“အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာ”

E-mail Print
ယနေ့သည် ကမ္ဘာ့  HIV/AIDS ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်သောကြောင့် မြန်မာပြည်အတွင်း အဆိုပါဝေဒနာ ခံစားနေရသူများ၏ ဒုက္ခ၊ မဖြူဖြူသင်း ကိုယ်တိုင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်းထားပါသည်။

မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူတဦး ဖြစ်သည်။

မေး။     ။ ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းတယ်ဆိုပြီး ကြေညာထားတာနဲ့ ပတ်သက်ပြီး မဖြူဖြူသင်း ဘယ်လို ထင်ပါသလဲ။

ဖြေ။     ။ ဖြစ်နှုန်းကျတယ်ဆိုပြီး ကြေညာပေမယ့် ဒီမှာက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ သေဆုံးတဲ့ သူတွေကော၊ ဒီရောဂါကို သိပ်ပြီးမသိသေးတဲ့သူတွေကော၊ ရောဂါကိုသိပြီး ဆေးဝါးကုသ ခံချင်တဲ့ သူတွေကော ရပ်တံ့သွားတယ် လို့မရှိဘူး။ ကျမတို့ စ လုပ်တဲ့ ၂၀၀၂ ခုနှစ် လောက်ကထက်စာရင် ပိုပိုပြီးတောင် များလာတယ်လို့ ထင်ရတယ်။ ကျမ ဒီကိစ္စကို ကျွမ်းကျင်တဲ့ ဆရာဝန် တဦးနဲ့ ပြောဖြစ်တယ်။ သူက ဘာပြောလဲဆိုတော့ ရောဂါဖြစ်နှုန်းတွေ ကျသွားတယ်ဆိုတာ၊ ရောဂါဖြစ်နေတဲ့သူတွေ သေသွားလို့ သာ ကျသွားတယ်လို့ ပြောလို့ရမယ်လို့ ပြောတယ်။

နောက်တခါ ပညာပေးမှု အပိုင်းကလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့ခံတွေနဲ့ ပညာပေးနေလို့သာလေ၊ သီးသန့်သွားပေးဖို့ဆိုရင် မလွယ် ဘူး။ NGO တွေအနေနဲ့လည်း အဲဒီလို သွားမယ်ဆိုရင် အဆင့်ဆင့်စာတင်ရတာနဲ့ ခရီးမရောက်ဘူး။ တရားဝင်လုပ်နေတဲ့ NGO တွေ၊ PSI လိုဟာမျိုး တွေလည်း အစိုးရက ခွင့်ပြုမှ သွားလို့ရတယ်။

အရင်က ARV ဆေးမရှိတော့ လူနာတွေကို ဆွေးနွေးနှစ်သိမ့်ရုံပဲ လုပ်ရင်း သေဆုံးသွားကြတာ များတယ်။ အခုတော့ ARV ဆေးရှိလာတော့ သေဆုံးနှုန်းကတော့ နည်းသွားတယ်။ ဒါပေမယ့် မြန်မာပြည် အခြေအနေနဲ့ လုံလောက်မှုကတော့ မရှိသေးတာ အမှန်ပဲ။ အခုလက်ရှိကို ရောဂါအကြောင်း မသိသေးတာတွေ၊ ဆေးကုသလို့ ရတယ်ဆိုတာကို မသိသေးတာတွေ မြန်မာပြည် အနှံ့အပြား ရှိနေတုန်းပဲ။ ကျမတို့တောင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ့်အဖွဲ့တွေ အကုန်လုံးကို ပညာပေးတဲ့ အစီအစဉ်တွေ လုပ်ထားလို့ ဒီကို လူနာတွေ ရောက်လာကြတာပါ။

မေး။     ။ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ပညာပေးဖို့ လိုတယ်ဆိုတော့၊ အခုလက်ရှိအစိုးရက ရုပ်မြင်သံကြားတို့ … လမ်းထောင့်တွေမှာ ဘေလ်ဘုတ်တွေ၊ ပိုစတာတွေ ထောင်တာတို့နဲ့ ပညာပေးတာကကော ထိရောက်တယ် ထင်လား။

ဖြေ။     ။ ထိရောက်လား မထိရောက်လားဆိုတာထက် အစပိုင်း ၂၀၀၂ တုန်းကဆိုရင် သူတို့ လမ်းဆုံ၊ လမ်းခွမှာ ကုရာနတ္ထိ ဆေးမရှိ ဆိုတာမျိုးတင်တာ တွေ့ရတယ်။ အဲဒီတုန်းကဆို လူနာ တော်တော် များများက ဒီဆိုင်းဘုတ်တွေ တွေ့တာနဲ့တင် စိတ်ဓာတ်ကျပြီး သေသွားတာမျိုးရှိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကဆိုတော့ ဒီရောဂါအကြောင်းလည်း သိပ်မသိသေးတော့ တော်တော်ကြီး ကြောက်လန့်နေ တုန်းပဲလေ။ တချို့ဆို ဒီဆိုင်းဘုတ်တွေဖတ်ပြီး အိမ်ထဲမှာပဲ အသေခံလိုက်တဲ့သူတွေတောင် ရှိတယ်။ ကျမတို့ လုပ်စ ကပေါ့။

အခုနောက်ပိုင်းမှာတော့ ဝိုင်းဝန်းကူညီတိုက်ဖျက်ရေး ဘာညာဆိုပြီး ဆိုင်းဘုတ်တွေတင်တာရှိတယ်။ ပြည်သူလူထုက ဒီဆိုင်းဘုတ်တွေ ဖတ်ရတာတော့ ရှိတယ်။ ဒါပေမယ့် ဘယ်လိုဆေးဝါး ကုသမှု ခံယူရမယ်၊ ဘယ်သွားကုရမလဲ၊ ဘယ်ဆေးရုံ ဘယ်ဆေးခန်း သွားကုရမလဲ ဆိုတာကအစ အခုအချိန်ထိ မသိသေးတဲ့ သူတွေ အများကြီးပဲ။ ဒါကို ကျမတို့က ကြားထဲကနေ ပြီးတော့ ထိထိရောက်ရောက်၊ လမ်းကြောင်း မှန်မှန်နဲ့ ကုသနိုင်ဖို့ ကူညီရတယ်။

မေး။     ။ ARV ဆေးကို မဖြူဖြူသင်းတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေနေရပါသလဲ။

ဖြေ။     ။ ကျမတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်နေတော့ ဘယ်သူကမှလည်း မကူညီဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘယ် NGO ကမှ ကျမတို့ကို မကူညီရဲဘူး။

ကျမတို့က ကြားကနေပြီး NGO တွေမှာ ဆေးပေးတာတွေ့ရင် ကြိုးစားပေးတယ်။ အဲဒီ NGO တွေက ရပ်သွားတယ်၊ ဆေးဆက် မပေးတော့ဘူး ဆိုရင် ဒီဆေး သောက်မှကို ဖြစ်မယ့်သူတွေ အတွက် ကျမတို့က သူတို့အသက်ဆက်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကို ရှာဖွေပြီး တိုက်ထားရတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်သူငယ်ချင်းအချင်းချင်း ခက်ခက်ခဲခဲ ရန်ပုံငွေရှာရတယ်။ ဆေးသောက် ဖို့တင် မကဘူး သူတို့ရဲ့ နေရေး ထိုင်ရေး၊ စားရေးသောက်ရေး အတွက်ပါပေါ့။

အဲဒီဆေးကလည်း တလစာကို ကျပ် ၂ သောင်းကျော်နဲ့ သုံးသောင်းကနေ ၁ သိန်းနီးပါးတန်အထိ ရှိတယ်။ သူက တသက်လုံး သောက်ရမှာလေ။ လူတယောက်က ၂ သောင်းကျော် ၃ သုံးသောင်းနီးပါးတန် ဆေးနဲ့ တည့်သွားပြီဆိုရင်တော့ ပြဿနာမရှိဘူး။ အဲဒီလိုမဟုတ်ဘဲ အဲဒီဆေးနဲ့ မတည့်ဘူး ဆိုရင်တော့ ဆေးပြောင်းရတယ်။ အဲဒီဆေးက ၇ သောင်းနဲ့ ၁ သိန်းကြားမှာရှိတယ်။ အဲဒီလို လူက ၁၀၀ မှာ ၅ ယောက် လောက်တော့ ရှိတယ်။

လူနာထဲမှာ ကိုယ့်ဘာသာ ငွေကုန်ကြေးကျခံနိုင်တဲ့သူက ၁၀၀ မှာ ၂ ယောက်လောက်ပဲ ရှိတယ်။ ဒီ HIV ရောဂါဆိုတာက ပညာပေးမှုမရရှိတဲ့ သူတွေရယ်။ အသိပညာ ချို့တဲ့တဲ့ သူတွေသာဖြစ်တာကိုး။ အဲဒီလို လူမျိုး ဆိုတာကလည်း စီးပွားရေးကအစ တော်တော်လေးကို ချွတ်ခြုံကျခဲ့တဲ့သူတွေ ဖြစ်တော့ မြန်မာပြည် မှာက ဝယ်သောက်နိုင်တယ် ဆိုတဲ့သူက တော်တော်လေးကို ရှားပါတယ်။ ဘေးက တယောက်ယောက်က ထောက်ပံ့မှ သောက်နိုင်တာလေ။ လူတွေက စားသောက်ဖို့တောင် မနည်း ရုန်းကန် နေရတာ ဆိုတော့ ဒီဆေးဝယ်သောက်ဖို့ ဆိုတာက တော်တော်လေးကို မလွယ်ကူတဲ့ကိစ္စပဲ။

မေး။     ။ အခု မဖြူဖြူသင်း စောင့်ရှောက်နေတဲ့ လူနာတွေနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေရှိလဲ။ လူနာတွေ ထပ်ထပ် တိုးလာလားဆိုတာ ပြောပြပါဦး။

ဖြေ။     ။ တိုးလာတာပေါ့ ..။ လူနာတွေ ထားစရာတောင် နေရာမရှိအောင်ဘဲ။ ကျမတို့က တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပညာ ပေးနေတာတွေ ဆက်လုပ်တယ်၊ နောက်ပြီး မီဒီယာတွေ ကနေ ပြောတာတွေရှိတယ်။ အဲဒီတော့ ဒါတွေကို နားထောင်မိတဲ့ သူတွေ၊ ကိုယ့်အဖွဲ့အချင်းချင်း ပြောဖြစ်တာတွေကနေ တဆင့် သိကြပြီး အခုနောက်ပိုင်း တော်တော်များများ ရောက်လာကြတယ်။
ကျမတို့ အိမ် ၃ လုံး ရှိတယ်။ လူကအယောက် ၁၀၀ လောက်ရှိတယ်။

တကယ်က အိမ်တလုံးမှာ ၅ ယောက်၊ ၁၀ ယောက် အများဆုံးနေရမှာ။ ဒါပေမယ့် နေရာမရှိတော့ အယောက် ၄၀ လောက်ကို အိမ်တလုံးတည်းမှာ ဖြစ်သလိုပေါ့၊ တချို့ဆို ခြံထဲ နေရာလွတ်ရင် တဲလေးတွေ ထိုးပေါ့ … အဲဒီလိုပဲ နေရတယ်။

မေး။     ။ မြို့ပေါ်မှာဆိုရင် HIV ရောဂါကို လိင်ဆက်ဆံရာကတဆင့်တို့၊ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းလို့ဆိုတာမျိုး တို့နဲ့ ကူးစက်တာ အများဆုံးကြားရတယ်။ နယ်ဘက်တွေမှာ ကုလေ့ရှိတဲ့ အပ်ပုန်းထိုးပြီး ဆေးကုပေးသူတွေကြောင့် ကူးစက် တာမျိုးကော ကြားရလား။ ကြုံရလား။

ဖြေ။     ။ ကြုံရတာပေါ့။ ၂၀၀၀ ပြည့်နှစ်ကျော်ကျော် .. အစပိုင်းတုန်းကဆိုရင် လာတဲ့လူနာ ၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က အပ်ပုန်းကြောင့် ကူးစက်ခံရတာ တွေ့ရတယ်။ မူးယစ်ဆေးကြောင့် မဟုတ်ဘူးနော်။ ရွာတွေမှာ အပ်ပုန်း ဆိုတာက ဆရာဝန်လည်းမဟုတ်ဘူး၊ ဆေးမှူးလည်းမဟုတ်ဘူး ဒီတိုင်း ကုနေကြတာ။ တချို့ရွာတွေမှာ ကြုံနေရတယ်။

ကျမတို့က လူနာတွေကို ပညာပေးရတာပေါ့။ ဒီအပ်က ဘယ်လောက်မှတန်ဖိုးမရှိဘူး၊ တခါသုံးအပ် မသုံးဘဲ ရောဂါ ကူးစက်ရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုး ပြောရတယ်။

ရန်ကုန်ပတ်ဝန်းကျင်၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက် ပတ်ဝန်းကျင်က မြို့ပေါ်မဟုတ်တဲ့ ရွာတွေ၊ နောက်တော့ ခရမ်း၊ သုံးခွ … မြို့နဲ့ တော်တော်လေးဝေးတဲ့ ဒေသတွေ အကုန်လုံး ပါပဲ။ အစောပိုင်းကပေါ့။ မိသားစုလိုက်တွေတောင် ဒီအပ်ကြောင့် ကူးတာတောင် တွေ့ရတယ်။

၂၀၀၂ ကနေစပြီး တခါသုံးအပ်တွေသုံးဖို့ တခြား NGO တွေကော၊ ကျမတို့ပါ ပညာပေးကြတယ်။ ဆရာဝန်တွေကော၊ ကျန်းမာရေးမှူးတွေကော၊ တချို့ အပ်ပုန်းသမားတွေပါ တခါသုံးအပ်တွေ သုံးလာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီလို သုံးလာတယ် ဆိုတာတောင် နယ်တွေကလူတွေ တက်လာလို့ မေးကြည့်ရင် တချို့နယ်တွေမှာ ဆရာဝန်တွေကိုယ်တိုင် အပ်ကို ပြန်ပြုတ်ပြီး သုံးနေတုန်းပဲ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အပ်ကကူးတာထက် လိင်ဆက်ဆံရာက ကူးစက်နှုန်းက ပိုများလာတာ တွေ့ရတယ်။

မေး။     ။ အခုနောက်ပိုင်းမှာ လိင်နဲ့ ပတ်သက်တဲ့ အလုပ်လုပ်ကိုင် သူတွေက HIV ဖြစ်နှုန်း ပို အဖြစ်များတယ်လို့ ဆိုချင်တာလား။

ဖြေ။     ။ လိင်အလုပ်သမတွေတင် မကတော့ဘူး သာမန်လက်လုပ်လက်စားတွေ၊ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ ကလေးတွေပါ ဖြစ်လာ နိုင်တယ်။ အခုနောက်ပိုင်းမှာက ဒီ လိင်အလုပ်လုပ်စားသူတွေက နေရာဒေသ အတည်တကျ မဟုတ်တော့ဘဲ သွားလာ အလုပ် လုပ်ကိုင် စားသောက်နေကြတာလေ။ ဥပမာ ဘုရားပွဲရှိတဲ့ နေရာမျိုးတွေပေါ့။ အဲဒီလိုမျိုး အခြေအနေကနေ ဒီရွာမှာရှိနေတဲ့ ကာလသားလူငယ်တွေ၊ အသိပညာ မပြည့်ဝသူတွေကို ကူးစက်မယ်၊ အိမ်ထောင်သည်လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ရဲ့ မိသားစုတွေကို ကူးမယ်။ အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်။

အခုဆိုရင် တကယ့်ကိုရိုးသားတဲ့ ဧရာဝတီတိုင်းက လယ်ကွင်းထဲမှာ နေနေတဲ့ သူတွေမှာပါဖြစ်နေတယ်။ သူတို့တွေဆိုရင် တကယ့်ကို ဘာအပျော်အပါးမှ မရှိဘူး။ တနှစ်ပတ်လုံး လယ်ထဲဆင်းနေတဲ့ သူတွေမှာပါ ဖြစ်လာတာ။ သူတို့ကတော့ အဓိက စီးပွားရေးပေါ့။ မြန်မာပြည်မှာ စီးပွားရေး အရမ်းကျလာတော့ အမျိုးသမီးတော်တော်များများဟာ ဒီ လိင်အလုပ်သမ အဖြစ် လုပ်ကိုင် လာရတယ်။ နောက်ပြီး သူတို့တွေဆီ အထိ သွားစရာမလိုဘူး၊ သူတို့က ကိုယ့်ဆီကို ရောက်လာတာမျိုးဆိုတော့ ဒီရောဂါ ကူးစက်ဖို့က တော်တော်လေး လွယ်ကူတာ တွေ့ရတယ်။ အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာပေါ့။

အခုနောက်ပိုင်းမှာတော့… ၁၀ ယောက်လောက်လာရင်၊ ၉ ယောက်လောက်က လိင်ကနေ တဆင့် ကူးတာ ဖြစ်နေတယ်။ ၉၀ ရာခိုင်နှုန်းပေါ့။ တချို့ကတော့ သွေးသွင်းရာကနေ ကူးတယ်။ အပ်ကြောင့် ကူးစက်တာလည်း ခုထိတော့ ရှိနေတုန်းပဲ။

မေး။     ။ ဒီနှစ် ကမ္ဘာ့ AIDS နေ့ရဲ့ ဆောင်ပုဒ်က လူနာတွေကို ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်လို့ လူထုကို ပညာပေးထားတာ တွေ့ရတယ်။ အခုလက်ရှိ မြန်မာပြည်မှာ ဒီလို ရောဂါဖြစ်သူတွေကို ခွဲခြားဆက်ဆံ တာမျိုး ရှိနေတုန်းပဲလား။

ဖြေ။     ။ အများကြီးရှိနေပါတယ်။ ကျမတို့အတွေ့အကြုံအရဆို မိသားစုတွေက လက်မခံချင်လို့ ကျမတို့ဆီ ပို့လိုက်တာ အများကြီးပဲ။ တချို့ဆို ကျမတို့ဆီမှာ လူနာတွေ စုနေကြတယ်။ အဲဒီလို စုနေပြီးရင် မိသားစုဆီကို မပြန်ချင်ကြတော့ဘူး။ ဘာလို့လဲ ဆိုတော့ မိသားစုတွေရဲ့ အကြည့်တွေ၊ နားလည်မှု မပေးနိုင် တာတွေကို ခံနိုင်ရည် မရှိကြဘူး။ အခုအချိန်ထိ ပတ်ဝန်းကျင်နဲ့ မိသားစုက ခွဲခြားဆက်ဆံတာတွေ ရှိနေ တုန်းပဲ။ အဲဒါတွေကိုလည်း ကောင်းကောင်း ပညာမပေးနိုင်သေးဘူး။

ကျမတို့ အိမ်တွေငှားတော့မယ် ဆိုရင် … ဒီဝေဒနာသည်တွေ ထားဖို့လို့ ပွင့်ပွင့်လင်းလင်း ပြောလို့ကို မရနိုင် သေးဘူး။ အဲဒီလို ပြောရင် ငှားလို့ကို မရတာ။ အဲဒီလောက်ထိ ဖြစ်နေသေးတာ။ ပြည်သူလူထုရဲ့ အသိက တော်တော်လေး နည်းနေသေးတယ်လို့ ပြောရမှာပဲ။

မေး။      ။ မဖြူဖြူသင်းအနေနဲ့ အခုလို ကမ္ဘာ့ AIDS တိုက်ဖျက်ရေး နေ့မှာ ထူးထူးခြားခြား ပြောချင်တာများရှိပါသလား။

ဖြေ။     ။ ဒီနေ့လို ကမ္ဘာ့ HIV AIDS တိုက်ဖျက်ရေးနေ့မှာ ပြောချင်တာက၊ ကျမတို့ မြန်မာနိုင်ငံက ဝေဒနာသည်တွေက အကုန်လုံး ဘက်စုံခံစားရတာပါ။ ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာလည်း နေနေရတယ်။ စားဝတ်နေရေးမှာလည်း ချို့တဲ့ကြတယ်။ ဒီတော့ နိုင်ငံတကာက လျစ်လျှူရှုမထားဘဲ ဝိုင်းဝန်းပြီး ကူညီဖြေရှင်းပေးပါ၊ ကျမတို့လို ပြည်တွင်းကလုပ်နေတဲ့ သူတွေ အနေနဲ့လည်း တတ်နိုင် သလောက် ကြိုးစားပြီး လုပ်ကိုင်သွားမယ်လို့ ပြောချင်ပါတယ်။     ။
Comments (13)Add Comment
0
I would like to say SADU,SADU & SADU ( Pyu Pyu Thin ) !
written by Zay Yar, February 13, 2010
Really appreciate that everyone are can’t do but she can do. We need these kinds of people in Myanmar (Burmese).
I would like to help. Where to donate please let me know?
She needs help!!!!!
0
Donation Drive
written by Htin Kyaw, December 28, 2009
ဧ၇ာဝတီမှဦးောင်ပြီး။ အလှုငွေ လက်ခံပေးတဲ့ အဖွဲ့လေးတ ခုလောက်ဖွဲ့ပြီး။ အလှုငွေ လက်ခံပေးနိုင်မယ်ဆို၇င် နိုင်ငံခြားမှာရှိနြေ ကတဲ့မြန်မာစေတနာ ရှင်များလဲ လှုနိုင်ကြမယ်။ တကယ်လုပ်နေတဲ့မဖြူဖြူသင်းတို့အတွက်လဲ ၇န်
ပုံငွေတက်လာမယ်ဆို၇င်။ ဝေဒနာရှင်များအတွက်။ အလွန်အားတက်စ ၇ာဖြစ်မှာပါ၊ တကယ်လုပ်နေတဲ့လူတွေကို
ကူ ညီချင်သူေ တွလဲအများကြီးရှိကြ မှာသေ ချာပါတယ်၊ အလှုငွေ ကိုလက်ခံပေးတဲ့အဖွဲ့ကနေ။ အလှုရှင်များ၇ဲ့နာမယ်နဲ့
ထည့်ဝင်ငွေကို တပါတည်းဖေါ်ပြပေးတဲ့ ကော်လဲေ လးတခုလော က်ဧ၇ာဝတီမှာထည့်သွင်းဖေါ်ပြပေးနိုင်၇င်။ အလှုရှင်
များ ပီတိများစွာဖြ စ်ကြမှာပါ၊ အချိန်ပိုင်းလေးတခုလောက်ြ ဖစ်ဖြစ်ပေါ့၊ ကျေးဇူးပြုပြီးစဥ်းစားပေးပါခင်ဗျား၊
0
I want to donate
written by THEIN TUN NAING, December 22, 2009
I also want to donate. How to contact? Pls
0
...
written by y htay, December 20, 2009
Where can I donate for her amazing work??
0
အာဇာနည်
written by ဒီဇင်ဘာလွမ်း, December 11, 2009
ဒါလဲ နောက်ထပ် အာဇာနည် တစ်ဦးပါပဲ .... ကိုယ်တိုင် မလုပ်နိုင်ရင်တောင် လုပ်နေတဲ့ သူတွေကို အားပေးရမယ် ချီးမြောက်ရမယ် .. ဂုဏ်ယူပါတယ် .. မဖြူ
0
အလှူငွေ ပါဝင်ချင်ပါသည်။
written by molly, December 10, 2009
ကူညီနိုင်ဖို့ အတွက် အလှူငွေ ပါဝင်ချင်ပါတယ်။ ဆက်သွယ် ရမယ့် လိပ်စာ ကို ကျေးဇူးပြုပြီး ဖော်ပြပေးစေ လိုပါတယ်။
0
...
written by Thitsa, December 08, 2009
I am willing to make donation to this organization , How can I contact to ?
Pls post for me if you know the contact .
Thanks in Advance
0
Thanks alot
written by REALITY, December 06, 2009
I am very proud of you sister.
Great Job!!!
0
...
written by NG, December 05, 2009
ဂုဏ်ယူပါတယ် အမရေ။ ရှေ့ဆက်လက်ပြီး ဒီ့ထက်မက ကြိုးစား နိုင်ပါစေ။
0
Modern Nightingle Pyu Pyu Thin !
written by Thura, December 04, 2009
We are very proud of your affectionate and sacrific services in helping the HIV/AIDS
sufferers in such a difficult desterous situations our bloddy coutry of Myanmar and would
like to name you as Modern Nightingle and please hold on your initiative help as far as you
are alive.In the meantime, please give us the source through which we can make
donation to your kind helping plan. Thura and associates, Western Europe.
0
...
written by Richard, December 03, 2009
Great Job. Thanks a lot to you and your team. Wish to get a success!
0
...
written by belu, December 02, 2009
smilies/smiley.gifi like ur kind n brave.
we also want to help those people.
god-bless-u!
0
Bravo
written by khin, December 02, 2009
keep going Ahma Phyu Phyu thin.
Bravo

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်