နည်းပညာဖလှယ်သူများ၏ BarCamp Yangon

E-mail Print
ဘားကမ့်ပ်ရန်ကုန် (BarCamp Yangon) ပွဲ ကျင်းပမည်ဟု လွန်ခဲ့သည့် ၂ လလောက်ကတည်းက အင်တာနက် ဂျာနယ်ထဲတွင် ဖတ်လိုက်ရသည်။

ဘားကမ့်ပ်၏ ဝက်ဘ်ဆိုက် www.barcampyangon.org တွင် ဖတ်ကြည့်ရသမျှတော့ ဘားကမ့်ပ်ဆိုသည်မှာ အကြမ်းဖျင်း အားဖြင့်ပြောလျှင် လူကြီးများဝိုင်းဖွဲ့၍ ဆွေးနွေးကြသည့် လက်ဖက်ရည်ကြမ်းဝိုင်းမျိုးဟု နားလည်လိုက်မိသည်။

ဘားကမ့်ပ်ဆိုသည်မှာ မတူညီသည့် လုပ်ရိုးလုပ်စဉ်များကို တွန်းဖယ်ပြီး တချိန်တည်းတွင် များစွာသော ကဏ္ဍများအတွက် အချိန် တိုတိုနှင့် ထိရောက်သည့် ပေါင်းစည်းမှုတခုကို ရရှိစေမည့် ပွဲဟုလည်း ပြောနိုင်သည်။ မည်သည့် ကန့်သတ်ချက်၊ မည်သည့် သတ်မှတ်ချက်မှ မရှိသည့် အတွေ့အကြုံဖလှယ်သောပွဲဟု အကြမ်းဖျင်း ပြောနိုင်ကြောင်းလည်း သိရသည်။

barcamp1မည်သည့်နယ်ပယ်ကမဆို၊ မည်သည့် နေရာဒေသကမဆို၊ မည်သည့်အသက်အရွယ်မဆို ဘားကမ့်ပ်ကို ပါဝင်ဆင်နွှဲခွင့်ရှိသည်။

“ပြောလိုတဲ့၊ ဆွေးနွေးလိုတဲ့ အကြောင်း အရာတွေကို သီးသန့်တင်ပြနိုင်အောင် အခန်းတွေစီမံပေးထားမယ်။ ပြောလိုတဲ့ သူတွေဟာ မိမိတင်ပြပြောဆိုလိုတဲ့ အကြောင်းအရာ ခေါင်းစဉ်တွေကို ပွဲအတွင်းအစီအစဉ် ကြော်ငြာ သင်ပုန်းမှာ လွတ်လပ်စွာ လာကပ်ထားနိုင်တယ်။ အဲဒီသင်ပုန်းမှာတော့ စီစဉ်ထားတဲ့ အခန်းနံပါတ်တွေနဲ့ အချိန် တွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒီလို လာရောက် ကပ်ထားနိုင်ဖို့ ဘားကမ့်ပ် စီစဉ် သူတွေနဲ့ ကူညီသူတွေက တက်ရောက် လာသူတွေကို ကူညီပေးမှာ ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူများက ဆိုသည်။ 

ဘားကမ့်ပ်ပွဲကို လှိုင်တက္ကသိုလ်နယ်မြေထဲရှိ Myanmar Info-Tech ဝန်းထဲတွင် ကျင်းပခြင်းဖြစ်သည်။ ကျင်းပသည့်ရက်ကလည်း ဇန်နဝါရီလ၂၃ နှင့် ၂၄၊ စနေ တနင်္ဂနွေ ပိတ်ရက်များဖြစ်သဖြင့် အဆင်ပြေသွားသည်။ စနေနေ့ နံနက် ၉ နာရီကျော်ကျော်  ခန့် တွင် ဘားကမ့်ပ်ပွဲထဲသို့ ရောက်ရှိသွားသည်။ ဘားကမ့်ပ်တံဆိပ် ရိုက်ထားသည့် အမှတ်တရ တီရှပ်ကလေးများ ဝတ်ဆင်ထားသည့် လူငယ် များ ပျားပန်းခတ်လှုပ်ရှားနေကြသည်။

လိမ္မော်ရောင် လည်ဆွဲကတ်များ ဆွဲထားသည့် ပွဲစီစဉ်သူများနှင့် အပြာရောင် လည်ဆွဲကတ်များဆွဲထားသည့် ကူညီသူ လူငယ် များကလည်း လိုအပ်သည်များကို ကူညီပေးရန် အဆင်သင့်ရှိနေကြသည်။ ဖွင့်ပွဲအခမ်းအနားကျင်းပမည့် Function Hall 1 ထဲသို့ အဝင်တွင် လာရောက်သူတိုင်းကို ဖောင်များဖြည့်ခိုင်းကြသည်။

ဖောင်ဖြည့်ပေးသူများကို အမှတ်တရလက်ဆောင်တွေ ပေးနေကြ၏။ ဘားကမ့်ပ်တံဆိပ်ပါသော တီရှပ်တထည်၊ ဘားကမ့်ပ် တံဆိပ် ပါသော ရေခွက်၊ ဘောလ်ပင်၊ မှတ်စု စာအုပ်ကလေးတအုပ်၊ စတစ်ကာနှင့် ဆော့ဖ်ဝဲ စီဒီတချပ်ဖြစ်သည်။ ကျနော်လည်း တီရှပ် လဲလှယ်ဝတ်ဆင်လိုက်သောကြောင့် Barcamper တယောက်ဖြစ်သွားပြီ။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ၏ နာမည်ကြီး ဘလော့ဂါများလည်းဖြစ်ပြီး စီစဉ်သူများလည်း ဖြစ်သော ကိုညီလင်းဆက် နှင့် မထိုက်ထိုက်အောင်က အခမ်းနားမှူးများအဖြစ် ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း (MCPA) ၏ ဥက္ကဌ ကိုမင်းဦးက အဖွင့်အမှာစကားပြောကြားသည်။ အဓိကပံ့ပိုးသည့် Red Link အင်တာနက် ကုမ္ပဏီကလည်း စကားပြောသည်။

barcamp1ထို့နောက် International Barcamper များဖြစ်ကြသည့် နိုင်ငံရပ်ခြားမှ ရောက်လာကြသော လူမျိုးခြား ဧည့်သည်များနှင့် မိတ် ဆက်သည်။ ခန်းမထဲတွင် လူတ်ာတော်များသည်။ ဝိုင်ယာလက်စ် အင်တာနက်စနစ်ကလည်း အလွန် မြန်ဆန် ကောင်းမွန်သည်ကို သတိထားမိသည်။

နေ့လယ် ၁ နာရီတွင်တော့ အခန်းခွဲ ဆွေးနွေးမှုများစတင်သည်။ ခေါင်းစဉ်များကပ်ထားသည့် ဗီနိုင်းဘုတ်ကြီးနားတွင် လူတွေ ကြိတ်ကြိတ်တိုးနေသည်။ အခန်းများ၊ အချိန်များ ခေါင်းစဉ်များထဲမှ စိတ်ဝင်စားရာများကို ရွေးချယ်ကူးယူထားကြပြီး ထိုအခန်းများ ဆီသို့ သွားရောက်နားထောင်ကြရသည်။

အခန်းတိုင်းနီးပါး ပြည့်လျှံနေသည်။ ကူညီသူ လူငယ်များ အပြေးအလွှား အလုပ်လုပ်နေကြရသည်။ စီစဉ်သူများလည်း ဝေါ်ကီတော်ကီ များဖြင့် ထောင့်စေ့အောင်ပံ့ပိုးနေကြသည်။ ဘားကမ့် ရန်ကုန်၏ အင်တာနက်စာမျက်နှာတွင် Live Tweet များကို ဖတ်နိုင်သည်။ မည်သည့်နေရာမှ မည်သူကရေးသည်ကို မသိရ။ ဘားကမ့်ပ်ပွဲကြီးတခုလုံးကို ခြုံငုံသိရှိရစေသည်ကတော့ အမှန်ပဲဖြစ် သည်။

“အခန်း ၂၀၁ မှာ စီဒီတွေဝေနေပြီ” “ခုပဲ ဓာတ်ပုံတချို့ Facebook မှာ တင်လိုက်ပါပြီ” “Open Source အကြောင်းပြောနေတာ အရမ်းမိုက်တယ်”ဆိုတာမျိုးဖြစ်သည်။

ဘားကမ့်ပ်ပွဲ ပထမရက်တွင် လူ ၁၇၀၀ ကျော်နှင့် ဒုတိယရက်တွင် လူ ၉၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် လူငယ်အများစုက နည်းပညာကို စိတ်ဝင်စားလာကြသည်။ နည်းပညာ နယ်ပယ်ထဲတွင် ဦးဆောင် လှုပ်ရှားနေကြသူ အများစုသည် လူငယ်များဖြစ်သည်ဟု ဆိုရမည်။ နည်းပညာဖလှယ်ပွဲများ၊ ဆော့ဖ်ဝဲမိတ်ဆက်ပွဲများ၊ ကုန်ပစ္စည်း အသစ် မိတ်ဆက်ခြင်းများကို မကြာခဏပြုလုပ်ဖြစ်ကြသည်။ အဖွဲ့အစည်းလိုက်၊ အသင်းလိုက် စည်းလုံးဆောင်ရွက် ကြခြင်းဖြစ် သည်။

BarCamp Yangon ၏ အငယ်ဆုံး Barcamper မှာ အသက် ၁၂ နှစ်သာရှိသေးသည်။ သူ့ကို “အီမို လေး”ဟု ခေါ်ကြသည်။ ဤပွဲတွင် ဦးဆောင်လှုပ်ရှားခဲ့သော မြန်မာဘလော့ဂါ အစည်းအရုံးမှ အသက်အငယ်ဆုံး ဘလော့ဂါလည်း ဖြစ်သည်။ အသက် အကြီးဆုံး Barcamper ကတော့ ဂျာမန်လူမျိုး နော်ဗက် ဆိုသူဖြစ်သည်။ အသက် ၇၅ နှစ်ရှိပြီဟု သိရသည်။

ပထမရက်တွင် စင်ကာပူနိုင်ငံသား Preetam ၏ ဆွေးနွေးခန်းနှင့် စာရေးဆရာ ကဗျာဆရာ သစ္စာနီဟောပြောသော ကဗျာ 2.0 ဆိုသည့် အခန်းများကို စိတ်ဝင်စားကြသည်။ ဆရာသစ္စာနီနှင့်အတူ အွန်လိုင်းမှ ကဗျာဘလော့ဂါများက ပြင်ပ စာနယ်ဇင်း ကဗျာလောကနှင့် အွန်လိုင်းကဗျာလောကကို ဆက်စပ်ပေါင်းကူးသွားရေးအတွက် အဓိကထားပြောသွားခြင်းဖြစ်သည်။

barcamp1နေ့လယ် ၂ နာရီတွင် “အခန်း အချိန်စေ့နေပြီ” ဟု စီစဉ်သူ တယောက်က လာပြောသဖြင့် နားထောင်သူတိုင်းက အချိန်ပိုပေးရန် တောင်းဆို ကြသည်။ ဘားကမ့်ပ်၏ သဘောသဘာဝအရ ထိုအခန်းမှာ အချိန်ထပ်ပေးရန် မဖြစ်နိုင်တော့ဘဲ တခြားအဖွဲ့က နောက် တွင် စောင့်ဆိုင်းနေကြောင်း စီစဉ်သူက ရှင်းပြကာ အခန်းအပြင်ဘက် ၀ရံတာဧည့်ခန်းတွင် ဆက်လက် ဆွေးနွေးနိုင်ရန် စီစဉ်ပေး သည်။

I Love Ubuntu ခေါင်းစဉ်ဖြင့် Ubuntu အကြောင်း မိတ်ဆက်ပြောကြားပေးနေသော အဖွဲ့နားသို့ ကျနော်ရောက်ခဲ့ပြန်သည်။ Linux ကို အခြေခံထားတဲ့ operating system တမျိုးဖြစ်ကြောင်း အကြမ်းဖျင်း နားလည်လိုက်ပါသည်။ ကွန်ပျူတာတွင် စမ်းသပ်အသုံးပြုနေ သည်ကို ကြည့်ရသမျှတော့ လှပသေသပ်သော အသွင်ဆန်းလေးများဖြင့် အသုံးပြုချင်စဖွယ် ဖြစ်သည်။

ညနေ ၄ နာရီမှ ၅ နာရီအချိန်တွင်တော့ စင်ကာပူနိုင်ငံသား Preetam က "How is Barcamp in Japan, SG, India, Africa" ခေါင်းစဉ်ဖြင့် တခြားနိုင်ငံမှ ဘားကမ့်ပ်များအကြောင်း ပြောသွားခဲ့သည်။ ညနေ ၅ နာရီတွင် ဆွေးနွေးပွဲများအားလုံး ရပ်လိုက်ပြီး ပထမနေ့ ဘားကမ့်ပ် ပြီးဆုံးသွားသည်။

ဒုတိယနေ့တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အခန်းခွဲများ၌ ဆွေးနွေးကြမည့် ခေါင်းစဉ်များ အပြည့်ဖြစ်နေသည်။ တနေကုန် အခန်းများကူးကာ မရိုးနိုင်၊ မပျင်းနိုင်၊ မမောပန်းနိုင်အောင် ရှိလှသည်။

ထိုနေ့က နံနက် ၁၁ နာရီမှ ၁၂ နာရီအချိန်တွင်ပြောသည့် "website in color" ခေါင်းစဉ်ကို သွားနားထောင်ဖြစ်သည်။ နံနက် ၉ နာရီ ခန့်ကတည်းက ပြောကြားမည်ဟု ဖြန့်ဝေထားသော ခေါင်းစဉ်ဖြစ်သည်။

အခန်းထဲသွားရောက်နားထောင်သောအခါတွင်လည်း မေးခွန်းမေးသူတိုင်းကို တုတ်ထိုးချိုချဉ်များ ဝေငှသည်။ ဘားကမ့်ပ်ပ်၏ ချစ်စရာ ဓလေ့ကို အပီအပြင်အကောင်အထည်ဖော်နိုင်သော ဆွေးနွေးပွဲဖြစ်သည်ဟု ထင်မိသည်။ ညနေပိုင်းတွင်တော့ Myanmar Unicode အကြောင်းပြောသည့် အခန်းထဲ၌ Unicode, ZawGyi, Padauk ဖောင့်ကိစ္စများကို အခြေအတင် ဆွေးနွေးနေကြသည်။

ညနေပိုင်းတွင်တော့ SPIP အကြောင်းပြောနေသည့် အခန်းဆီလည်း ရောက်ဖြစ်ပြန်သည်။ SPIP (Publication system for Internet Sharing) ဆိုသည်မှာ ပြင်သစ်နိုင်ငံလုပ် CMS တမျိုးဖြစ်ပြီး ပြင်သစ်ဘာသာဖြင့် ရှဥ့်ဟု အဓိပ္ပာယ်ရသည်။

“သူ့အားသာချက်က မြန်မာ အပါအ၀င် ဘာသာစကားမျိုးစုံ ရတယ်။ အဓိကကတော့ Admin Backend ကို မြန်မာလိုပါ ဖတ်နိုင်တော့ လွယ်ကူတယ်။ နည်းပညာ သိပ်သိစရာ မလိုဘူး အိုင်တီ နည်းနည်းပါးပါး တတ်တဲ့သူတွေ ကိုယ်တိုင် လုပ်ကြည့်လို့ ရအောင်လည်း မြန်မာလိုပါ သူ့ဆိုက်မှာ ရေးပေးထားတယ်” ဟု တင်ဆက်သူက ဆိုသည်။

ဒုတိယနေ့၏ ညနေ ၄ နာရီတွင်တော့ ခန်းမထဲ၌ Panel Discussion ဟုခေါ်သော အဆုံးသတ်ခြုံငုံ သုံးသပ်ဆွေးနွေးခြင်းကို ပြုလုပ်ကာ ပိတ်ပွဲအခမ်းအနားကို ကျင်းပသည်။ ပိတ်ပွဲအခမ်းအနား လာရောက်သူများကို မေးခွန်းတိုကလေးများ မေးပြီး လက်ဆောင်ပစ္စည်းပေးအပ်သည်။ ပေးထားသော ဆာဗေးဖောင်များကို မဲနှိုက်ပေးကာ မဲပေါက်သူအား Suzuki Note Book တလုံး ချီးမြှင့်သည်။

ထို့ပြင် ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသော ကုမ္ပဏီများ၊ စီစဉ်သူများကို ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်သည်။

ပိတ်ပွဲ၊ ဖွင့်ပွဲ အခမ်းအနားများ ကျင်းပရာတွင်လည်း ဘားကမ့်ပ်၏ သဘောသဘာဝအတိုင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ကျင်းပသည်ကို တွေ့ရသည်။ ထို့နောက်တွင်တော့ အမှတ်တရ ဓာတ်ပုံများရိုက်ကြပြီး ဘားကမ့်ရန်ကုန်ပွဲကြီး အမှန်တကယ် ပြီးဆုံးသွားတော့သည်။

“ဘားကမ့်ပ်လို နည်းပညာဖလှယ်ပွဲ ဆွေးနွေးပွဲကြီး ပေါ်ပေါက်လာတာ တကယ်အကျိုးရှိတယ်လို့ထင်တယ်။ အချင်းချင်း ဝေမျှ ဖလှယ်တဲ့ စွမ်းရည်တွေ တိုးလာတယ်။ ဒါမျိုး ခဏ ခဏ လုပ်သင့်တယ်” ဟု ဘားကမ့်ပ် ပွဲလာသည့် လူငယ်တဦးက ပြောသည်။
Comments (2)Add Comment
0
...
written by Temp, February 01, 2010
Glad to see a positive article on the positive activity. Credits should go to where it deserves.
0
...
written by Zero, January 30, 2010
Woow! very cool!!

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Wednesday, 03 February 2010 11:17 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်