“သုခ” ကုသိုလ်ဖြစ် ဆေးခန်းကို ၂၀၀၇ ခုနှစ် မတ်လက သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဗြဟ္မဝိဟာရ ကျောင်းတိုက်တွင် စတင် ဖွင့်လှစ်ခဲ့ သော်လည်း ယခုအခါ မြောက်ဒဂုံသို့ ပြောင်းရွှေ့လိုက်ရသည့်အတွက် အခက်အခဲများစွာရှိကြောင်း ၎င်းက ဆိုသည်။
နာရေးကူညီမှုအသင်းကို စတင် တည်ထောင်ခဲ့သူ ဦးကျော်သူက “ဆေးခန်းကို မြောက်ဒဂုံ ပလတ်စတစ် အမှိုက်ပုံမှာ နှစ်ထပ် အဆောက်အဦး ဆောက်ထားတယ်။ ပလစ်စတစ် အမှိုက်တွေဆိုတော့ ဆောက်ရတာ ခက်ခဲတယ်။ ပေ ၂၀ ကျော်ကျော် တူးတဲ့အထိ မြေသားမတွေ့ရဘူး။ ပလတ်စတစ်တွေချည်းပဲ သံရိုက်ထည့် ပြီးမှ ဆောက်လို့ရတယ်” ဟုပြောသည်။
ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို လာမည့် ဇူလိုင် ၁၉ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး အဆောက်အဦး ဆောက်လုပ်မှုတွင် ကျပ် သိန်းပေါင်း ၁၅၀၀ ကုန်ကျသည်ဟု ဦးကျော်သူက ဆိုသည်။
“မြောက်ဒဂုံမှာက မီးမလာတော့ မနက် ၈နာရီကနေ ညနေ ၆နာရီ အထိ မီးစက်နှိုးရတယ်။ ရေ ကလည်း ချိုးဖြူရေ မရဘူး၊ အဝီစိရေ သုံးရတယ်၊ ရေသွယ်ဖို့နဲ့ ဆက်သွယ်ရေး ဖုန်း လျှောက်ထားတယ်။ အခု လောလောဆယ် CDMA ခြင်း ဖုန်းတွေနဲ့ သုံးနေရတယ်” ဟု သူက ဆက်ပြောသည်။
ယင်း အခမဲ့ ဆေးခန်းတွင် မျက်စိအထူးကု ဆရာဝန်၊ အရိုးအကြောကု ဆရာဝန်၊ မီးယပ်နှင့်သားဖွား ဆရာ ဝန်၊ ကလေး အထူးကုဆရာဝန်၊ အရေပြား ဆရာဝန်၊ သွား အထူးကု ဆရာဝန်၊ အထွေထွေ အထူးကု ဆရာ ဝန် စသည့် ဆရာဝန်များရှိသည်။ ဆေးခန်းတွင် အထွေထွေရောဂါများအပြင် အသေးစား ခွဲစိတ်ကုသမှု များပါ ဆောင်ရွက်ပေးလျက် ရှိပြီး ဆေးရုံတင်ရမည့် အရေးကြီးသည့်လူနာများကို ဆေးရုံသို့ လွှဲပြောင်းပေး လျက် ရှိသည်။
ထို ဆေးခန်းတွင် ဆရာဝန် ၃၀ ခန့်ရှိ၍ အခမဲ့ ကူညီသူများဖြစ်ပြီး သူနာပြုများ အပါအဝင် ဝန်ထမ်း ၁၂ ဦးခန့်ရှိကြောင်း သိရသည်။
နာရေးကူညီမှု အသင်း ရုံးခန်းကိုလည်း ဆေးခန်းအဆောက်အဦးတွင်ပင် ဖွင့်လှစ်ကာ နာရေးကို ဖုန်းဖြင့် လက်ခံ၍ တနှစ်ပတ်လုံး နားရက်မရှိ ပို့ဆောင် ပေးလျက်ရှိသည်။ တနေ့လျှင် နာရေး အရေအတွက် ပျမ်းမျှ ၅၀ နီးပါး ပို့ဆောင်ပေးရသည်ဟု ဦးကျော်သူက ပြောသည်။
ထို အသင်းပိုင်ကားများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြီးခဲ့သော ဖေဖော်ဝါရီလမှ စတင်၍ ယခင်ထားရှိရာ သင်္ဃန်းကျွန်း မြို့နယ်ရှိ ဗြဟ္မ၀ိဟာရ ကျောင်းဝန်း အတွင်းတွင် ရပ်နားခွင့် မပေးဘဲ ရန်ကုန်မြို့ပြင်ရှိ သုသာန် များသို့ ပြောင်းရွှေ့ရန် ညွှန်ကြားခဲ့သည်။
ထိုကြောင့် လက်ရှိတွင် နိဗ္ဗာန်ယာဉ်များကို ညပိုင်း၌ ရေဝေးသုသာန်အတွင်း ထားရှိပြီး နံနက်ပိုင်းတွင် မြောက်ဒဂုံ ရုံးမှ တဆင့် နာရေးပို့ဆောင်ရသည် ဟုသိရသည်။
ပြီးခဲ့သော အပတ်ကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လက်ရှိ ရေဝေး သုသာန် တွင် ထားရှိနေသည့် နိဗ္ဗာန်ယာဉ်များမှ တချို့ ယာဉ်များကို ထိန်ပင် သုသာန်သို့ တနှစ်အတွင်း ပြောင်းရွှေ့ ခိုင်းသည့် စာတစောင် ပေးပို့ထားကြောင်း ဦးကျော်သူက ပြောသည်။
ထိုသို့ပြောင်းရွှေ့ရန် လုံခြုံရေးအရ စိတ်မချရသဖြင့် မဖြစ်နိုင်ကြောင်း၊ လက်ရှိ ရေဝေး သုသာန်၌ နိဗ္ဗာန် ယာဉ်များ ထားရှိရာတွင် အစောင့် သုံးဦး ထားရှိရကြောင်း၊ စည်ပင်သာယာအား တလလျှင် ကျပ် ၁ သောင်း ပေးရကြောင်းလည်း သိရသည်။
နာရေးကူညီမှုအသင်း၌် ယခင်က နိဗ္ဗာန်ယာဉ် ၁၄ စီးရှိသာရှိသော်လည်း ယခုလက်ရှိ ကလေးနိဗ္ဗာန်ယာဉ် တစီးကို ထပ်မံတိုးချဲ့လိုက်သည့်အတွက် ၁၅ စီးရှိနေပြီဖြစ်ကြောင်း သိရသည်။ နာရေးကူညီမှု အသင်း အတွက် ဝန်ထမ်းပေါင်း ၅၀ ခန့်ရှိသည်ဟုလည်း သိရသည်။
ဦးကျော်သူက “ယာဉ်မောင်း ဝန်ထမ်းတွေ သွားဖို့၊ လာဖို့ အခက်အခဲဖြစ်သွားတယ်။ သင်္ဃန်းကျွန်းတုန်း ကတော့ အဆင်ပြေတာပေါ့။ မြောက်ဒဂုံဘက်ဆိုတော့ ခရီးထောက်တာပေါ့၊ ကား နှစ်ဆင့် လောက်စီးမှ ရောက်တယ်” ဟု ပြောသည်။
အစိုးရနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးနှင့်လည်း ပတ်သက်ခြင်း မရှိသော နာရေးကူညီမှု အသင်းသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် စတင် တည်ထောင်ခဲ့ပြီး ပြည်တွင်းပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အခမဲ့ ကူညီခြင်းဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 3463
written by aung naing thu, July 19, 2009
လူမှုရေးကူညီမှု အသင်းသား အားလုံးကို ကျေးဇူးတင်လေးစားပါတယ်။ွနှောက်ယှက်ကြ သူတို့ကိုယ်တိုင် သေမှ သိပါလိမ့်မယ်။ သေသော် ငရဲလားမယ့် သူတွေပါ။ သံသရာ ကိုသိသူတွေ ကုသိုလ် အန္တရကြမှာပါ။ အကုသိုလ်ပြုသူတွေ ငရဲတံခါး က အမြဲဖွင့်ထားပါတယ်။
written by Truth, July 17, 2009
ဦးကျော်သူတို့လုပ်တဲ့ စေတနာ ၀န်ထမ်း လုပ်ရပ်တွေက အင်မတန်မှ မွန်မြတ် လှ ပါပေတယ်။ အစိုးရက ပြည်သူတွေကို စေတနာရှိရင် ဒီလို အသင်းမျိုးကို နှောက်ယှက် ကသိကအောက် ဖြစ်အောင် လုပ်မဲ့အစား ပိုပြီးတောင် ကူညီ ထောက်ပံ့ အားပေးသင့်ပါသေးတယ်။ ဘယ်လို လူယုတ်မာ ပေါင်းစုံပြီး ဖွဲ့စည်းထားတဲ့ နအဖ လဲ လို့တောင် စဉ်းစားမရအောင် ဖြစ်မိပါတယ်။
Write comment















