မွန်ပြည်သစ်ပါတီက ပြည်သူ့စစ်ပုံစံ အသွင်ပြောင်းရန်ကိုလည်း လက်မခံဟုဆို

E-mail Print
စစ်အစိုးရ၏ ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ် ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ (NMSP) က လက်ခံလိမ့်မည်ဟု မထင်ကြောင်း ထိုင်း - မြန်မာ နယ်စပ် ဆန်ခလာဘူရီ အခြေစိုက် မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တဦးက ဆိုသည်။

“တိုင်းမှူးရဲ့ ကမ်းလှမ်းချက်က ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းဖို့ပါပဲ။ သိပ်လည်း ထူးထူးခြားခြား မဟုတ်ပါဘူး။ ဒါကလည်း နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနဲ့ အတူတူပါပဲ။ သူတို့အမိန့်ကို နာခံရမှာပဲ။ NMSP အနေနဲ့ကတော့ လက်ခံဖို့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

NMSP နှင့် မြန်မာစစ်အစိုးရသည် ဇွန်လ ၇ ရက် နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်နိုင်ဝင်း နှင့် တကြိမ် ၊ ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် တကြိမ် မော် လမြိုင်မြို့၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ ယင်း ဆွေးနွေးပွဲများတွင် မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့် တပ်ပုံစံ (သို့မဟုတ်) ပြည်သူ့စစ် ပုံစံဖြင့် ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သည်။

မွန်ပြည်သစ်ပါတီ အနေနှင့် ယခုလ ၂၅ ရက်နေ့တွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေး ခေါ်ယူရန်ရှိသည်ဟု သိရသည်။

“NMSP အနေနဲ့ကတော့ အရင်က ချမှတ်ခဲ့တဲ့ မူအတိုင်းပါပဲ။ ရွေးကောက်ပွဲပြီးလို့ တက်လာမယ့် အစိုးရသစ်နဲ့ပဲ စကား ပြောမယ်။ လက်ရှိ ကမ်းလှမ်းချက်ဖြစ်တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုရော၊ ပြည်သူ့စစ်ပုံစံ ဖွဲ့စည်းရေးကိုပါ လက်ခံ မှာ မဟုတ်ဘူး” ဟု မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ အမျိုးသားညီလာခံတွင် လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုလည်း လက်မခံပေ။ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက် အရွေးခံမည် မဟုတ်ဟု ကြေညာ ထားသော အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။

တချိန်တည်းမှာပင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသည့် တခြား တိုင်းရင်းသားအဖွဲ့ တခုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ ပုံစံမျိုးမဟုတ်ဘဲ ကချင်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ (State Security Force - SSF) အနေဖြင့်သာ ဖွဲ့စည်းလိုကြောင်း မြန်မာစစ်အစိုးရထံ တင်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်နေသော (KIO) ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး James Lun Dau ကလည်း ဇူလိုင်လ ၈ ရက်မှ ၁၁ ရက်နေ့အထိ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းနှင့်တွေ့ဆုံရာတွင် တပ်ဖွဲ့ဝင် များအသွင်ပြောင်းရေးနှင့် ပတ်သက်၍ ကချင် အပစ်အခတ် ရပ်စဲရေး ခေါင်းဆောင်များ၏ အဆိုပြုချက်ကို တင်ပြခဲ့သည်။

“အစိုးရအနေနဲ့ ကျနော်တို့ရဲ့ ကမ်းလှမ်းချက်ကို စဉ်းစားနေတယ်လို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီး James Lun Dau က ဆိုသည်။ စစ်အစိုးရက KIO ထံသို့ တရားဝင်တုန့်ပြန်မှုများ မပြုလုပ်သေးပေ။

အလားတူ စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲထားသော တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရန် ကမ်းလှမ်းခဲ့သေးသည်။

တချို့သော အပစ်အခတ်ရပ်စဲရေးအဖွဲ့များ အနေနှင့်မူ စစ်အစိုးရပေါ်တွင် အယုံအကြည်မရှိကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့သော ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်ကိုပင် ဖမ်းချုပ်ထားသည့် အစိုးရအနေနှင့် ၎င်းတို့၏ နယ်ခြားစောင့် တပ်များကို အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း ပြောဆိုကြသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA)၊ ဗကပ ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်သော ကချင်ပြည်သစ် တပ်မတော် (NDAK) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းရေးကို လက်ခံထားသော အဖွဲ့များဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ထားသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် ဗိုလ်မှူးချုပ်ထိန်မောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့သည် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းပြီး မွန်ပြည်နယ် ဘုရားသုံးဆူ ဒေသကို တာဝန်ယူမည်ဟု သိရသည်။
Comments (4)Add Comment
0
စဉ်းစားပါ
written by saw ranger, July 18, 2009
KNU ရဲ့ တပ်မဟာ ၅ ကို DKBA ကဆက်တိုက်ရင် စစ်အစိုးရ က ပျော်နေမှာ။
ဘာဖြစ်လဲ ဆိုတော့ တို့ ကရင်တွေ ဒုက်ခ ထပ် ရောက်မှာ ။ အိုးအိမ်တွေ စွန့်ခွာထွက်ပြေးရမှာ။ စဉ်းစားပါအုံး ။
0
ကရင်လူထုအတွက်တောင် ဆိုချက်
written by saw ranger, July 16, 2009
KNU နှင့် DKBA တိုက်ပွဲကြောင့် မည်သူမှ ဒုတ်ခရောက်ရမှာမဟုတ
0
ကျွန်တော.ရဲ.စိတ်ခံစားချက်ပါ
written by kotun30, July 15, 2009
ကျွန်တော်ဟာ မွန်လုမျိုး တယောက်ပါ ဘကြီးတွေကလည်း .ကြပြီးပါပြီ...
ဘကြီးတွေက မွန်တော်လှန်ရေး စတင် ကတည်းကပါခဲ.တဲ.သူတွေပါ....
.....နိုင်ငံရေးကိုတော. နားမည်ပါဘူး...ဒါပေမဲ. စိတ်ထဲမှာ ရှိနေတာက
ဘယ်တော.မှ စစ်အစိုးရကို မယုံပါနဲ.မက်လုံးပေး ဖြားယောင်း သိမ်းသွင်းမှုကိုလည်း
မခံပါနဲ.
0
အမျိုးသား၊ ပါတီ၊ နိုင်ငံရေးသိက္ခာ ဆိုတာ
written by Monlay, July 15, 2009
မွန်ပြည်သစ်ပါတီ အနေနဲ့ နအဖ စစ်အစိုးရ ဖြစ်စေချင်ပုံစံ အတိုင်း ဘယ်တော့မှာ လိုက်လျောဖို့ မသင့်၊ ရှေးက ရပ်တည်ချက်အတိုင်း ဆက်ရပ် တည်သင့်၊ အခက်အခဲ အကျပ်အတည်းတော့ ရှိ/ကြုံမှာသေချာ၊ သို့သော် ဂုဏ်သိက္ခာရှိတဲ့ အခက်အခဲ အကျပ်အတည်းပါ၊ ဒါကို ဆက်ထိမ်းဖို့လိုအပ်၊

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Tuesday, July 14, 2009 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်