ရောင်းစားခံရသည့် ကချင်လူငယ်များ ပြန်လည်လွတ်မြောက်

E-mail Print
တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသည့် ကချင်ပြည်နယ် မိုင်ဂျာယာန် ဒေသမှ လူငယ် ၃၁ ဦးသည် ဒေသခံ အာဏာပိုင်များ၏ တာဝန်ယူ ဆောင်ရွက်မှုဖြင့် ယခုလဆန်းတွင် ပြန်လည် လွတ်မြောက်လာ ကြောင်း သိရသည်။

ယခု ရောင်းစားမှုသည် ယင်းဒေသမှ ပထမဆုံးအကြိမ် လူငယ် ယောက်ျားလေးများ လူကုန်ကူးခံရခြင်း ဖြစ်ပြီး ၎င်းတို့သည် အသက် ၁၆ နှစ်မှ အသက် ၂၀ အတွင်း ရှိသူများ ဖြစ်သည်ဟု မိသားစုဝင်များ အပါအ၀င် နီးစပ်သူများက ပြောဆိုသည်။

“သူတို့ သူငယ်ချင်း တယာက်က တရုတ်နိုင်ငံ ကောင်းတုန်မှာ အလုပ်ပေါပြီး လစာကောင်းတယ် သွားရအောင် ဆိုပြီး ခေါ်သွားတာ”ဟု ရောင်းစားခံရသူ မိသားစုဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း လူကုန်ကူး ခံရသူများတွင် မိုင်ဂျာယာန်ရှိ Economic and Education Development for Youth (EEDY) ပညာမြှင့် တင်ရေးအဖွဲ့၏ ထွယ်နိမ်ရှောင် (Htoi Ningshawng) အမည်ရ ဘော်ဒါဆောင်မှ လူငယ် ၃ ဦးလည်း ပါဝင်ကြောင်း ဘော်ဒါအုပ် ဖြစ်သူက ပြောပြသည်။

“အခုလွတ်လာတဲ့ ၃၁ ယောက်ထဲမှာ ကျမတို့ ကလေး ၃ ယောက်ပါတယ်၊ ကျန်တဲ့သူတွေလည်း ကိုယ့်အိမ်ကိုယ် ပြန်ကြပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါ EEDY အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) က တည်ထောင်ထားသော လူငယ် စောင့်ရှောက်ရေး အဖွဲ့ဖြစ်သည်။

ယင်းရောင်းစား ခံရသူများသည် တရုတ်နိုင်ငံ ကောင်းတုန် ဒေသရှိ သံစက်ရုံ၊ ကော်ဖြင့် ထုတ်လုပ်သော အိုးခွက်၊ ပန်းကန်၊ ဇွန်း၊ အရုပ်များ ထုတ်လုပ်သည့် စက်ရုံများတွင် အလုပ်လုပ်ရကြောင်း သိရသည်။

“လမ်းစရိတ်တွေ အရင်လုပ်ဆပ်ရမယ် ဆိုပြီး လစာကို တလ မုန့်ဖိုးလာက်ရှိတဲ့ ယွမ် ၄၀-၅၀ (ကျပ် ၅,၇၁၄-၇၁၄၂) လောက် ပဲရတယ်”ဟု အထက်ပါ မိသားစုဝင်က ပြောပြသည်။

မိုင်ဂျာယာန် ဒေသတွင်ပင် ပျမ်းမျှ လုပ်အားခ တလလျှင် ယွမ် ၆၀၀ မှ ၈၀၀ (ကျပ် ၈၅,၇၁၄ မှ ၁၄,၂၈၅) ကြား ရှိသည်ဟု လည်း ဆိုသည်။

ကောင်းတုန် ဒေသရှိ လုပ်အားခ အမှန်မှာ တလလျှင် ယွမ် ၁၂၀၀ မှ ၂၀၀၀ ကြား (ကျပ် ၁၇၁,၄၂၈ မှ ၂၈၅,၇၁၄) ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ လူကုန်ကူးမှုများ ဖြစ်စေရန် ဒေသ၏ စီးပွားရေးနှင့် လူမှုရေး အခြေအနေ များကလည်း တွန်းအားပေးနေကြောင်း မိုင်ဂျာယာန် အုပ်ချုပ်ရေးရုံး အရာရှိတဦးက ပြောဆိုသည်။

“မိန်းမသားနဲ့ ကလေးတွေကို ရောင်းစားတဲ့အမှု ဖြေရှင်းနေရတာက နယ်စပ်မှာ အလုပ်တခုပါ၊ ဒါပေမယ့် ဒီလိုယောက်ျား လေးတွေ ရောင်းစားခံရတဲ့ အမှုက ကျနော့်ဘ၀မှာ ဒါပထမဆုံး ဖြေရှင်းခြင်းပါ၊ သူက လူခေါ်ရောင်းစားတာ အကြိမ်ကြိမ်ရှိပြီ၊ ဒါပေမယ့် တချို့ကတော့ ပိုက်ဆံရှာရ လွယ်တယ်ဆိုတဲ့ စကားကြောင့် မိဘတွေကိုယ်တိုင် လာအပ်ထားတာ၊ ရောင်းစားတယ် ဆိုပေမယ့် လမ်းစရိတ်နဲ့ အလုပ်ရှာပေး ခလောက်ပဲ ယူထားတယ်ဆိုတော့ ဆုံးမတာ လောက်ကလွဲလို့ ကြီးကြီးမားမား ပြစ်ဒဏ် မရှိပါဘူး”ဟု ၎င်းကဆို သည်။

မိုင်ဂျာယာန် ဒေသရှိ အမျိုးသမီး အခွင့်အရေးနှင့် လူကုန်ကူးမှု ပပျောက်ရေး လှုပ်ရှားသူ တဦးကမူ “ဒီလိုအမှုလည်း လူကုန်ကူးမှုပါပဲ၊ ကျမတို့ အနေနဲ့ တကယ် လက်တွေ့ဖြေရှင်းမယ် ဆိုရင်တော့ ဒါ လူသား အချင်းချင်း ခေါင်းပုံဖြတ်မှုပါ”ဟု ပြောသည်။

၂၀၀၆ ခုမှ၂၀၀၈ ခုနှစ် အတွင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသူ ကလေးနှင့် အမျိုးသမီးပေါင်း (၁၂၈) ဦး နှင့် ၂၀၀၉ ခုနှစ်တွင် (၄၈) ဦး ရှိသည်ဟု KIO ဗဟို အမျိုးသမီး အဖွဲ့ချုပ်ရုံး(လိုင်ဇာ) ၏ စာရင်းက ဆိုသည်။

လက်ရှိ အခြေအနေအရ ယခု လူကုန်ကူးမှု ပြုလုပ်သူ ၂ ဦးကို မိုင်ဂျာယာန် အုပ်ချုပ်ရေး အာဏာပိုင်များက  ထိန်းသိမ်းထားကာ အမှုဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
Comments (2)Add Comment
0
...
written by nunu, November 28, 2009
ဒီလို ရောင်းစားခံရတဲ့လူ မနည်းတော့ပါဘူး
စစ်အစိုးရ ဘယ်တော့မှ ပြည်သူ့အပေါ် လည့်မကြည့်ပါ။
သေနာတွေ သူတို့သား သမီးများခံရတဲ့ နေ့တနေ့ကြမှ ပြည်သူတွေအပေါ ကိုယ်ချင်းစာမှာ
0
ရှက်စရာမြန်မာပြည်
written by Truth, November 25, 2009
မိန်းမ ခလေး လူငယ်ယောကျာ်းတွေပါ ရောင်းစားခံရတာ အစိုးရအနေနဲ့ ဘာဝင်ကူ ဖြေရှင်းပေးပါသလဲ။ အစိုးရအနေ နဲ့ ကိုယ့်တိုင်းပြည်က လူတွေကို စော်ကားချင်တိုင်း စော်ကား ရောင်းစားခံနေရတာတွေ ဒီလိုဘဲ လစ်လျူရှုနေ မယ်ဆိုရင်တော့ တချိန်ချိန်မှာ နယ်စပ်ကနေ တဖြေးဖြေး ကျူးကျော်လာပြီး တတိုင်းပြည်လုံးပါ အကုန်မချပြီး ရောင်းစား သွားတာ ခံရပါလိမ့်မယ်။ ကိုယ့်လူမျိုး နိုင်ငံသားဘက်က ရပ်တည်ပြီး ဒီလို ပြသနာတွေကို ဖြေရှင်း ပေးသင့်ပါတယ်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၃၊ ၂၀၁၀
၁ ဒေါ်လာ = ၉၇၅ ကျပ်
၁ ဘတ် = ၂၉.၈၀ ကျပ်