ကျမတို့က အမျိုးသား ခေါင်းဆောင် တွေကိုလည်း လေးစား ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည်ကိုတော့ လေးစားမှုအပြင် အားကျကြတာကို တွေ့ရတယ်။ကျမ ပါဝင်လှုပ်ရှားနေတဲ့ NLD က တရားဝင် နိုင်ငံရေး အဖွဲ့ပဲ။ ဒါပေမယ့် ရုံးတွေ ပိတ်ထားရတယ်။ ဟိုတုန်းက ရုံးတွေ မပိတ်ရ သေးခင်ကလည်း အာဏာပိုင်တွေက တချိန်လုံး စောင့်ကြည့်နေတယ် ဆိုတော့ ကျမတို့က မြေအောက် လှုပ်ရှားမှုထဲမှာ ပါဝင် နေရသလိုပဲ ပုန်းလျှိုး ကွယ်လျှိုး လုပ်နေရတယ်။
တချို့လည်း တက်ကြွပေမယ့် ငြိမ်နေရတယ်။ ဥပမာ ကျမတို့ ကရင်ပြည်နယ်မှာ ထိုင်းနိုင်ငံဘက်ကို သွားပြီး အလုပ်လုပ်တဲ့သူတွေ အများကြီး ရှိတယ်။ ကိုယ့်မိသားစုထဲက တယောက် ယောက်က ထိုင်းနိုင်ငံမှာ သွားပြီး အလုပ် လုပ်နေတယ် ဆိုတာ ဒီဒေသမှာ အဆန်းမဟုတ်တော့ဘူး။ ဒါဟာ ဥပဒေနဲ့ မကင်းဘူး၊ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ဖြစ်တယ်၊ ဖမ်းလို့ရတယ် ဆိုပြီး ခြိမ်းခြောက်တယ်။ တခြားနည်းနဲ့ ခြောက်လှန့် ထားတာတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်နေရတယ်။ တခြား ဒေသတွေမှာဆိုရင်လည်း အကြောင်းအမျိုးမျိုးကြောင့် ဥပမာ စားဝတ်နေရေးကြောင့် ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ကင်းကွာနေသူတွေ ရှိတယ်။
ကျမကို လာပြီး စည်းရုံးတာ ရှိပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုကနေ ကင်းကင်းနေဖို့၊ စီးပွားရေးကိုပဲ လုပ်ဖို့ စည်းရုံးတယ်။ ကျမက စားဝတ်နေရေး အခက်အခဲ မရှိတော့ ဖိအားတွေကို တင်းခံနိုင်တယ်။ ဒါပေမယ့် လူတိုင်းက ကိုယ်နဲ့ အခြေအနေ မတူဘူး။ သားသမီးတွေ များမယ်၊ စားဝတ်နေရေး ခက်ခဲမယ်ဆိုရင် သူတို့က တက်ကြွပေမယ့်လည်း စိတ်လျှော့လိုက်ရတာတွေ ရှိတယ်။
ဘယ်သူကမှ ကိုယ့်သားသမီးကို၊ ကိုယ့်မိသားစုကို၊ ကိုယ့်မိဘကို အငတ်မထားချင်ဘူး။ ဒီလို မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် လှုပ်ရှားမှုနဲ့ ကင်းကွာသွားကြတယ်။ နင်တို့က မလုပ်နိုင်ဘူးလားဆိုပြီး ဒီလို သွားပြောလို့လည်း မသင့်တော်ဘူး။ ဒီမိုကရေစီရေး လှုပ်ရှားမှုက ၂၁ နှစ်ကျော်လာပြီ ဆိုတော့ စားဝတ်နေရေး ပူပင်စရာမလိုတဲ့သူ၊ တင်းခံနိုင်တဲ့သူ တွေပဲ ဆက်ပြီး လှုပ်ရှားနေတာ တွေ့ရတယ်။
၂၁ နှစ်အတွင်း လှုပ်ရှားမှုမှာ ငွေကြေး၊ အခွင့်အရေး စသဖြင့် ဘာအကျိုးအမြတ်မှ မရှိဘဲ လုပ်ခဲ့ကြ လုပ်နေကြတဲ့သူတွေ အင်မတန် လေးစားဖို့ ကောင်းပါတယ်။ ဒီလို လှုပ်ရှားတဲ့နေရာမှာ ဆေးကုသခွင့် လိုင်စင်၊ ရှေ့နေလိုက်ခွင့် လိုင်စင် အသိမ်းခံရတဲ့ သူတွေ ရှိတယ်။ လုပ်ငန်းတွေ သိမ်းတယ်။ ဥပမာဆိုရင် မန္တလေးတိုင်းက ဒေါ်ဝင်းမြမြ ဆိုရင် လုပ်ငန်းတွေ အများကြီး အသိမ်းခံရ တယ်။ သိမ်းရုံတင် မဟုတ်ဘူး၊ ထောင်ထဲပါ ထည့်ပစ်တယ်။ ထောင်ထဲရောက်နေတဲ့သူတွေကိုလည်း ကျမတို့ မေ့ထားလို့ မရဘူး။ သူတို့လည်း ဒီ၂၁ နှစ်တာ လှုပ်ရှားမှုအတွင်းမှာ နည်းမျိုးစုံနဲ့ အဆက်မပြတ် ဟန့်တားတာကို ရင်ဆိုင်ပြီး အနစ်နာခံ လုပ်နေသူ တွေပါပဲ။
၂၁ နှစ်ကျော်တောင် လုပ်ခဲ့ပြီးပြီ မအောင်မြင်သေးဘူး။ ဒါကိုတောင် စိတ်ဓာတ်မကျသေးဘူးလား၊ ဆက်လုပ်ဦးမှာလား ဆိုပြီး မေးလာရင်တော့ မကျဘူးလို့ ဖြေရမယ်။ ကျမတို့ ၂၁ နှစ် ရုန်းကန်ခဲ့ရတာ အလဟဿ မဟုတ်ဘူး။ ၂၁ နှစ် ကုန်ခဲ့တာဟာ ဒီမိုကရေစီရဖို့ ၂၁ နှစ် နီးလာတာပေါ့။
သေချာ စဉ်းစားကြည့်ရင် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါမှ မဟုတ်ပါဘူး၊ ကင်းကွာနေရင်လည်း ကျမတို့ဟာ လုံခြုံစိတ်ချပြီလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ မြို့ထဲမှာ၊ ရပ်ကွက်ထဲမှာ၊ ရုပ်ရှင်ရုံတွေမှာ ဖမ်းတယ် ဆိုတာတွေသတင်းတွေမှာ ကြားမှာပေါ့ ။ အဖမ်းခံရသူတွေဟာ ဘာပြစ်မှုမှကျူးလွန်တဲ့သူတွေမဟုတ်ဘူး။ လူကောင်းတွေ။ ကရင်ပြည်နယ်မှာ ပေါ်တာဆွဲတာကအရင်တုန်း ကတော့ အမျိုးသားတွေကိုပဲ ဆွဲတယ်။ အမျိုးသားတွေကိုမတွေ့ရင် အမျိုးသမီးတွေကိုလည်း ဆွဲတယ်။ အခုနောက်ပိုင်း အမျိုးသမီး တွေကို ပေါ်တာဆွဲတာကို အာဏာပိုင်တွေ ပိုပြီးစိတ်ဝင်စားလာပုံရတယ်။ အမြဲတွေ့နေရတာကတော့ လုပ်အားပေးခိုင်းတာပဲ။
ဒီ ၂၁ နှစ်အတွင်း အားရစရာ၊ အကောင်းမြင်စရာ ဘာရှိသလဲ ဆိုရင် တခုပဲ ရှိတယ်၊ အဲဒါကတော့ လူတွေဟာ ဒီဒုက္ခတွေကို ခါးစည်းခံနိုင်တယ် ဆိုတာပဲ။ ဘယ်လောက်ပဲ သေသေ၊ ဘယ်လောက်ပဲ ပေါ်တာတွေ ခေါ်ခေါ်၊ လုပ်အားပေး ဘယ်တော့ပဲ ခေါ်ခေါ် သွားရတာပဲ။ အလုပ်ပျက် အကိုင်ပျက် သွားရတာပဲ။ အာဏာပိုင်တွေ ရာဘာစိုက်တယ်၊ စပါးစိုက်တယ် ဆိုရင်လည်း ရွာကလူတွေ သွားစိုက်ပေးရတယ်၊ သူတို့စီမံကိန်းတွေမှာ အစစ အရာရာ သွားလုပ်ပေးရတယ်။ ရွာကလူတွေဟာ မြို့ကလူတွေထက် ပိုပြီး အနိုင်ကျင့်ခံရတယ်။ သိပ်သနားစရာကောင်းတယ်။
မြန်မာပြည်မှာ အကျဉ်းထောင်ထဲက ဖြစ်ရပ်တွေကနေ တိုင်းရင်းသား အရေးအထိ အနာဂတ်ကာလမှာ အချိန်အများကြီး ယူပြီး ဖြေရှင်းရမှာပါ။ တချိန်ချိန် အခြေအနေ ပေးလာတဲ့အခါ အရေးတကြီး ပြုပြင်ရမယ့်အထဲမှာ ပညာရေးကဏ္ဍဟာ ထိပ်ဆုံးမှာ ရှိပါလိမ့်မယ်။ လောလောဆယ်တော့ ပြုပြင်ဖို့ နေနေသာသာ ဒီမိုကရေစီက ဘယ်နားနေမှန်း မသိသေးဘူး။
၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးကောက်ခံရတဲ့ လူထုကိုယ်စားလှယ် ၄၀၀ ကျော်မှာ အမျိုးသမီးအရေအတွက်က ၁၅ ယောက်ပဲ ပါတယ် ဆိုပေမယ့် နည်းတယ်ဆိုပြီး ပြောလို့မရဘူး။ အဲဒီကာလတုန်းက ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို သိတာ မဟုတ်ဘူး။ ကျမက အဲဒီတုန်းက အသက် ၃၀ ကျော်ပဲ ရှိသေးတယ် ဆိုပေမယ့် မိသားစုကလည်း နိုင်ငံရေး အသိုင်းအဝိုင်းက ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ဆိုတဲ့ စကားလုံးကို ကြားဖူးနားဝ ရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ဆိုတာကို လူတိုင်းက သိတာ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အနှစ် ၃၀ နီးပါး တပါတီ စနစ်နဲ့ ကြီးပြင်းလာရတာလေ။
ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်မယ်၊ ဒီမိုကရေစီအလင်းရောင် တွေ့နေရပြီလို့ ပြောတာတွေတော့ ကြားရမှာပေါ့။ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အတွက်ရော၊ နိုင်ငံသားတွေအတွက်ပါ ကောင်းကျိုး ပေးမယ်လို့ မစားရ ၀ခမန်း ပြောတာတွေ ကြားရမှာပေါ့။ အခြေခံ ဥပဒေလည်း ပေါ်လာပြီလို့ ပြောကြတယ်။ တကယ်တော့ ရှေ့မှာ ဘာမှ မရှိဘူး။ အမှောင်ကြီးပဲ။ ဒါပေမယ့် ဘယ်လောက်ပဲ မှောင်နေပါစေ ကျမတို့က ယုံကြည်ချက် ပြင်းထန်လို့ လုပ်နေကြတာပဲ။
ကျမတယောက်တည်းရဲ့ သဘော ပြောရရင် လာမယ့် ရွေးကောက်ပွဲမှာ NLD ကို မဝင်စေချင်ဘူး။ အာဏာပိုင်တွေ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေက တဖက်သတ် ဆန်လွန်းတယ်။ ဒီအခြေခံဥပဒေကို ပြန်သုံးသပ်၊ ပြင်ဆင်ပြီးမှပဲ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးကို စဉ်းစားသင့်ပါတယ်။
၂၀၁၀ မှာတော့ ရွေးကောက်ပွဲကို စိတ်ဝင်စားတဲ့ အမျိုးသမီးအရေအတွက် ပိုများလိမ့်မယ်၊ အမျိုးသမီးတွေရဲ့ နိုင်ငံရေးအသိ ပိုပြီး နိုးကြားလာမယ်၊ တက်ကြွလာမယ်။ ဒါပေမယ့် အမျိုးသမီးတွေအတွက် အခွင့်အရေးကတော့ ၁၉၉၀ ရွေးကောက်ပွဲထက် ပိုပြီး နည်းလိမ့်မယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ၂၀၀၈ ခုနှစ်မှာအာဏာပိုင်တို့ ပြဌာန်းလိုက်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေက ၀င်မပြိုင်ဘဲနဲ့ လွှတ်တော်မှာ ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိပါလိမ့်မယ်။ ဒီလိုရသွား အောင် စီစဉ်ထား၊ ပြဌာန်းထားတာပါ။ ဒါကြောင့် ကျန်တဲ့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းအတွက်ပဲ အမျိုးသမီးတွေ က ပါဝင် အရွေးချယ်ခံနိုင်တယ် ဆိုတော့ အခွင့်အလမ်း အများကြီး နည်းသွားပြီ။
အမျိုးသမီးတွေအတွက် ထိခိုက် နစ်နာစေတဲ့ အချက်တခုကလည်း ဒီ အခြေခံ ဥပဒေမှာ သတ်မှတ်ထားသေးတယ်။ အဲဒါက နိုင်ငံတော်သမ္မတ ဆိုတဲ့ အခန်းမှာပါ။ နိုင်ငံတော် သမ္မတဟာ အမျိုးသမီးမဖြစ်ရဘူးလို့ မပြဌာန်းထားပါဘူး။ အဲဒီလို မပြဌာန်း ထားပေမယ့် သမ္မတဟာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဆိုထားတယ်။ ဒီတော့ ရှင်းနေတာပဲ၊ အခြေခံဥပဒေအရ အမျိုးသမီးတွေ ဟာ သမ္မတ မဖြစ်နိုင်တော့ဘူး။
၁၉၉၀ အခြေအနေနဲ့ ၂၀၁၀ အခြေအနေနဲ့က ဘာမှ မဆိုင်ဘူး။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲက လွတ်လပ်တယ်၊ တရားမျှတ တယ်လို့ ဆိုနိုင်တယ်။ လူထုကလည်း လိုလိုလားလား မဲပေးကြတယ်။ ခြိမ်းခြောက်ပြီး မဲထည့်ခိုင်းတာမျိုး မရှိခဲ့ဘူး။
အခုက အခြေအနေက ဘာမှ လွတ်လပ်မှု မရှိဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်မယ်လို့လည်း ဘယ်သူကမှ အာမ မခံဘူး။ ၀င်ပြိုင်မယ့်သူကလည်း ယုံကြည်မှု အပြည့်အ၀ ရှိမှာ မဟုတ်ဘူး။
ကျမတို့ရဲ့ အဆုံးအစွန်သော ရည်ရွယ်ချက်ကလည်း ဒီမိုကရေစီ ရရှိဖို့ပဲ။ ကျမတို့ရဲ့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ တခု ပေါ်ပေါက်ရေး မဟုတ်ဘူး။ ရွေးကောက်ပွဲဆိုတာ ဒီလမ်းမှာ ရှိတဲ့ လှေခါးထစ်တခုပဲ ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လောလော ဆယ် စီစဉ်နေတယ် ဆိုတဲ့ ဒီရွေးကောက်ပွဲက ဒီမိုကရေစီစနစ်ဆီ သွားဖို့ အထောက်အကူပြုသလား၊ မပြုသလား ဆိုတာကတော့ အများကြီး မေးစရာ ရှိတယ်။
နန်းခင်ထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ရွေးကောက်ခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။
Set as favorite
Bookmark
Email this
Hits: 3960
written by linn, February 07, 2010
i still remember a naw htwe when 2001.you are my tution teacher.you taught my english speaking before i didn't pass high school your husband (u thant zin)taught me math& chemisty .your are very brave woman.all of my family ,they are miss you.plz take care your health,your husband too.i wish your will get democray.
written by Kyaw M. Naing, February 07, 2010
She is one of our hero. I salute you and grateful to your efforts for the country.
written by ayehtunaung, February 06, 2010
sa ya ma Nan khin Htwe myint....I still remember that when i was young ,you taught English us..i was one of them at that time..You explained us you involved in students uprising 1974...You stay in Hpaan and i live near with your house too..Oh...it become long time ago..but you opened our eyes and our mind because we are living under the control of ma sa la patry at that time..You were my teacher at that time..but i not forgot you...Sa ya Ma kyan mar bar say...A thet yar kyaw shay par say...your pupil..Aye htun..
written by Tuu Mar, February 06, 2010
(မ) နန်းခင်ထွေးမြင့်၊
အရမ်း လေးစားသွားပါတယ်။ ပြောဆိုချက် မှန်ကန်မှုတွေဟာ အတွေးအခေါ် မြင့်မားမှုကြောင့်၊ အတွေးအခေါ် မြင့်မားသူဟာ လူ့ဘောင် လောကအတွက် အလွန် တန်ဘိုးရှိတဲ့ သူတဦးပါ။
ဒီလိုလူမျိုးရဲ့ လုပ်ရပ်တွေက အများ အကျိုးကိုပဲ ရှေ့တန်းတင်မယ် ဆိုတာ စောင့်ကြည့်စရာ မလိုပါ။
အရမ်း လေးစားသွား ပါတယ်။
အရမ်း လေးစားသွားပါတယ်။ ပြောဆိုချက် မှန်ကန်မှုတွေဟာ အတွေးအခေါ် မြင့်မားမှုကြောင့်၊ အတွေးအခေါ် မြင့်မားသူဟာ လူ့ဘောင် လောကအတွက် အလွန် တန်ဘိုးရှိတဲ့ သူတဦးပါ။
ဒီလိုလူမျိုးရဲ့ လုပ်ရပ်တွေက အများ အကျိုးကိုပဲ ရှေ့တန်းတင်မယ် ဆိုတာ စောင့်ကြည့်စရာ မလိုပါ။
အရမ်း လေးစားသွား ပါတယ်။
written by Ougkar, February 05, 2010
မြန်မာ အမျိုးသမီးများ ရဲရင့်ကြပါ၊ ဆုံးရှုံးနေတဲ့ မိမိတို့ အခွင့် အရေးတွေကို ပြန် တိုက်ယူကြပါ၊ မျိုးဆက်သစ် အဆက်က် ခံခဲ့ပေါင်းများပြီး၊ ကျန်နေတဲ့ အမွေဆိုးတွေကို သုတ်သင် ရှင်းလင်း ပေးကြပါ၊ အမျိုးသမီး အားကို ယုံတယ်၊ အမြဲ ဂုဏ်ယူနေတယ်၊ အဓိပ္ပါယ် ရှိတဲ့ ခြေလှမ်းတွေ ယနေ့မြန်မာ အမျိုးသမီးပေါင်း များစွာ လှမ်းနေကြပြီ
Write comment















