ယင်း ညဈေးတွင် ဈေးရောင်းနေသည့် ရန်ကုန်မြို့သား ကိုအောင်တိုးက “ရဲတွေ လာပြီဆိုတာနဲ့ ကျနော့်ကို သူဌေးက သူရုံးခန်းထဲမှာ ထည့်ပြီး ပိတ်ထားတယ်၊ ဘယ်မှ ပေးမသွားဘူး”ဟု ဧရာဝတီသို့ ပြောသည်။ယခုဖမ်းဆီးမှုတွင် ထိုင်းနိုင်ငံတွင် တရားမ၀င် လာရောက် နေထိုင်သူ များသာမက နေထိုင်ခွင့် ပြုထားသည့် (တောင်ပေါ်သား) လက်မှတ် ကိုင်ဆောင် ထားသူများနှင့် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်သူ များကိုလည်း ဖမ်းဆီး သွားကြောင်း သိရသည်။
မကြာသေးမီက ချင်းမိုင်မြို့အခြေစိုက် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို လိုလားသည့် အက်ဖ်အမ် ( FM ) ရေဒီယိုဌာန တခုက လက်ရှိ ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အား အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် လှုံဆော်ခဲ့ကြောင်း လွန်ခဲ့သည့်ရက်ပိုင်း က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
ယင်း သတင်းထွက်ပေါ်လာပြီး နောက် ယခုကဲ့သို့ အဖမ်းအဆီးများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“၀န်ကြီးချုပ် ချင်းမိုင်ကိုလာရင် ရှပ်အင်္ကျီအနီဝတ်တဲ့အတိုက်အခံတွေက ဆန္ဒပြမယ်လေ၊ အဲ့သည့်ဆန္ဒပြမယ့် အထဲမှာ မြန်မာတွေ ကို တရက် ဘတ် ငါးရာ ပေးပြီး ငှားမယ်ဆိုလို့ မြန်မာတွေကိုဖမ်းတယ်လို့ပြောတယ်”ဟု ကိုအောင်တိုးကလည်း ဆက်ပြောသည်။
လာမည့် နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ရက်များတွင် ၀န်ကြီးချုပ် ချင်းမိုင်မြို့သို့လာရောက်မည်ဖြစ်ပြီး၊ ထိုသို့လာရောက်လျှင် အတိုက် အခံများဖြစ်သည့် ရှပ်အင်္ကျီ အနီဝတ် ဆန္ဒပြသူများက မြန်မာနိုင်ငံသား တရားမ၀င်လာရောက်နေထိုင်သူများကို ငှားရမ်း၍ ဗုံးဖောက်ခွဲမည်ဟု ကောလဟာလ သတင်းမျာလည်း ထွက်ပေါ်နေသည်။
ထိုင်းနိုင်ငံရေးလောကတွင် မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ချင်းမိုင်၊ ချင်းရိုင် အစရှိသည့်နယ်မြေများသည် ၀န်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသူ အများအပြား ရှိသည့်နယ်မြေများ ဖြစ်သည်။
ချင်းမိုင်မြို့သို့ ၀န်ကြီးချုပ် အဖိဆစ် လာရောက်လျှင် ညဈေးအနီးရှိ အင်ပီရီးယယ် ဟိုတယ်သို့ လာရောက်မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံသားအများစု အလုပ်လုပ်ကိုင်နေသည့် ညဈေးကို ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊၎င်းရက်များတွင် ယင်းညဈေးကို ပိတ်ထားရမည်ဟု ထိုင်းအာဏာပိုင်များကပြောဆိုကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများမှ ထိုင်းနိုင်ငံသို့လာရောက်အလုပ်လုပ်ကိုင်နေသူများအား အလုပ်လုပ်ကိုင်ခွင့်လက်မှတ် များကို မကြာသေး မီက ထုတ်ပေးခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းနှင့် အိမ်ဖော်လုပ်ငန်းများတွင်သာ လုပ်ကိုင် ခွင့်ပေးထားပြီး ယခုကဲ့သို့ ဈေးရောင်းသည့်အလုပ်တွင် လုပ်ကိုင်ခွင့်ပေးမထားပေ။
၎င်းးညဈေးတွင် ရှိသည့် မြန်မာနိုင်ငံသား အများစုမှာ တခြားလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် အလုပ်သမားကတ်များကိုသာ ကိုင်ဆောင်ထားသည့်အတွက် အများစုမှာ လုပ်ငန်းခွင်သို့သွားရောက်ရန်အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကိုအောင်တိုးက ဆိုသည်။
“သူဌေးကတော့ အလုပ်ဆင်းဖို့ပြောတယ်၊ အလုပ်မဆင်းရင်လည်း လုပ်ခအဖြတ်ခံရဦးမယ်၊ အဖမ်းခံရရင်လည်း သူဌေးက အာမခံ နဲ့လိုက်ထုတ်ရင်ရတယ်ဆိုပေမယ့်၊ ပြန်ရွေးရမယ့်ငွေက ကိုယ်ကပေးရမယ်၊သူတို့ကို အဲ့ဒါတွေသွားပြောပြန်လည်း လက်သုံးစကား ကကိစ္စမရှိဘူးပဲပြောတယ်၊သူတို့သားသမီးမှမဟုတ်တာ”ဟု၎င်းကပြောသည်။
ထိုင်းအလုပ်ရှင်များက ပျက်ကွက်သည့် အလုပ်သမားများကို ဒဏ်ငွေ ထိုင်းဘတ် ၂၀၀ ဆောင်ခိုင်းသည်ဟု သိရပြီး အလုပ်သမားများ ၏ တရက်လုပ်ခမှာ ဘတ် ၁၆၀ သာရသည်ဟု ဆိုသည်။
ယင်းညဈေးတွင် ဈေးရောင်းနေသည့် မြန်မာနိုင်ငံသား လီဆူးတိုင်းရင်းသူ မဖီးဘီကလည်း “သူငယ်ချင်းကောင်လေးတယောက် ဆိုရင် ရဲတွေမြင်တော့ လန့်ပြီးထွက်ပြေးတာကို ၀ိုင်းဖမ်းပြီး ထိုးကြိတ် ရိုက်နှက်ပစ်လိုက်တယ်၊ မနေ့ညက အခြေအနေတော် တော်ဆိုးတယ်”ဟုပြောသည်။
ထိုကဲ့သို့ ရဲများက ဖမ်းဆီးထိုးကြိတ်ခြင်းကို ညဈေးတွင်ရှိသည့် ထိုင်းလူမျိုးများလည်း မျက်မြင်တွေ့ရှိကြောင်း၊ ထိုသို့ပြုလုပ်ခြင်းကို အဆိုးဝါးဆုံးအခြေအနေတရပ်အဖြစ် အပြစ်တင်ပြောဆိုကြောင်းလည်း ၎င်းကဆိုသည်။
ယခုဖမ်းဆီးမှုတွင် အမျိုးသမီးများလည်းပါဝင်ကြောင်း၊ လီဆူးအမျိုးသမီးများနှင့် ရခိုင်အမျိုးသမီးများဖြစ်ပြီး အသက် ၁၈ နှစ်ခန့်ရှိ ကြောင်း၊ ထိုင်းရဲများ၏ ဖမ်းဆီးခြင်းခံရလျှင် တရားမ၀င်နေထိုင်သူများသာမက နေထိုင်ခွင့်လက်မှတ် ရှိသူများလည်း ငွေဖြင့် ပြန်လည် ရွေးယူမှသာလျှင် အချုပ်ခန်းမှလွတ်မြောက်ကြောင်းသိရသည်။
မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမ၀င်လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြသည်ဆိုသော်လည်း ၎င်းတို့အား လုံး သည် တရားမ၀င်သော ဒုစရိုက်အလုပ်များ လုပ်ကိုင်နေခြင်းမဟုတ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခြင်းကို စိတ်မကောင်းဖြစ် မိကြောင်း မဖီးဘီကပြောသည်။
ချင်းမိုင်မြို့အခြေစိုက် မြန်မာရွေ့ပြောင်းအလုပ်သမားများ၏ ပညာရေးကို လုပ်ကိုင်နေသည့် ( Migrant Learning Center ) မှ ဆရာစိုင်းလိန်ခမ်းကလည်း ယခုကဲ့သို့ ရွေ့ပြောင်းအလုပ်သမားများအား ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ၏ ခရီးစဉ်အား အကြောင်းပြဖမ်းဆီးခြင်း၏ နောက်ကွယ်တွင် ထိုင်းအစိုးရ အစီအစဉ်ဖြစ်သည့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ကိုင်ရန် အတွက် ဖိအားပေးမှုတခုအဖြစ် ထင်မြင်ကြောင်း ၊သို့သော် ရိုက်နှက်ထိုးကြိတ်ဖမ်းဆီးမှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုတရပ် ပင်ဖြစ်ကြောင်း ပြောဆိုသုံးသပ်သည်။
written by စိုင်းစိုင်း, November 26, 2009
ထိုင်းနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့်  အတွက် လူ့ အခွင့် အရေးကို အလူးကို လေးစားသင့်ကြောင်း
written by david, November 25, 2009
ဒီသတင်းကို ဖတ်ရတာ အင်မတန် စိတ်မကောင်းဖြစ်မိပါတယ် ထိုင်းရဲတွေဟာ လူပါးဝပြီး မြန်မာတွေဆို သူတို့လုပ်ချင်သလို လုပ်နေတာ လက်စားချေသင့်တယ် အရိုက်ခံရတဲ့ မြန်မာနိုင်ငံသားဟာ ဘယ်လိုဘဲ သူဒီကိုရောက်ရောက် အခုလို လူမဆံတဲ့အလုပ်ကို ကန့်ကွက်တယ် အခုလိုလူ့အခွင့်ရေး ချိုးဖောက်တာကို သူတို့သက်ဆိုင်ရာ အရာရှိတွေကော တခြား အဖွဲ့အစည်းတွေပါ သိသင့်တယ် ဘာဖြစ်လို့ အခုလိုပြောရတာလဲ ဆိုရင် ကျွန်တော် တော်တော်များများ ထိုင်းရဲတွေ မတရားလုပ်တာတွေကို သိတာများလာလို့ဘဲ
Write comment














Not only in BKK but also in Malay. So, I want to ask Myanmar Embassy in each countries what is responsibility and why open embassy in abroad.