ခွေးကိုက်လည်း ဖက် xxx ကြောင်ကုတ်လည်း ဖက်
အိမ်မြောင် ကြွက် ကျီးကန်း အော်လည်း ဖက် xxx
ဦးရုက္ခစိုး၏ နတ်ကွန်းအနီးသို့ လူတယောက် သီချင်း တကြော်ကြော်ဖြင့် ရောက်လာသည်။ သီချင်းရေးဆရာ အရိုး၏ လက်ရာ “ကြားနေကျ အသံများ” သီချင်းကို အနည်းငယ် မွမ်းမံပြီး သီဆိုနေခြင်း ဖြစ်သည်။ သီချင်းရေး ဆရာအား ဉာဏ်ပူဇော်ခ ပေးရမည်ကို စိုးရိမ်သောကြောင့် အနည်းငယ် ပြင်ဆင်လိုက်ခြင်း ဖြစ်နိုင်သည်ဟု ဦးရုက္ခစိုး တွေးလိုက်မိသည်။ သီချင်းအော်ဆိုနေသူကို ကြည့်လိုက်ရာ ချိုကုပ်ဒူးကြီး ဖြစ်နေလေသည်။ချိုကုပ်ဒူးကြီး။ ။ ပွဲစားလည်း ဖက် xxx ငရဲသားလည်း ဖက် xxx ရည်းစားစကား လိုက်ပြီးပြောလည်း ဖက် xxx ဖက် … ဖက် … ဖက် … ဦးရုက္ခစိုးရေ … ဆ၀ါဒီခပ် ခင်ဗျာ။ ကျန်းခံ့သာလို့ မာပါစ။
ရုက္ခစိုး။ ။ မာပါတယ်ဗျာ … မာပါတယ်။ ချိုကုပ်ဒူးကြီးက ထိုင်းစကားတွေပြော၊ သီချင်းတွေ တကြော်ကြော်နဲ့ မြူးနေပါလား။
ချိုကုပ်ဒူးကြီး။ ။ ကျုပ်မြေးတွေက ဒီသီချင်း သိပ်ကောင်းတယ်ပြောလို့ နားထောင်ရင်းနဲ့ ကြိုက်သွားတာ။ ဟဲဟဲ … အခု ကျုပ် မြူးနေတာက အကြောင်းရှိတယ်လေ ဦးရုက္ခစိုးရဲ့။
ရုက္ခစိုး။ ။ အကြောင်းရှိရင်လည်း လင်းစမ်းပါဦး။
ချိုကုပ်ဒူးကြီး။ ။ ပြောချင်လွန်းလို့ လာခဲ့တာပေါ့။ ဒီလို … ဒီလို … ။ ကျုပ် အခုပဲ ဥပဒေတခု ဆွဲပြီးသွားတယ်။
ရုက္ခစိုး။ ။ ဘာလဲ …၊ ရွေးကောက်ပွဲဥပဒေလား။
ချိုကုပ်ဒူးကြီး။ ။ ထပ်သရီး … ၊ အဲဒါက ဆွဲပြီးတာ ကြာလှပေါ့။ နှစ်ချို့နေပြီ။ မထုတ်ချင်လို့ ကြည့်နေတာ ကြာပြီ။ အခု ကျုပ် ပြောနေတာက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဗျ။
ရုက္ခစိုး။ ။ ဖက်တာတွေအတွက် ဥပဒေ ထုတ်မနေပါနဲ့၊ ဖမ်းချင်ရင် ထုံးစံအတိုင်း ဖမ်းလိုက်ပေါ့။
ချိုကုပ်ဒူးကြီး။ ။ ခင်ဗျားကြီး နားမလည်သေးပါဘူး။
ရုက္ခစိုး။ ။ အင်း … ဟုတ်ပါပြီ။ ကျုပ် နားမလည်ဘူးလို့ပဲ ထားလိုက်ပါတော့။ ခင်ဗျားရဲ့ သီချင်းထဲက အဘိုးကြီးလည်း ဖက်၊ အဘွားကြီးလည်း ဖက်၊ မွေးကင်းစ အာဗြဲလေးလည်း ဖက် ဆိုတာက ဘာကိုပြောတာလဲ။ ပွေ့ဖက်တာလား၊ အကြမ်းဖက်တာလား။
ချိုကုပ်ဒူးကြီး။ ။ အကြမ်းဖက်တာပေါ့ဗျ။ ဘယ်သူမဆို အကြမ်းဖက်မှု ကျူးလွန်နိုင်တာပဲ။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ ဒီတော့ ကလေးက အစ လူကြီးအဆုံး အကြမ်းဖက်မှု ကျူးလွန်ရင် အရေးယူရမှာပဲ။
သူ၏ နတ်ကွန်းသို့ ချိုကုပ်ဒူးကြီး ရောက်ကတည်းက “အကြမ်းဖက်” ဟူသောစကားလုံးကို တွင်တွင်ကြီး သုံးနေမှန်း ရုက္ခစိုးကြီး သတိထားမိသည်။ အဘယ့်ကြောင့် ဒီဝေါဟာရကို ခံတွင်းတွေ့နေပါလိမ့်ဟု ရုက္ခစိုးကြီး စဉ်းစားနေမိသည်။
ရုက္ခစိုး။ ။ အဘိုးကြီး အဘွားကြီးတွေ အကြမ်းဖက်မှု ကျူးလွန်တယ် ဆိုတာက ထားလိုက်ပါဦး၊ မွေးကင်းစ အာဗြဲလေးလည်း အကြမ်းဖက်တယ် ဆိုတာတော့ တဆိတ် လွန်လွန်းနေပြီနော်။
ချိုကုပ်ဒူးကြီး။ ။ ဒါကတော့ ကျူပင်ခုတ် ကျူငုတ်မကျန်စေရ ဆိုတဲ့ စကားလည်း ရှိသားပဲ ဦးရုက္ခစိုးရဲ့။ အကြမ်းဖက်မှုနဲ့ ပတ်သက်သူမှန်သမျှ ဖမ်းရမှာပဲ။
ရုက္ခစိုး။ ။ ဟ … မွေးကင်းစ ကလေးကိုတောင် ဖမ်းမယ်ဆိုတော့ ခင်ဗျားရဲ့ ဥပဒေက ပြင်းထန်လှချည်လား။
ချိုကုပ်ဒူးကြီး။ ။ ဟဲဟဲ … နိုင်ငံတော်အတွက်ပေါ့ဗျာ။
ရုက္ခစိုး။ ။ ဟုတ်ပါပြီ၊ ခင်ဗျား ဆိုလိုတဲ့ နိုင်ငံတော် ဆိုတာ ဘာမှန်း ကျုပ်သိပါတယ်။
ချိုကုပ်ဒူးကြီး။ ။ သိရင်လည်း ပြောစရာ ရှိတာ ဆက်ပြောရဦးမယ်။ ကျုပ်တို့ လုပ်နေတာတွေဟာ လိုအပ်ချက်အရ လုပ်နေတာဗျ။ သိတယ်မဟုတ်လား … change လုပ်ပစ်ရမယ်။ သမ္မတ အိုဘားမားတောင်မှ အပြောင်းအလဲ လုပ်ရမယ်လို့ ကြွေးကြော်ထားတယ် မဟုတ်လား။
ရုက္ခစိုး။ ။ အပြောင်းအလဲ လုပ်ချင်ရင် ဘန်ကောက်သွားဗျာ။ အဲဒီမှာ ဈေး သက်သာတယ် ဆိုပဲ။
ရုက္ခစိုးကြီး၏ စကားကြောင့် ချိုကုပ်ဒူးကြီး တွေဝေသွားသည်။ ခဏအကြာတွင် သဘောပေါက်သွားပြီး တချက် ပြုံးလိုက်သည်။
ချိုကုပ်ဒူးကြီး။ ။ ကျုပ်က ခန္ဓာကိုယ်အစိတ်အပိုင်း ပြောင်းလဲဖို့ ပြောတာမဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ မူဝါဒ အပြောင်းအလဲကို ပြောတာပါ။
ရုက္ခစိုး။ ။ အိုးမိုင်ဂေါ့ … ခင်ဗျားတို့က ဘာမူဝါဒတွေကို ဘယ်လိုပြောင်းမှာလဲ။ ပြောလိုက်ရင်တော့ ကြီးကြီးကျယ်ကျယ်တွေချည်းပဲ။
ချိုကုပ်ဒူးကြီး။ ။ ဟိုတုန်းက ဆိုရင် ကျုပ်တို့နဲ့ သဘောထားချင်း မတူတဲ့သူတွေကို ကွန်မြူနစ် တံဆိပ် ကပ်ပေးလိုက်တာပဲ။ အနောက်နိုင်ငံတွေ သဘောကျတဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး ဆိုင်းဘုတ်ကို ထောင်ရတာ အင်မတန် အလုပ်ဖြစ်တာကလား။ အခုတော့ ဒီဆိုင်းဘုတ်က ဟန်မကျတော့ဘူး။ အနောက်နိုင်ငံတွေမှာလည်း ဒီဆိုင်းဘုတ် ခေတ်မစားတော့ဘူး။
ရုက္ခစိုး။ ။ ဒါဆို … ဘယ်ဆိုင်းဘုတ် ခေတ်စားနေတာလဲ။
ချိုကုပ်ဒူးကြီး။ ။ ဟဲဟဲဟဲ … ပြောမှာပေါ့ဗျာ၊ ပြောမှာပေါ့။ ကျုပ်က ပြောချင်လွန်းလို့ အဝေးကြီးက လာရတာ။ … ဟဲဟဲဟဲ …။
ချိုကုပ်ဒူးကြီးက ထိုသို့ ခြောက်ကပ်ကပ် ရယ်လိုက်ပြီး အိတ်ထဲမှ ကွမ်းယာတယာကို ထုတ်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်သေးသည်။ လိုရင်းကို ချက်ချင်းမပြောဘဲ မူနေသဖြင့် ရုက္ခစိုးကြီး စိတ်ညစ်နေသည်။ ကွမ်းယာကို တမြုံ့မြုံ့ဝါးပြီးမှ …
ချိုကုပ်ဒူးကြီး။ ။ အနောက်နိုင်ငံတွေမှာ ကွန်မြူနစ်တစ္ဆေ မခြောက်တော့ဘူး။ အခု သူကောင့်သားတွေ အကြီးအကျယ် လန့်နေတာ အကြမ်းဖက်သမားတွေကိုပဲ။ ဒါကြောင့် အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆိုတာကိုသာ ကျယ်ကျယ်လေး အော်လိုက်၊ အလုပ်ဖြစ်ပြီ။
ရုက္ခစိုး။ ။ ဘယ်လို အလုပ်ဖြစ်မှာလဲ။
ချိုကုပ်ဒူးကြီး။ ။ ကိုယ်မကြိုက်တဲ့သူကို အကြမ်းဖက်သမား တံဆိပ် ကပ်ပစ်လိုက်မှာပေါ့ဗျ၊ သိပ်လွယ်တာပဲ၊ မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ ရုတ်တရက်ကြီး အဲဒီလို အပြောင်းအလဲ လုပ်လို့ ရပါ့မလား။ တော်ကြာ ပေါ်တင်ကြီး ဖြစ်သွားဦးမယ်။
ချိုကုပ်ဒူးကြီး။ ။ အပြောင်းအလဲက တဖြည်းဖြည်းချင်း ဖြစ်နေတာ ကြာပါပြီ။ ခင်ဗျား သတိမထားမိလို့ပါ။
ရုက္ခစိုး။ ။ ဟင် … ဟုတ်လား။
ချိုကုပ်ဒူးကြီး။ ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ဟိုမိုကရေစီ အော်နေတဲ့သူတွေကို ချောင်းရိုက်ပစ်လိုက်တယ်။ လိုအပ်ရင် ဗြောင်ရိုက်ပစ်လိုက်တယ်။ ပြီးတော့ သူတို့ကို အကြမ်းဖက်သမားတံဆိပ် ကပ်ပေးလိုက်တယ်။
ရုက္ခစိုး။ ။ ဟာ … သူ့တို့ခမျာ အရိုက်လည်း ခံရသေးတယ်။ ခင်ဗျားဟာက ယုတ္တိမှ မရှိတာ။
ချိုကုပ်ဒူးကြီး။ ။ ယုတ္တိမှ မရှိတာတွေလုပ်နိုင်လို့ ကျုပ် ခုချိန်ထိ အာဏာမြဲနေတာပေါ့။ ဟဲဟဲဟဲ … ယုတ္တိရှိသွားအောင် ဥပဒေတွေ ဘာတွေ ဆွဲနေရတာပေါ့။ ကဲ … အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ဆိုတာ လာမယ်နော်၊ ကျုပ်ရှေ့မှာ ရီးတီးယားတား လုပ်မယ့်သူတွေ သတိသာ ထားပေတော့ပေါ့ဗျာ။
ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို ထိုသို့ ဖောက်သည်ချပြီး သီချင်း တကြော်ကြော်ဖြင့် ပြန်သွားလေသည်။
xxx အကြော်သည်နှစ်ယောက်ထချလည်း ဖက် xxx ဘော်တယ်ကုလားကြီးအော်လည်း ဖက်
အဆိုတော်အကြီးကြီးဆိုလည်း ဖက် xxx ကလေကချေ အပေအတေအော်လည်း ဖက်
အကယ်ဒမီ မင်းသမီးကိုလည်း ဖက် xxx သူငယ်နာ မကင်းတဲ့ကောင်လည်း ဖက်
ငိုချင်းချတော့လည်း ဖက် xxx တအိမ်ကျော် အချိန်မတော်ဆိုလည်း ဖက် xxx xxx ဦးရုက္ခစိုးလည်း ဖက် … …
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။
Set as favorite
Bookmark
Email this
Hits: 7161
written by coup, January 25, 2010
One thing I am gonna say is " you should'nt be a human TS".
written by မျိုးလွင်, January 22, 2010
ချိုကုပ်ကြီးလည်းဖက်၊ ကွိုင်ကွိုင်ကြီးလည်းဖက် ၊သန္တာရွှေကိုအနော်ဖက်... ဟဲဟဲဟဲ
written by no, January 21, 2010
no. i can't agree you.
this is not a satire.
this is true story.
this is not a satire.
this is true story.
written by ဆရာအိန္ဒက, January 21, 2010
ဟေ...'ဖက်' ဆိုပါလား။ အနော် လည်း ပါမယ်ဗျို့၊ အနော် ကတော့ 'မာမီကွိုင်ကြီး' ကိုပဲ 'ဖက်' မယ်ဂျာ။ ဒါမှ အနော် ဒီ ဘဝ မှာ ဇိမ်နဲ့ နေရမှာဂျ။ အဟွတ် အဟွတ်။
written by song lover, January 21, 2010
သီချင်းေ၇း ဆရာကို ဒီစာပြောင် ပေးဖတ်လိုက်မယ်
သူလည်း ကြိုက်မှာဘဲ
သူ့ သီချင်း အတွက် ညာဏ်ပူဇော်ခ ကိုေ တာ့ တောင်း မယ် မ ထင် ပါဖူး
သူလည်း ကြိုက်မှာဘဲ
သူ့ သီချင်း အတွက် ညာဏ်ပူဇော်ခ ကိုေ တာ့ တောင်း မယ် မ ထင် ပါဖူး
written by ko phone, January 21, 2010
ရုကစိုးကြီးကလဲ အိုးမိုင်ဂေါ့ လို့  ပြောတယ်နော် ဟိဟိဟိ
written by Truth, January 20, 2010
အကြမ်းဖက် ခေါင်းဆောင် ချိုကုပ်ဒူးကြီး ကို အမြန်ဆုံး ဖမ်းကြပါတော့။
written by ချိုကုပ်ဒူးကြီး, January 20, 2010
xxx တအိမ်ကျော် အချိန်မတော်ဆိုလည်း ဖက် xxx xxx ဦးရုက္ခစိုးလည်း ဖက် … …
PS: ကျုပ်ရဲဘော်တွေနဲ့ ကျုပ်မြေးလေးကတော့ အကြမ်းဖက်သူတွေ စာရင်းထဲ မပါဘူးနော်။ သူတို့က အကြမ်းမဖက်ကြပါဘူး အနုကြမ်းပဲ စီးတာပါ။...
ပုံ-ချိုကုပ်ဒူးကြီး (မြန်ချာ နိုင်ငံတော် အလွဲသုံးစားရေး ကောင်စီ ဥက္ကထ)
PS: ကျုပ်ရဲဘော်တွေနဲ့ ကျုပ်မြေးလေးကတော့ အကြမ်းဖက်သူတွေ စာရင်းထဲ မပါဘူးနော်။ သူတို့က အကြမ်းမဖက်ကြပါဘူး အနုကြမ်းပဲ စီးတာပါ။...
ပုံ-ချိုကုပ်ဒူးကြီး (မြန်ချာ နိုင်ငံတော် အလွဲသုံးစားရေး ကောင်စီ ဥက္ကထ)
Write comment
















