ကိုညီညီအောင်ကို ပုဒ်မထပ်တိုး

E-mail Print
အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား ယခင်စွဲဆိုထားသော အမှုများ အပြင် နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှု ဥပဒေပုဒ်မကို ထပ်တိုး စွဲဆိုလိုက်ကြောင်း ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းက ဆိုသည်။

လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် စွဲဆိုထားခြင်းခံရသော ကိုညီညီအောင် အမှုကို မြို့နယ် တရားရုံးမှ ခရိုင်ရုံးသို့ လွှဲပြောင်း စစ်ဆေးနေပြီး ယမန်နေ့ နံနက် ၁၀ နာရီတွင် ရုံးထုတ်ရာ ရှေ့နေဖြစ်သူ ဦးကြည်ဝင်း နှင့် ဦးဉာဏ်ဝင်းတို့က လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

ဦးကြည်ဝင်းက“အမှုထပ်တိုးလိုက်တော့ ကျနော်တို့က တိုင်ချက်ကို မဖွင့်ရသေးတော့ ဘယ်လိုကြောင့် ဘာကြောင့် တိုးတယ်ဆိုတာ မသိဘူးဗျ၊ ညီညီအောင်ကို မေးတော့သူလည်း မသိဘူးဗျ၊ ဒါကြောင့် တနင်္လာ၊ အင်္ဂါတရက်ရက်မှာ တောင်ပိုင်းခရိုင် တရားသူကြီးဆီခွင့်ပန်ပြီးတော့ အဲဒီအမှုအတွက် ကူးစရာရှိတာကူး နားလည်အောင်ဖတ်ပြီးတော့ ညီညီအောင်ကို သွားတွေ့ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပြစ်ဒဏ်မကျသေးသော တရားခံဖြစ်သူ ညီညီအောင်အား လက်ထိပ်ခတ် ရုံးထုတ်သည့် အတွက် အဆိုပါ ကိစ္စကို လျှောက်လဲ တင်ပြ ကြောင်းလည်း ၎င်းက ဆိုသည်။

“ပြစ်ဒဏ်မကျသေးတဲ့ စစ်ဆေးဆဲ တရားခံ ၊ သက်သေလာခံတဲ့ အကျဉ်းသား အဲဒါဆိုရင် လက်ထိပ်ဖြုတ်ပေး ရမယ် ဆိုတဲ့ တရားရုံးလက်စွဲမှာ ပြဌာန်းထားတဲ့ အချက်ကို အလေးဂရုပြုသင့်တယ်လို့  တရားရုံးကို ခွင့်ပန် ပြီးတော့ လျှောက်တယ်၊ တရားသူကြီးက သောကြာနေ့ရက်ချိန်းမှာ စာနဲ့ပေနဲ့ဆက်ပြီးတော့ တင်ပြပါလို့ပြော တော့ အဲဒီပြဿနာက ပြီးသွားရော၊ အရင် မြို့နယ်ရုံးကလည်း အဲဒီ ပြဿနာကို လျှောက်လဲ တင်ပြခဲ့တယ်” ဟု ဦးကြည်ဝင်းက ပြောသည်။

ကိုညီညီအောင် အမှုနှင့် ပတ်သက်၍ု မြို့နယ်ရုံးက စစ်ထားသည်ကို ခရိုင်ရုံးက အစက ပြန်စစ်ဆေးမည် ဖြစ်ကြောင်း၊  မြို့နယ်ရုံးက သက်သေ ၂ ယောက်စစ်ပြီးဖြစ်သော်လည်း ယင်းစစ်ဆေးမှုကို လက်မခံသည့် အတွက် ပြန်စစ်ဆေးခြင်း ဖြစ်ကြောင်း၊ ရုံးထုတ်ရာသို့ အမေရိကန် သံရုံးမှ သံမှူးတဦးနှင့် သံရုံးဝန်ထမ်း မြန်မာ တဦး လာရောက် နားထောင်ကြောင်း ၎င်းက ဆိုသည်။

ကိုညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခံခဲံ့ရသည်။ အဖမ်းခံရပြီး ၃ ပတ် အကြာတွင် သူ၏သတင်းကို အစိုးရ သတင်းစာများတွင် တွေ့ရသည်။

ထိုစဉ်က ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ အစိုးရက ကိုညီညီညီအောင်သည် ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း စွပ်စွဲခဲ့သည်။

အစိုးရက သူ့ကို အကြမ်းဖက်သမား ဖြစ်သယောင် ရေးသားခဲ့သော်လည်း တရားစွဲသည့်အခါ လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု၊ နိုင်ငံခြားငွေ တရားမ၀င် လက်ဝယ်ထားရှိမှု ပုဒ်မ(၂၄/၁) တို့ဖြင့် စွဲဆို လိုက်သည်။

ကိုညီညီအောင်၏ မိခင်အပါအ၀င် မိသားစုဝင် တချို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ရှည် ထောင်ဒဏ် များ ချမှတ်ခံထားရသည်။ 

တချိန်တည်းတွင် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ မမီးမီးကိုလည်း မြောင်းမြထောင်မှ အင်းစိန်ထောင်သို့ ခေါ်ဆောင်လာကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ဆိုသည်။

“ အခုလောလော ဆယ်တော့ မရောက်သေးဘူး၊ သေချာတယ်၊ ကြာသပတေးနေ့ညက သင်္ဘောနဲ့ ခေါ်လာတယ် လို့ ပြောတယ်၊ မမာမာဦးတုန်းက လက်ကျန် အကြွေးဆိုပြီးတော့ နောက်ထပ် ၅ နှစ်ထပ်တိုး လိုက်တယ်၊ အင်းစိန် မှာ အမိန့်ချပြီးတော့ ဗန်းမော်ဘက်ကို ပို့လိုက်တယ်၊ အခု မမီးမီးကိုလည်း အဲဒီပုံစံ လုပ်လိုက် မယ်လို့ ထောင်က လူတွေ ပြောနေတယ်” ဟု အဆိုပါ အင်းစိန်ထောင်နှင့် နီးစပ်သူက ဆိုသည်။

၂၀၀၇ ခုနှစ် သြဂုတ်လ ကတည်းက စစ်အစိုးရကဖမ်းဆီးထားသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျ၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ် ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ မနီလာသိန်းနှင့် မမီးမီးတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦး ကို ၂၀၀၈ နိုဝင်ဘာလက ထောင်ဒဏ် ၆၅ နှစ် စီ ချမှတ်လိုက်သည်။

ထိုင်း နိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းအရ စစ်အစိုးရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၆၈ ဦးရှိကြောင်းသိရသည်။
Comments (4)Add Comment
0
အမြန်ဆုံး လွတ်မြောက်ပါစေ
written by Chotuu Mar, November 10, 2009
ဟုတ်ပ ကိုရန်နိုင်ရေ။
ဦဝင်းအောင်ကတော့ နဲနဲ ကံကောင်းတယ်။ ၇ နှစ် မပြည့်ပဲ ဝဋ်ကျွတ်သွားတယ်။ ဒါပေမယ့် ကျန်တဲ့ ထောင်ဒဏ်အကြွေး နောင်ဘဝမှာ ထဲ့ဆပ်ရလိမ့်မယ်။
နိုင်ငံခြားသား မဟုတ်ဘဲနဲ့ ဒေါ်လာကိုင်သူတွေ ဗမာပြည်ထဲမှာ အပြည့်။
လုပ်နိုင်တုန်း လုပ်ထားကြပေါ့။
ခုချိန်မှာ ကိုညီညီအောင် ကို ချီးကြူးမှုအပြည့်နဲ့ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်းနေပါတယ်။
0
ဘာမှ မရေးချင်ဘူး
written by Yan Naing, November 09, 2009
ဘာမှကို မရေးချင်တာ... ရေးရင်လဲ ရင်ထဲက ပြောချင်နေတဲ့ အကြောင်း တရား တွေကို စကားလုံးက လိုက်မှီမှာ မဟုတ်လို့ မရေးတော့ဘူး.. .ဘယ်လို ပြောပြော နာမဲ့သူတွေလဲ မဟုတ်ဘူး... ဘယ်လောက် ယုတ်မာတယ် ဆိုတာလဲ စကားလုံး ရှာမရတော့ဘူး...ဒီတော့ သူတို့နဲ့ထိုက်တန်တဲ့ စကားလုံးရှာမရလို့ ရင်ထဲမှာဘဲ သိမ်းထားလိုက်ပါပြီ. .....တစ်နေ့နေ့တော့ သူ့ထိုက်နဲ့ သူ့ကံ သွားပါလိမ့်မယ်...
0
ဘာကြောင့်လဲ
written by သတင်းဖတ်သူတစ်ဦး, November 08, 2009
နိုင်ငံခြားသား တစ်ယောက် သူ့ငွေ သူကိုင်တာ တရားမ၀င်ဘူး လို့ ဆိုရအောင် မြန်မာနိုင်ငံ တစ်နိုင်ငံထဲသာ သုံးစွဲနေတဲ့ အက်ဖ်အီးစီငွေကို လဲလှယ် မသုံးစွဲလို့ ပြောတာလား။ မြန်မာနိုင်ငံသားက မြန်မာ ကျပ်ငွေကို ကိုင်မှာပဲ။ နိုင်ငံခြားသားကလည်း သူ့ငွေ သူကိုင်မှာပဲ။ ဘာကို တရား မ၀င်ရတာလဲ။ ပုဒ်မများစွာကို လိုသလို သုံးစွဲပြီး သူတစ်ပါးကို (မလိုအပ်ဘဲ) ဒုက္ခရောက်အောင် လုပ်နေတာဟာ ဥပဒေကို မျက်ကွယ်ပြုရာ ကျမနေဘူးလား။
0
...
written by seinn kaung myat zaw, November 07, 2009
နိုင်ငံခြားသား နိုင်ငံခြားငွေ ကိုင်ဆောင်တာ တရားမ၀င်ရင် ရန်ကုန် ကိုဝင်လာတဲ့ နိုင်ငံခြားသားတွေ အားလုံးကို ဖမ်းပြီး ထောင်ချလေ ။ ဘာလို့ နိုင်ငံရေး သမားတွေကို အမျိုးမျိုး ပုဒ်မတွေ ဟိုလို ပြောင်းတပ် ဒီလို ပြောင်းတပ် နဲ့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ ရှာမတွေ့နိုင်တဲ့ တစ်နိုင်ငံ တည်းသော ဗြောင်လိမ်နေတဲ့ မြန်မာ နိုင်ငံက တရားရုံးတွေ ။ ရှက်စရာ ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်