ယခုလ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့ရမည်ဟုဆို

E-mail Print
အပစ်ရပ် တိုင်းရင်းသား အဖွဲ့များအားလုံး နယ်ခြားစောင့် တပ်အဖြစ် အသွင် ပြောင်းရေးကို ယခုလကုန် နောက်ဆုံးထားပြီး ပြုလုပ်ရန် စစ်အစိုးရက ညွှန်ကြား လိုက်ကြောင်း သတင်းရရှိသည်။

စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်သည် စနေနေ့က ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ရှမ်းပြည်တပ်မတော် - မြောက်ပိုင်း(SSA-N)မှ ကိုယ်စားလှယ်များကို တွေ့ဆုံ၍ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ထပ်မံ ဆွေးနွေးခဲ့သည်ဟု အပစ်ရပ်အဖွဲ့ သတင်းရပ်ကွက်များက ပြောသည်။

“ဖေဖော်ဝါရီလကုန်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ရမယ် ဆိုပြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က SSA ကို ပြောတယ်။ ဟိုတုန်းက ပြောတာထက် ပိုပြီး လေသံ မာတယ်” ဟု အပစ်ရပ်အဖွဲ့ သတင်းရပ်ကွက်က ဧရာဝတီကို ပြောသည်။

သို့သော်လည်း  SSA-N ကိုယ်စားလှယ်များက သူ၏ ညွှန်ကြားချက်နှင့် ပတ်သက်ပြီး အဖြေပေးခဲ့ခြင်း မရှိဟု ဆိုသည်။

လားရှိုးမြို့သို့  ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားသော်လည်း ၎င်းတို့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်အတွက် တာဝန်ယူထားသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်ကို သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။

အပစ်ရပ်အဖွဲ့များတွင် အင်အား အကြီးဆုံးဖြစ်သည့် UWSA တပ်ဖွဲ့က  နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို မူအားဖြင့် သဘောတူညီ သော်လည်း တပ်ဖွဲ့စည်းလျှင် စစ်အစိုးရဘက်မှ ဒုတိယတပ်ရင်းမှူးရာထူးတခုသာ ပါဝင်ခွင့် ပြုမည် ဖြစ်ကြောင်း သဘောထား ပေးထားသည်။ ရှမ်းပြည် တောင်ပိုင်းရှိ ၀မ်ဟုန်ဒေသအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုအဖြစ် သတ်မှတ်ပေးရန် ၎င်းတို့၏ တောင်းဆိုချက်ကို စစ်အစိုးရ က ပယ်ချထားသည်။

ဤအတောအတွင်း ကချင် လွတ်လပ်ရေး အဖွဲ့  (KIO) ၏ တပ်များကိုလည်း နယ်ခြားစောင့်တပ်ရင်း ၇ ရင်း အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်သတင်းစဉ် အင်တာနက်စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ ပြီးခဲ့သည်လက တွေ့ဆုံရာတွင် ထိုသို့ ပြတ်ပြတ် သားသား တောင်းဆိုခဲ့သည်ဟု ကချင်သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။

“နယ်ခြားစောင့်တပ် ကိစ္စက ဆွေးနွေးလာတာ ကြာပြီလေ၊ ဘာမှ ဖြစ်မလာတော့ တင်းတင်းမာမာ ပြောလာတာပါ” ၎င်းက သုံးသပ်သည်။

KIO တွင် တရားရေး၊ ပညာရေး၊ သစ်တောရေးရာ စသည့် အရပ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာနများလည်း ရှိကြောင်း၊ သို့သော် အဆိုပါ ဌာနများနှင့် ပတ်သက်၍ စစ်အစိုးရက ပြောဆိုခြင်းမပြုဘဲ KIO ၏ လက်နက်ကိုင် အဖွဲ့များကိုသာ တပ်မတော်၏ လက်အောက်တွင် ထားရှိရန် အဓိကထား ဆွေးနွေးနေခြင်း ဖြစ်သည်။

KIO ၏ ရပ်တည်ချက်မှာ ၁၉၄၇ ခုနှစ်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်တွင် ဖော်ပြထားသည့် အတိုင်း တိုင်းရင်းသားများ တန်းတူညီမျှ အခွင့်အရေး ရရှိသည့် ပြည်ထောင်စု တည်ဆောက်ရန် ဖြစ်သည်။

ယခု အခြေအနေတွင် စစ်အစိုးရနှင့် KIO တို့ စစ်ရေး ပြင်ဆင်မှုများပြုလုပ် နေကြောင်း၊ စစ်အစိုးရက ကချင်ဒေသတွင် စစ်ရေး လှုပ်ရှားမှုများ ပိုမို ပြုလုပ်လာသည်ဟု ကိုနော်ဒင်းက ဆိုသည်။

KIO ကလည်း ကျေးရွာများတွင် ပြည်သူ့စစ် အဖွဲ့များ ဖွဲ့စည်း၍ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်။

စစ်အစိုးရက ရွေးကောက်ပွဲတွင် အနိုင်ရစေရန် စီစဉ်၍ တရားဝင်အစိုးရ ဖြစ်လာမှသာ တပ် အသွင်ပြောင်းရေး အစီအစဉ်ကို ဆက်လက် ကိုင်တွယ်ဖွယ်ရှိသည်ဟု ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ စစ်ရေးနိုင်ငံရေး လေ့လာသူများက ခန့်မှန်း ပြောဆိုနေကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က ဆိုသည်။

“ပြတ်သားတဲ့ စစ်ရေးနည်းနဲ့တော့ အရေးယူဖို့ လမ်းမရှိဘူး၊ ကြိုးရှည်ရှည်နဲ့လှန်ထားတဲ့နည်းကို လုပ်မှာပဲ”ဟု  ဦးစိန်ကြည်က ပြောသည်။

စစ်အစိုးရက နည်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းကြောင့် တိုင်းရင်းသားများ အကြားတွင် စစ်အစိုးရ ဆန့်ကျင်ရေး အမြင်ထက် ဗမာလူမျိုးကြီး ဆန့်ကျင်ရေး အမြင်များ ပိုမို ဖြစ်ပေါ်နေသည်ဟု တရုတ်မြန်မာ နယ်စပ်ရှိ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဤအခြေအနေများသည် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့အတွက် ကောင်းသည့် လက္ခဏာများ မဟုတ်ဘဲ၊ အမျိုးသားစည်းလုံးရေးကို ပိုမို လုပ်ဆောင်ရလိမ့်မည်ဟု သူက ပြောသည်။

စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အစီအစဉ်သည် ပြီးခဲ့သည်နှစ် ဧပြီလမှ စတင်ခဲ့ပြီး၊ ယခုအချိန်အထိ အဖွဲ့ ၃ ဖွဲ့က နယ်ခြားစောင့်တပ်များအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၈၉ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို သဘောတူညီခြင်း မရှိသေးသည့် ရှမ်းပြည်နယ် အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် - NDAA (National Democracy Alliance Army) ခေါ် မိုင်းလား တပ်ဖွဲ့မှ အတွင်းရေးမှူး ဦးမင်းအိမ်သည် ပြီးခဲ့သည့် လကုန်ပိုင်းက လုပ်ကြံခံခဲ့ရသည်။ မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

ဦးမင်းအိမ်၏ နာရေးသို့  တပ်မတော် အရာရှိ တဦးဖြစ်သည့် ဗိုလ်မှူးကြီး သန်းထွန်းသိန်း တက်ရောက်ခဲ့ကြောင်း၊ လုပ်ကြံသူကို ဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
Comments (1)Add Comment
0
Junta make the conflict in Burma
written by rootkit, February 09, 2010
Junta will make the conflict between races in burma and the will shift the Election to 2015. very very important secrects news. pLease be careful

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်