မေး။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အတ္ထုပ္ပတ္တိ အကြောင်းကို ရေးဖြစ်တဲ့ အကြောင်းလေး သိပါရစေ။
ဖြေ။ ။ US Campaign for Burma က Jeremy Woodrum နဲ့အတူ ရေးတာပါ။ ကမ္ဘာတ၀န်းက အခြားသော အာဏာရှင် တွေဖြစ်တဲ့ ကင်မ်ဂျုံအီးလ်၊ ဆာဒန် ဟူစိန်၊ မူဂါဘီ စတဲ့သူတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ တွေက ရှိပေမယ့် မြန်မာပြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကကျတော့ မရှိသေးတာနဲ့ ကျနော်တို့ နှစ်ယောက်က အဲ့ဒါကို ရေးဖို့ စိတ်ကူးရမိတာပါ။ အာဏာရှင်တွေရဲ့အကြောင်းကို ဖော်ပြတာဟာလည်း အဲ့ဒီသူတို့ အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ ဘယ် လိုတွေဖြစ်နေတယ် ဆိုတာကို ပြောပြတဲ့ နည်းလမ်းကောင်းတခုပဲလို့လည်း မြင်တယ်လေ။ အဲ့ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အကြောင်းကိုတော့ဖြင့် ကမ္ဘာကို သိစေချင်တယ်၊ နောက်ပြီးတော့ သူအုပ်ချုပ်နေတဲ့ မြန်မာပြည်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကိုလည်း သိစေချင်တယ်လေ။မေး။ ။ စာနယ်ဇင်း လွတ်လပ်ခွင့် မရှိတဲ့ အခြေအနေမှာ သူ့အကြောင်းကို ရေးတာဆိုတော့ အချက်အလက်တွေ ဘယ်လို ရယူ စုဆောင်းခဲ့ပါသလဲ။
ဖြေ။ ။ အခက်အခဲတွေတော့ တော်တော်များများတွေ့ရပါတယ်။ ပထမဆုံးကတော့ သူ့အကြောင်း တိကျတဲ့ အချက် အလက်တွေ စုစည်းတဲ့အခါမှာပေါ့။ သူနဲ့တိုက်ရိုက်ထိတွေ့ခွင့် မရနိုင်တဲ့အပြင် သူနဲ့ နီးစပ်တဲ့သူတွေနဲ့တောင် မေးမြန်း ထိတွေ့ဖို့ဆိုတာက ကျနော်တို့အဖို့ အတော်လေးကို ခဲယဉ်းပါတယ်။ နောက်တခုကတော့ ကျနော်ရော Jeremy ပါ မြန်မာလို မပြောတတ်တော့ မြန်မာလို ရေးထားတဲ့ ရှိနေတဲ့ အကြောင်းချက်လက်တွေကို လေ့လာဖို့မှာ အတော်အခက်ခဲ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဗိုလ်ချုပ်သန်းရွှေအကြောင်းကို သိတဲ့သူပေါ့၊ သူနဲ့ ဆက်ဆံမှုရှိခဲ့ဖူးတဲ့၊ စစ်တပ်ကနေ ထွက်လာတဲ့ လူတယောက်ဆီကနေ အချက်အလက်တချို့ ရခဲ့ပါတယ်။ နောက်ပြီးတော့ သူနဲ့ ထိတွေ့ ဆက်ဆံဖူးတဲ့ သံတမန်တွေဆီကနေလည်း အချက်တချို့ရခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ကြီးတော့ မထိတွေ့ရပေမယ့်၊ အခက်အခဲတွေရှိပေမယ့် ဒီလို သွယ်ဝိုက်တဲ့နည်းတွေနဲ့ လိုအပ်တဲ့ အချက်အလက်တွေ အတော် စုဆောင်းရခဲ့ပါတယ်။
မေး။ ။ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းရေးတော့ အဲ့ဒီ စာအုပ်ဟာ မြန်မာ့အရေးကို ဘယ်လိုများ အထောက် အကူပြုမလဲ။
ဖြေ။ ။ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ်။ ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ လက်ရှိမြန်မာကို အုပ်ချုပ်နေသူတွေရဲ့ သဘောသဘာဝကို မီးမောင်းထိုးဖော်ပြပြီး အခုဖြစ်နေတဲ့ အခြေအနေကို ပြောပြ တာပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ဘယ်လိုလူစားမျိုးဖြစ်တယ်၊ သူ့နဲ့အတူ စစ်ခေါင်းဆောင်တွေဟာ ဘယ်လိုပုံမျိုး တိုင်းပြည်ကို အုပ်ချုပ်တယ်ဆိုတာကို ပေါ်လွင်သွားပြီး ကမ္ဘာမှာ နိုင်ငံတကာမှာ သူ့အကြောင်းကို သိပြီး သတိချပ်စရာတွေ တွေ့လာမယ်။ ဒီလိုဆိုရင် ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအပေါ် တနည်းတဖုံ အထောက်အကူဖြစ်ပါလိမ့်မယ်။
မေး။ ။ သူ့အကြောင်းကို အခုလိုရေးတဲ့အခါ ခင်များတွေ့လိုက်ရတဲ့ သူဟာ ဘယ်လိုလူစားမျိုးလို့ ပြောနိုင်မလဲ။
ဖြေ။ ။ ကျနော့်အမြင်ကတော့ သူဟာ သူများတွေထင်တာထက် အတော်လေးကို ဉာဏ်ထက်တဲ့သူပါပဲ။ သူဟာ အခုလို နေရာ၊ အထက်ကိုရောက်လာခဲ့တာကိုကြည့်ရင် သူဟာ အရည်အချင်းရှိတဲ့သူတယောက်လို့လည်း ပြောလို့ရပါတယ်။ စစ်တပ်ထဲမှာ သူ့လူတွေကို စီမံခန့်ခွဲတာ၊ နေရာချထားတာ၊ အာဏာခွဲဝေပေးတာတွေ၊ နောက်ြပီးတော့ သူ့ပြိုင်ဘက်၊ သူ့ကို အတိုက်အခံလုပ်တဲ့သူတွေအပေါ် တုံ့ပြန်တာ ဆက်ဆံတာတွေကိုကြည့်ရင်လည်း သူဟာ အတော်ကို အတွေ့အကြုံ ရင့်ကျက်ပြီး နည်းဗျူဟာ၊ ပရိယာယ်ဆင်တာတွေမှာ ကျွမ်းကျင်တာကိုတွေ့ရတယ်။ နောက်ပြီးတော့ စိတ်ဓာတ်ရေးရာ အပိုင်း၊ စိတ်ဓာတ်စစ်ဆင်ရေးမှာလည်းပဲ သူဟာ သေချာလေ့ကျင့်ထားခြင်းခံရသူတယောက်ဖြစ်တယ်။
အဲဒီစိတ်ဓာတ်ပိုင်းကိုလည်း သူက သေချာအသုံးချတာကို တွေ့ရတယ်။ ရှင်းလင်းမြင်သာတာကတော့ သူဟာ တချို့သော နေရာတွေမှာ ငြီးငွေ့စိတ်ကုန်စရာကောင်းတဲ့ သူတယောက်ပေါ့ဗျာ။ ဒါပေမယ့် သူ့ရဲ့ အဲ့ဒီလိုပုံစံဟာ တဘက်မှာလည်း သူ ဟာ လျို့ဝှက်တဲ့ သူတယောက်ဖြစ်စေတယ်ဗျ။ သူဟာ အခုလို နေရာ မရောက်လာခင်အထိ သူ့မှာ ဘယ်လိုအရည်အချင်း တွေရှိတယ်၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာမျိုးကို မဖော်ပြဘဲထားတတ်တာက သူအခုလို အောင်မြင်တဲ့သူ တယောက် ဖြစ်လာစေတဲ့ လျို့ဝှက်ချက်လို့ ပြောရမယ်ပေါ့ဗျာ။ သူ့အထက်က လူကြီးတွေက သူ့ကို သတိထားမိတာမျိုး၊ အထက်ကလူတွေအပေါ် အန္တရာယ်ရှိမယ့်ပုံမျိုး မပေါက်တော့ သူဟာ နေရာတွေရလာပြီး အထက်ပိုင်းကို ရောက်လာ တာပေါ့ဗျာ။
သူနဲ့နီးစပ်တဲ့ သူတော်တော်များများရဲ့ ပြောပြချက်အရ ဟိုးအရင်တုန်းကတော့ သူဟာ တကယ့်ကိုသာမန်နေထိုင်မှု စရိုက်နဲ့ပဲ ရှိခဲ့တယ်။ အခုလိုမျိုး အာဏာတပ်မက်မှုကြောင့် စာရိတ္တခြစားတဲ့ သူမဟုတ်ဘူးပေါ့။ ကျနော့်အမြင်ကတော့ အခုအချိန်မှာတော့ သူဟာ ရထားတဲ့ အာဏာကို တည်မြဲဖို့၊ သူ့မိသားစု၊ သူ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ပဲ လုပ်နေတဲ့သူ တယောက်ပေါ့။ နောက်တခုကလည်း ရှေးက ထင်ရှားခဲ့တဲ့ ဘုရင်တွေလို ဖြစ်ချင်တာပေါ့။ ဒါကြောင့်လည်း နေပြည်တော် ဆိုပြီးလုပ်တယ်။ ထင်ရှားတဲ့ ဘုရင်သုံးပါးရဲ့ ရုပ်တုကြီးတွေလုပ်ထားတယ်။ သူ့ရဲ့အနေအထားကတော့ စိတ်ဝင်စားစရာ ရောထွေးနေတာပေါ့လေ။ တဘက်မှာ ငြီးငွေ့ စိတ်ကုန်စရာကောင်းသလို တဘက်မှာကျတော့လည်း ရှေးဘုရင်စနစ်တွေ၊ ဗေဒင်လက္ခဏာတွေရဲ့စိတ်ဓာတ်ရေးရာအရ လွှမ်းမိုးမှုတွေ ရှိနေတာပေါ့လေ။
မေး။ ။ ဒီစာအုပ်ရေးရင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း အချက်အလက်တွေစုဆောင်းရင်း တွေ့ကြုံရတဲ့ အမှတ်တရလေးတွေ ရှိရင် ပြောပြပေးပါလား။
ဖြေ။ ။ ရှိတယ်ဗျ။ ရယ်စရာလို့ပဲ ပြောရမလားတော့ မသိဘူးပေါ့။ ကျနော်တို့ သူ့အကြောင်း စုဆောင်းတုန်းမှာ သိရတာ တခုပေါ့ဗျာ။ ကျနော့်ကို တယောက်က ပြောပြတာပေါ့ဗျာ။ တနေ့ သူတို့ မိသားစု ဈေးဝယ်သွားတဲ့ အခါမှာ စတိုးဆိုင်တခု မှာ မီးစက်တခုကို သွားတွေ့တယ်ပေါ့။ အဲ့ဒီမီးစက်ကို သူက သဘောကျတော့ သူ့အိမ်ကို ပို့ခိုင်းတယ်ဆိုတာမျိုးပေါ့ဗျာ။ ကျနော့်အတွက်ကတော့ ဒီလုပ်ရပ်ဟာ အတော်လေးကို အဓိပ္ပာယ်မရှိဘူးပေါ့ဗျာ။ သူ့အနေနဲ့ ဒီမီးစက်ကို အလွယ်တကူ ၀ယ်လို့ရတယ် မဟုတ်လား။ သနားစရာ ဆိုင်ရှင်ကတော့ သူ့မီးစက်လေး ဆုံးရှုံးသွားရတာပေါ့ဗျာ။ အဲ့ဒီလိုမျိုး ဇာတ်လမ်း လေးတွေ အများကြီးဗျ။ နောက်တခုက သူမေမြို့မှာ ရှိနေတုန်းက သူစားချင်တဲ့ ကိတ်မုန့်ပေါ့ဗျာ။ အဲ့ဒါကို ညကြီး သူ့လူ တွေကို လိုက်ရှာခိုင်းတာမှာ မေမြို့မှာ သူ့လူတွေက ရှာမတွေ့ဘူးဗျ။ အဲ့ဒါနဲ့ မန္တလေးကိုဆင်းပြီး ဆိုင်ရှင်ကိုနှိုးပြီးတော့ အဲ့ဒီကိတ်ကို ချက်ခြင်းလုပ်ခိုင်း၊ ပြီးတော့ ညတွင်းချင်းကြီး မေမြို့ကို ပြန်သယ်သွားရတယ်ဆိုတာမျိုးလေးတွေပေါ့။ ဒါက ကျနော်တို့အတွက်က ရယ်စရာလေးဖြစ်နေတာပေါ့ဗျာ။
မေး။ ။ ဒီစာအုပ် ဘယ်တော့လောက် ထွက်မှာပါလဲ။
ဖြေ။ ။ အခုဆို ဒီစာအုပ်က ပုံနှိပ်နေတဲ့ အဆင့်ကို ရောက်သွားပါပြီ။ ဘယ်အချိန်လောက် ထုတ်မယ်ဆိုတာကတော့ ထုတ်ဝေသူပေါ်မူတည်တာပေါ့။ ၂၀၁၀ နှစ်ဦးပိုင်းလောက်တော့ ထွက်လာမယ်လို့ မျှော်လင့်ထားတယ်။ ကျနော်တို့ကတော့ ဒီစာအုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဖို့ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် သူဟာ ဘယ်လိုအခြေအနေ ဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ တခုခုပြောင်းလဲသွားရင် လူတွေစိတ်ဝင်စားမှု နည်းသွားမယ်ပေါ့။ မဟုတ်ဘူးလား။ ကျနော်ကတော့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်စေချင်ပြီ။ ။
Set as favorite
Bookmark
Email this
Hits: 9601
written by Saw Kawthoolie, November 28, 2009
Even if it is useless biography, but it is still good to know about how clever and tricky he is and what a frustrating sense of humanity he has in his mind. Also it is good for the new generation to know and remember how well he controlled and killed million of civilian in Myanmar.
written by CMS, November 28, 2009
[[[ ကျနော်တို့ကတော့ ဒီစာအုပ်ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ဖို့ပေါ့။ ၂၀၁၀ ရွေးကောက်ပွဲပြီးသွားရင် သူဟာ ဘယ်လိုအခြေအနေ ဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူးလေ။ တခုခု ပြောင်းလဲသွားရင် လူတွေစိတ်ဝင်စားမှု နည်းသွားမယ်ပေါ့။ မဟုတ်ဘူးလား။ ]]]
နိုင်ငံရေး လုပ်နေတာလား .... စီးပွားရေး လုပ်နေတာလား ..
နိုင်ငံရေး လုပ်နေတာလား .... စီးပွားရေး လုပ်နေတာလား ..
written by Ko MHT, November 27, 2009
ကွိုင်ကွိုင်နဲ့ ဘယ်လို ရေစက်ဆုံခဲ့တာလဲ ဆိုတာ သေသေချာချာ သိချင်ပါဘိဗျား၊ အဲဒီအကြောင်းလေးများ စာအုပ်ထဲပါလား မသိဘူး။ အဲဒါပါရင်တော့ စိတ်ဝင်စားဖို့ကောင်းမယ် 

written by Koyu, November 27, 2009
အရူးပုံပြင်များ ဖြစ်နေမလားပဲ။ မြန်မာပြည်က စစ်ခေါင်းဆောင် အာဏာရှင်ဆိုတဲ့သူက တခြား တိုင်းပြည်တွေက အာဏာရှင်တွေလောက် ဂုဏ် မရှိလောက်ပါဘူး။ ဘိုးတော်ကိုးကွယ်၊ နတ်ကတော် ပသ၊ ဗေဒင်အားကိုး၊ ယတြာဆိုးတွေနဲ့  အရူးချီးပန်း အုပ်ချုပ်နေပြီး၊ မွဲနေတဲ့ တိုင်းပြည်ကို စုတ်ပြတ်သတ်ပြီး နလံမထနိုင်အောင် ဖျက်ဆီးပစ်တဲ့ သောက်သုံးမကျတဲ့သူ ငါ့ဘို့ ပဲသိတတ်သူ)။ သူ့ ဘ၀ သူ့ အကြောင်းကတော့ (ခေတ်ကောင်းတဲ့အခါ) နောက်လူတွေအတွက် ယုံတမ်းပုံပြင်များ ဖြစ်လာမလား တွေးမိတယ်။ သူလိုလူမျိုး နောက်ထပ် မြန်မာပြည်က စစ်တပ်မှာ ထပ်ပေါ်မလာစေဖို့  မြန်မာပြည် ဒီမိုကရေစီ အမြန်ဆုံး ရစေ ရောက်စေချင်ပါတယ်။
written by Ko Sant Tint, November 27, 2009
One of the things I know about Than Shwe is that he is very jealous and envious fellow. One of the former military intelligence fellow told me this long time ago. So, if you guys do not know about him this is what can I give to you. According to this intelligence fellow nobody can beat his envy and jealousy. Take it for grant it.
written by James, November 27, 2009
I agreed with what " ရော်ဆမ်း " said, if Irrawaddy can translate to Myanmar & appear in www.irrawady.org/bur, this is might be great.
written by Burmese, November 27, 2009
သူ့ အကြောင်းရေးထားတဲ့ စာအုပ်ကြီးဗျာ။ သနလိုက်တာ၊ စာအုပ်အဖုံးမှာ သူ့မျက်နှာကြီး ပါလာအုံးမယ်။ သူ့ စာအုပ်အစား Hitler အကြောင်း ရေးထားတဲ့ စာအုပ်ကမှ အပုံကြီး တန်ဖိုး ရှိအုံးမယ်။
written by mg mg, November 26, 2009
ပြောရမှာ အားတော့နာတယ်။ စာအုပ်ထွက်လာရင်တော့မသိဘူး၊ အခုသူပြောပုံအရကတော့ အများသူငှာ ရေးသားနေတာတွေနဲ့ ဘာမှလဲထူးခြားပြည့်စုံတာတွေ ပါမယ်လို့ ထင်စရာမရှိဘူး။ ဟိုလူ ဒီလူပြောတာလေးတွေကို ကြားဖူးနားဝပြန်ပြောမဲ့ ပုံကြီးပါလား။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပိုမိုနားလည်လာပြီးအာရုံစိုက်လာ အောင်ကြိုးစားတာလား၊ နိုင်ငံတကာက အာရုံစိုက်နေလို့ပဲ ပေါ်ပင်တွယ်လိုက်တာလား ဆိုတာ စာအုပ်ထွက်လာရင်တော့ သိသာမယ်ထင်ပါတယ်၊
written by ရော်ဆမ်း, November 25, 2009
ဧရာဝတီ ခင်ဗျား...
မြန်မာ ပြည်သူတွေ သိသင့်တဲ့ စာအုပ် ဖြစ်တယ်လို့ ယူဆရင် တပ်ချုပ်ကြီး အကြောင်း စာအုပ်ကို မြန်မာလို ဘာသာပြန်ပြီး ဆောင်းပါးရှည် သဘောမျိုး ဧရာဝတီမှာ ပုံမှန် ဖေါ်ပြပေးစေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (၁) အင်္ဂလိပ်စာ အားနည်းတဲ့ မြန်မာတွေ အတွက် (၂) အင်္ဂလိပ်စာ ဖတ်နိုင်ရင်တောင် စာအုပ် ၀ယ်ဖို့ လက်လှမ်း မမှီတာ၊ ဈေးကြီးလို့ မ၀ယ်နိုင်တဲ့ ဧရာဝတီ ပရိတ်သတ်တွေ အများကြီး ရှိနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘာသာပြန် တစ်အုပ်လုံးကို အခမဲ့ ဒေါင်းလုပ် လုပ်နိုင်ရင် ပိုတောင် ကောင်းပါသေးတယ်။ ပြည်တွင်းမှာပါ လက်ဆင့်ကမ်းလို့ ရသွားတာပေါ့။ အကြံ ပေးကြည့်တာပါ။ တစ်ဖက်ကလည်း စာနယ်ဇင်း ကျင့်ဝတ်တွေ ရှိနေဦးမယ် ထင်ပါတယ်။ ဧရာဝတီကို ကြိုပြီး ကျေးဇူးတင် ထားလိုက်တော့မယ်။
မြန်မာ ပြည်သူတွေ သိသင့်တဲ့ စာအုပ် ဖြစ်တယ်လို့ ယူဆရင် တပ်ချုပ်ကြီး အကြောင်း စာအုပ်ကို မြန်မာလို ဘာသာပြန်ပြီး ဆောင်းပါးရှည် သဘောမျိုး ဧရာဝတီမှာ ပုံမှန် ဖေါ်ပြပေးစေလိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ (၁) အင်္ဂလိပ်စာ အားနည်းတဲ့ မြန်မာတွေ အတွက် (၂) အင်္ဂလိပ်စာ ဖတ်နိုင်ရင်တောင် စာအုပ် ၀ယ်ဖို့ လက်လှမ်း မမှီတာ၊ ဈေးကြီးလို့ မ၀ယ်နိုင်တဲ့ ဧရာဝတီ ပရိတ်သတ်တွေ အများကြီး ရှိနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဘာသာပြန် တစ်အုပ်လုံးကို အခမဲ့ ဒေါင်းလုပ် လုပ်နိုင်ရင် ပိုတောင် ကောင်းပါသေးတယ်။ ပြည်တွင်းမှာပါ လက်ဆင့်ကမ်းလို့ ရသွားတာပေါ့။ အကြံ ပေးကြည့်တာပါ။ တစ်ဖက်ကလည်း စာနယ်ဇင်း ကျင့်ဝတ်တွေ ရှိနေဦးမယ် ထင်ပါတယ်။ ဧရာဝတီကို ကြိုပြီး ကျေးဇူးတင် ထားလိုက်တော့မယ်။
written by Jalaihtaw, November 25, 2009
သန်းရွှေဘယ်ဆိုး လို့လဲဟ။ အကောင်းဘက်က မကျော်ကြားပေမဲ့ အဆိုးဘက်က ကျော်ကြားအောင် လုပ်နိုင်တဲ့လူကို အသိမှတ်ပြုသည့် အနေဖြင့် သန်းရွှေရဲ့ အတ္ထုပ္ပတိအကြောင်းကို စာအုပ်ထုတ်မတဲ့လေ။ ချီးကြူးပါတယ် ဘဘ သန်းရွှေရေ။ သန်းရွှေအကြောင်း ကမ္ဘာက ပိုသိလာတော့မယ်။ ဒါလဲ မြန်မာကို ကမ္ဘာကသိအောင် လုပ်တဲ့ နည်းတစ်ခုပေါ့။ Benedict Rogers ရေ ထုတ်ဝေသူကို အချိန်မှီ စာအုပ်ဖြန့်နိုင်ဖို့ မြန်မြန် တိုက်တွန်းပါတော့။
Write comment















