လပွတ္တာမြို့နယ် အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေသခံတဦးက “လပွတ္တာမှာ အရင်တုန်းက ရေပေါ်ဈေးရှိတယ်။ နာဂစ်မတိုက်ခင်က မီးလောင်သွားတော့ ဈေးသည်တွေကို နေရာပြန်မပေးဘဲ အခုမှ ဈေးသစ်နာမည် တပ်ပြီး ဆိုင်ခန်းတွေရောင်းတာ” ဟုဆိုသည်။
ရွေးနဒီ ရေပေါ်ဈေးသစ်မှာ လပွတ္တာမြို့နယ်၊ အမှတ် (၆) ရပ်ကွက် မေတ္တာလမ်းနှင့် သစ္စာလမ်းထိပ်တွင် တည်ရှိပြီး သိဏ်း ဆောက်လုပ်ရေးကုမ္ပဏီက ယခု နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
နာဂစ်နောက်ပိုင်း ဆောက်လုပ်ခဲ့သော ရေပေါ်ဈေးတွင် ယခင်မီးလောင်စဉ်က ဆိုင်ခန်းပိုင်ရှင် များကို နေရာပြန်လည်အစားချပေးခြင်းမရှိဘဲ ဆိုင်ခန်းများကို ဈေးနှုန်းမြှင့်၍ ရောင်းချနေခြင်းကြောင့် စိတ်ဝင်စားမှု နည်းပါးခြင်း ဖြစ်ကြောင်း ယခင်ရေပေါ်ဈေးတွင် ဈေးရောင်းချခဲ့ဖူးသူ တဦးက ပြောသည်။
“အရင်က ဈေးမှာ ဈေးသူဈေးသားတွေက ပျံကျရောင်းနေရတာ။ တော်ရုံလူမ၀ယ်နိုင်ဘူး။ ၉ ပေ၊ ၆ပေဆိုတဲ့ ဆိုင်ခန်းက ကျပ် ၂၅ သိန်း၊ ကုန်စိမ်းရောင်းတဲ့ အတန်းဆို ၉ သိန်း၊ ၁၀ သိန်း ဆိုတော့ ဈေးက လိုက်မမီဘူး” ဟု ကုန်စိမ်းရောင်းသူ တဦးက ဆိုသည်။
အဆိုပါ ဈေးနေရာနှင့် လူနေအိမ်အများအပြား မီးလောင်ပြီးနောက် ဈေးသည်အများစုမှာ လပွတ္တာမြို့ပေါ်ရှိ မြို့မဈေးကြီးတွင် ၀င်ရောက်ရောင်းချခဲ့ရပြီး လက်ရှိ ရွေးနဒီရေပေါ်ဈေး ပြန်လည် တည်ဆောက်ချိန်တွင် မည်သူမဆို လွတ်လပ်စွာ အရစ်ကျငွေပေးသွင်း ၀ယ်ယူနိုင်သော်လည်း မီးလောင်ဒဏ်ခံခဲ့ရသော ဆိုင်ရှင်များသည် ငွေကြေးမြင့်မားမှုကြောင့် ဆိုင်ခန်း ပြန်မ၀ယ်နိုင် ကြကြောင်း အထည်ဆိုင်ရှင် ဒေါ်သိန်းသိန်းက ပြောသည်။
“မုန်တိုင်း တိုက်ခံရလို့ ဆုံးရှုံးထားတာ မနည်းကြဘူးလေ၊ မြို့ပေါ်က လူတွေတောင် ဒီဆိုင်ခန်း ဈေးတွေများလို့ ပြန်မယူနိုင်ကြဘူး၊ ရွာဘက်က လူတွေကျတော့ ပိုဆိုးတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ဧရာဝတီတိုင်းသည် ၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် အသက်အိုးအိမ်များစွာ ဆုံးရှုံးခဲ့ရပြီး ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရန် များစွာလိုအပ်နေကြောင်း ဒေသခံများက ပြောကြသည်။
ရွေးနဒီရေပေါ်ဈေးတွင် ဈေးရုံ ၁၅ ရုံ ပါဝင်ပြီး ၉ပေ × ၆ပေ RCC ဆိုင်ခန်း ၁၀၀၊ ၆ပေ × ၆ပေ အုပ်ညှပ်သိုလှောင်ရုံပါ ဆိုင်ခန်း ၁၂၈ ခန်း၊ ၆ပေ × ၆ပေ အုပ်ညှပ်သိုလှောင်ရုံမပါ ဆိုင်ခန်း ၁၅၀ ရောင်းချပေးနေကြောင်း လပွတ္တာမြို့နယ် စည်ပင်သာယာရေးရုံးမှ စုံစမ်းသိရှိရသည်။
Set as favorite
Bookmark
Email this
Hits: 1782
Write comment















