ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင်ကို မ၀င်ရနယ်မြေ သတ်မှတ်

E-mail Print
ရွှေတိဂုံစေတီတွင် အင်္ဂလိပ်အစိုးရ၏ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက် ဆန္ဒပြရန် မြန်မာ ကျောင်းသားကြီးများ လျှို့ဝှက်သစ္စာပြုသည့် အထိမ်းအမှတ် စိုက်ထူထားသော သမိုင်းဝင် ကျောက်စာတိုင်ကို အာဏာပိုင်များက အထူးကန့်သတ် နယ်မြေသတ်မှတ်၍ ပိတ်ပင်ထားကြောင်း သိရှိရသည်။

အဆိုပါ သမိုင်းဝင် အထိမ်းအမှတ် ကျောက်စာတိုင် နေရာကိုပြည်သူများ ၀င်ရောက် ကြည့်ရှုခွင့် မပြုနိုင်ရန် စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ညွှန်ကြားထား ခြင်းကြောင့် ထိုသို့ ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ရွှေတိဂုံဂေါပက အဖွဲ့မှ ၀န်ထမ်းတဦးက ပြောသည်။

“ဒီကျောင်းသား သပိတ်စဖို့ သစ္စာပြုတဲ့ ကျောက်တိုင်နေရာက ဘယ်သူကိုမှ ၀င်ကြည့်ခွင့် မပေးပါဘူး။ ဒီနေရာက အထူး ကန့်သတ် နယ်မြေပါ။ လူကြီးတွေရဲ့ ညွှန်ကြားချက် အရ ပိတ်ထားတာပါ”ဟု ရွှေတိဂုံစေတီ ဂေါပက ၀န်ထမ်းတဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ကျောင်းသား သပိတ်ဟုဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင် ပေါက်ဖွားရန် ရန်ကုန် ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံးသစ္စာ ပြုခဲ့သည့် ရွှေတိဂုံ ကုန်းတော်၊ စနေထောင့် အနီး၊ နေလ ဘုရားနှစ်ဆူ ဘေးရှိ စိုက်ထူထားသော ယင်းသမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် ပတ်ဝန်းကျင် တခုလုံးကို သံပန်းများဖြင့် ကာရံထားပြီး အနီးတွင် ရွှေတိဂုံ ဂေါပက အဖွဲ့ လုံခြုံရေး ၀န်ထမ်းများ ချထားသည်ဟု သိရှိရသည်။

ထိုကျောက်စာတိုင်သို့ သွားရောက် ကြည့်ရှုရန် ကြိုးစားသူများကို ဂေါပကအဖွဲ့ လုံခြုံရေး အဖွဲ့ဝင်များက တားမြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ ကျောက်စာတိုင် အကြောင်း မေးမြန်းခြင်း ပြုလုပ်သူများကို ကြိမ်းမောင်း နှင်ထုတ်မှုများ ပြုလုပ်လျက် ရှိကြောင်း ဘုရားဖူးများက ပြောသည်။

စစ်အစိုးရက ယင်း သမိုင်းဝင်ကျောက်စာတိုင်ကို ပိတ်ပင်မှုပြုလုပ်ခြင်းမှာ အဆိုပါအထိမ်းအမှတ်နေရာကို ကြည့်ရှုပြီး မတရားမှုအား တော်လှန်လိုစိတ်များ ပေါက်ဖွားလာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ပြီး အင်အားကြီး မားသော အင်္ဂလိပ်အစိုးရကိုပင် ကောလိပ်ကျောင်းသားများက အနုနည်းဖြင့် ပထမဆုံး စတင်အံတုခဲ့ကြသည် ဆိုသော သမိုင်းသင်ခန်းစာများ ဖျောက်ဖျက်ထားလို၍ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နည်းပြ ဆရာတဦးက ဆိုသည်။

စစ်အစိုးရ ပိတ်ပင်လိုက်သော ရွှေတိဂုံကုန်းတော်ပေါ်မှ သမိုင်းဝင်ကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့်ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်းသားကြီး ၁၁ ဦး၏အမည် များကိုရေးထိုးထားရာ ၄င်းတို့၏ အမည်များမှာ ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့ဖြစ်ပြီး ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ်အက်ဥပဒကို သပိတ်မှောက်ရန်ကျောင်းသားများ လျှို့ဝှက် သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင်ရေးထိုးထားသည်။ ထိုသို့ ကျောင်းသားများ စတင် သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ကြသည်။

မြန်မာကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ်အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ် ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက် ခဲ့ကြခြင်းဖြစ်သည်။

ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် ဘာသာရေးအရ အလွန်အရေးကြီးသော နေရာဖြစ် သကဲ့သို့ မြန်မာ့နိုင်ငံရေးသမိုင်းတွင်လည်း အရေးကြီးသောနေရာ တခုဖြစ်သည့်အတွက် စစ်အစိုးရ အနေဖြင့် ရွှေတိဂုံစေတီကိုအခြေပြုသည့် လူထုလှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိသည်ဟု သုံးသပ်ကြ သည်။

“ရွှေတိဂုံစေတီတော်က နိုင်ငံရေးအတွက် အလွန်အရေးကြီးတဲ့နေရာပဲ။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေသမိုင်းဝင်မိန့်ခွန်းတွေ ပြောခဲ့ကြတယ်။ ၁၉၈၈ ခုနှစ် ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဒီရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်မှာ သမိုင်း တွင်မယ့် လူထုမိန့်ခွန်းတွေ ပြောခဲ့ကြတယ်”ဟု သမိုင်းသုတေသီစာရေးဆရာ တဦးကလည်း ပြောသည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟု ကမ္ဘာတွင် နာမည်ကျော်ကြားသည့်သံဃာနှင့်ပြည်သူများ၏ စစ်အစိုးရကို ငြိမ်းချမ်းစွာဆန္ဒပြမှုများသည်လည်း ရွှေတိဂုံစေတီကို အခြေပြုဖြစ်ပေါ်ခဲ့ ခြင်းဖြစ်သည်။

စစ်အစိုးရသည် ရွှေတိဂုံစေတီရှိ သမိုင်းဝင်နေရာများကိုပိတ်ပင်မှုများပြုလုပ်ခြင်း၊ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာခြင်းမရှိရန် လုံခြုံရေးတင်းကျပ်ခြင်းများ ဆောင်ရွက်ရုံမျှမက ရွှေတိဂုံ စေတီဂေါပကအဖွဲ့နှင့် လုံခြုံရေးအဖွဲ့များကိုစစ်တပ်အငြိမ်းစား အရာရှိများဖြင့် အစားထိုးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ခုနောက်ပိုင်း ဘုရားဂေါပက အဖွဲ့နဲ့ လုံခြုံရေး၊ ဘုရားဝေယျာဝစ္စ လုပ်တဲ့ အဖွဲ့တွေမှာ စစ်တပ် အငြိမ်းစား အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုပဲ ထည့်လာတယ်” ဟု ရွှေတိဂုံ စေတီ အလှူခံဌာနမှ ၀န်ထမ်းတဦးက ဆိုသည်။

အဆိုပါ ၀န်ထမ်း၏ အဆိုအရ လက်ရှိ ဂေါပကအဖွဲ့၊ လုံခြုံရေး အဖွဲ့ဝင်များ အားလုံးသည် စစ်တပ်တွင် တာဝန် ထမ်းဆောင် ခဲ့သော အငြိမ်းစား ဗိုလ်ကြီးများနှင့် တပ်သားများ ဖြစ်ကြောင်း သိရှိရသည်။

ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ဝင်များကို စစ်တပ် အငြိမ်းစား အရာရှိများဖြင့် အစားထိုး ခြင်းသည် မြန်မာ့လူမှု အသိုင်းအ၀ိုင်း အတွက် လက်မခံနိုင်သော လုပ်ဆောင်ချက် ဖြစ်သည်ဟု ရန်ကုန် သံဃာတော် တပါးက မိန့်ကြားသည်။

“ဘုရားလူကြီး ဆိုတာက ရပ်ရွာကလည်း ကြည်ညို လေးစားရမယ်။ ဘုရားလူကြီး လုပ်မယ့် သူကိုယ်တိုင်ကလည်း ဘာသာရေးကို ငယ်စဉ်ကတည်းက ကြည်ညိုပြီး မကောင်းမှု ဟူသမျှ မလုပ်ကိုင်ဘူးတဲ့ ပုဂ္ဂိုလ်၊ သီလ၊ သမာဓိစင်ကြယ်တဲ့ ပုဂ္ဂိုလ်မျိုးမှ ဘုရားလူကြီး၊ ဘုရားဂေါပက ဖြစ်ထိုက်တယ်” ဟု ထိုသံဃာက မိန့်ဆိုသည်။

ရွှေတိဂုံစေတီရှိ သမိုင်းဝင် ကျောင်းသား သပိတ် ကျောက်စာတိုင် အပြင်စေတီရင်ပြင် အောင်မြေ တွင်လည်း နိုင်ငံရေးဆုတောင်းပွဲများ၊သစ္စာပြုပွဲများ ပြုလုပ်ခြင်း မရှိစေရန် လုံခြုံရေးအဖွဲ့ဝင်များကို ညွှန်ကြားထားသည် ဟုလည်း ၎င်းက ဆိုသည်။

ယခုအခါ ရွှေတိဂုံစေတီတော်တွင် စစ်တပ်နှင့် လုံထိန်းရဲများ အမြဲချထားပြီး အဆိုပါ လုံခြုံရေးယူနေသော စစ်တပ်နှင့်ရဲတပ်ရင်းများသည်ရွှေတိဂုံစေတီပတ်ဝန်းကျင်ရှိဓမ္မာရုံများတွင် အခြေပြုတပ်စွဲထားသည်ဟု သိရှိရသည်။
Comments (7)Add Comment
0
ကြောက်လိုက်တာလဲ လွန်ပါရော
written by ဗိုက်ကလေး, November 08, 2009
1988 တုန်းက ပြည်သူတွေ လူမှူစီပွါးရေး အဆင်မပြေလို့ ဆန္ဒပြ ၊2007 ကျတော့  ရဟန်း သံဃာတွေ က မေတ္တာပို့ ဆုတောင်းတာတွေကို အကြမ်းဖက် နှိမ်နင်းပြီး ၊သူ့ ကျတော့  ကျောင်းသားသပိတ် ကျောက်တိုင်နဲ့  စေတီရင်ပြင် အောင်မြေမှာ ၊သစ္စာပြုပွဲ များ မလုပ်နီုင်အောင် ပိတ်ပင်ထားတယ် တဲ့ ဗျာ...ဘယ်လောက်ပဲ ပိတ်ပင် ထားပါစေ ....ကိုယ်ပြုသောကံ ကဲ့ တင်သံ ကိုယ့် ထံ ပြန်လာမည်....ဆိုတာ မေ့ နေလို့ ထင်တယ်။
0
အယ်အေက အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ
written by ဒေါင်းဂွင်, November 07, 2009
စစ်အစိုးရ သိတာက ကြောက်တာနဲ့ ခြောက်တာ။ အာဏာ လက်လွတ်ရမှာ တအားကြောက်တယ်။ ပြီးတော့ ပြည်သူကို ဖိနှိပ် ချိမ်းခြောက်မယ်။ မှတ်မှတ်ရရ Los Angeles မှာ လုပ်မဲ့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ လက်ကမ်း စာစောင်ကို အဲဒီ့ ကျောက်တိုင်နဲ့ လုပ်ထားတယ်။
http://laorganizers4burma.blogspot.com/2009/10/blog-post_09.html
0
...
written by shwe ywan, November 06, 2009
ရင်ထဲမှာ မကောင်းလိုက်တာ။
0
......
written by Burmese, November 06, 2009
နောက်တစ်ခါ ဘုရားများ သွားခဲ့ရင် သေတဲ့အထိ မလှူဘူးဟေ့။ ပြတ်ပြတ်ပဲ။ တခြား နေရာ သွားလှူမယ်။
0
သြော် ဗိုလ်သန်းေ၇ွှ
written by eaktun, November 06, 2009
ကျောင်းသားသပိတ်ကျောက်တိုင်ကိုသာ တားစည်း ပိတ်ပင်လို. ၇မယ်-ကျောင်းသားတွေ၇ဲ.ေ တ်ာလှန်ေ၇း စိတ်စါတ်ကိုေ တာ.တားစည်းလို. မ၇ဘူးဆိုတာ နအဖတွေ သိထားပါ-ပြီးတော. နအဖတွေ ဖွဲ.စည်းထားတဲ. အခြေခံ ဥပဒေက မှန်ကန်တယ် ဆို၇င် အဲဒီလောက်ေ ကြာင်စ၇ာ မလိုပါဘူး-
0
Afraid of everything
written by Tunwin, November 06, 2009
The Junta afraid of everything that can cause to lose their power. So they try to destroy many important Historical things in Myanmar.
0
စစ်ဘို တခွဲသား သာသနာ ဆိုတာ မကြံစည်ကောင်းပါဖူး အပါယ် ငရဲလားတတ်တယ်။
written by သက်ထွန်းဦး, November 06, 2009
နောင်အနာဂတ် စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီေ ခတ်မှာ စစ်မှုထမ်းဖူးမှ၊ စစ်သက် ဘယ်လောက်ရှိမှ သာသနာ့ဘောင်ဝင် (ဘုန်းကြီးဝတ်၊ ရဟန်းခံ)လို့ ရမယ် ဆိုတာတောင် ဖြစ်ကောင်ြး ဖစ်လာနိုင်တယ်။ စစ်ဘို တခွဲသား ဗုဒ္ဓ သာသနာကို ထူထောင်ဖို့အတွက် 2008 ခုနှစ် နာဂစ်ဖွဲ့စည်းပုံ နဲ့အညီ စစ်ဘိုချုပ်တွေနဲ့ ဦးအောင်တိုးတို့ အတွင်ြး ကိတ် ကြံစည်နေပုံရတယ်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Friday, 06 November 2009 15:53 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်