်း အများစုအာဏာသည် ဗဟိုအစိုးရထံ၌သာ စုပုံနေသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသများ၏ အုပ်ချုပ်ရေး အဖွဲ့များတွင် အခွန်ကောက်ခံရေး၊ သုံးစွဲနိုင်ခွင့်အာဏာတို့နှင့် ပတ်သက်၍ ပြောရေးဆိုခွင့် မရှိပါ။ ဤအချက်သည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေအား ထိုဒေသများရှိ တိုင်းရင်းသားများ လက်ခံလာရေးကို ထိခိုက်နိုင်သည်။
ဗြိတိသျှစီးပွားရေးပညာရှင် ဂျွန်ကိန်းက “အာဏာရှိသောရူးသွပ်သူများ” သည် အမြဲတစေ သို့တည်းမဟုတ် မသိစိတ်ဖြင့် “ခေတ်မမှီတော့သော စီးပွားရေးပညာရှင်များ၏ ကျွန်များ” ဖြစ်နေတတ်သည် ဟု ပြောခဲ့ဖူးသည်။ မြန်မာပြည်၌ အာဏာရှိသော ရူးသွပ်သူများ ရှိသော်လည်း ဂျွန်ကိန်း၏ အဆိုနှင့်ဆန့်ကျင်၍ စီးပွားရေး ပညာရှင်များ၏ အခန်းကဏ္ဍကို အသိအမှတ် မပြုကြပါ။
၂၀၀၈ အခြေခံဥပဒေမှတဆင့် အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်ချေမှာ နည်းပါးလှသည်။ ၁၉၄၇ အခြေခံဥပဒေ၌ အလားတူ အားနည်းချက် များစွာရှိသော်လည်း နောက်ပိုင်းအခြေခံဥပဒေများနှင့် ကွာခြားသည်မှာ တရားဥပဒေစိုးမိုးရေး ဖြစ်သည်။
သေချာသည့်အချက်မှာ ၁၉၄၇ အခြေခံဥပဒေသည် ၁၉၄၈-၁၉၆၂ ကာလ မြန်မာပြည်ရှိ ပါလီမန် ဒီမိုကရေစီနှစ်များ အတွင်း အလုံးစုံ အောင်မြင်မှု မရရှိခဲ့သော်လည်း နိုင်ငံတော်၏ ဆောင်ရွက်ချက်များသည် ဥပဒေဘောင်အတွင်း၌သာ ဆောင်ရွက်ခဲ့သည်ဟု ယူဆ၍ရသည်။
ထို့အပြင် ၁၉၄၇ အခြေခံဥပဒေသည် အခြားအခြေခံအဖွဲ့အစည်းများ၏ ထောက်ခံမှုကိုရရှိခဲ့ပြီး အာဏာ အလွဲသုံးစားလုပ်လိုသည့် နိုင်ငံရေးသမားများအား ထိန်းချုပ်နိုင်ခဲ့သည်။ ဤကဲ့သို့သော အခြေခံ အဖွဲ့အစည်းများက စစ်အစိုးရ၏ အသုံးချခံ ဖြစ်နေခြင်းမှာ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်သည်။ ဥပဒေကို မလေးစားသူများက ရေးဆွဲသော အခြေခံဥပဒေထက် ဤအခြေခံအဖွဲ့အစည်းများ ပြန်လည် ဖွဲ့စည်းနိုင်ရန် လိုအပ်သော နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုများ ပြုလုပ်ရန် ပိုမို အရေးကြီးပေသည်။ ဆက်လက် ရုန်းကန် လှုပ်ရှားရဦးမည် ဖြစ်သည်။
ပါမောက္ခ ရှောင်တာနဲ (Sean Turnell) သည် သြစတြေးလျနိုင်ငံ၊ မက်ကွိုင်းယား တက္ကသိုလ် Burma Economic Watch ၏ အယ်ဒီတာ ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 1947
written by Aungthin (Trade Unionist), January 29, 2010
Sean Turnell always analyzes politics and economics of Burma with concrete data and approaching. He is better than US academics and supporting true democracy. I like him very much indeed. Burmese academics from inside Burma are fearing and others like western peoples are offering carrots & sticks. It should be given sticks because Than Shwe believes himself that he is a real KING.
written by မန်းကိုကို, January 26, 2010
ကဲ လာပြီဗျား စီးပွားရေး။
မျှော်သာမျှော် (မှတ်ချက်တွေက) ပေါ်မလာတော့ ကိုယ်ဘဲထပြီး ခါးတောင်း ကျိုက်ရပြန်ပြီဗျို့။
အခြား နေရာတွေမှာ ဗေထိဆိုတာနဲ့ ဝိုင်းဆော်လိုက်ကြတာ စီးပွားရေးလို့ ဆိုလိုက်တော့
ဝိတ်တန်း မတူတဲ့ လက်ဝှေ့သမား စင်ပေါ် တင်လာလို့ ကိုယ်နဲ့ မဆိုင်ကြ သလိုပါဘဲ။
ခုတော့ ကောင်းကြသေးရဲ့လားဗျာ၊ နိုင်ငံခြားသား အင်္ဂလိပ် တစ်ယောက်ကနေ ကိုယ်တွေ အတွက်
ထပြောပြရတယ်လို့။ ဒါတောင် ကျုပ်တို့တွေ ပါးစပ်လေးတွေ ဟနေကြသေးရင်တော့ အင်း…
အရင်ဆုံးအနေနဲ့ ကိုယ့်ဘာသာကိုယ် ဆန်းစစ်ကြ ည့်ကြရအောင်။
လိုရင်း အတိုချုပ် ပြောရရင်တော့ ကျုပ်တို့ စီးပွားရေး ဘက်မှာ ညံ့တယ်လို့ ဆိုရမှာဘဲ။
ကျုပ်ကဖြင့် သိသားဘဲ မပြောချင်လို့ဗျ တို့၊ ကျမ ပြောလို့ကော ဘယ်သူက အရေး လုပ်မှာမို့လဲတို့၊
ဒါတွေက တတ်ကျွမ်းတဲ့ ဒေါက်တာဘွဲ့ရ ဘာရမှ ပြောသင့်တယ် တို့ ဆိုရင်တော့ ဒီတစ်သက်
ဒီမိုကရေစီ ဆိုတာလည်း မျော်မနေကြပါနဲ့တော့။
ပြောလိုက်လို့ ခင်ဗျားတို့ မှားသွားနိုင်သလို ကျုပ်ကိုယ်တိုင်လည်း မပြည့်စုံပါဘူးဗျ။
ကျုပ်တွေ့ဖူးတဲ့ နံရံကပ်ပုံထဲက ကမ္ဘာကျော် သိပ္ပံပညာရှင် အိုင်းစတိုင်း ပြောထားတာက
“မင်းတို့ စိတ်မပူကြနဲ့ ငါ့ရဲ့ ပြဿနာတွေက မင်းတို့ထက် ပိုကြီးတယ်က”ွ လို့ ဆိုပါတယ်။
ဒီတော့ ကျုပ်တို့ မှားမှာ ကြောက်ရင်တော့ လက်ရှိ စစ်တပ်နဲ့ ပေါင်းနိုင်သူတွေဘဲ (ဘာမှတတ်စရာ
မလိုဘဲ) လုပ်စားသွား၊ ချမ်းသာ နေကြတာကိုဘဲ တလွဲ ဆံပင်ကောင်း ဆိုသလို ပါးစပ်ကြီးတွေ
ဟပြီး အထင်တွေ ယောင်မှားပြီး ကြီးသွားနိုင်ပါတယ်။ (မွေးရာပါတတ်တဲ့ လူမှု ဆက်ဆံရေးနဲ့
အရှက်နဲ ရေးတွေကတော့ ထည့်မတွက်တော့ဘူး နော။)
ထားတော့၊ ဆောင်းပါးဘက် ပြန်လှည့်ကြရအောင်။
ပထမဆုံး ဆောင်းပါးရှင် ဖေါ်ပြထားတဲ့ “ကတိကဝတ်များကို အခြေခံဥပဒေတွင် ဖေါ်ပြလေ့ မရှိပါ” ဆိုတာကို ဖတ်မိတာနဲ့ ဒုက္ခဘဲ၊ ငါတို့ဆီက ဆရာ့ဆရာများတော့ လုပ်ချလိုက်ပြီလို့ဘဲ ရေရွတ်မိပါ တော့တယ်။
အမှန်ဝန်ခံရရင်ဘယ်အခြေဥပဒေမှဂဂဏဏ မလေ့လာဖူးပေမယ့်၊ အရမ်းကိုဆွဲချင်ပါတယ်ဆိုသူ
များကတော့ နဲနဲလေးသိသင့်တာပေါ့နော။ ကတိပေးပြီးမလုပ်ပြန်တော့ မိအေးနှစ်ခါနာရသူတွေက
ကျုပ်တို့လို သာမန်ပြည်သူတွေ ဆိုတော့ (ခဲမဆွဲဘဲ) ရင်တော့ အလေးသား။
ပြီးတော့ ကျုပ်တို့ရှူနေတဲ့ လေက အစ နိုင်ငံတော်က ပိုင်နေပြန်တော့ လေကိုပါ ထိန်းချုပ်ချင်တဲ့
မျိုးချစ်ကြီးများ အကြောင်း ဆက်စပ်ပြီး ဦးပေါ်ဦး ဘုရင်ကို ရွှဲ့ပြီး လေခွန် ကောက်တဲ့ ဇတ်လမ်းကို
သွား သတိရတယ်။ ဒီအချက်ကတော့ ယ္ခင် အခြေခံဥပဒေတွေနဲ့ ထပ်တူဘဲ ထင်ပါတယ်။ ထင်သာ
မြင်သာရှိမှု (transparency) ဆိုတဲ့ ဈေးကွက် စီးပွားရေးစနစ်က လိုအပ်ချက်နဲ့ မကြာခဏ
အင်မတန် ပဋိပက္ခဖြစ်ရတဲ့ အချက် တစ်ချက်ပါပဲ။ (လုံးဝ ပစ်ပယ်ဘို့ မဆိုလိုပါ။)
နောက်ဆုံး အချက်ကတော့ နိုင်ငံတော်ရဲ့ စွက်ဖက်မှုတွေကို အားပေးထားတဲ့ အချက်တွေပါဘဲ။
ဒီမိုကရေစီ စနစ် ရင့်ကျက်ပြီးတဲ့ နိုင်ငံတွေ အတွက် နောက်ဆုံး အခြေအနေတွေမှာ မဖြစ်မနေ ဝင်စွက်ဖို့
လိုနိုင်ပေမယ့် ဗမာပြည်လို နေရာမျိုးမှာ တလွဲ သုံးကြမှာတော့ သံသယ ရှိစရာ မလိုပါဘူး။

written by Wine, January 26, 2010
I think this is the second article from Mr. Turnell and it is very worth reading.
Both articles shown writer's understanding of Burma's current condition, history and trend.
It is very fair to say that Rule of Law and strong Property rights are the most important foundations of development.
Thanks.

Write comment