ရုပ်ရှင် အစည်းအရုံးက ကြီးမှူးသည့် အဆိုပါ သက်ကြီးပူဇော်ပွဲတွင် အသက် ၁၀၀ ရှိပြီ ဖြစ်သည့် ဒေါ်နန်း (သုခုမ ရုပ်ရှင်ထုတ်လုပ်ရေး) အပါအ၀င် ရုပ်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်ပေါင်း ၁၁၇ ဦး တက်ရောက်ပြီး ကန်တော့ခံခဲ့ကြသည်။ သက်ကြီး ရုပ်ရှင်လောကသားများကို တဦးလျှင် ငွေကျပ် ငါးသောင်း၊ တိုင်းရင်းဆေးဝါး၊ ကော်ဖီမစ် စသည်တို့ဖြင့် ပူဇော်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရုပ်မြင်သံကြားကလည်း မြန်မာ့ရုပ်ရှင်ဂုဏ်ပြု အစီအစဉ် တချို့ ထုတ်လွှင့်မည်ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး မလိခစိုးထိုက်အောင်က ပြောသည်။
“MRTV-4 ကနေတော့ ၈၉ နှစ်ပြည့်မယ့် ၁၃ ရက်နေ့ မှာ မြဂနိုင် ဆိုတဲ့ အသံတိတ် ရုပ်ရှင်ကား ပြပါမယ်” ဟု မလိခစိုးထိုက်အောင်က ဧရာဝတီကို ပြောသည်။ကမ္ဘာ့ရုပ်ရှင် ပေါ်ထွန်းလာခဲ့ပြီး ၂၅ နှစ်ခန့် အကြာ ၁၉၂၀ တွင် မြန်မာနိုင်ငံတွင်လည်း ရုပ်ရှင်လုပ်ငန်း ပေါ်ပေါက်လာသည်။
ရုပ်ရှင်သမိုင်းကြောင်း၏ အစတွင် အသံတိတ်ရုပ်ရှင်ဖြင့် စတင်ခဲ့ကြသည်။ နိုင်ငံတကာတွင် ၁၉၂၈ ၀န်းကျင်ခန့်က အသံထွက် ရုပ်ရှင်ကို ဖန်တီးနိုင်ခဲ့ကြသည်။ ၄ နှစ်ခန့်အကြာတွင် မြန်မာပြည်တွင်လည်း အသံထွက် ရုပ်ရှင် ပေါ်ပေါက်လာခဲ့သည်။
မြန်မာ့ရုပ်ရှင်ဟူ၍ပေါ်ထွန်းလာစေရန် ကြိုးပမ်းခဲ့သူမှာ ဦးအုန်းမောင်ဖြစ်ပြီး ပထမဆုံးသောရုပ်ရှင် ဇာတ်ကားကို ၎င်းနှင့်အတူ ဓာတ်ပုံဆရာ ဦးမောင်မောင်၊ မောင်ညီပု တို့က ရိုက်ကူးခဲ့ကြသည်။
၁၉၂၀ တွင် ရုံတင် ပြသခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော အသံတိတ် ရုပ်ရှင်ဇာတ်ကားမှာ “ဘားမားဖလင်” ကုမ္ပဏီက ရိုက်ကူးသည့် “မေတ္တာနှင့် သူရာ” ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းရေးသူမှာ စာရေးဆရာပီမိုးနင်း၊ ဒါရိုက်တာ ဦးတုတ်ကြီး၊ သရုပ်ဆောင်များမှာ မောင်ညီပု၊ မအေးကြည်၊ မောင်မောင်ချစ်၊ မောင်မောင်ကလေး၊ ကိုညိမ်းနှင့် ဦးပါကြီး တို့ ဖြစ်သည်။
မြန်မာ့ရုပ်ရှင်ငွေရတုခေတ်ကာလတွင် ဟောလိဝုဒ် ရုပ်ရှင်လောကနှင့် တိုက်ရိုက်ဆက်သွယ်၍ လုပ်ဆောင်ခဲ့သည်။
“ဟောလိဝုဒ်မှာ ရှိတဲ့ ယူနီဗာဆယ် စတူဒီယိုမှာ ဆိုရင် မြန်မာပြည်က ပို့ထားတဲ့ ဇာတ်ညွှန်းတွေကို အင်္ဂလိပ်ဘာသာနဲ့ တွေ့ရတယ်။ နောက် ဒီမှာ ရှိတဲ့ “ငဘ” ဆိုတဲ့ ကားရဲ့ ဇာတ်ညွှန်းတအုပ်လုံးကို ဆိုရင် အင်္ဂလိပ်လိုရေးထားတာ” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ဧရာဝတီကို ပြောသည်။
မြန်မာပြည် ရှုခင်း ရိုက်ချက်များကို ဟောလိဝုဒ်က ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ အနောက်နိုင်ငံများကို မှီငြမ်း၍ ဖန်တီးခဲ့ကြခြင်း မဟုတ်ဘဲ ကိုယ်ပိုင်အစွမ်းအစဖြင့် ဖန်တီးခဲ့သည်များကိုသာ ပြသကြခြင်း ဖြစ်ကြောင်း၊ ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဇာတ်ညွှန်းများကို ကြည့်လျှင် မြန်မာ့ရုပ်ရှင် လောကသားများ၏ အဆင့်အတန်း မြင့်မားခဲ့သည်ကို သိနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“မြန်မာ့ရုပ်ရှင်အနုပညာက တချိန်တုန်းက အရမ်း အောင်မြင်ခဲ့တယ်။ အဲ့ဒီလို အနေအထားမျိုး ပြန်ရောက်အောင် နောင်လာ နောက်သားတွေ အနေနဲ့ ကြိုးစားသင့်ပါတယ်” ဟု ကြည်ဖြူသျှင်က ဆိုသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော အသံထွက်ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဦးတုတ်ကြီးက အိန္ဒိယသို့ သွားရောက် ရိုက်ကူးခဲ့သည်။ “ငွေပေးလို့မရ” ဟု အမည်ရသော ထိုဇာတ်ကားတွင် မောင်အေးကို၊ ခင်မေကြီး၊ ခင်မေလေး တို့ သရုပ်ဆောင်ထားကြသည်။ယခင်က မြန်မာသရုပ်ဆောင်များသည် အနောက်နိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်များနှင့် တွဲဖက် ရိုက်ကူးခြင်း၊ အနောက်နိုင်ငံများသို့ သွားရောက် ရိုက်ကူးခြင်း၊ အနောက်နိုင်ငံမှ ရုပ်ရှင်ကုမ္ပဏီများ မြန်မာပြည်သို့ လာရောက် ရိုက်ကူးခြင်းများ ရှိခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ရိုက်ကူး ထုတ်လုပ်ခဲ့သည့် “Purple Plain” (ခရမ်းရောင်လွင်ပြင်) ဟု အမည်ရသော ရုပ်ရှင် ဇာတ်ကားတွင် နိုင်ငံခြားသား သရုပ်ဆောင်ဖြစ်သည့် ဂရေဂိုရီဘတ် နှင့် မြန်မာပြည်မှ သရုပ်ဆောင် ၀င်းမင်းသန်းတို့က အဓိက ပါဝင်ခဲ့သည်။
မြန်မာ့ရုပ်ရှင်သည် ၁၉၅၀ ကျော်မှ စတင်၍ ၁၉၈၀ ၀န်းကျင်ကာလများအထိ တနှစ်လျှင် ရုံတင်သည့် အရေအတွက်မှာ ကားပေါင်း ၈၀ - ၁၀၀ နီးပါးခန့် ရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် တနှစ်လျှင် ကားပေါင်း ၁၅-၂၀ ခန့်သာ ရုံတင်နိုင်ခဲ့သည့် အနေအထားသို့ ရောက်ရှိခဲ့သည်။
“တခြားနိုင်ငံတွေက တိုးတက်သွားသလောက် ကျနော်တို့က ရပ်နေတာပါပဲ။ အရုပ်ကောင်းဖို့၊ အသံကောင်းဖို့ကို မနည်း လုပ်နေရတယ်”ဟု ဒါရိုက်တာအကယ်ဒမီ ကြည်စိုးထွန်းက ဧရာဝတီကို ပြောသည်။
မြန်မာ့ရုပ်ရှင်သည် အစိုးရ နှင့် ပရိသတ်များက ကူညီမှသာလျှင် ယခင်ကကဲ့သို့ ပြန်လည် တိုးတက်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒါရိုက်တာ မလိခစိုးထိုက်အောင်ကလည်း “ယနေ့ခေတ် မြန်မာ့ရုပ်ရှင်က ဟိုဘက်ခေတ်တွေကို မမီတော့ပါဘူး” ဟု ဆိုသည်။
၁၉၅၂ ခုနှစ်မှ စတင်၍ ရုပ်ရှင်လောကမှ ထူးချွန်သူများကို အကယ်ဒမီဆု ဟု ထင်ရှားသည့် ရုပ်ရှင်ထူးချွန်ဆုများ နှစ်စဉ် ချီးမြှင့်ခဲ့သည်။
Write comment
















I think the military regime do not have the nature of "art knowledge" they only have the "orginal gene" of "violance and bullying" their own people, so how can be" Myanmar Art" going to get a better chance ?