ရှမ်းအိုးစည်သံ၊ မီးပုံးပျံနှင့် တောင်ကြီး တန်ဆောင်တိုင်ည

E-mail Print
တောင်ကြီးမြို့၏ ခြောက်သွေ့ အေးဆေးသော လေထုက ကားပေါ်ကဆင်းလိုက်သည်နှင့် ဆီးကြိုနှုတ်ဆက် လာသည်။ တောင်ပေါ် လေကအစ ထူးခြားနေသည်။ မြေပြန့်နှင့်မတူညီ။ လာကြိုသော သူငယ်ချင်း၏ အပြုံးကလည်း ချိုသာသည်။ သူငယ်ချင်း အိမ်ကို ရောက်သည်နှင့် မအိပ်မနားဘဲ ရေမိုးချိုးပြီး ချက်ချင်းပင် ပြိုင်ပွဲဝင် မီးပုံးပျံများ ပြုလုပ်ရာ ရပ်ကွက် ဘုန်းကြီးကျောင်းသို့ ကင်မရာ ဆွဲလျက် ထွက်လာခဲ့သည်။

ဘုန်းကြီး ကျောင်းကို ရောက်သွားတော့ “ပေါက်စမီး”ဟု ဆိုသော ညမီးကျည် အမျိုးအစား မီးပုံးပျံကြီး တခုကို သူတို့ အားကြိုး မာန်တက် ပြုလုပ်နေကြသည်။

သူတို့မီးပုံးက အတော်ပင် ပြီးစီး၍ ခရီးရောက်နေပြီ။ ရှမ်းစက္ကူများ ကပ်ပြီး၊ ပုံများလည်း ရေးပြီးနေပြီ။ မီးပုံးပျံ တခုအတွက် အဓိက စက္ကူစကြီး ၃ ခုက ခေါင်စက္ကူ၊ ကိုယ်ထည် စက္ကူနှင့် အောက်ခြေ စက္ကူစ ကြီးများ ဖြစ်သည်။ အောက်ခြေ စက္ကူ စကြီးမှာက တဝခွေ ဟုခေါ်သည့် ဝါးခြမ်း ခွေကြီး တွဲထားရသေးသည်။ တဝခွေမှာက မီးစာတိုင်ကို ချိတ်ဆွဲရမည်။ ယခုရာသီဆို တောင်ကြီးမှ လူငယ် ယောက်ျား လေးများ အားလုံးနီးပါး အိမ်မကပ် တတ်ကြ။ မီးပုံးပျံ လုပ်ရာဘုန်းကြီးကျောင်း ဒါမှမဟုတ် အိမ်တအိမ် အိမ်တွင် အချိန်ပြည့်နီးပါး ရှိနေတတ်ကြသည်။ မီးပုံးပျံ တဖွဲ့တွင် မီးဆရာ တဦးစီ ရှိတတ်ကြပြီး သူက ငွေကိုင် သဘောလည်း ဖြစ်နေ၍ မီးပုံးပျံ စလုပ်ချိန်မှ လွှတ်တင်သည့် ရက်အထိ လာရောက် လုပ်ကိုင် နေကြသူများ အတွက် စားရေး သောက်ရေးက အစ မီးဆရာကပဲ တာဝန်ယူ စိုက်ထုတ်ပေး တတ်ကြ၏။


တနေ့လုံး ၀င်လိုက်ထွက်လိုက်ဖြင့် ဘုန်းကြီးကျောင်းမှာ စည်စည်ကားကား စည်းစည်းလုံးလုံးနှင့် ကော်များ သုတ်လိုက်၊ ရှမ်းစက္ကူများ ခေါက်လိုက်၊ ကပ်သူကကပ်၊ ကော်ကျိုသူကကျို၊ သူတို့ကိုကြည့်ရသည်မှာ တက် တက်ကြွကြွနှင့် ပျော်စရာလည်းကောင်းသည်။

သူတို့က ယခုမှ ရန်ကုန်ကနေ ရောက်ခါစ ကျမကိုလည်းအလွတ်မပေး။ အတူဝင်ထိုင်လျက် ကူညီလုပ်ကိုင် ရသေး၏။ နေ့လယ်စာကို ပေါက်စမီး ၏ ခေါင်းဆောင် စိုင်းဝင်းထွဋ်က ဘုန်းကြီးကျောင်းထိ ထမင်းထုပ်များ လာပို့ပေးသည်။ လက်ဘက်ရည် သောက်ချင်သူ၊ ကွမ်းစားချင်သူများအတွက်လည်း မလစ်ဟင်း စေရ။ ညနေစောင်းမှတချို့အိမ်ပြန်ကြသည်။ ကျမတို့လည်းပြန်ခဲ့၏။ အိမ်မှာညစာစားပြီးချက်ချင်းပင်“မှော်ဝင်မီး” ယမ်းခွေ ဆင်နေရာသို့ ထွက်လာခဲ့ကြသည်။

ညမီးကျည်အမျိုးအစားတွင် အဓိက အရေးပါသည်က ယမ်းခွေများဖြစ်သည်ဟုဆိုလျှင် မှားမည်မထင်။ ယမ်းခွေအတွက် ဝါးဘောင်များပြုလုပ်။ ပြီးမှ မီးကျည်အမျိုးအစားအလိုက် တပ်ဆင်ကြရသည်။ ကွေ့ကွေ့ ကောက်ကောက်ဖြင့် အပေါ်အောက်တက်ဆင်းပေါက်ကွဲတတ်သည့် ခိုပျံအမျိုးအစား၊ အလုံးလိုက် ကျလာ ပြီးမှ မီးကျည်များကွဲထွက်ဖြာတတ်သည့် ဗုံးထုပ်များ၊ မီးကျည်ရောင်စုံများ တွန့်တွန့်ကွေးကွေးဖြင့်ကျလာ တတ်သည့် လောက်ဟု ခေါ်သော အမျိုးအစား၊ မီးအလုံးလိုက်ကလေးကို အချိန်ကိုက်ကြိုးဖြတ်ကာ လေထီး ဖြင့်ကျ စေတတ်သော လေထီးအမျိုးအစား၊ မီးရှို့လိုက်လျှင်ရေတံခွန်မှ ရေများဖြာကျလာသကဲ့သို့ မီးကျည် များ ကျတတ်သည့် ရေတံခွန်အမျိုးအစား၊ ဂလိုက်ဒါဟု ခေါ်ကြသည့် မီးကျည်လေးက လေထဲတွင် ဝဲလှည့် နေတတ်သည့်အမျိုးအစား စသည်ဖြင့် ယမ်းခွေတခုတွင် ပါဝင်သည့် မီးကျည်အမျိုးအစားက စုံလင်လှသည်။

ထိုအမျိုးအစားများတွင် အရင်ထွက်စေချင်သည်က မည်သည့်နေရာတွင် တပ်ဆင်၊ နောက်မှထွက်စေချင် သည်များကို မည်သည့် နေရာတွင်တပ်ဆင်၊ မည်သည့် စနစ်ကြိုးကို မီးရှို့လျှင် မည်သည့်အရာများကိုမီးကူး မည် စသည် ဖြင့် တွက်ချက်ပြုလုပ်ရသည်။ ယမ်းခွေပြုလုပ်သည့်နေရာ ပတ်လည်ကို တာလပတ်စကြီးဖြင့် ကာထားပြီး “ဆေးလိပ်မသောက်ရ”ဟူသော စာလုံးကြီးများကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရသည်။

ညမီးကျည်အဖွဲ့တော်တော်များများသို့ ရောက်ဖြစ်ခဲ့သည်။ “ဆောင်းည”၊ “ချာကတူး”၊ “မှော်ဝင်”၊ “စွာကျယ်”၊ “ထီဖုံး”  စသည်တို့ ဖြစ်သည်။ ယမ်းထောင်းနေသူ၊ ယမ်းလိပ်နေသူ၊ မီးစာကြိုးဆင်နေသူ၊ ကော်ကပ်သူ၊ အားလုံး လှုပ်လှုပ်ရှားရှား တက်တက်ကြွကြွ။

သူတို့အားလုံး၏ ရင်ထဲမှာက သူတို့ မီးပုံးပျံ လှပအောင်မြင်စွာတက်သွားရန် မျှော်လင့်ချက်တခုတည်း။ ညဥ့်နက်ည အိပ်ပျက်ညများစွာကို သူတို့မမှုပါ။ အလုပ်အကိုင် ပျက်သူပျက်၊ အိမ်တာဝန် လစ်ဟင်းသူ လစ်ဟင်း၊ သို့သော် အိမ်သူ အိမ်သားများကလည်း မီးပုံးပျံပြီးစီး အောင်မြင်ရေးအတွက် ဘာကိုမှ မညည်း မညူ။ သူတို့တတ်နိုင်သည့်ဘက်က ဘာမဆို ကူညီရန်အဆင်သင့်။ တန်ဆောင်တိုင်ပွဲတော်ရာသီဆိုလျှင် လူတိုင်း၏ ရည်ရွယ်ချက်နှင့်စိတ်ဝင်စားရာက မီးပုံးပျံတခုတည်းသာ။

မီးပုံးပျံကွင်းက တောင်ကြီးတက္ကသိုလ်အနီး၊ မွေတော်ကက္ကူသို့သွားရာလမ်း၏ ဘေးဘက်မှာဖြစ်သည်။ စည်းရိုးနှစ်ထပ် ကာထားပြီး ပွဲဈေးတန်းကြီးကလည်း ရှည်လျားစွာစည်ကားလျက်ရှိသည်။

ညမီးကျည် အမျိုးအစားဆိုလျှင် ယမ်းခွေတင်ကားက သပ်သပ်၊ စိန်နားပန်အမျိုးအစားအတွက်ကတော့ အောက်ဆွဲဟု ခေါ်သော မီးပုံးလေးများချိတ်ဆွဲသည့် ယာဉ်ကသပ်သပ်၊ ယမ်းများနှင်းရိုက်မည်စိုးသဖြင့် မိုးထားကာထားပြီး မီးပုံးပျံကွင်းသို့ လာကြရသည်။ ပြီးတော့ အိုးစည်ကားက သပ်သပ်ဖြစ်သည်။ ဗုံရှည်ကြီး များ တဒူဒူတီး၊ လင်းကွင်းသံ၊ ဝါးလက်ခုပ်သံ၊ ကြေးမောင်းသံများစုံလင်စွာ တီးကာ ဆိုကာ ကကာဖြင့် လမ်း တလျှောက် စည်ကားလှသည်။ ကိုယ့်မီးပုံးကို အမွှန်းတင်သည့် သံချပ်များလည်း သံပြိုင်အော်ဟစ်လျက်။ ဆိုင်ကယ် ကိုယ်စီဖြင့် အဖွဲ့သားများလည်း များပြားလှသော မီးပုံးပျံအဖွဲ့ကြီးကို ကြည့်ရသည်မှာ အားရ ကျေနပ်စရာ ကောင်းလှသည်။

ပြိုင်ပွဲကွင်းထဲကိုမဝင်မီ ဒိုင်စင်အနီးတွင် စာရင်းပေးပြီး ယမ်းခွေအလေးချိန်ကို ချိန်ရသည်။ ယမ်းခွေအလေး ချိန်မှာ ပိဿာ ၄၀ ၀န်းကျင်အထိ ထည့်သွင်းတတ်ကြပြီး အများအားဖြင့် ၂၇ ပိဿာမှ ၃၇ ပိဿာအတွင်း ရှိသည်ဟု သိရသည်။

ယမ်းချိန်ပြီး၍ ကွင်းထဲကို ဆိုင်ကယ်များခြံရံလျက် မီးပုံးကားကြီးနှင့် ယမ်းခွေကား ကြီးဝင်လာပြီဆိုလျှင် အဖွဲ့သားများက ပလတ်စတစ်ကြိုးများဖြင့် ဝိုင်းရံလျက် သူတို့ကိုယ်ပိုင်နေရာလေး သတ်မှတ်လိုက်တတ်ကြ သည်။ အဖွဲ့ဝင်မဟုတ်သော ပြင်ပလူများမှာ သတ်မှတ်စည်းဝိုင်းအတွင်း မဝင်ကြရပေ။

ပထမဆုံး ဒိုင်စင်က ကားပေါ်မှမီးပုံးများချချိန် ၅ မိနစ်သတ်မှတ်ပေးသည်။ ၅ မိနစ်အတွင်း အတိမ်းအစောင်း အမှားအယွင်းမရှိဘဲ ညီညွတ်စွာဖြင့် ပစ္စည်းများ မြေပေါ်သို့ချရသည်။ ပြီးလျှင် မီးပုံးပျံကို စတင်မှိုင်းခံ၍ရပြီ။ စည်းဝိုင်းအတွင်းမှာ အဓိက ၃ နေရာကွဲပြားသွားပြန်သည်။ တနေရာက မီးပုံးပျံစက္ကူစကြီးကို ဖြန့်ပြီးမီးထိုး ရန် လူအတော်များများက မ,ကိုင်ထားရသည်။ နောက်တနေရာက မီးစော်တုတ်များ မီးရှို့နေကြသည့် နေရာ။ နောက်တနေရာက ယမ်းခွေကိုစောင့်ကျပ်နေကြသည့်နေရာ။

ဝါးလုံးစိမ်းထိပ်တွင် ထင်းရှူးချောင်းများဖြင့်ချည်နှောင်ထားသည့် မီးစော်တုတ် ၃ ချောင်း ၄ ချောင်းခန့်ကို မီးရှို့၊ ပြီးတော့ မီးပုံးပျံဆီသို့သယ်သွားကြရပြီး မှိုင်းစတင်ခံရသည်။ မီးစော်ထိုးရသည့်လူငယ်များမှာ ချမ်းအေး လှသည့် ဆောင်းတွင်း ညဘက်ကြီးမှာပင် ချွေးတလုံးလုံးနှင့် လှုပ်ရှားနေကြရသည်။

မှိုင်းခံနေသည့်တလျှောက်လုံး မီးပုံးပျံဘေးအနားစက္ကူစများကို လူတရပ်အလွတ် တချိန်လုံးမထားရသည့် လူများသည်လည်း မသက်သာလှပါ။ မီးပုံးပျံကြီး မှိုင်းဝ၍ ထောင်တက်လာသောအခါမှ မီးစာကို တဝခွေမှာ လာရောက်တပ်ဆင်လိုက်ကြကာ မီးရှို့ကြရပြန်သည်။ ထိုအချိန်ဆိုလျှင် မီးပုံးပျံကြီးက တကြွကြွဖြစ်နေပြီ။

ထိုအခါမှ အောက်ယမ်းခွေအနားမှလူများက ယမ်းခွေကိုမလာကာ လာရောက်တပ်ဆင်ကြရသည်။ ဆိုင်းကြိုး များဖြင့်ဆွဲထားရသော မီးပုံးပျံကြီး မှိုင်းဝကာ တက်နေပြီဆိုမှ ယမ်းခွေ၏ စနစ်ကြိုးများကို မီးညှိလိုက်ပြီး ဆိုင်းကြိုးများကို လွှတ်ပေးလိုက်သည်။

မီးပုံးပျံကြီး တက်သွား၍ စနစ်ကြိုးအကုန်တွင် မီးကျည်များသို့ မီးစတင်ကူးပြီး အဆင့်ဆင့်ပေါက်ကွဲထွက်လာ သည့် ခိုပျံများ၊ ရှူးဒိုင်းများ၊ ဗုံးထုပ်များ၊ လောက်ထုပ်များ၊ ဂလိုက်ဒါများ၏ မီးရောင်စုံများက ကောင်းကင် တခွင်လုံး လင်းချင်း လှပသော မြင်ကွင်းဖြစ်ပေါ်လာချိန် ကွင်းထဲမှာလည်း တဟေးဟေးဆူညံ နေသည့် အသံများ၊ ကခုန်နေကြသူများ၊ ပျော်ရွှင်အော်ဟစ် နေသူများကို တွေ့ရမည်ဖြစ်သည်။

သူတို့အားလုံး အပေါ်မှာ တရွှီးရွှီးကျလာသည့် ရှူးဒိုင်းများကို မကြောက်မလန့်ဘဲ ပြေးလိုက် ရှောင်လိုက်၊ ကလိုက်ခုန်လိုက်ဖြင့် တနှစ်လုံးသွန်အောထားသည့် မျှော်လင့်ချက်များ၊ လုပ်ဆောင်ချက်များ၊ ခွန်အားများ အတွက် ကျေနပ်နေကြသည်။

တချို့မီးပုံးများကြပြန်တော့ တက်သွားပြီးမှ လေစီးကြောင်းကြောင့် လည်းကောင်း၊ ယမ်းမီးကူးပုံစနစ်မမှန် သဖြင့် လည်းကောင်း၊ အချိန်အဆမမှန်သဖြင့် လည်းကောင်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာသည်များ လည်း ရှိသည်။ ထိုအခါများတွင်တော့ ထိုမီးအဖွဲ့မှလူငယ်များ၏ မျက်ရည်များနှင့် ငိုသံများက ပြိုင်ကွင်းထဲ တွင် ပျံ့လွင့်သွားသည်။

စိန်နားပန်အမျိုးအစားမီးပုံးပျံကတော့ တမျိုးခက်ခဲပြန်သည်။ မီးပုံးပျံကြီးမှိုင်းဝကာ ထောင်တက်လာချိန်တွင် ဖယောင်းတိုင်ထွန်းညှိထားသော မီးပုံးအသေး ရောင်စုံလေးများကို မီးပုံးပျံကြီး၏ သတ်မှတ်ထားသော နေရာ များတွင် သူ့အရောင်နှင့်သူ အမီချိတ်ဆွဲကြရသည်။ မီးပုံးလေးများလည်းချိတ်အပြီး မီးပုံးပျံလည်း မှိုင်းဝကာ အတက်၊ ချိန်သားကိုက်အဆင်ပြေမှသာ လှပသော သရုပ်ဖော်ပုံများဖြင့် စိန်နားပန်မီးပုံးပျံ အောင်မြင်သည် ဟု ဆိုနိုင်မည်။ သူ့အရောင်နှင့်သူ မှန်အောင်မချိတ်ဆွဲပြန်လျှင်လည်း ပုံမပေါ်လွင်နိုင်ပြန်။ မီးပုံးအသေးများ ထဲမှ ဖယောင်းတိုင်များ မငြိမ်းစေရန်လည်း ဂရုစိုက်ရသည်။ မယောင်းတိုင်လေးများ စောင်းခြင်း လဲခြင်းဖြစ် လျှင်လည်း ပင်မမီးပုံးပျံကြီးဆီ မီးစွဲမှာ စိုးရိမ်ရသေးသည်။

တောင်ကြီးမြို့မီးပုံးပျံပွဲမှာ အဓိက အမျိုးအစားကြီး ၃ ခုပါဝင်သည်။ နေ့လွှတ်အရုပ်က နေ့ဘက်မှာ လွှတ်တင် ကြသည့် အရုပ်အမျိုးမျိုးပုံစံချိုးထားသည့် အလှလွှတ်အမျိုး အစား။ ညလွှတ်တွင်မှ စိန်နားပန်နှင့် ညမီးကျည် ဟု ၂ မျိုးရှိရာတွင် စိန်နားပန်က မီးပုံးလေးများချိတ်ဆွဲလျက် အလှပြ ပုံဖော်ရသည်။ ညမီးကျည်မှာ မီးပုံးပျံ အောက်ခြေတွင် ယမ်းခွေကြီးများချိတ်ဆွဲလျက် မီးရှူးမီးပန်း များ ပစ်လွှတ်ရသည့် လှပ၍ အန္တရာယ်များသော အမျိုးအစား စသည်တို့ဖြစ်သည်။

မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲက အောက်တိုဘာ၂၅ ရက်နေ့ဖြစ်သည်။ ၁ ရက်နေ့မှာ ပိတ်ပွဲနှင့် ဆုပေးပွဲ။ ယခုနှစ် အတွက် ဟာသ မီးက ပထမ၊ ပုတု က ဒုတိယ၊ လူပဲ့ က တတိယ ရရှိကြောင်း သိရသည်။

ပြိုင်ပွဲဝင် မီးပုံးပျံများမှာ ကြယ်နီ၊ ဟာသ၊ လူပဲ့၊ ချီခန့်၊ ကားပွဲစား၊ စိမ်းလဲ့ကန်သာ၊ ဓာတ်ခဲ၊ နောင်မွန်၊ ထီဖုံး ချာကတူး၊ တောင်ပိုင်း၊ ကန်အောက်၊ အိုတိုး၊ ပုတု၊ ငပျင်း၊ ညသာ၊ ကမ္ဘောဇ၊ ရွှေပိုး စသည်တို့ ပါဝင်ယှဉ်ပြိုင် ကြကြောင်းလည်း သိရသည်။

ပြိုင်ပွဲဝင်မီး စုစုပေါင်း ညမီးကျည် ၅၅ လုံး၊ စိန်နားပန် ၃၆ လုံး ညလွှတ်စုစုပေါင်း ၉၁ လုံးနှင့် နေ့လွှတ် အရုပ် ၂၉၆ လုံး လွှတ် တင်ကြသည်ဟု ပြိုင်ပွဲကော်မတီက ပြောသည်။ ထီဖုံး၊ ချီခန့်၊ ချာကတူး၊ ဓာတ်ခဲ၊ ကြယ်ကျစ် စသည့် ညမီးကျည်များမှာ နာမည်ကြီးများဖြစ်ကြ၏။

တောင်ကြီးတွင် လူအားလုံး နေ့နှင့်ည မှားနေကြသည်။ ညဘက် ၇ နာရီ ၈ နာရီခန့်ဆိုလျှင် အားလုံး မီးပုံးပျံ ကွင်းထဲ ရောက်နေကြပြီ။

မည်မျှ ချမ်းချမ်းအေးအေး မနက်ကြီး ၃ နာရီ ၄ နာရီ နောက်ဆုံးမီးပုံးလွှတ်ပြီးမှ အိမ်ပြန်အိပ်ကြသည်။ မနက် ဆိုလျှင် ၁၀ နာရီ ၁၁ နာရီခန့်မှ အိပ်ရာထကာ နေ့လွှတ်အရုပ်သွားကြည့်သူကကြည့်၍ ညအတွက်ပြင်ဆင်သူ များလည်းရှိကြ၏။

ယခင်နှစ်က အရုပ် အမျိုးအစား မီးပုံးပျံတခုအတွက် ကျပ် ၁ သိန်းမှ ၅ သိန်းကြား ကုန်ကျပြီး စိန်နားပန် အမျိုးအစား အတွက်ဆိုလျှင် ကျပ် ၁၀ သိန်းအထိ ကုန်ကျသည်ဟု သိရသည်။

ယခုအခါတွင်တော့ ကုမ္ပဏီအသီးသီးက ပြိုင်ပွဲဝင် အဖွဲ့များအတွက် အကုန်အကျခံပေးကာ ၎င်းတို့၏ ကုမ္ပဏီ အမှတ်တံဆိပ်များကို မီးပုံးပျံကြီးများတွင် ထည့်သွင်း ရေးဆွဲလာကြသည်။ တောင်ကြီး မီးပုံးပျံတခု၏ ပျမ်းမျှအချင်းနှင့် အမြင့်မှာ ပေ ၂၀ မှ ၂၄ ပေ အထိရှိသည်။ မီးပုံးပျံအများစုကို ပိုးစာပင်မှရရှိသည့် ရှမ်းစက္ကူ ခေါ် မှိုင်းကိုင် စက္ကူဖြင့်ပြုလုပ်ပြီး အဆင့်မီ မီးပုံးပျံတခုအတွက် မှိုင်းကိုင်စက္ကူ အချပ်ရေပေါင်း ၁၂၀၀ ခန့် လို အပ်သည်။

ယခုနှစ် မီးပုံးပျံတခုအတွက် ပျမ်းမျှကုန်ကျစားရိတ်မှာ ကျပ် သိန်း ၂၀ ခန့်ရှိသည်။ ယမ်းမှုန့်အစရှိသော ထည့်သွင်း အသုံးပြုရသည့် ပစ္စည်းအမယ်များကို ထိရောက်စေရန် အကောင်းဆုံးများ ရွေးချယ် သုံးရသော ကြောင့်ဖြစ်၏။

တောင်ကြီးမြို့က လှပါသည်။ အေးချမ်းရိုးသားခြင်းရှိသော မြို့ဟုခေါ်ရမည်ထင်သည်။ တောင်ကြီး မြို့မှာ ဓလေ့ရိုးရာတွေ မပျက်စီးသေးခြင်းက မြို့၏အလှကိုပိုပြီး တောက်ပစေသည်။ ထို့ထက်ပိုသည်က မြို့နေ ဒေသခံများမှာ ရိုးသား ဖော်ရွေသည်။ လူငယ်အများစုက ခေတ်မီကြပါသည်။ ဝတ်ပုံစားပုံနှင့် နေထိုင်ပုံကို သာမန်ကာလျှံကာကြည့်လျှင် ပေါ့လျှပ်လျှပ် ဆောင့်ကြွားကြွားဟု ထင်ရသော်လည်း သူတို့ရင် ထဲမှာက ရိုးရာအမွေအနှစ်အတွက် စိတ်ဓာတ်က အပြည့်ရှိနေသည်ကို တွေ့ရသည်။

မီးပုံးပျံတဖွဲ့ သွားတိုင်း မေးမြန်းလိုက်တိုင်း မညည်းမညူစိတ်ရှည်လက်ရှည်ရှင်းပြပေးကြသည်။ သူတို့လုပ် ဆောင်ချက်များနှင့်ပတ်သက်ပြီး အားလုံးကို နားလည်စေချင်သော စေတနာ၊ သူတို့ရိုးရာကို မှတ်တမ်း မှတ်ရာကျန်စေချင်ခြင်းများဖြင့် သူတို့မျက်လုံးများ က တလက်လက်တောက်ပ တက်ကြွနေကြသည်။ သူတို့အပြုံးများကလည်း ချိုမြ၍နေကြပါသည်။     ။
Comments (8)Add Comment
0
ပြန်မရ နိုင်တဲ့ အပြုံး
written by htay tint, March 07, 2010
အပျို ပိုးတာ သတိရတယ်ဗျာ ။ ဘောင်းဘီရှည် ခေါင်းလောင်း ဟိုက်ဟီး အမြင့် ကြီးစီးပြီး မီးပုံပျံ အတက် အလင်းပျပျရဲ့  အောက်မှာ ကဗျာ ဆန်တဲ့ အပျီု မျက်နှာလေး ပြုံးပြုံး လေးတွေ ပြန်မြင်ရ တော့မယ် မထင်ပါဘူး ရွှေလိမ်မော် အရက်ကလဲ အချမ်းပြေဘဲလေ ။

တချိန်က သပြေညို ကျောင်းသားရဲ့  ၁၉၈၀ အလွမ်း
0
i am so happy
written by MOE MA KA, January 29, 2010
I AM VERY HAPPY . BECAUSE I AM FROM TAUNGGYI TOO . SO , I AM VERY PROUD OF READING THIS . IT IS VERY EXCITING FESTIVAL , WE HAVE HERITAGE THE TRADITION OF OUR SHAN STATE . AFTER I READ THIS , I REALLY REMEMBERED MY NATIVE TOWN .
THANK YOU .
0
ကျေးဇူးအထူးနဲ့ မှတ်ချက်
written by Ko Ko Aung Aye, Mandalay, November 12, 2009
ကျေးဇူး အထူးတင်ပါတယ်။
တောင်ကြီး တန်ဆောင်တိုင် ညများကို မရောက်ဖူးပါ။
ရှမ်းအိုးစည်သံ၊ မီးပုံးပျံနှင့် တန်ဆောင်တိုင်ည ဖတ်ရတော့ လူတိုင်းအတွက်(မြန်မာမှမဟုတ်) တစ်သက်မှာတစ်ခေါက် အနည်းဆုံး ရောက်ရမယ့် ပွဲတော်ကြီးလို့ မှတ်ချက်ပေးချင်ပါတယ်။
နောင်နှစ်မှာ ပျော်စရာတွေ ဖြစ်ခဲ့ရင် အားလုံးပျော်ပျော်ပါးပါး ဆုံချင်ပါတယ်။
ဘ၀အမောတွေကို ရှမ်းအိုးစည်သံ၊ မီးပုံးပျံနှင့် တန်ဆောင်တိုင်ညမှာ ပြေနိုင် ကြေနိုင် ချေနိုင် ကြပါစေ။
0
ကျေးဇူးပါဧရာဝတီ
written by ကိုကိုအောင်အေး မန်း, November 12, 2009
တောင်ကြီး တန်ဆောင်တိုင်ညများကို မရောက်ဖူးပါ။
ရှမ်းအိုးစည်သံ၊ မီးပုံးပျံနှင့် တောင်ကြီး တန်ဆောင်တိုင်ည အလှအပများနှင့် ဘ၀အမောတွေကို ခ၀ါချနိုင်ဖို့
တစ်သက်မှာ တစ်ကြိမ်တော့ အနည်းဆုံး ရောက်သင့်သည်ဟု ထင်မြင်မိပါသည်။
ကိုယ်တိုင်လည်း နောက်နှစ် ပျော်စရာအချိန်များဖြစ်လာခဲ့ရင် ရောက်ဖြစ်အောင်ြ ကိုးစားပါမည်။
အားလုံး ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။
ကျေးဇူး အ ထူးတင်ပါသည်။
0
ကောင်းတယ်ဗျာ
written by မြန်မာပြည်သား, November 10, 2009
အထူးသဖြင့် ဓာတ်ပုံလေးတွေ အရမ်းလှတယ်
0
တောင်ကြီးသားတွေ
written by နည, November 10, 2009
တောင်ကြီး သားတွေက ဆောင့်ကြွားကြွားလို့ ထင်ရပေမယ့် ဖြူစင်ရိုးသား တာတွေ ဖော်ရွေတာတွေ ရိုးရာဓလေ့ မြတ်နိုးတာတွေ ထိန်းးသိမ်းတာတွေက တခြား နယ်သားတွေနဲ့ မတူပါဘူး.. ရုတ်တရက် ကြည့်ရင် ပေါ့ပေါ့လေး နေတယ်လို့ ထင်ရတယ်.. ဖက်ရှင်တွေ အလန်းတွေ ဝတ်တယ်.. ခေတ်ရေစီးမှာ မျောတယ် ဒါမယ့် သူတို့ရိုးရာ ချစ်စိတ်တွေ ထိန်းသိမ်း တာတွေ အပြည့်ရှိတယ်.. လို့ ဆိုလိုတာပါ..
0
About Taunggyi & our people
written by laylaytaunggyi, November 07, 2009
Taunggyi is not only a beautiful city, it is also clean and up to date modernised city. The peoples who lived there are sincere too. We, the native of Taunggyi and all around Shan highland, are proud of our tridition as well as inventive idea. That is why, every year the local people wants to celebrate so called Hot Air Balloon Festival in Tazoung Daing. There may be alot to spend ( Time + money ) to celebrate this precious moment to show that the invention and the unity of the highlander. May this tridition be last long until another thousands of years.
0
ကျေးဇူး အထူးတင်ရှိပါသည်
written by တောင်ကြီးသားတစ်ယောက်, November 07, 2009
တောင်ကြီးသား တစ်ယောက် အနေနဲ့ အခုလို ဖတ်ရတဲ့ အတွက်
ဧရာဝတီကို အထူးပဲ ကျေးဇူးတင်ပါသည် ............. ..smilies/kiss.gifsmilies/smiley.gifsmilies/smiley.gifsmilies/wink.gif

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Friday, 06 November 2009 15:33 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၇၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၀ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်