နိုဝင်ဘာ ၁၅ ရက်နေ့၌ စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် APEC အစည်းအဝေးတွင် သမ္မတ အိုဘားမား နှင့် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံကြမည် ဖြစ်သည်။
“ဒီမိုကရေစီအတွက် ပြုပြင်ပြောင်းလဲရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ဖို့ ကိစ္စများကို ထပ်ပြောမှာပဲ၊ အာဆီယံနဲ့ အမေရိကန် တွေ့ဆုံဆွေးနွေးပွဲမှာ ထူးထူး ခြားခြား ဖြစ်လာလိမ့်မယ် လို့တော့ မမျှော်လင့်နိုင်ဘူး” ဟု ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ (DPNS) ၏ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ဧရာဝတီသို့ ပြောသည်။
APEC အစည်းအဝေးသို့ မြန်မာ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်သည်။
အစည်းအဝေးသည် အာဆီယံ အဖွဲ့ဝင်များက စစ်အစိုးရကို မြန်မာ့ နိုင်ငံရေး အပြောင်းအလဲအတွက် ဖိအား ပို၍ ပေးသင့်သည့် အခွင့်အရေး ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူ တဦးက ပြောသည်။
“သမ္မတ အိုဘာမား နဲ့ ဗိုလ်ချုပ်သိန်းစိန်တို့ လာတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပေါ်လစီ အသစ်ကိုလည်း ဦးဆောင် ဆွေးနွေးသင့်တယ်၊ မြန်မာ နိုင်ငံ ကိစ္စကိုလည်း ကျန်တဲ့ အာဆီယံနိုင်ငံတွေကလည်း ပါဝင် ပူးပေါင်း လုပ်ဆောင်ဖို့ တိုက်တွန်းသင့်တယ်” ဟု ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက် (NDD) အဖွဲ့၏ ဥက္ကဋ္ဌ မခင်ဥမ္မာက ဧရာဝတီကို ပြောသည်။
“သမ္မတ အိုဘားမားက ဒေသတွင်း လူ့အခွင့်အရေး အခြေအနေ အထူးသဖြင့် မြန်မာပြည်က လက်ရှိ အခြေအနေ တွေကို သတိပြုမိမယ်လို့ ကျမတို့ ယူဆပါတယ်” ဟု မြန်မာ့အရေး လှုပ်ရှားနေသည့် ဘန်ကောက် အခြေစိုက် စင်ပြိုင်အာဆီယံအဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများကို အကျဉ်းချထားမှု၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇ၀တ်မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာနိုင်ငံတွင် ရှိနေကြောင်း၊ မြန်မာပြည် ဒီမိုကရေစီသို့ ကူးပြောင်းစေမည့် ရွေးကောက်ပွဲ ပြုလုပ်ရေးအတွက် အခြေခံ ဥပဒေ ပြန်လည် သုံးသပ်ရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒက်ဘီ စတူးဟတ်က ထောက်ပြသည်။
Set as favorite
Bookmark
Email this
Hits: 2506
Write comment















