စိမ်းနေရင် သတိထား

E-mail Print

ခုတလော ဦးရုက္ခစိုး ကံမကောင်း။ ချိုကုပ်ဒူးကြီးရှေ့တွင် မေတ္တာပို့မိသောကြောင့် ကားပြာကြီး စီးလိုက်ရသည်။ နတ်အတွက် သီးသန့် ခုံရုံးမဖွဲ့အားသေးသောကြောင့် တကြောင်း၊ နတ်နှင့်ပတ်သက်သည့် ဥပဒေကို ၇၄ အခြေဥပဒေထဲတွင် ထည့်မရေး ထားသောကြောင့် တကြောင်း ဦးရုက္ခစိုး နည်းနည်းသက်သာ သွားခြင်း ဖြစ်သည်။ စိတ်ညစ်ညစ်နှင့် စိတ်ကူး ဦးတည့်ရာ လျှောက်သွားရင်း ဦးရုက္ခစိုး ပဲခူးသို့ ရောက်သွားသည်။

ဘုရားတဆူရှေ့တွင် မောမောနှင့် ထိုင်နေတုန်း တဟင့်ဟင့်နှင့် ငိုနေသံကြားရသောကြောင့် လှည့်ကြည့်လိုက်ရာ … အစိမ်းရောင်ဝမ်းဆက်နှင့် မိန်းမတဦးကို တွေ့လိုက်ရလေတော့သည်။

ရုက္ခစိုး။     ။ ဟင် … ခင်ဗျား၊ ခင်ဗျား ဘယ်အဖွဲ့အစည်းကလဲ၊ နနွင်းရောင် မဟုတ်ဘူးဆိုတော့ အမျိုးသမီး ရေးရာကလည်း မဟုတ်လောက်ပါဘူး။

မမြစိမ်း။     ။ ဥစ္စာစောင့်ရေးရာကပါ … ဟာ ဦးရုက္ခစိုး လုပ်တာနဲ့ ယောင်တောင် ယောင်ကုန်ပြီ။ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ဘူး။ ကျမက သိုက်နန်းရှင် မမြစိမ်းပါ။ … အဟင့်အဟင့် … လုပ်ရက်တယ် … လုပ်ရက်လိုက်ကြတာ။ ကျမမှာ ဘာအပြစ်ရှိလို့ ခုလို လုပ်ရက်ကြတာလဲ … အရပ်ကတို့ရဲ့ … အဟီး ….. အီး … ဟီး …။

ရုက္ခစိုး။     ။ စိတ်ညစ်လို့ စိတ်ပြေလက်ပျောက်လေး ဘုရားဖူးမလားလို့ ပဲခူးကို လာပါတယ်။ ဒုက္ခသည်နဲ့ လာတွေ့နေပြီ ထင်တယ်။ ဘာဖြစ်တာလဲဗျာ။

ဦးရုက္ခစိုးအနား လာထိုင်ကာ တရှုံ့ရှုံ့ ငိုနေသော သိုက်နန်းရှင် မမြစိမ်းကို ကြည့်ရင်း မေးလိုက်သည်။ မမြစိမ်းက “ဒီမှာလေ” ဟုဆိုကာ သူ့လက်ကို ထိုးပေးလိုက်သည်။

ရုက္ခစိုး။     ။ သြော် ... မမြစိမ်းကလည်း သိုက်နန်းရှင်ဆိုပြီး ရွှေလက်ကောက်မဝတ်ဘဲ သံလက်ကောက်နဲ့ … ဖက်ရှင်ထွင်ထားတာလား။

မမြစိမ်း။    ။ အောင်မယ်လေး … ပြောရက်လိုက်တာနော် … ။ မမြစိမ်းက သံလက်ကောက် ဝတ်မလား ဦးရုက္ခစိုးရဲ့ … အဲဒါ လက်ထိပ်၊ လက်ထိပ် … နာမည်ကျော် ချိုကုပ်ဒူးကြီးက ကျမကို လက်ထိပ်ခတ်ထားတာ ရှင့် … သိပြီလား။

ရုက္ခစိုး။     ။ ဟောဗျာ … ။ ဘယ်လိုဖြစ်လို့ မမြစိမ်းကို လက်ထိပ်ခတ်တာတဲ့လဲ။ မမြစိမ်းကော ကျုပ်လို မေတ္တာပို့မိလို့လား။

မမြစိမ်း။     ။ မဟုတ်ရပါဘူး ဦးရုက္ခစိုးရယ်။ သူ့အကြောင်းသိလို့ အတတ်နိုင်ဆုံး ကိုယ့်ဘာသာ ပဲခူးမှာ သီးသန့် ကင်းကင်း နေတာပါ။

ရုက္ခစိုး။     ။ မမြစိမ်းက ကိုယ့်ဘာသာ သီးသန့်နေတာကို ချိုကုပ်ဒူးကြီးက ဘယ်က ဘယ်လို လက်ထိပ် လာခတ်တာလဲ၊ လုပ်ပါဦး။ ကျုပ်တော့ နားတွေရှုပ်လာပြီ။

မမြစိမ်း။     ။  ကျမက သူ့ကို အိပ်မက်လာပေးလို့တဲ့။

ရုက္ခစိုး။     ။ အိပ်မက်ပေးတော့ ကောင်းတာပေါ့ … တကယ်ဆို ကျေးဇူးတောင် တင်သင့်သေးတယ်။ အိပ်မက်ကို အတိတ်ကောက်ပြီး နှလုံးထီလေး ဘာလေး ထိုးလို့ရတာပဲဟာ။

မမြစိမ်း။     ။ အခုဟာက အိပ်မက်က နည်းနည်း ကြမ်းတယ်တဲ့။ ကျမက သူ့ကို အိပ်မက်ထဲမှာ လာခြိမ်းခြောက် တာတဲ့ ဦးရုက္ခစိုးရဲ့။

ရုက္ခစိုး။     ။ ဟုတ်လား ဘယ်လို ခြိမ်းခြောက်တာလဲ လုပ်ပါဦး။

မမြစိမ်းက ခြေကိုဆောင့်လိုက်ပြီး မျက်နှာထားကို တင်းလိုက်ကာ လက်ညှိုးထိုး၍ …

မမြစိမ်း။     ။ သယ် … ချိုကုပ်ဒူး … နင့်ကိုယ်နင် နိုင်ငံတော် အကြီးအကဲဆိုပြီး လုပ်ချင်တာ လုပ်လို့ရမလား။ နင်က သံဃာတော်တွေ သတ်လိုသတ်၊ သူတော်ကောင်းတွေကို ထောင်ချလိုချနဲ့ … နင့်ဘုန်းတံခိုး မိုးသို့ ချုန်းနေတယ် ဆိုပြီး မာန်တက်မနေနဲ့ … ။ နင့်ရဲ့ ကံက ဆက်မကောင်းနိုင်တော့ဘူး … ဒီနှစ် နောက်ဆုံးပဲ။ နင်လုပ်သမျှတွေ ပြန်ခံရဖို့ အချိန်တန်ပြီ … ဟားဟားဟားဟား …။ အဲသလို သူ့အိပ်မက်ထဲမှာ သွားပြော တယ်တဲ့။ နောက်တနေ့ကျတော့ ကျမရဲ့ ရုပ်တုကို လက်ထိပ်လာခတ်တော့တာပါပဲ ဦးရုက္ခစိုးရယ်။

ရုက္ခစိုး။     ။ ခင်ဗျားက အဲဒီအတိုင်း သူ့အိပ်မက်ထဲ သွားပြောလိုက်လို့လား။

မမြစိမ်း။     ။ ကြံကြံဖန်ဖန် … လူမှားတာ နေမှာပါ။ ကျမက ခုနက ပြောသလို ကြောက်လွန်းလို့ ခပ်ကင်းကင်း နေနေတဲ့ဥစ္စာ၊ ပြီးတော့ကိုယ့်ပစ္စည်းတွေ သူများယူမှာစိုးလို့ စောင့်နေရတာနဲ့ မအားရပါဘူး။ သူ့အိပ်မက်ထဲ ဘယ်လိုလုပ် သွားမှာလဲ။ အဟင့်အဟင့် ဘာပဲဖြစ်ဖြစ် ခုတော့ လက်ထိပ်ခတ် ခံရပြီ … ကောင်းကြ သေးရဲ့လား ဦးရုက္ခစိုးရဲ့။

ထိုစဉ် ဦးရုက္ခစိုးနားသို့ မမြစိမ်း၏ ညီအစ်မ ခုနစ်ဖော်စလုံး လက်ထိပ်ကိုယ်စီဖြင့် ရောက်လာကာ ငိုယို၍ အကူအညီ ဝိုင်းတောင်း ကြသည်။

မြနန်းနွယ်။     ။ လုပ်ပါ ဦးရုက္ခစိုးရယ် … ကျမတို့ သိုက်တွေကို လာခိုးတဲ့သူတွေကိုပဲ ကျမတို့က အပြစ်ပေးလာ ခဲ့သမျှ ရာဇဝင်ရိုင်းပါပြီ။ ခု ချိုကုပ်ဒူးကြီးလုပ်မှ ကျမတို့ အားလုံး လက်ထိပ်တန်းလန်းနဲ့ ကြည့်မကောင်းပါဘူး ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးက ချိုကုပ်ဒူးကြီးနဲ့ ရင်းနှီးတယ်ဆိုတော့ ပြောပြရင်ရမှာပါ။

မမြစိမ်း။     ။ ဟုတ်ပါတယ် ဦးရုက္ခစိုးရယ်၊ လူမှားတာလို့ သေချာ ပြောပေးပါနော်၊ ဦးရုက္ခစိုး ပြောရင် ရမှာပါ။

ရုက္ခစိုး။     ။ ကဲ ကဲ တရောက်တပေါက်နဲ့ တော်တော်လေးတော့ နားညည်းလာပြီ … သွားပြောပေး ကြည့်မယ် ဟုတ်ပြီလား။ အရင်အပတ်ကမှ ကျုပ်ကို ဖမ်းခဲ့သေးတာ ဆိုတော့ ပြောလို့ ရမရတော့ မသိဘူး။
မြနန်းနွယ်။     ။ မဖြစ်ဘူး၊ မဖြစ်ဘူး မမရေ … ဒီအတိုင်းဆိုရင် ညီမလေးတို့ ဥစ္စာစောင့် အခွင့်အရေးအဖွဲ့ ဖွဲ့မှ ဖြစ်တော့မယ် ထင်တယ်။

မမြစိမ်း။     ။ အဖွဲ့ဖွဲ့ရင် ဒိုနာ ရှာရမှာနဲ့ ဘာနဲ့ … အဲဒါက နောက် ထားလိုက်၊ လောလောဆယ် ငါတို့လက်ထိပ် ပြုတ်ဖို့ ချိုကုပ်ဒူးကြီးဆီကို ဦးရုက္ခစိုး သွားပြောပေးမှ ဖြစ်မယ်။

ဥစ္စာစောင့် ညီအစ်မ ခုနစ်ဖော်၏ ပါးစပ်မှ ပေါက်ပေါက်ဖောက်သလို တရစပ်ပြောနေသံကို နားမခံနိုင်တော့ သောကြောင့် ဦးရုက္ခစိုးကြီးမှာ နေပြည်တော်ရှိ ချိုကုပ်ဒူးကြီးထံ သွားတွေ့ရလေတော့သည်။

ဦးရုက္ခစိုး … ချိုကုပ်ဒူးကြီးဆီရောက်တော့ ချိုကုပ်ဒူးကြီးက မျက်နှာမကောင်းဘဲ ကုတင်ပေါ်တွင် ထိုင်နေသည်။ ဦးရုက္ခစိုးကို မြင်လိုက်သည်နှင့် …

ချိုကုပ်။     ။ ဘာလဲ ဦးရုက္ခစိုး၊ ခင်ဗျားက ၇၄ အခြေခံဥပဒေထဲမှာ နတ်တွေအတွက် မပါဘူးဆိုပြီး အတင့်ရဲ တာလား။ တကယ်ဆွဲချင်ရင် ဘာဥပဒေမှ မလိုဘဲ ဆွဲလိုက်လို့ရတယ်နော်။

ရုက္ခစိုး။     ။ ခင်ဗျားရဲ့ ရမ်းရဲတဲ့သတ္တိကို ယုံကြည်ပြီးသားပါဗျာ။ အခုဟာက ကျုပ်အရေးမဟုတ်ပါဘူး။ ပဲခူးမှာ မမြစိမ်းတို့ကို ခင်ဗျား လက်ထိပ်ခတ်ခဲ့တဲ့ကိစ္စလေး နည်းနည်း မေးချင်လို့ပါ။

ချိုကုပ်။     ။ သြော် ဒါလား … အဲဒါဆိုရင်တော့ မေးမနေနဲ့။ အဲဒီမမြစိမ်းက ကျုပ်ကို အိပ်မက်ထဲမှာ ဟိန်းလား ဟောက်လား လာလုပ်လို့ ဗေဒင်မေးပြီး ယတြာ ပြန်ချေလိုက်တာ။

ရုက္ခစိုး။     ။ မမြစိမ်း သေချာလို့လားဗျာ၊ သူကပြောတော့ မတရား ခံရတာပါတဲ့၊ သူ မဟုတ်ဘူးလို့ ပြောတယ်နော်။ 

ဦးရုက္ခစိုး စကားကြောင့် ချိုကုပ်ဒူးကြီး ငိုင်သွားသည်။

ချိုကုပ်။     ။ သူ မဟုတ်ရင် ဘယ်သူဖြစ်မလဲဗျ။ သူမှ သူပါဗျာ၊ ကျုပ်အိပ်မက်ထဲမှာ စိမ်းစိမ်း စိမ်းစိမ်းနဲ့ …။ ကွိုင်ကွိုင့်ကို ပြောပြတော့ အဲဒါ မမြစိမ်းပဲ ဆိုလို့ မမြစိမ်းကိုပဲလက်ထိပ်ခတ်လိုက်တာ။

ရုက္ခစိုး။     ။ မဟုတ်ရင် မကောင်းဘူးနော်၊ သူတို့ ဥစ္စာစောင့်တွေ ဆိုတာ အညှိုးက ကြီးပါဘိသနဲ့၊ တော်ကြာ သူ့ ညီမတွေက ခင်ဗျားကို ပြုစားလိုက်ရင် ဘယ်လိုလုပ်မလဲ။

ဦးရုက္ခစိုးက ခြိမ်းခြောက်လိုက်ရာ ချိုကုပ်ဒူးကြီး ပို၍ ငိုင်သွားသည်။

ချိုကုပ်။     ။ အေးဗျ … ကျုပ်လည်း စိမ်းစိမ်း စိမ်းစိမ်းတော့ မြင်တာပဲ။ သိပ်တော့ မသေချာလှဘူး။ ဒါပေမယ့် ဥစ္စာစောင့်တွေက အစိမ်းရောင်ဝတ်တယ်ဆိုတော့ ဖြစ်နိုင်ပါတယ်ဗျာ။

ဦးရုက္ခစိုး။     ။ စိမ်းတာကတော့ဗျာ … ဘီလူးတွေလည်း စိမ်းတာပဲ။ တော်ကြာ ပုပ္ပားက မယ်ဝဏ္ဏ

ဖြစ်နေဦးမယ်။ ဒါမှ မဟုတ်လည်း ယိုးဒယားက ရာမ လားမသိဘူး။ သူလည်း စိမ်းတာပဲ။ နောက်တော့ ….။
ဦးရုက္ခစိုး စကားမဆုံးသေးခင် ချိုကုပ်ဒူးကြီး၏ မျက်လုံးအစုံ ချာချာလည်သွားသည် … ။ စိတ်ရှုပ်ဟန်ဖြင့် ခေါင်းကို တဗျင်းဗျင်း ကုတ်သည်။ ပြီးတော့မှ တဖြည်းဖြည်းချင်း ပြုံးလာသည်။ “သိပြီ” ဟု အသံနက်ကြီးနှင့် အော်လိုက် သဖြင့် ဦးရုက္ခစိုးပင် လန့်သွားသည်။

ချိုကုပ်။     ။ အခုအချိန်ကစပြီး … အစိမ်းဝမ်းဆက် ဝတ်တဲ့ ဘယ်သူ့ကိုမဆို လက်ထိပ်ခတ်ရမယ် … ချိုကုပ်ဒူးကြီး အမိန့် …။

ထိုသို့ အမိန့်စာထုတ်ပြီး နောက်တနေ့တွင် ချိုကုပ်ဒူးကြီးအပါအဝင် စစ်ဗိုလ် စစ်သားရှိရှိသမျှ အစိမ်း ဝမ်းဆက် ဝတ်ထားသူ အားလုံးကို လက်ထိပ်တန်းလန်းနှင့် ဖက်ရှင်ကျကျ တွေ့မြင်ကြရလေတော့သည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

Comments (26)Add Comment
0
surgeon... Prof. Dr. Sein Win
written by sayarwon, November 24, 2009
ဟဟ.. ဒုက္ခပဲ..ဒါဆို ခွဲစိတ်ခန်းမှာ အစိမ်းဝတ်တဲ့ surgeon တွေ nurse တွေ.. assistant တွေ အကုန်ပါပြီပေါ့....။ သတိထားကြဟေ့.
0
နောက်ဆုံး ထွက်သက်ဖြစ်မှပါ။
written by အကသ(၈၈), November 23, 2009
နောက်ဆုံးအချိန် နောက်ဆုံးထွက်သက် မှာ ဂယောင်ချောက်ခြား ဖြစ်တာနေမှပါ ။
0
နေပါဦး
written by hn, November 22, 2009
smilies/grin.gifsmilies/grin.gif ကျွန်မတို့ ကျောင်းဆရာ/မတွေကိုတော့ ချမ်းသာပေးပါလို့;
smilies/tongue.gifsmilies/tongue.gif သူတို့မကောင်းကြောင်းကို ကလေးတွေကိုမသင်ပါဘူး၊ စိတ်ချပါလို့
တစ်ခါတစ်လေ လမ်းပေါ်မှာ ပြောတာပဲရှိပါတယ်လို့ ; အဟိ
0
...
written by bigcat, November 22, 2009
ha ha ha..
0
အစိမ်းဝတ်သမျှ ဖမ်းမယ်ဆိုရင်
written by NLT, November 20, 2009
မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား တွေပါ ပါကုန်အုံးမယ်
0

written by ဖူးမန်းချူး, November 20, 2009
ဟဲလို ...... ငရဲပြည်က ပါလား ခင်ဗျာ။
ဟုတ်တယ်ကွ.....
ငရဲချုပ်မှူးကြီးနဲ့ ပြောပရစေ...
ပြောနေတယ်.. ဒါဘယ်သူလဲ ကွ..
ဟုတ်ကဲ့.. ယာမစိုးကြီး၊ ကျနော် 008 နေပြည်တော် မှ သတင်းပို့နေပါတယ်။ ယခု.. ဗိုလ်စုတ်မှူးကြီး နတ်တွေကိုလိုက်ပြီး လက်ထိပ်ခတ် နေပါတယ်။ အတွင်း စကားအရ၊ မကြာမီ ငရဲပြည်ဆင်ပြီး "အော်ပရေးရှင်း အဝီစိ" လုပ်မယ် လို့စီစဉ်နေပါတယ်။
အေး...008၊ မင်းတော်တယ်။ ဒီလူကြီး လူ့ပြည်မှာ ဗီဇာကုန်ပြီး အိုဘာစတေး ဖြစ်နေဒါကြာပြီ၊ မြန်မြန်ဆင်းလာပါစေ။ လာမဲ့ရက် အတိအကျ ကို 'တွစ်တာ' မှာတင်ထား၊ 'ဖေ့(စ်)ဗွတ်(ခ်)' က 'ချက်မိတ်' ဖြစ်သွားပြီ။
ဟုတ်.. ရော်ဂျာ၊
0
...
written by မျက်မှန်လေး, November 20, 2009
အဲ ချိုကုတ်ဒူးကြီးကို မေးလိုက်စမ်းပါ။ လက်ထိပ်ကော လောက်ရဲ့လားလို့

အကျဉ်းသားတွေရွှေ့တာ သုံးယောက်ရွှေ့တာ နှစ်ယောက်တစ်ခါ တစ်ယောက်တစ်ခါ သွားရတယ်။
လက်ထိပ်မလောက်လို့တဲ့

မရေရာတာတွေလိုက်လုပ်နေတယ်။ရူးနေလားမသိဘူး
0
Your The best
written by Ko Myat Kyi, November 20, 2009
smilies/grin.gif Your brain is very good...smilies/tongue.gif
your Hands are very beautifulsmilies/wink.gif
But they are still alivesmilies/angry.gif
0
ဩော်ဒီလိုလား
written by hlamin, November 19, 2009
ဗိုလ်သန်းရွှေက ဗေဒင်ယုံတယ်လေ သူကိုယ်သူ ရှေးမင်း ဝင်စားတယ် ထင်လို့ပါဗျာ
ပုဂံခေတ်မှာ မင်းတပါးက ၃၇မင်း နတ်တွေကို လှေင်ချိုင့်ထဲ ထည့်ထာခဲ့တာရှိတော့ သူလဲဥစ္စာစောင့်တွေကို စမ်းပြီးချုပ်ကြည်တာပါ ဒီခေတ်မှာတော့ ကျွဲဖြူတော့ရှားသွားပြီ၊ ကျွဲခတ်လို့တော့ မသေဆိုတာသိတယ်လေ၊ ဒါပေမယ့် ဒီတခါအသားကင် စားရင်တော့ သေမှာပဲ၊
0
ဦးရုက္ခစိုးရေ ချင်းမိုင်ပြန်ပါတေ့  :P
written by ရဲနောင်, November 19, 2009
haha .. "ဦးရုက္ခစိုးလည်း အစိမ်းရောင် ၀တ်ထားတာနော် ..."
ဟုတ်ပါ့ .... ချင်းမိုင်ကို မြန်မြန်လစ်ပေတော့ .. ဦးရုက္ခစိုး အစိမ်းရောင်ဝတ်တာ ချိုကုပ်ဒူကြီး သတိရသွာရင် ခက်ရချည်ရဲ့။ အခု ရန်ကုန်မှာလဲ "မာမီရှိန်း" လို အခြောက်ဟာသကားတွေပဲ ပြနေတော့ ဦးရုက္ခစိုးကြီးကို ရုပ်ဖျက်ထားတဲ့ "မာမီစိုး" ဆိုပြီး ဖမ်းနေဦးမယ် ... hahahaha .. smilies/tongue.gif ဒါပေမဲ့ဖမ်းရင်လဲ ကောင်းသား .. ဒါမှ ဦးရုက္ခစိုးနဲ့ ထောင်ထဲက ၈၈မျိုဆက်အကိုကြီးတွေနဲ့ တွေ့တဲ့ဇတ်မျိုး ဖတ်ရမှာ .. smilies/smiley.gif
0
oh my god!!!
written by Khin Thet , November 19, 2009
အစိမ်းရောင်တွေ ဖမ်းတယ်ဆိုရင် ကျောင်းဆရာ ဆရာမတွေ ကျောင်းတက်နေတဲ့ ကလေးတွေ ပါကုန်တော့မှာပဲ...
သူတို့ တွေ စိတ်ရူးပေါက်တိုင်းလျှောက်လုပ်နေကြတယ်
0
...
written by နွယ်.., November 19, 2009
တော်တယ်ဗျာ...
အရမ်းမိုက်... အရမ်းခိုက်တယ်...
အတွေးတွေက အရမ်းလန်းတယ်...
အဆုံးသတ် စာသားတွေကိုသဘောကျတယ်...
0
ဟဟား
written by nay, November 19, 2009
တပုဒ်လုံးမှာ နောက်ဆုံး ၂ ကြောင်းကို သဘောအကျဆုံးဗျာ
0
...
written by Truth, November 19, 2009
---- တကယ်ဆွဲချင်ရင် ဘာဥပဒေမှ မလိုဘဲ ဆွဲလိုက်လို့ရတယ်နော် -- တဲ့။ မှန်လိုက်လေခြင်း။
သူ့ လုပ်ရပ်မှန်တယ်လို့  ထောက်ခံတာမဟုတ်ဘူးနော်၊ အခုမြန်မာပြည်မှာ ဖြစ်နေတာတွေက အဲဒီလိုပဲဖြစ်နေတာလေ၊ အဲဒါကို မှန်တယ်လို့ ပြောတာ။
ဘယ်အဖြစ်အပျက်ကို အခြေခံလိုက်တဲ့ သရော်စာလဲဆိုတာတော့ မပြောတတ်ဘူး၊ သိုက်နန်းရှင်မမြစိမ်းအပါအ၀င် ညီအမခုနှစ်ဖေါ်ကိုတောင် လက်ထိပ်ခတ်လောက်အောင် အကြောက်ကြီးတဲ့ ချိုကုပ်ဒူးကြီးကိုတော့ လက်ဖျားခါလောက်တယ်။ ဟေ့ ---- ဒို့ ရဲ့ မြန်မာ့တပ်မတော်ကြီး အသင့်ပြင်၊ ယိုးဒယားပြည်ကိုချီတက်၊ အစိမ်းရောင်ဝတ်ထားပြီး ရာမယဏ အက ကတတ်တဲ့သူမှန်သမျှကို ရှာဖွေလက်ထိပ်ခတ်ကြဟေ့ --- လို့ 
အမိန့် ထပ်လာဦးမယ်ထင်တယ်။ မြွေစိမ်းတွေနဲ့ ပဲတွေ့ ပါစေ။
0
great
written by u pu tu, November 19, 2009
ထိုသို့ အမိန့်စာထုတ်ပြီး နောက်တနေ့တွင် ချိုကုပ်ဒူးကြီးအပါအဝင် စစ်ဗိုလ် စစ်သားရှိရှိသမျှ အစိမ်း ဝမ်းဆက် ဝတ်ထားသူ အားလုံးကို လက်ထိပ်တန်းလန်းနှင့် ဖက်ရှင်ကျကျ တွေ့မြင်ကြရလေတော့သည်။
0
...
written by u pu tu, November 19, 2009
haha great
0
Excellent!
written by REALITY, November 18, 2009
Very Nice satire with excellent punch line.Thanks Irrawaddy,

This is my favorite section.
0
အစိမ်းဝတ်သမျှ ဖမ်းမယ်ဆိုရင်
written by နေမင်း, November 18, 2009
အစိမ်းဝတ်သမျှ ဖမ်းမယ်ဆိုရင် ကြံ့ဖွတ်တွေကို အရင်ဖမ်း ..အဟီး
အမျိုးသမီးရေးရာလဲ အစိမ်းဘဲ ..ဖမ်းကွာ အကုန်ဖမ်း
0
What an illustration Ko Tar Tay!
written by Ko Sant Tint, November 18, 2009
You are right. One of the reasons our country has not been ever developed is because our leaders were hopeless and believe in all these rubbish. Practically, all these superstitions cannot be proven scientifically. My advice from this article is, if any succession of rulers in future comes into power make sure nobody repeats all these nonsense anymore.
0
ကောင်းပါပေ့ဗျာ
written by thakhinnyein, November 18, 2009
အဲဒီလိုသာဆို ဘယ်လောက် ကောင်းလိမ့်မလဲဗျာနော်။ စစ်သားတွေလည်း လက်ထိပ်လေးတွေနဲ့ ဆိုတော့လေ။ အများပြည်သူတွေလည်း အမြင်ဆန်းတာပေါ့။ တစ်ခါလောက်တော့ စမ်းကြည့်ကြပါလားဗျာ။smilies/grin.gifsmilies/grin.gif;
0
funny
written by man, November 18, 2009
Ha Ha Ha .... So Funny Story smilies/grin.gif
0
The best
written by shwe, November 18, 2009
ဒီ့ထက်ကောင်းတဲ့ စာမူ ဘယ်မှာရှာလို့တွေ့မှာလည်း...။ ဖတ်မိသမျှ ကိုတာတေ ရဲ့ ဝတ္တုတွေထဲမှာ အကြိုက်ဆုံးပါဗျာ...။smilies/grin.gifsmilies/cheesy.gif
0
မိုက်တယ် ကွာ
written by thint, November 18, 2009
စိမ်းစိမ်းတွေ သတိထား ကြလော့
0
...
written by saionmao, November 18, 2009
စစ်ဗိုလ်စစ်သားတွေ မကပါဘူး ဟိုအဖွဲ.ကျန်သေးတယ်လေ-ချိုကုပ်ကြီးမေ.နေပြီ ထင်တယ်(ကြံ.ဖွံ.)လေ-
0
သတိ
written by Hnin Nu, November 18, 2009
ဦးရုက္ခစိုးလည်း အစိမ်းရောင် ၀တ်ထားတာနော်။ တော်ကြာ ကားပြာစီးရုံမက လက်ကောက်ဝတ်နေရမယ်နော့် .. ဟိဟိ
0
...
written by bayintnaung, November 18, 2009
great, very good idea....

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Thursday, 19 November 2009 10:53 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်