ကဗျာ စောဝေ၏ “ဖေဖော်ဝါရီ ၁၄” အမည်ရှိ ကဗျာသည် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ထုတ် အချစ် ဂျာနယ်တွင် ပါလာပြီးနောက် သူ့အား အာဏာပိုင်များက ဖမ်းဆီးကာ နိုင်ငံတော် အသရေ ဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။“အမိန့်ချတုန်းက ချုပ်ရက်တွေကို ခံစားစေ ဆိုတာ ပါတယ်။ လွတ်မယ် ထင်ပြီး သွားတာ၊ လွှတ်မပေး ဘူးရှင့်။ ကျမလည်း ထောင်ဝင်စာ ပေးပြီးတော့ ပြန်လာခဲ့ရတယ်။ သူတို့ ကိုယ်တိုင် ကလည်း လွတ်မယ့်ရက်ကို ခုထက်ထိ မပြောနိုင်သေးဘူး ဖြစ်နေတယ်။ သူတို့ကို ဘာမှ မညွှန်ကြား ထားဘူးလို့ ပြောတယ်” ဟု ဇနီးဖြစ်သူ ဒေါ်နန်းစန်းစန်းအေးက ဧရာဝတီသို့ပြောသည်။
ကိုစောဝေကို ၂၀၀၈ ဇန်န၀ါရီ ၂၁ ရက်နေ့တွင်ဖမ်းပြီး ၂၅ ရက်နေ့တွင် အင်းစိန်ထောင်သို့ပို့ကာ ၂၇ ရက်နေ့တွင် ရမန်ယူခဲ့သည်။ လွတ်ရက်စေ့နေပြီး လွှတ်မပေးသေးသည့်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ စာပေးပို့ တောင်းဆိုမည်ဟု သူ့ဇနီးဖြစ်သူက ဆိုသည်။
ဒေါ်နန်းစန်းစန်းအေးက ဆက်လက်၍ “ကိုစောဝေက ကဗျာဆရာတယောက်ကို သူတို့ဖမ်းထားလို့ အကျိုးရှိမယ်ဆိုရင်လည်း ဆက်ဖမ်းထားလို့ ရပါတယ်တဲ့။ သူ့အနေနဲ့ ဘုရားတရားလုပ်ဖို့ အခြေအနေပိုရတယ်၊ ၀ဋ်ကြွေးရှိသလောက် သူခံပါ့မယ်တဲ့။ ကျမကိုလည်း သည်းခံဖို့ အားမွေးဖို့ ပြန်အားပေးတယ်” ဟု ပြောပြသည်။
အင်းစိန်အကျဉ်းထောင်ရှိ အကျဉ်းဦးစီးဌာနသို့ သွားရောက်စုံစမ်းရာတွင်လည်း မည်သည့်နေ့တွင် လွတ်မည်ကို မပြောနိုင် ကြကြောင်း ဇနီးဖြစ်သူက ဆိုသည်။
သူက “ရှေ့နေကလည်း သူလွတ်ရက်စေ့ရင် လွတ်မှာပါလို့ ပြောတော့ ကျမလည်း ဘာမှ ဆက်ပြောလို့ မရတော့ဘူး။ ကျမတို့ ဘ၀က ကူစရာ ကယ်စရာ မရှိတော့ ဘယ်သူ့ကိုမှလည်း ထွေထွေထူးထူး တိုင်လို့ပြုလို့လည်း ရမှာ မဟုတ်ဘူး” ဟုပြောသည်။
ခင်ပွန်းဖြစ်သူမှာ လက်ရှိတွင် သွေးဝမ်းသွားရောဂါ ခံစားနေရပြီး အစားသိပ်မစားနိုင်၍ ကျန်းမာရေးအခြေအနေကို စိုးရိမ် ပူပန်သည်ဟု သူက ဆက်ပြောသည်။
ကဗျာဆရာ စောဝေသည် အကျဉ်းကျနေစဉ်အတွင်း ဖိနှိပ်ချုပ်ချယ်မှုများကြားမှ မိမိ၏အမြင်ကို ရဲရင့်စွာ ဖော်ထုတ် ရေးသားနိုင်မှုအတွက် အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကချီးမြှင့်သော Hellman/ Mammett Award ကို ရရှိခဲ့သည်။
လွတ်ရက်စေ့နေသည့် ကိုစောဝေကို လွှတ်မပေးသေးသည်နှင့် ပတ်သက်၍ အာရှလူ့အခွင့်အရေး ကောင်စီမှ ရှေ့နေ ဦးမင်းလွင်ဦးက နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များသို့ တင်ပြ တိုင်ကြားမည်ဟု ဆိုသည်။
“အခု ကိုစောဝေ ကိစ္စက ဆိုးဆိုးရွားရွား လူ့အခွင့်ရေး ချိုးဖောက်မှုအစစ်ပဲ။ ရမန်ယူတာ မယူတာ အသာထား၊ ဥပဒေအရ ချုပ်ရက်က စဖမ်းတဲ့နေ့ကတည်းက စတွက်ရတယ်။ အခု ရဲတွေက လူဖမ်းပြီဆိုရင် ထုထောင်းပြီး အဲဒီ ဒဏ်ရာတွေ ပျောက်လောက်မှ ရုံးတင်တယ်။ ချုပ်ရက်ကိုလည်း ဥပဒေအတိုင်း မဟုတ်ဘဲ လုပ်ချင်သလို လုပ်နေကြတာ။ ရုံးတင်တဲ့ ရက်ကိုပဲ ထည့်တွက်တာမျိုးတွေပေါ့။ အဲ့ဒီတော့ ရှေ့နေတွေက ဘယ်နေ့က ဖမ်းတာလဲဆိုတာကို လိုက်မေးနေရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု ဦးမင်းလွင်ဦးက ပြောသည်။
ထို့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သည့် ဗိုလ်ကြီးဝင်းထိန်၊ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်တို့ကိုလည်း ထိုကဲ့သို့ ဥပဒေချိုးဖောက်၍ ထပ်မံ ချုပ်ထားခြင်း ပြုလုပ်ခဲ့သည်များကို သူက ထောက်ပြပြောဆိုသွားသည်။
Set as favorite
Bookmark
Email this
Hits: 2544
written by ပေါက်ကြီး, January 24, 2010
မလွှတ်သေးတာ ကောင်းပါတယ်.. အဲလို လူမျိုးတွေ အကုန်လုံး ထောင်ထဲမှာ ထည့်ပြီး ဆုံးမတာ အကောင်းဆုံးပါ.... နအဖ ကလဲ သိပ်တော့ မလွန်နဲ့လေ.. ထောင်ထဲ ထည့်ထားတော့ ဒီကောင်တွေ ကြွေးရတဲ့ ထမင်းစရိပ် ကြီးတယ်... ဒီလို ကောင်မျိုးတွေ ရှိလို ဆန်ကုန်မြေလေး ဆိုတဲ့ စကားပုံ ရှိတာပေါ့..နအဖ ကို ထောက်ကံပါတယ်.... ...အာဏာတော့သိပ်ပြီး မမက်နဲ့ပေါ့... နောက်၁ယောက်ကို ပေးလိုက်တော့လေ ကိုရွှေ.......
Write comment













