မြန်မာ့လျှပ်စစ်နှင့် ပေါချောင် မကောင်း ပစ္စည်းပိုများ

E-mail Print
မြန်မာပြည်က သူငယ်ချင်း တဦးထံ ဖုန်းခေါ်လိုက်စဉ် “တနေ့တနေ့ ဘယ်လို လင်းအောင် လုပ်ရမလဲ ဆိုတာတွေးရင်း ငါတို့ ဦးနှောက် တွေလည်း တော်တော် ထက်မြက်လာပြီ” ဆိုသည့် စကားကြောင့် ငိုရမလို၊ ရယ်ရမလို ဖြစ်သွားရသည်။

ကျမ သူငယ်ချင်းက “အခုပဲ လက်လှည့် အားသွင်းစက်နဲ့ ဖုန်းအားသွင်းပြီးတာ” ဟု ပြောတော့ တော်တော်လေး ကြောင်သွားရ ပြန်သည်။ လက်လှည့် ဖုန်း အားသွင်းစက် ဆိုတာကို ကျမ အခုမှ ကြားဖူးသည်။ တခါလှည့်လျှင် ၁ နာရီ ဖုန်းပြောနိုင်သည်တဲ့။ သူက “ဒါတင် ဘယ်ကဦးမလဲ၊ ဓာတ်ခဲနဲ့ သွင်းရတဲ့ အားသွင်းစက်တောင် ရှိသေးတယ်” ဟု ကြွားသလိုလို ပြောလိုက်သေးသည်။ တခုကို ကျပ် ၅၀၀၀၊ ၈၀၀၀ အစားစားဟု ဆို၏။

ကျမမှာတော့ “ဒါ မြန်မာကွ” ဟုပဲ ကြွေးကြော်ရမလား၊ “ဒါမှ တို့ တရုတ်” ဟု အော်လိုက်ရမလား မသိလောက်အောင် ဖြစ်သွားသည်။

သူငယ်ချင်းနှင့် စကားပြောအပြီးတွင် မြန်မာပြည်ကလူတိုင်း အပိုပစ္စည်း တော်တော်များများသုံးနေရပါလား ဆိုတာကို စဉ်းစားမိ၏။


ကျမတို့ မြန်မာပြည်သူပြည်သားတွေ အလွန် ချီးကျူးစရာ ကောင်းလှသည်။ နအဖ ဘယ်လိုပဲ လျှပ်စစ်မီး ဖြတ်တောက်ပါစေ စိတ်ပျက် ညည်းညူခြင်း အလျဉ်းမရှိ၊ အားလုံးက ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် လျှပ်စစ်မီးကို ဘယ်လိုရအောင် ဖန်တီးယူရမည် ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် သိနေကြပြီ။ အားလုံးဆိုသည်မှာ အမျိုးသမီး ကြီး၊ ငယ်များ၊ ကလေးကြီးများလည်း ပါဝင်သည်။

ထိုသို့ ချီးကျူးမည် ဆိုပြန်တော့ စိနတိုင်းသားများကိုလည်း ချန်လှပ်ထားလို့ မဖြစ်နိုင်ပါ။ မြန်မာပြည်သူတွေ နည်းမျိုးစုံဖြင့် လင်းနိုင်ရေးအတွက် တတပ်တအား ကူညီနေသူအဖြစ် ဆုတံဆိပ်များပင် ချီးမြှင့်သင့်သည်။ မြန်မာပြည်က ထွက်သမျှ လျှပ်စစ် များကို ဝယ်နေသည့်အတွက် ပြန်လည်ပေးဆပ်ခြင်း ဖြစ်ဟန်တူ၏။

၁၉၈၈ ခုနှစ် မတိုင်မီက ရေအားလျှပ်စစ်စက်ရုံ ၂ ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၇ ရုံရှိပြီး စုစုပေါင်း ၅၂၉ ဒဿမ ၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။ ၁၉၈၈ နောက်ပိုင်း တွင် ဆည်တော်ကြီး၊ ဘီလူးချောင်း၊ ဇော်ဂျီ၊ ဇောင်းတူ၊ သဖန်းဆိပ်၊ ပေါင်းလောင်း၊ မုန်း၊ ပသိ၊ ရဲနွယ်၊ ခပေါင်း နှင့် ကျိုင်းတောင်း စသည့် ရေအား လျှပ်စစ်စက်ရုံများ၊ ကျောက်မီးသွေးသုံး၊ ရေနွေးငွေ့သုံး၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကြောင့် ၂၂၅၅ ဒဿမ ၉ မဂ္ဂါဝပ် ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ 

ယခုနှစ်ဆန်းက ကြားလိုက်ရသည့် သတင်းတပုဒ်အရ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်သူ ထူးကုမ္ပဏီ အကြီးအကဲ ဦးတေဇကို ရေအား လျှပ်စစ်လုပ်ငန်းကြီး ၂ ခု အစိုးရနှင့်ဖက်စပ် လုပ်ပိုင်ခွင့် ပေးလိုက်သည်ဟုဆိုသည်။ ကြားသိရသမျှ မြန်မာပြည်တွင် ထွက်လိုက်သည့် ရေအားလျှပ်စစ်များ၊ နည်းသည်မဟုတ်။ သို့သော် အားလုံးက အိမ်နီးချင်း နိုင်ငံများကို ရောင်းစားဖို့ အတွက်သာ။ ချဉ်သီးပင်အောက် ချဉ်သီးရှား ဆိုတာ ဒါမျိုးဖြစ်မည်။

ယခုလည်း ကချင်ပြည်နယ်တွင် မြစ်ဆုံ ရေကာတာ စီမံကိန်း စနေပြီ။ ဒေသခံများ ဖယ်ပေးကြရသည်။ ရသည့် လျှပ်စစ် တရုတ်ကို ရောင်းမည်။ တရုတ်က မြန်မာပြည်ကို ပေါချောင်မကောင်း လျှပ်စစ်ထုတ်ပစ္စည်းများ ပြန်သွင်းပေလိမ့်မည်။

လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတွင်အလုပ်လုပ်သော ကျမသူငယ်ချင်း အင်ဂျင်နီယာကတော့ “ဘီလူးချောင်း တခုတည်းနဲ့တင် ရန်ကုန်မြို့ကို လျှပ်စစ် ပေးလို့လောက်တယ်။ တကယ်တော့ ကေဘယ်ကြိုးတွေ မကောင်းတော့လို့” ဟု ပြောဖူးသည်။ မကောင်းသော ကေဘယ်ကြိုးများကို ပြင်လျှင် ပိုက်ဆံကုန်မည်၊ ထို့ကြောင့် ပြင်မနေတော့ဘဲ ထွက်လာသည့် ရေအား လျှပ်စစ်များကို တခြားနိုင်ငံ ရောင်းစားပါက ဝင်ငွေရမည်ဟု နအဖက ဈေးတွက်တွက်ပုံရသည်။

မြန်မာပြည်က ထွက်လာတာ ၂ နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သော်လည်း လျှပ်စစ်မီး ပြတ်သည့်ဒုက္ခကိုတော့ အီစိမ့်စွာ ခံစားခဲ့ဖူးပါသည်။ မီးစက်၊ အင်ဗာတာ၊ ဘက်ထရီအိုး၊ ဖယောင်းတိုင်၊ တရုတ်လုပ် အားသွင်းမီးအိမ်ကလေးများ ဆိုသည်တို့ကိုလည်း တော်တော်လေး ယဉ်ပါးနေခဲ့သည်။ သို့သော် ခုတလော ဖုန်းခေါ်လိုက်တိုင်း တခြားစကားမပြောခင် “မီးအရမ်းပျက်တာ၊ အရင်ထက် ပိုပိုဆိုး လာတယ်။ လုံးဝမလာသလောက်ပဲ” ဆိုတာမျိုးချည်းကြားနေရသည်။

ကျမတို့ ငယ်ငယ်ကတော့ မီတာမရှိသည့် အိမ်များတွင် တပေ မီး တချောင်းထွန်းနိုင်သည့် အားသွင်း ဘက်ထရီအိုးကလေးများ ဆောင်ထားရသည်။ ထိုဘက်ထရီအိုး ကလေးများကို ဆိုင်တွင် အားသွားသွင်းကြတာ မြင်ဖူးသည်။ အခုတော့ အိမ်တိုင်းနီးပါးတွင် ထို ဘက်ထရီအိုးကလေးများ ရှိနေကြပြီ။ ထိုဘက်ထရီအိုးကလေးများကို ဆိုင်တွင် အားသွား သွင်းစရာမလိုဘဲ မိမိအိမ်တွင်သာ အားသွင်းနိုင်ဖို့ တီထွင်ထုတ်လုပ်ထားပြီဖြစ်သည်။

ဒီထက် နည်းနည်း ပြေလည်သူတွေ ဆိုရင်တော့ အင်ဗာတာ ဝယ်ထားကြသည်။ အင်ဗာတာ ဆိုပေမယ့် သူ့တမျိုးတည်း မရ၊ ဘက်ထရီအိုးပါ တွဲဝယ်ရသည်။ ၁၂၀ အိုး၊ ၁၅၀ အိုး အသီးသီးရှိသည်။ ဘက်ထရီ အိုး ဆိုသည်က အသုံးပြုတာကြာပြီဆိုလျှင် အက်ဆစ်ဓာတ်လျော့နည်းတတ်သည်။

သည်တော့ အိမ်ရှိလူကုန် အက်ဆစ် တိုင်းခြင်း ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ကြရသည်။ အက်ဆစ်တိုင်းသည့် ဖန်ပြွန်လေးကို အိုးထဲနှစ်ကာ တိုင်းပြီး ရေလိုလျှင်ရေ ထည့်ပေးရသည်။ အက်ဆစ်ပမာဏ များနေတာပဲဖြစ်ဖြစ်၊ အခန်းပျက်နေတာပဲဖြစ်ဖြစ် လျှပ်စစ်ကို သိုလှောင်ထားဖို့ သူက ပျက်ကွက်မည်မဟုတ်လား။ နောက်တော့ အိုးပေါ်က ခဲဖုများတွင် ဆားပေါက်လျှင်လည်း ရေခပ်နွေးနွေးနှင့် လောင်းပြီး ဆားများပျော်ကျစေရသေးသည်။

မြန်မာပြည်ကို အင်ဗာတာများ စတင်တင်သွင်းလာတာကလည်း တရုတ်ပဲ ဖြစ်သည်။ သူတို့က အစပြုသွင်းပေးခဲ့ပြီး နောက်ပိုင်း တွင်တော့ ကျမတို့မြန်မာများက ကိုယ့်ဘာသာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်လာကြသည်။ မက်ထရောနစ်၊ ဓူဝံ၊ ဦးဖေသိန်း အစရှိသည့် တံဆိပ် ကြော်ငြာများကို ရုပ်မြင်သံကြား ဖန်သားပြင်တွင် မော်ဒယ်လေးများ လှုပ်လိလှုပ်လဲ့ဖြင့် မြင်ကြရသည်။

မက်ထရောနစ် အင်ဗာတာတလုံးကို ကျပ် ၆၉၆၀၀ ဟု သိရသည်။ ဓူဝံနှင့် တခြားတံဆိပ်များလည်း ထိုဈေးပတ်ဝန်းကျင်ပဲဟု ပြောကြသည်။

“တလုံးက မီးထွန်းဖို့၊ တလုံးက ကက်ဆက်ဖွင့်ဖို့” ဆိုသည့် မင်းသမီး မေသန်းနု၏ အသံဝဲဝဲလေးကို မြန်မာပြည်တွင် နေထိုင်သူတိုင်း မသိသူမရှိ။ ဘက်ထရီအိုးကြော်ငြာ ဖြစ်သည်။ အင်ဗာတာနဲ့တွဲလျက် ဘက်ထရီအိုး မဝယ်လို့မှ မဖြစ်ဘဲ။

ဘက်ထရီကလည်း အစားစား။ ၁၅၀ အိုး တလုံးကို ကျပ် ၁၂၀၀၀၀ ဝန်းကျင်။ ၁၂၀ အိုးကတော့ သူ့ထက် ၂ သောင်းလောက် သက်သာမည်ဟု ဆိုသည်။

စိတ်ဖိစီးမှုများနှင့် အစဉ် ပိပြားနေသည့် မြန်မာလူထု၏ ဘဝအမော၊ အထူးသဖြင့် ကုန်ဈေးနှုန်းတက်သည့် ဒဏ်ကို တိုက်ရိုက် ထိတွေ့ခံစားနေရသော အိမ်ရှင်မများ၏ ဘဝအမောကို ဖြေဖျောက်ပေးသည့်အချိန်မှာ ည ၇ နာရီဖြစ်သည်။ ကိုရီးယား ဇာတ်လမ်းတွဲ လာမည့်အချိန်။ ဒီအချိန်မှာတော့ လျှပ်စစ်မီး ရကိုရရမည်။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရမှကိုဖြစ်မည် ဆိုသည့် အချိန်။ အဲဒီအချိန်မှာ လျှပ်စစ်မီးမလာတာတွေ၊ ကုန်ဈေးနှုန်းကြီးတာတွေ၊ နှလုံးထီ မပေါက်တာတွေ၊ သားသမီးတွေ မလိမ်မာတာတွေ၊ ယောက်ျား အရက်သောက်တာတွေ အကုန်မေ့ထားကြသည်။

ထိုအချိန်တွင်တော့ ဇာတ်လမ်းတွဲထဲက ဆင်းရဲသည့် ကိုရီးယား မင်းသမီးလေးကိုပဲ သနားမည်။ အဲဒီအတွက် တနည်းနည်းဖြင့် မီးရှိရမည်။ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်” ဆိုသည့် စစ်တပ် အုပ်ချုပ်ရေး အောက်တွင် အသားကျ နေသူများ ဖြစ်သောကြောင့် ထင်သည် “မီးပျက်တာမလိုချင်ဘူး၊ မီးရတာပဲ လိုချင်တယ်” ဆိုသည့် စကားအတိုင်း ဆောင်ရွက် ကြသည်။

မြန်မာပြည်က ဂျာနယ်တိုက်တတိုက်တွင် အလုပ်လုပ်စဉ် ၂၀၀၆ ခုနှစ်လောက်က မန္တလေး၌ ကိုရီးယားဇာတ်လမ်းတွဲ အကြည့် ပျက်မည် စိုးသောကြောင့် မီးစက်ထဲသို့ ကလေးကို ဆီသွားဖြည့်ခိုင်းရာက မီးလောင်မှု ဖြစ်ပွားသည်ဆိုသည့် သတင်းတပုဒ်ကို တည်းဖြတ်ခဲ့ဖူးသည်။ အဲဒီတုန်းက ခေတ်အလွန်စားနေသော “နန်းတွင်းသမားတော်” ဇာတ်လမ်းတွဲကြောင့်ဖြစ်သည်။

ယခုအခါ လျှပ်စစ်မီးက ၅ မိနစ်ခြားတခါ၊ ၁၀ မိနစ်ခြားတခါ ပျက်ချင်သလိုပျက်၊ လာချင်သလို လာနေသောကြောင့် အင်ဗာတာ တွေမီးမလင်းတော့။ ဘက်ထရီအိုးက သိုလှောင်ပေးချင်သည့်တိုင် မလာသောမီးကို ဘယ်လိုသိုလှောင်ရမည်မသိ ဖြစ်နေပုံရသည်။ ထိုအခါ မီးစက်ဆိုသော “တဒုန်းဒုန်း” အသံပေးသည့် ဂျင်နရေတာက လိုအပ်ချက်တခု ဖြစ်လာပြန်သည်။

မီးစက်ကလည်း အရွယ်မျိုးမျိုး ဆိုဒ်အစုံစုံ။ တရုတ်လုပ် လက်ဆွဲမီးစက် ကလေးမှသည် တဲတလုံးစာ အရွယ်အစားရှိသည့် မီးစက်ကြီးများထိ။ အိမ်မှာကိုရီးယားကားကြည့်ရုံ၊ အင်ဗာတာ မီးအားသွင်းရုံကတော့ အိမ်သုံးမီးစက် (တရုတ်လုပ်) ကလေးတွေပဲ သုံးကြသည်။ အဲဒီမီးစက်က ပေါ့သည်။ မိန်းကလေးတွေပါ နှိုးလို့ နိုးသည်ဟု ဆိုသည်။ တန်ဖိုးကတော့ ကျပ် ၁၅၀၀၀၀ ဝန်းကျင်။ သူက ရေမော်တာအသေးလောက်တော့ အသာလေး တင်နိုင်သည်ဟု ဆိုသည်။

လက်ဆွဲမီးစက်ကလေးတွေ ကတော့ မခံလှ။ စိန တို့ထုံးစံ ပေါချောင် မကောင်း။ ခဏသုံး၊ ပြီးရင်ပျက်ဖြစ်သည်။ တန်ဖိုးက ကျပ် ၈ သောင်းဝန်းကျင်။ အင်ဗာတာလည်း အားသွင်းလို့မရတော့ အများစုက ရေတင်နိုင်သည့် ကျပ် ၁ သိန်းခွဲတန် ဟွန်ဒါ တံဆိပ် မီးစက် ကလေးများကို အသုံးများသည်ဟု သိရသည်။

မီးစက်ဆိုတော့ အနောက်က စက်သုံးဆီက လိုက်ပါလာသည်။ ဟွန်ဒါက ဓာတ်ဆီဖြင့် မောင်းရသည်။ ဓာတ်ဆီ ရေသန့်ဘူး တလီတာဝင် ဘူး တဘူးကို ကျပ် ၉ ရာ။ အဲဒါက ၂ နာရီလောက်တော့ ခံသည်။

မြန်မာလုပ် မီးစက်များကတော့ အမှန်အကန်ကောင်းသည်။ ဥပမာ လျှပ်စစ်ဦးဖေသိန်း၏ စက်များဖြစ်သည်။ အဲဒါတွေကတော့ လုပ်ငန်းသုံးဖြစ်သည်။ ဈေးကလည်း အတော်ကြီးသည်။ ဒီဇယ်မောင်းဆိုတော့ အလုပ်လည်းရှုပ်သည်။ ဆူလည်း ပိုဆူသည်။ ကြာရှည်ခံချင်သူများ၊ လုပ်ငန်းအနည်းအပါး ရှိသူများကတော့ အဲဒီမီးစက်ကြီးများ ဝယ်သုံးကြသည်။

တလောက ချင်းမိုင်ကပြန်သွားသော သူငယ်ချင်းတဦးကပြောသည်။ သူ ဝယ်သွားသည့် ဖုန်းဟန်းဆက်ကလေးက မြန်မာပြည်မှာ အားသွင်းလိုက်တော့ ဘက်ထရီ လောင်သွားသည်တဲ့။ မီးအား အတက်အကျ မမှန်၊ တက်ချင်သလို ဆောင့်တက်၍ ကျချင်သလို ဝုန်းခနဲ ပြုတ်ကျတတ်သော ကျမတို့ အမိမြေတွင် မီးအားမြှင့်စက်ကလည်း အရေးပါ အရာရောက်သည့် ပစ္စည်းဖြစ်သည်။ မရှိမဖြစ် ဟုပင်ဆိုရမည်။ တခြားသောလျှပ်စစ်ပစ္စည်းများ မီးအားအတက်အကျကြောင့် ပျက်စီးခြင်းမရောက်စေရေးအတွက် မီးအားမြှင့်စက် လိုအပ်သည်။

အဲဒါကလည်း အစားစားရှိသည်။ အော်တိုလား၊ မန်နျူရယ်လား ဘာလိုချင်လဲ။ ဈေးကလည်း အစားစား။ ကျပ် ၅ သောင်း၊ တသိန်းမှသည် … ၃ သိန်း၊ ၄၊ ၅ သိန်းအထိ။ မီးအားမြှင့်စက်က တတီတီ အသံပေးလျှင် ပြေးပြီး ခလုပ်ချရသည်ကို ကလေးများပင် လုပ်တတ်သည်။ မလုပ်တတ်လို့မရ။ သမိုင်းပေးတာဝန်အလား ထမ်းဆောင်ကြရသည်။ အခုတော့ အင်ဗာတာနှင့် မီးအားမြှင့်စက် တွဲလျက်ပါသည်အထိ ထုတ်လုပ်လာကြပြီဟု သိရသည်။

မီးအားမြှင့်စက်က အမှန်တကယ်တော့ မီးခိုးခြင်း တမျိုးပင်၊ တအိမ်က မီးအားမြှင့်စက်ကို တင်လိုက်လျှင် ကျန်အိမ်များက မီးအား ကျမည်၊ ထိုအခါ ကျန်အိမ်များကပါ အတင်းကာရော လိုက်တင်ကြပေရော့။

ကွန်ပျူတာ ရှိသူကတော့ မီး ရုတ်တရက်ပျက်ချိန် ကွန်ပျူတာ ချက်ချင်း ပိတ်မသွားအောင်ခံထားရသည့် (UPS) သုံးကို သုံးရမည်။ မသုံးလျှင် သင့်ကွန်ပျူတာ ရက်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်း မာလကဈာန်ကြွမည်။

ဘယ်မီးမှ မလာတော့သည့် ခုလို ပွင့်လင်းရာသီမျိုးမှာတော့ အင်ဗာတာ၊ မီးစက်၊ ဘက်ထရီအိုး အစရှိသည်တို့ကို အရွယ်ရောက်သူတိုင်း ယဉ်ပါး ကျွမ်းကျင်စွာ အသုံးချတတ်ကြသည်။

ဖယောင်းတိုင်၊ မီးခြစ် ဆိုတာကတော့ အိမ်တိုင်း၏ ကြွက်လျှောက်တိုင်းတွင် ရှိရမည်။ မြန်မာပြည်တွင် သုံးနေသည့် ဖယောင်း ကုန်ကြမ်းများလည်း တရုတ်ကပင်လာသည်။ ရေနံတိုင်ဟုခေါ်သည့် အထွန်းခံ ဖရောင်းတိုင်များကတော့ ပြတိုက်တွင်သာ သွားကြည့်ပါ။

ညဘက် ခြင်ထောင်ထဲတွင် စာဖတ်ချင် သေးလား၊ ဖရောင်းတိုင်ကြောင့် မီးလောင်မှာ ကြောက်လျှင် တရုတ်လုပ် အားသွင်းလို့ ရသည့် မီးအိမ် လေးများရှိသည်။ လေယာဉ်ပျံပုံ၊ ဝက်ဝံရုပ်ပုံ၊ ပန်းပွင့်ပုံ အမျိုးမျိုး။ ကွေးလို့၊ ဆန့်လို့ရသည့် ထောက်တိုင် ကလေးပေါ်တွင် LED ဟု ခေါ်သည့် မာကျူရီရောင် နိုင်လွန်မီးသေးသေးလေး အခု ၂၀၊ အစိတ်ခန့်ကို စီထားသည်။

ထိုမီးသီးလေးများကလည်း မဆိုးလှ၊ တလုံးတည်းဆို မှိန်သော်လည်း အလုံး ၂၀ လောက်စုထွန်းလိုက်တော့ စာဖတ်လို့ ရသွားသည်။ တခုကို ကျပ် ၁၅၀၀ ဝန်းကျင်။ ဖယောင်းတိုင်လို မီးလောင်မှာ မပူရ၊ အိပ်ရင်းစာဖတ်နိုင်သောကြောင့် ဇိမ်ကျသည်။ မီးလာစဉ် အားသွင်းထားနိုင်သောကြောင့် တွက်ခြေကိုက်သည်။ သို့သော် ပေါချောင် မကောင်းတို့ ထုံးစံအတိုင်း ၂ ပတ်လောက်ပဲ ခံပြီး မီးရောင်များ မှိန်ဖျော့ရာက လုံးဝ မလာတော့သည့် အနေအထားသို့ ရောက်သွားလိမ့်မည်။

ထို LED လေးများကို မီးလုံးထွန်းသလို ချိတ်ဆွဲထွန်းရသည့်ပုံစံလည်း တီထွင်ထားသည်။ ထိုမီးလုံးက မီးလာလျှင် အလိုလို ပိတ်သွားပြီး မီးပျက်လျှင် အလိုလို လင်းလာတတ်သည်။ တခုကို ကျပ် ၂၈၀၀ ဖြစ်သည်။

“ခုတော့ မီးလာချိန် အရမ်းနည်းပြီး အားမဝင်တော့ မီးလာလာ၊ မီးပျက်ပျက် မလင်းတာကြာပါပြီ” ဟု ထိုမီး ၂ ခု ဝယ်ယူ ချိတ်ဆွဲထားသူ တဦးက ဆိုသည်။

မီးမလာသည့် အချိန်တွင်လည်း ဒီဗီဒီ ကြည့်နိုင်သည်။ စိနတိုင်းက စေတနာထားကာ ဘက်ထရီငုတ်နှစ်ငုတ်ပါသော ဒီဗီဒီစက်များ ဈေးပေါပေါနှင့် တင်သွင်းပေးနေသည်။ မြန်မာနိုင်ငံအတွက် သီးသန့်ဖြစ်သည်။ ဟောလိဝုဒ်ကား၊ ကိုရီယားကား ၁၈ ကားပေါင်း ကျပ် ၂၀၀၀ တန် ဒီဗီဒီ ချပ်များလည်း သူတို့ပဲ တင်ပို့ပေးသည်။ ကြည့်ပါလေ့။

လျှပ်စစ်မီးမမှန်သည့် ကိစ္စက ကျမတို့ မြန်မာပြည်သူများအတွက် သတင်း မဟုတ်တော့ပါ။ မီးဘယ်လောက်ပျက်ပျက် မမှုကြတော့ပါ။ ဘယ်လို မီးရအောင်လုပ်မည် ဆိုသည့် အကြံသစ်၊ ဉာဏ်သစ်၊ ဉာဏ်နီ၊ ဉာဏ်နက်၊ ဉာဏ်ရောင်စုံတို့ နေ့စဉ် ကွန့်မြူးနေကြသည်။ 

တခုတော့ရှိသည်။ အိမ်တိုင်းတွင် ပစ္စည်းပိုများ ဝယ်ထားရလိမ့်မည်။ ကျမ အထက်တွင် ဖော်ပြခဲ့သည့် ပစ္စည်းများဖြစ်သည်။ အကယ်၍များ မြန်မာပြည်ကြီး စနစ် (အမှန်အကန်) ပြန်ကောင်း၍ လူတိုင်းအတွက် အခြေခံလိုအပ်ချက်တခုဖြစ်သော လျှပ်စစ်မီးသာ မှန်မှန် ပေးပြီ ဆိုပါက ထိုပစ္စည်းများပြန်ဝယ်မည့် သီးသန့် ဘော်တယ်တန်းတခု ပေါ်ပေါက်လာလေမည်ဟု မျှော်လင့်ရပါသည်။     ။
Comments (19)Add Comment
0
လန်းသွားတယ်။
written by JP, February 27, 2010
ဒီဆောင်းပါး ဖတ်ရတာ တော်တော်လ န်းသွားတယ်။ တကယ်ပြောင်မြောက်ပါတယ်။ ရှုပ်ရှုပ်ထွေးေ ထွးနိုင်ငံရေးစ ကားတွေပြောစရာမလိုဘဲ.. လက်တွေ့ ဘ၀က အခြေအေ နကိုလှစ်ပြ လိုက်တာပဲ..
ရှိသေးတယ်...အ စိုးရက ပြည်သူတွေမီးမရတဲ့ ပြည်သူတွေကို စာနာပြီး ကျမတို့ ကချင်ပြည်န ယ်မှာတော့ တရုတ်ဓါတ်ခဲဟောင်းတွေကနေပြီး မီးလင်းအော င်လုပ်တဲ့ သင်တန်းတွေ ပေးေ နတယ်။ ဒါတိုင်းမူးအမိန့် နော။် ...မြစ်ဆုံကိုရောင်းစားပြီး လူထုကိုတော့ လမ်းတကာထွ က်ပြီး ဓါတ်ခဲဟောင်း တွေလိုက်ကောက်ခိုင်းတော့မယ်။


0
တချို့နေရာတော့ လင်းသားဘဲ
written byှထွဏ်း, February 17, 2010
အင်း ..... ရန်ကုန် မန္တလေး လမ်းပေါ်က ဟို ဏေပျီဒေါ်ဆိုတဲ့ နေရာကျတော့ မျက်စိ ကျိန်းအောင် လင်းသားဘဲ။ ဘယ်သူ့ အတွက် ဆိုတာ သိသာ လွန်းနေပြီ။
0
Towards the modern development conutry
written by john michel, February 05, 2010
hi
all of people that comments above!!!!
ur comments are all true and very good!!!!!!!!
but than shwe will never give democracy

0
သဘောကျတယ်
written by seetmoe, February 03, 2010
မြန်မာနိုင်ငံတဲ.နော်။ တနိုင်ငံပဲရှိတယ် ။နှစ်နိုင်ငံရှိရင် မီးတောင် လာမှာ မဟုတ်ဘူးsmilies/grin.gif
0
ကောင်းမှကောင်း
written by မောင်မှိုင်း, February 03, 2010
ကောင်းလိုက်တဲ့၊ မှန်လိုက်တဲ့၊ ထိလိုက်တဲ့ ဆောင်းပါ;လေးဘဲ။ ပိတောက်မြေ ရေဒီယိုက အမှန်တရား အတွက်ပြန်
ကြားချက်ကဏ္ဍကို ပို့ပေးလိုက်အုံးမယ်
0
လေ ရောင်းမည်
written by ပုဏ္ဏားဘကွန်း, February 03, 2010
ဝေ့....စီယာရွှေ၊ မြန်မာလူမျိုးတွေ လျှပ်စစ်မီး အခက်အခဲကြောင့် အိမ်ခေါင်မိုးပေါ်မှာ ပန်ကာကြီးတွေ တင်ပြီး လေအားလျှပ်စစ် ထုတ်ဖို့ ပညာရှင်တွေ လျှို့ဝှက် တည်ထွင်နေပြီလို့ ဝ,သတင်းရတယ်။ တော်ကြာ..ကျုပ်တို့ ရဲ့ တန်ဖိုးနည်း လျှပ်စစ်ပစ္စည်း တွေ ဈေးကွက် ပျောက်သွားမယ်။

လု..တယ်ပြီး စိုးရိမ်စိတ်ကြီးသကို..၊ ဟဲ..ဟဲ...ဝ, လည်းသိပြီးသားပါ။ စိတ်အေးအေးထားပါ။ မြန်မာပြည်မှာရှိတဲ့ ပထဝီ၊တေဇော၊အာပေါ နဲ့ ဝါယော လို့ ခေါ်တဲ့ 'ဓာတ်ကြီလေးပါး' လုံးကို ဝ,ပိုင်တယ်။ ဒီမောင်တွေ လေအားလျှပ်စစ် မထုတ်နိုင်အောင် 'လေ' တွေအားလုံး လု ကိုရောင်းမယ်၊ ဝယ်မလား။
0
ကိုယ်တို့ ပြည်တွင်းက လူတွေ တကယ် ချီးကြူးပါတယ်။
written by Tuu Mar, February 03, 2010
ဗမာတွေ ကမ္ဘာမှာ နောက်က ကျန်ခဲ့တယ် ဆိုတာ ကိုယ့် တိုင်းပြည်ဘွားတွေ ညံ့လို့ မဟုတ်ဘူး။
ဥပမာတခု ပြောမယ်။ အမေရိကားမှာ ကားပြင်တယ်နော်။ နှစ်နှစ် သုံးနှစ် လောက်ပဲ အိုမဲ့ ကားလည်း ပြင်တဲ့သူက ပျက်တဲ့ ပစ္စည်း အုံလိုက် လဲထည့်တာ။ ဘယ်နေရာ ဘာပျက်ပျက် သူတို့ပြင်နည်းက အုံလိုက် လဲထည့်တာပဲ။ ကျွန်မတို့ ပြည်တွင်းမှာလို၊ မအေးချမ်းမြေ့ စာထဲကလို၊ မရှိ ရှိတာနဲ့၊ ဟိုဟာ ဒီဟာ ရတတ်တာ လေးတွေနဲ့ ပြင်ရမယ်၊ နေရမယ်ဆိုရင် လူတွေအားလုံး သွေးပျက် ခြောက်ချားပြီး တိုင်းပြည် ပျက်တဲ့အထိ ဖြစ်သွားနိုင်တယ်။
နိုင်ငံခြားက ကလေးတွေ ကွန်ပြူတာ တော်တာ ငယ်ငယ် ကတည်းက ကျောင်းမှာရော အိမ်မှာပါ ဖောဖောသီသီ လေ့ကျင့်ခွင့် ရလို့ပါ။ ကိုယ်တို့ ပြည်တွင်းက ကလေး တွေကမှ ရှားရှားပါးပါး လေ့ကျင့်ခွင့် လေးနဲ့ တော်တာ။ တကယ် ချီးကြူးပါတယ်။ smilies/wink.gifsmilies/wink.gifsmilies/wink.gif
0
အကောင်း မြင်ကြည့်တာပါ
written by saturngirl, February 03, 2010
မြန်မာတွေ ခန္ဓီပါရမီ ပြည့်ကြ ပါပေတယ်။
0
Master thief imagining industrial country
written by Win Aung, February 02, 2010
SPDC aim to build the industrial country with candle. ( Reduce the carbon emission and kept the green mark)
0
မီး ... တဲ့
written by ဒီဇင်ဘာလွမ်း, February 02, 2010
တိုင်းပြည်တစ်ခု ကြီးပွား တိုးတက်ဖို့ဆိုရင် လျှပ်စစ်မီးက အဓိက အခြေခံပါပဲ ......
ဒါ မရှိပဲနဲ့တော့ ဦးသန်းရွှေရဲ့ စက်မှု စွမ်းအား ခေတ်ကျော်လွှား ဖြစ်မလာပဲ စက်မှု စွမ်းအား ဒို့ရောင်းစား ပဲ ဖြစ်နေဦးမှာပါ .....
သူများတွေ ရေးထားတာကလဲ စုံသလောက် ရှိနေပါပြီ ...
ဒီဇင်ဘာလွမ်း တို့လဲ ဒီလိုလေး လွတ်လွတ်လပ်လပ် ရေးနေ နိုင်တာလေး တစ်ခုပဲ ရှိတာပါ ... ရေးနေ အော်နေ ဆန္ဒပြနေလို့လဲ ဦးသန်းရွှေတို့က မျက်နှာပြောင်တိုက်နေဦးမှာပါပဲ .... ဒီဇင်ဘာတို့ ကတော့ ဒီလိုအဖြစ်က နေတော့ လွတ်မှာ မဟုတ်သေးပါဘူး ... ဒို့လူလေးများ ဆိုသလေး ဆိုပြန်ရင်လည်း ဝေး လို့ ထူးမယ့်သူလဲ မရှိတော့(မထူးရြဲ ကတော့ .... ) မကရဲသေးပါဘူးလို့
0
ဟာကနဲ ဟေးကနဲ မြန်မာပြည်ထဲ....
written by ပြည်ချစ်သူ, February 02, 2010
၅မိနစ် ၁၀မိနစ်တစ်ခါ ပြတ်နေသော မီးကို ဟာကနဲ ဟေးကနဲ အော်ဖို့ မမေ့တတ်တဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ဒုက္ခကလဲ မသေးလှပါ... တကယ့်ကို ကမ္ဘာ့ အလယ်တွင် ရှက်စရာလဲ ဖြစ်သည်.. .မြန်မာပြည်သူ ပြည်သားတွေရဲ့ သွေးချွေးနဲ့ ရင်းပြီး ဆောက်လုပ် ထားသည့် ရေအားလျှပ်စစ် တို့ ဆိုတာ ပြန်ရောင်းဖို့ ဖြစ်လာရတာ တော်တော် ရင်နာစရာပါ..... ကိုယ့်အိမ်နီးချင်း နိုင်ငတွေ ဘော်ဒါချင်း ထိစပ်တဲ့ နိုင်ငံတွေက လှမ်းကြည့်ရင်း ကျွန်မတို့ ငယ်ငယ်က ဆိုခဲ့တဲ့ “ ဟိုဖက်ကမ်းက မီးထိန်ထိန် ဒီဖက်ကမ်းက မီးမှိန်မှိန်..” သီချင်းလေးနဲ့ အယ်ဒီဆင်ကို တစ်သက်တာများ ဂုဏ်ပြုချင်ေ နရော့သလား မသိတော့ပါ.......
0
ဘယ်တော့လဲ။
written by myochit, February 02, 2010
လျှပ်စစ်မီးသာ မှန်မှန် ပေးမယ်ဆိုတာ ဘယ်တော့လဲ။ ဒီတသက်ကတော့ ဖြစ်နိုင်မယ် မထင်။ လျှပ်စစ်မီးကို အယ်ဒီဆင်က တီထွင်ခဲ့ပေမယ့်၊ လျှပ်စစ် ပစ္စည်း ထုတ်တဲ့ သူတွေ ချမ်းသာအောင် လုပ်နေတာကတော့ ဗိုလ်သန်းရွှေကြောင့်ဘဲဗျို့။
0
တို့အစိုးရကြီးရဲ့ စေတနာတွေလေ
written by ရွှေမြန်မာ, February 02, 2010
ဟာဟုတ်ပါ့ဗျာ ဒါက တို့ြ့ပည်သူချစ် အစိုးရကြီးရဲ့ စေတနာတွေလေ။ မရှိတာကို အရှိဖြစ်လာအောင် ဖန်တီးပေးထားတာ။ နေ့တိုင်း လျှပ်စစ်မီးမှန်မှန်ရနေရင် ဘက်ထရီအိုး၊ မီးစက်၊ ပြောခဲ့သလို အပိုပစ္စည်းရောင်းတဲ့သူတွေ ထမင်းငတ်ကုန်တော့မပေါ့။ အစိုးရက အမျှော်အမြင်ကြီးကြီးနဲ့ ဈေးကွက်သစ်တွေ၊ အလုပ်အခွင့်အရေးတွေကို ဖန်တီးပေးနေတာ ချီးကျူးထိုက်ပါတယ်။ နောက်ဆိုရင် မြန်မာအစိုးရ စီးပွားရေး အကြောင်းနားမလည်ဘူးလို့ ဘယ်သူပြောရဲဦးမှာလဲ။ smilies/grin.gif
0
ှအကြံပိုင်သောချိုက တ်
written by မျိုးလွင်, February 02, 2010
အရင်တုန်းကလည်း ဂက်စ်တွေကိုတော့ ပြည်ပကို ရောင်းချပြီး ပြည်တွင်းသုံး လောင်စာဆီအတွက် ဆိုပြီးလှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ကြက်ဆူဆီ ပင်တွေစိုက်ခိုင်းပြီး ပြည်သူလူထုကို အလုပ်ရှုပ်အောင် လုပ်တာ၊ အခုတခါ ရေကာတာတွေတည်ဆောက်၊ ရေအားလျှပ်စစ်တွေ ထုတ် ပြည်ပကို ရောင်း ပြည်သူလူထုကတော့ လျှပ်စစ် သုံးချင်ရင် ကိုယ့်ဘာသာကိုယ် ထုတ်လုပ်၊ ပြည်သူလူထုကို ဒီလိုမျိုး အလုပ်ရှုပ်အောင် လုပ်ထားမှပဲ့ ဒီမိုကရေစီတို့၊ နိုင်ငံရေးတို့ ဆိုတာကို ခေါင်းထဲမထည့်နိုင်ပြီ၊ အဲလိုဖြစ်လာရင် လိမ်တုတ်ချင်သလို တုတ်လို့ရပြီ၊ ဒါလည်းတိုင်းပြည်ကို ဓားမြတိုက် အုပ်ချုပ်ထားတဲ့ ချိုကုတ်တွေရဲ့ နိုင်ငံရေးမဟာ ဗျူဟာထဲက အကွက်တကွက်ပဲ့။
0
တော်လိုက်တဲ့ မအေးချမ်းမြေ့
written by aaa, February 01, 2010
စဖတ်လိုက်တာနဲ့ ပြုံးရုံမက ရယ်တောင်ရယ်မိပါတယ်။ အမှန်တွေအားလုံးကို အသေးစိတ် ချက်ကျလက်ကျ ရေးပြထားပြီး စိတ်ညစ်စရာကို ပြုံးရယ်စရာဖြစ်အောင် ရေးပေးထားတဲ့အတွက် အရမ်းကို သဘောကျမိပါတယ်။ အင်္ဂလိပ်လိုပြန်ထားတာများရှိရင် သူငယ်ချင်းတွေကို လက်ဆင့်ကမ်း ပေးချင်ပါတယ်။
ဒါလောက် ဒူပေဒဏ်ပေခံနိုင်တဲ့ ငါ့လူမျိုး ”သခင်မျိုးဟေ့ ဒိှု့ဗမာ” လို့ ဒီအချိန်မှာ ကမ္ဘာ့အလယ် ကြွေးကြော် လိုက်ချင်ပါသေးရဲ့။
”ဖန်နေ၀န်းသို့ညီ ထွန်းလင်းပြောင်ပေသည်။ ဒါတို့တိုင်းတို့ပြည် တို့မြန်မာပြည်” ဆိုတဲ့ သီချင်းကို ညည်းမိရင်း ပြုံးမိပါသေးတယ်။
0
true
written by kyaw tun, February 01, 2010
yes . very very good. thit is truesmilies/cheesy.gifsmilies/cheesy.gifsmilies/grin.gifsmilies/grin.gif
0
သြော်မြန်မာပြည်သွူေလည်းဝဋ်ကျွေးပဲလာ ကွယ်
written by သခင်ငြိမ်း, February 01, 2010
မြန်မာပြည်မှာ ထုတ်ထားတဲ့ရေအားလျှပ်စစ်ဆိုတာ ပြည်သူတွေက ကြားယုံပဲကြားဘူးတာပါ။ ဘာမှလာတာမဟုတ်ဘူး။ တစ်ဆိတ်ရှိ တခြားရောင်းမယ် ဆိုတာချည်းပဲ။ ကိုယ်နိုင်ငံကို ကောင်းအောင်လုပ်ဖို့ ဆန္ဒမရှိတော့ဘူးလားကွာ မင်းတို့နအဖတွေ။ ဒါနဲ့များ ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်ဆီသို့တဲ့ ရောက်ဦးမယ် သေချာတယ် မင်းတို့နအဖ ခေါင်းဆောင်တွေ သေရင်တော့။ အေးမင်းတို့လဲ သေတော့မှာပါ မသေခင်လေးရိက္ခာယူသွားကြ။ အသက်တွေက သချိုင်းကုန်းတစ်ဖက် လှမ်းယုံတင်မကဘူး ခြေစုံပစ်နေပြီ။ ဒါတောင်အာဏာမက်တုန်း။ ဒီကြားထဲ အရူးထပြီး ထအော်လိုက်သေးတယ်။ စစ်တပ်က အာဏာကိုမမက်မောပါဘူးတဲ့။ ဟားဟားဟား သြော်ဒါနဲ့ LEDမီးလုံးများနဲ့ ကြာကြာစာဖတ်ရင် မျက်လုံးကို ထိခိုက်နိုင်ပါတယ်တဲ့ဗျာ။ သတိထားပြီး သုံးကြပါ။ ဒီနအဖကောင်တွေ ရှိနေသေးသရွေ့တော့ မြန်မာပြည်သားတွေ ဝဋ်ကျွေးပဲပေါ့ဗျာ။
0
ဘယ်လူမျိုးကများ ဒို့ တွေလောက် သည်းခံနိုင်ပါ့မလား.....
written by Win, February 01, 2010
ငိုအားထက် ရယ်အားသန်ဆိုတာပါလား?
0
တကယ်လား............ ..ဟင်
written by လေကြောင်, February 01, 2010
ကိုယ့်လူတို့ ....... တခုခုတော့မှားနေပြီ၊ ရွေဘဘကြီးက စက်မှုနိုင်ငံ ထူထောင်ဖို့ လမ်းညွန်ထားတာနော ၊ လျက်စစ်မီးရှိလို့ပြောတာပေါ့ ၊ လူကြီးကိုမျက်နှာပျက်အောင် လျောက်မပြောကြပါနဲ့၊ ပုဆိန်ရိုးတွေလား ၊ မယုံနဲ့နော်

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Monday, 01 February 2010 17:41 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်