အိမ်လွမ်းနာ

E-mail Print
ဒုက္ခသည် အများစုက  မြန်မာပြည်ရှိအိမ်သို့ တနေ့ ပြန်နိုင်ကြလိမ့်မည်ဟု မျှော်လင့်နေကြဆဲ ဖြစ်သည်။

အသက် ၆၀ အရွယ်ရှိပြီဖြစ်သူ အဖွားအို ဘီးမဲက သူ၏မြေးများအနက်မှ အငယ်ဆုံးမြေးကို ချီ၍ “ငြိမ်းချမ်းရေး ရလို့ကတော့ ငါတို့ ရွာကို ပြန်မှာပဲ” ဟု ပြောသည်။

ဘီးမဲနှင့် ကလေး ၄ ဦးက ပြီးခဲ့သည့် ဇူလိုင်လ ကရင်ပြည်နယ်ထဲတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ တခြား ဒုက္ခသည် ရွာသား ၅၀၀ နှင့်အတူ ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။ အခုတော့ သူတို့၏ ယာယီအိမ် ၀ါးတဲကလေးများဖြင့် ထိုင်း - မြန်မာ နယ်စပ်အနီး ထာ့ဆောင်ယန်းရှိ ယာယီဒုက္ခသည်စခန်းတခုတွင် ဖြစ်သလို နေထိုင်နေကြရသည်။

ဇွန်လဆန်းပိုင်းမှ စတင်၍ မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့ ပူးပေါင်းကာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သောကြောင့် တခြားသော ကရင်ရွာသား ၄၀၀၀ နှင့်အတူ စစ်ဘေးဒဏ်မှ လွတ်မြောက်နိုင်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။  

ထိုင်း - မြန်မာနယ်စပ်ရှိ စခန်းများတွင် ဒုက္ခသည် အရေအတွက် စုစုပေါင်း ၁၃၄၀၀၀ အထိ တိုးလာခဲ့ပြီး ဒုက္ခသည် ၅၀၀၀၀ ကို အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများသို့ ပြောင်းရွှေ့အခြေချပေးခဲ့ပြီး ဖြစ်သည်။ သို့သော် ဒုက္ခသည်အများစုမှာ တနေ့ အိမ်ပြန်ရနိုး မျှော်လင့်နေကြဆဲ ဖြစ်သည်။

ဒုက္ခသည် စခန်းများတွင် ကြာရှည် နေထိုင်နေရသူများအဖို့ အိမ်ပြန်ရမည့်အရေး အိပ်မက်များက မှေးမှိန်လာနေသည်။ ထိုင်းနိုင်ငံအတွင်းသို့ ဒုက္ခသည်များ စတင် ရောက်ရှိလာခဲ့သည်မှာ မျိုးဆက်တခုစာမျှ ရှိပြီဟု ဆိုရတော့မည်။

၁၉၈၄ ခုနှစ် မြန်မာအစိုးရက ကရင်သူပုန်များ ထိန်းချုပ်ထားသည့် ဒေသများကို ထိုးစစ်များ ဆင်နွှဲလာခဲ့ချိန် အရပ်သား လူထု ၁၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြရပြီး တဘက်ကမ်း ထိုင်းနိုင်ငံတွင်း၌ စတင်ခိုလှုံ      နေထိုင်လာခဲ့ကြရသည်။

ထိုင်းနိုင်ငံက ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေးထိုး အသိအမှတ်ပြု ထားသည့် နိုင်ငံတခု မဟုတ်သကဲ့သို့ ယခုထိလည်း ၎င်းသဘောတူညီချက်ကို တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသေးပါ။ သို့သော်လည်း ဒုက္ခရောက်လာကြသည့် ကရင်လူမျိုးများအတွက် ခိုလှုံခွင့်ပေးခဲ့ပြီး ယခင်ကာလများက ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ဒုက္ခသည်များကို ခွင့်ပြုပေးသကဲ့သို့ နောက်ပိုင်းတွင် လူသားချင်းစာနာမှု အကူ အညီများ ထောက်ပံ့ခွင့်ပြုခဲ့သည်။

၁၉၈၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ထိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံ၏အရှေ့ပိုင်း၌ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ဒုက္ခသည်များအတွက် ကူညီပေးနေကြသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား မြန်မာဒုက္ခသည် များအတွက်လည်း အကူအညီပေးပါရန် ကမ်းလှမ်းလာခဲ့သည်။ 

၎င်း အေဂျင်စီများ စုပေါင်း၍ ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းထွက်ပြေးလာသူများအတွက် ၀န် ဆောင်မှုပေးရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (CCSDPT) ဟူသည့် အဖွဲ့ဖွဲ့ကာ ချက်ချင်းဆိုသလိုပင် ဒုက္ခသည်များအတွက် ရိက္ခာ ထောက်ပံ့ရေး အစီအစဉ်များ စတင်ခဲ့သည်။

ကရင်ဒုက္ခသည်များ ယူဆထားခဲ့ကြသလိုပင်၊ ထိုင်းအစိုးရနှင့် အကူအညီပေးရေး အဖွဲ့များက ကရင်ပြည်နယ်မှ ထွက်ပြေးလာကြသည့် ဒုက္ခသည်များ အချိန်တိုအတွင်း အိမ်ပြန်နိုင်မည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း ပြဿနာက ကြီးထွား ပျံ့နှံ့ခဲ့သည်။

များမကြာမီ မွန်ဒုက္ခသည်များလည်း ထိုင်းနိုင်ငံ တောင်ပိုင်းဒေသကို ဖြတ်ကျော်ပြေးဝင်၍ ခိုလှုံလာကြပြန်သည်။ ထိုဒုက္ခသည်များက မြန်မာစစ်သားများ ရက်စက် ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြသည့် ရွာများမီးတိုက်ခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ အကျဉ်းရုံး သုတ်သင် သတ်ဖြတ်ပစ်ခြင်း၊ အတင်းအကျပ် အလုပ်ခိုင်းစေခြင်း စသည့် ကိုယ်တွေ့ဖြစ်ရပ်များကို ပြန်ပြောပြခဲ့ကြသည်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဲ့သို့သော နိုင်ငံတကာ အေဂျင်စီများကလည်း ကြည့်နေရုံ မျှသာ တတ်နိုင်သည်။ မြန်မာနိုင်ငံတွင်း၌ အိုးအိမ်အခြေမဲ့ ရွှေ့ပြောင်းထွက်ပြေးနေကြရသော၊ ကြောက်ရွံ့ထိတ်လန့်နေကြ ရသော ဒုက္ခသည်များကို ကူညီပေးရန် မတတ်စွမ်းနိုင်ခဲ့ပေ။

နောက် ၄ နှစ်အကြာ ၁၉၈၈ ခုနှစ်၊ သြဂုတ်လတွင် မြန်မာတနိုင်ငံလုံး ပါဝင်သည့် လူထုအုံကြွမှုများ ပေါ်ပေါက်လာပြီး နောက် ဖြစ်ရပ်များက ပြောင်းလဲခဲ့သည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်စက်စွာ ဖြိုခွင်း ချေမှုန်းခဲ့သည့်အခါ ထောင်ပေါင်းများစွာသော ကျောင်းသားလူငယ်များ၊ တက်ကြွလှုပ်ရှားသူများ ထိုင်း - မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာကြပြန်သည်။

၎င်းတို့အနက်မှ အများစုက ဘန်ကောက်သို့ ကြံဖန်လမ်းရှာပြီး UNHCR ၏ လုပ်ပိုင်ခွင့်အာဏာအောက်တွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့ကြသည်၊ ဒုက္ခသည် အဖြစ် လျှောက်ထားကြသည်။

ယေဘုယျအားဖြင့် ဒုက္ခသည် အမျိုးအစား ၂ မျိုးဖြစ်သွားသည်။ “စစ်ဘေး ဒဏ်ကြောင့် ထွက်ပြေးလာရသူများ” (အထူးသဖြင့် ကရင်၊ ကရင်နီ၊ မွန် တိုင်းရင်းသားများ) နှင့် UNHCR ၏ “စိုးရိမ်ဖွယ်ရာ အခြေအနေ” ဟု သတ်မှတ်ခံရသူများ ဖြစ်သည်။

ဒုတိယအမျိုးအစားတွင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ နိုင်ငံရေးလှုပ်ရှားသူများ၊ အတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူ ကျောင်းသားများ အပြင်၊ နယ်စပ်တွင် လုံခြုံမှုမရှိဟု ခံစားနေရသည့် တိုင်းရင်းသားများလည်း ပါ ၀င်သည်။

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးချိန် တက်လာခဲ့သည့် မြန်မာစစ်အစိုးရ ခေါင်းဆောင်များနှင့် စစ်မြေပြင်များကို ဈေးကွက် များအဖြစ် ပြောင်းလဲလိုကြသည့် ထိုင်းစစ်ခေါင်းဆောင်များအကြား သစ်ထုတ်လုပ်ငန်းများ အပါအ၀င် တခြား စီးပွားရေး သဘောတူညီမှုများ ပြုခဲ့ကြသည်။ ယင်းကာလ နောက်ပိုင်းတွင် နယ်စပ်ဒေသတွင် ကြားခံဇုန်အဖြစ်ထားရှိခဲ့သည့် ကရင်သူပုန်များကို ထိုင်းအစိုးရက သည်းညည်းခံနေသည့် မူဝါဒများ စွန့်လွှတ်လာသကဲ့သို့ မြန်မာ အစိုးရ စစ်တပ် များကလည်း ထိုင်း-မြန်မာနယ်စပ်တွင် တိုး၍ နေရာယူလာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်း ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်လာပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ မယ်ဟောင်ဆောင် ခရိုင်အတွင်းသို့ ဒုက္ခသည် အမြောက်အများ ပြေးဝင်ခိုလှုံလာကြပြန်သည်။  တောင်ဘက်ပိုကျသည့် မွန်ဒေသများတွင်လည်း မွန်ဒုက္ခသည်များက ဘုရားသုံးဆူတောင်ကြားဒေသကို ဖြတ်၍ ထိုင်းနိုင်ငံ ကန်ချနပူရီ ခရိုင်အတွင်းသို့ ပြေးဝင်ခိုလှုံလာကြပြန်သည်။

ကမောက်ကမနိုင်လှသည့် မြင်ကွင်းများလည်း ရှိခဲ့သည်။ ထိုင်းနိုင်ငံသို့ ထွက်ပြေးနေကြသည့် ဒုက္ခသည် လူထုကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံမှ ကျွန်းသစ်လုံးများ တင်ဆောင်လာသည့် ထရပ်ကားကြီးများ ထိုင်းနိုင်ငံတွင်းသို့ ၀င်သွားကြသည်။ ထရပ်ကားတန်းကြီး ရှည်လေ၊ ထိုင်းနိုင်ငံတွင်းသို့ ပြေးဝင်လာသည့် ဒုက္ခသည် အရေအတွက် ပို၍ များလာလေလေ ဖြစ်နေခဲ့သည်။

၁၉၉၅ ခုနှစ်တွင် KNLA ဌာနချုပ်ဖြစ်သော မာနယ်ပလောစခန်း စစ်အစိုးရတပ်များ လက်တွင်း ကျရှုံး ခဲ့ရပြီးနောက်ပိုင်း နယ်စပ်ဒေသ အခြေစိုက် အင်အားစုများအဖို့လည်း စိတ်ဓာတ်ရေးရာအရ အကြီးကျယ်ဆုံး ထိုးနှက်မှု ဖြစ်ခဲ့သည်။ ကရင်တော်လှန်ရေးတပ်များ၏ ခရစ်ယာန်ခေါင်းဆောင်မှုနှင့် အောက်ခြေ ဗုဒ္ဓဘာသာဝင်များအကြား ဖြစ်ပေါ်နေခဲ့သည့် မကျေနပ်မှုများကို မြန်မာစစ်အစိုးရက အသုံးချ၍ ဖြိုခွဲ အနိုင်ရယူခဲ့သည်။

နောက်ပိုင်းတွင် ခွဲထွက်ခဲ့ကြသည့် ဗုဒ္ဓဘာသာဝင် ကရင်တပ်သားများက နာမည်ဆိုးဖြင့် ကျော်ကြားသည့် DKBA ကို ထူထောင်ခဲ့သည်။ စစ်အစိုးရက ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ရာတွင် ၎င်း DKBA တပ်များကို ရှေ့တန်းတင် အသုံးချလာခဲ့ကြသည်။   

မြောက်ဘက်ပိုကျသည့် နေရာများတွင်မူ ထိုင်းအစိုးရက ဒုက္ခသည်များ ၀င်ရောက်လာမည်ကို မလိုလားခဲ့။ အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း အဓမ္မရွှေ့ပြောင်း နေရာချထားမှုကြောင့် ထွက်ပြေးလာကြသည့် ရှမ်းတိုင်းရင်းသား ဒုက္ခသည်များ အပေါ် သတ်မှတ်ထားသည့် ဒုက္ခသည် စံ သတ်မှတ်ချက် မပြည့်မီဟု ဆိုကာ ထိုင်းအစိုးရက ပယ်ချခဲ့ကြသည်။ ဤသို့ တင်းကျပ်သည့် စည်းကမ်းချက် မပြည့်မီသူများအား စီးပွားရေးကြောင့် ရွှေ့ပြောင်းအခြေချ လာကြသူများဟုသာ သတ်မှတ်ခဲ့ကြသည်။

ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးလာကြသည့် ရှမ်းဒုက္ခသည်များက ဒုက္ခသည်စခန်းထူထောင် ခိုလှုံခွင့် မရကြဘဲ ဒေသခံ ထိုင်းလူထုများအကြားသာ အလုပ်အကိုင် ရှာဖွေလျက် ပုံဖျောက် ခိုလှုံခဲ့ကြရသည်။ တဘက်တွင် လွတ်လပ်မှုရှိသည်ဟု ဆို နိုင်သော်လည်း အခြားတဘက်တွင် ခေါင်းပုံဖြတ်ခံရမှုများနှင့် အလွဲသုံးစားပြုမှုများ ကြုံရသည်။ ထိုင်း အစိုးရက ရွှေ့ပြောင်းအခြေချလာသူများကို ပို၍ တင်းကျပ်ကန့်သတ်လာသည်နှင့်အမျှ ဖမ်းဆီးခံရမည့်အရေး၊ ပြန်ပို့ခံရမည့်အရေး စိုးရိမ်ပူပန်နေကြရသည်။

ကရင်ဒုက္ခသည်များအဖို့မူ သူတို့၏စခန်းများကို (DKBA) တပ်များက စစ်ရေးအရ တိုက်ရိုက်ကျူးကျော် တိုက်ခိုက် ကြသောကြောင့် တမျိုးတဖုံ ကွဲပြားသည့်၊ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေသည့် အနေအထားမျိုး ရင်ဆိုင် ရပြန်သည်။ ထိုင်းအစိုးရက ဒုက္ခသည်များ၏ လုံခြုံရေးကိုကြည့်၍ ဒုက္ခသည်စခန်းငယ်များကို စခန်းကြီးများအဖြစ် ပေါင်းစုသည်။ သိသာထင်ရှားသည့်စခန်းဆိုလျှင် မဲလဒုက္ခသည်စခန်းဖြစ်ပြီး ထိုင်းနိုင်ငံရှိ မြို့နယ်အသေးစား တခုမျှ ပင် ရှိတော့မည်။ ထို့အပြင် စခန်းတွင်းလုံခြုံရေးကိစ္စများအတွက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကိုလည်း ကန့်သတ်၍ တာဝန်ခွဲဝေပေးမှုများ ရှိလာခဲ့သည်။

ဒုက္ခသည်စခန်းများကို (DKBA) တပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ကြသည့် ကိစ္စအပြင် တခြားဖြစ်ရပ် ၂ ခုကို အကြောင်းပြု၍ ထိုင်းနိုင်ငံ၏ ဒုက္ခသည်ဆိုင်ရာ မူဝါဒလည်း အဓိက ပြောင်းလဲမှုများ ရှိလာခဲ့သည်။

၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်များ (VBSW) ဟု အမည်ပေးထားသည့် သေနတ်သမား ၅ ဦးက ဘန်ကောက်ရှိ မြန်မာသံရုံးကို ၀င်ရောက်စီးနင်းသိမ်း ပိုက်မှု ဖြစ်ပေါ်ခဲ့သည်။ ထိုသူများက ဓားစာခံများလည်း ဖမ်းဆီးထားခဲ့ပြီး၊ သံရုံးဝင်းကို တရက်ကြာ သိမ်းပိုက်ထားခဲ့သည်။ ထိုင်းနိုင်ငံ၏ ဒု-နိုင်ငံခြားရေးဝန်ကြီးက ၀င်ရောက်ညှိနှိုင်း ဖြန်ဖြေပေးကာ ဓားစာခံများ ပြန်လည်လွတ်မြောက်စေခဲ့ပြီး၊ သေနတ်သမားများနှင့်အတူ ရဟတ်ယာဉ်ဖြင့် လိုက်ပါကာ၊ နယ်စပ်ဒေသတွင် ထိုသူများကို ပြန်လွှတ်ပေးခဲ့သည်။ 

ဤဖြစ်ရပ်အပြီး လအနည်းငယ်အကြာ၂၀၀၀ ပြည့်နှစ် ဇန်န၀ါရီလ ၂၄ ရက်တွင် ၎င်းစွမ်းအားမြှင့် အုပ်စုများနှင့် ကရင်အုပ်စု ငယ်တခုဖြစ်သည့် God’s Army ဟု ခေါ်သည့် အုပ်စုက ရတ်ခ်ျဘူရီခရိုင်ဆေးရုံကို စီးနင်းကာ လူ ၅၀၀ ကျော်ကို ဓားစာခံ ဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြန်သည်။

၎င်းတို့က God’s Army အခြေစိုက်စခန်းရှိ အရပ်သားများကို ထိုင်းနိုင်ငံဖြတ်ကျော် ခိုလှုံခွင့်ပြုရန် တောင်းဆိုခဲ့ကြပြီး ထိုင်းစစ်တပ်က သူတို့စခန်းနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းများ ချက်ချင်းရပ်ဆိုင်းပေးရန် တောင်းဆို ခဲ့ကြသည်။ 

ဇန်န၀ါရီ ၂၅ ရက် နံနက်ပိုင်းတွင်မူ ထိုင်းကွန်မင်ဒိုတပ်ဖွဲ့များက ဆေးရုံကို ပြန်လည်စီးနင်းခဲ့ကြပြီး ဓားစာခံဖမ်းထားသူ များကို ပြန်လည်လွတ်မြောက်စေခဲ့သည်။ ၀င်ရောက်စီးနင်းသူ သေနတ်သမားများက လက်နက်ချပြီး ဆေးရုံ၏ တခြား တဘက်အဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင် သက်သေများက ဆိုကြသော်လည်း၊ များမကြာမီပင် ဆေးရုံပြင်ပ၌ ၀င်ရောက်စီးနင်းသူ ၁၀ ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ကြရသည်။ 

ဤဖြစ်ရပ် ၂ ခု နောက်ပိုင်းတွင် ထိုင်းအစိုးရက အန္တရာယ်ပေးနိုင်မည်ဟု ယူဆသည့် မြန်မာဒုက္ခသည်များအပေါ် ပို၍ တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်လာတော့သည်။ ၁၉၉၉ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းအစိုးရက ၂၀၀၀ ပြည်နှစ် အကုန်၌ ရတ်ခ်ျဘူရီခရိုင်အတွင်းရှိ မနီလွိုင်းမြန်မာကျောင်းသား ဒုက္ခသည်စခန်းကို ပိတ်ပစ်တော့မည်ဟု ကြေညာခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံများကိုလည်း မြန်မာဒုက္ခသည်များအား လက်ခံနေရာချထား ပေးရန် တိုက်တွန်း ဖိအားပေး လာခဲ့သည်။

ထိုင်းအာဏာပိုင်များကလည်း ဘန်ကောက်နှင့် တခြားမြို့ပြများရှိ မြန်မာဒုက္ခသည်များ အနေနှင့် နယ်စပ်စခန်းများသို့ ရွှေ့ပြောင်းကြရမည်ဟု ဆိုသည်။ အကယ်၍ မလိုက်နာဘဲ ကျန်ရှိနေပါက တရားမ၀င် ခိုးဝင်နေထိုင်သူအဖြစ် သတ်မှတ် ဖမ်းဆီးပြီး ပြန်လည်နှင်ထုတ်မည် ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် နယ်စပ်ဒေသ၌ အခြေပြု၍ UNHCR က ဒုက္ခသည်များကို တရားဝင် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ခရိုင်အဆင့် လက်ခံရေးဘုတ်အဖွဲ့ (PABs) ကို ဖွဲ့စည်း၍ နောက်ထပ်လာမည့် ဒုက္ခသည် အသစ်များအပေါ် တင်းကျပ်သည့် စည်းမျဉ်းများဖြင့် ဒုက္ခသည်အဖြစ် ဆုံးဖြတ် သတ်မှတ်နိုင်ရန် တာဝန်ပေးခဲ့သည်။

မှတ်ပုံတင်ထားသည့် ဒုက္ခသည်များကို ထိုင်းနိုင်ငံတွင် ယာယီခိုလှုံခွင့် လက်ခံပြီး စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါး ပြုစုစောင့်ရှောက်မှုများ ရရှိလိမ့်မည် ဖြစ်သည်။ ထိုသူများကို စခန်းများအတွင်း၌ ကန့်သတ်နေထိုင်စေမည်ဖြစ်ပြီး မြန်မာ နိုင်ငံ အခြေအနေ ပုံမှန်ပြန်ဖြစ်ပြီဟု ဆုံးဖြတ်သည့်အခါ မြန်မာနိုင်ငံသို့ ပြန်ပို့ခံကြရလိမ့်မည် ဖြစ်သည်။

ထိုအချိန်က တတိယနိုင်ငံသို့ ပြောင်းရွှေ့အခြေချစေရေး အစီအစဉ်များ မပါဝင်သေးပါ။ ဒုက္ခသည်အသစ်များ ထပ်မံပြေးဝင် ခိုလှုံလာသည်နှင့်အမျှ ဒုက္ခသည် စိစစ်ရေး ခရိုင်အဆင့် လက်ခံရေးဘုတ်အဖွဲ့ (PABs) များကလည်း ပယ်ချမှု ပိုမို တိုးပွားလာခဲ့သည်။

၂၀၀၄ - ၀၅ ခုနှစ်တွင် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက UNHCR ၏ ပံ့ပိုးမှုဖြင့် ဒုက္ခသည်အားလုံး၏ သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဆောင်ရွက်မှုစာရင်းအရ ဒုက္ခသည် ၁၀၂၉၉၂ ဦးကို ပြန်လည်မှတ်ပုံတင်ပေးခဲ့ပြီး ထိုအချိန်နောက်ပိုင်း ရောက်ရှိလာသူ ၃၄၀၆၁ ဦးကိုလည်း စိစစ် မှတ်ပုံတင်ပေးခဲ့သည်။ စုစုပေါင်းဆိုလျှင် ဒုက္ခသည်
၁၃၆၀၅၃ ဦး သန်းခေါင်စာရင်းအရ မှတ်ပုံတင်ထားခဲ့သည်။

PABs အဖွဲ့များက ၂၀၀၅ ခုနှစ်အတွင်း မှတ်ပုံမတင်ရသေးသည့် အမှုများကို ပြန်လည်စဉ်းစား စိစစ်ခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလမှ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလအတွင်း ဒုက္ခသည် ၃၅၇၂၉ ဦးတို့၏ အဆင့်အတန်းများကို သတ်မှတ် ပေးခဲ့ကြသည်။ ဤ အရေအတွက်တွင် ၂၀၀၈ ခုနှစ်အတွင်း ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသူ ၂၁၃၁ ဦးလည်း အပါအ၀င် ဖြစ်သည်။

၂၀၀၅ ခုနှစ်တွင် ထိုင်းအစိုးရက ထိုင်း - မြန်မာနယ်စပ် စခန်းများအတွင်း နေထိုင်နေသည့် ဒုက္ခသည်များကို အနောက်နိုင်ငံများနှင့် အထူးသဖြင့် အမေရိကန် ပြည်ထောင်စုတွင် ပြောင်းရွှေ့အခြေချစေရန် သဘောတူညီခဲ့သည်။ ဤသို့ ပြောင်းရွှေ့အခြေချရေး အစီအစဉ်ကြောင့် ဒုက္ခသည်စခန်းများအဖို့ တစုံတရာ ၀န်ထုပ်ဝန်ပိုး သက်သာ စေခဲ့သော်လည်း ပြဿနာ အသစ်များလည်း ပေါ်လာခဲ့သည်။ အနောက်နိုင်ငံများတွင် ဘ၀သစ်ဖြင့် အခြေချလိုသူများကို ဆွဲဆောင်သလို ဖြစ်နေသည့်အတွက် ဒုက္ခသည် လျှောက်ထားသူ ပို၍တိုးလာခဲ့ပြန်သည်။

“ဒုက္ခသည် အရေအတွက် အများအပြား တတိယနိုင်ငံတွေမှာ အခြေချပြီးပေမယ့်လည်း စခန်းလူဦးရေကတော့ တိုး လာတုန်းပဲ” ဟု ထိုင်း - မြန်မာ နယ်စပ် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ကြီး (TBBC) ၏ အမှု ဆောင်ဒါရိုက်တာ ဂျက် ဒန်းဖို့ဒ်က ပြောသည်။ ၎င်းအဖွဲ့က မြန်မာဒုက္ခသည်များအတွက် လူသားချင်း စာနာမှု အကူအညီများ ဦးဆုံးစတင် ထောက်ပံ့ပေးခဲ့သော ညွန့်ပေါင်းအဖွဲ့တခုလည်း ဖြစ်သည်။

ဒုက္ခသည်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရေးက ခက်ခဲလှသည်။ လက်ရှိအခြေအနေတွင် စခန်းများအတွင်း၌
စာရင်းမပေါက်သေးသည့် ဒုက္ခသည် ၄၂၀၀၀ နေထိုင်လျှက် ရှိနေသေးသည်။ ဒုက္ခသည်များ မှတ်ပုံတင်ရေးကိစ္စကို ပို၍ မြန်ဆန်စေရန် မကြာသေးမီက ထိုင်းအစိုးရက “ကြိုတင် ခွဲခြားစိစစ်ရေး” လုပ်ငန်းစဉ်ကို စတင်ကျင့်သုံးလာခဲ့ပြီး နယ်စပ်ဒေသရှိ စခန်း ၄ ခုဖြစ်သည့် ထမ်ဟင်း၊ ဘန့်တုန်ယန်း၊ နိုဖိုးနှင့် စခန်း ၁ တို့တွင် အစမ်း စီမံချက်အဖြစ် စတင် ဆောင်ရွက်ခဲ့ကြသည်။

ယခု စမ်းသပ်လုပ်ဆောင်နေသည့် စီမံချက်က စက်တင်ဘာလတွင် ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။

တချိန်တည်းမှာပင် TBBC အဖွဲ့က ကိုယ်ပိုင်စခန်းနေ လူဦးရေများဆိုင်ရာ အချက်အလက်သွင်းစနစ် တခု ပြုစု တည်ဆောက်နေပြီး သူတို့ ထောက်ပံ့ကျွေးမွေးနေရသည့် လူဦးရေကို အနီးစပ်ဆုံး အမှန်အတိုင်းသိရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသည်။

ကိန်းဂဏန်းများအရ များစွာ ရှုပ်ထွေးလှသည်။ ဥပမာအားဖြင့် ဇွန်လကုန်ပိုင်းတွင် UNHCR ၏ စာရင်းအရ စခန်းများအတွင်းရှိ ဒုက္ခသည် ၁၁၂၇၅၅ ဦး ရှိနေသော်လည်း TBBC အဖွဲ့၏ အိမ်ထောင်စုစာရင်းတွင်မူ ၁၃၄၄၀၁ ဦးဟု ပြသနေသည်။

ယခုအခါ စခန်းများအတွင်း၌ ရိက္ခာခွဲတမ်းစာအုပ် စနစ် စတင်ကျင့်သုံးနေပြီ ဖြစ်သည်။ မှတ်ပုံတင်ထားသည့် ဒုက္ခသည် များ အားလုံးအဖို့ မလုံလောက်သော်လည်း နေ့စဉ်ရိက္ခာ ခွဲတမ်းအတိုင်း ရရှိစေမည် ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ကမ္ဘာ တ၀န်း စီးပွားပျက်ကပ် ဖြစ်လာသည့်အခါ ရိက္ခာဖြတ်တောက်မှုများ ရှိလာသည်။ ယခင်ပေးနေကျ ဆပ်ပြာကိုပင် စာရင်းမှ ဖြတ်တောက်ခဲ့ကြရသည်။ 

ဤသို့သော အခြေအနေများ ရင်ဆိုင်နေကြရသည့်အလျှောက် စခန်းတွင်း နေထိုင်သူများအကြား စိတ်ဓာတ် အကြီးအကျယ် ကျဆင်းရမှုများလည်း ဖြစ်ပေါ်လာသည်။ အထူးသဖြင့် အိမ်တွင်းပြဿနာများကဲ့သို့သော မိသားစုတွင်း အကြမ်းဖက်မှုများ လည်း မြင့်တက်လာသည်။ မိမိကိုယ်မိမိ သတ်သေသည့်နှုန်းလည်း မြင့်လာခဲ့သည်။

ရောက်ရှိလာကြသည့် ဒုက္ခသည် အသစ်များက တခါတရံ အသက်အန္တရာယ်ရှိသည်ကိုပင် စွန့်စား၍ သူတို့နေရပ်ရင်း မြန်မာနိုင်ငံဘက်ခြမ်းတွင် ကျန်ရှိနေခဲ့သော ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာများ၊ တိရိစ္ဆာန်များကို ပြန်၍ ရှာဖွေရယူတတ်ကြသေး သည်။ 

ဤစိတ်ပျက်ဖွယ် အနေအထားသည် စခန်းများအတွင်းသို့ တဖြည်းဖြည်း ပျံ့နှံ့လာသကဲ့သို့ အလှူရှင် အဖွဲ့အစည်းများ အတွင်းသို့ပင် စိမ့်ဝင်လာခဲ့သည်။ "အလှူရှင်များ လက်ပန်းကျမှု" ဟူသည့် စကားပင် အသုံးများ လာခဲ့သည်။

ပြောင်းရွှေ့အခြေချရေး အစီအစဉ်မှ အောင်မြင်မှုများ အားရဖွယ် တွေ့မြင်နေကြရသော်လည်း မြန်မာဒုက္ခသည် ပြဿနာ နိဂုံးချုပ်သွားမည့်အရေး မမြင်ရသေးပါ။ တချို့အလှူရှင်များက အဖြေထုတ်နိုင်မည့် တခြားနည်းလမ်းများ ရှာကြံ လာကြသည်။

ဘန်ကောက်အခြေစိုက် ဥရောပသံတမန်တဦးက ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည် စခန်းများကို အကူအညီပေးနေ မည့်အစား မြန်မာနိုင်ငံအတွင်းရှိ စီမံချက်များသို့ ပိုတိုး၍ လူမှုရေး အကူအညီများ ပေးအပ်ရန် ဥရောပကော်မရှင် (EC) အတွင်း၌ စိတ်သန်နေကြသည်ဟု အတည်ပြု ပြောကြားသည်။

ထိုင်းအစိုးရသို့ ချဉ်းကပ်၍ ဒုက္ခသည်များကို အလုပ်အကိုင် ရှာဖွေရေးအတွက် အခွင့်အလမ်းများပေးရန်နှင့် ထိုင်းနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးစနစ်အတွင်း ပေါင်းစည်း၍ စောင့်ရှောက် ဆောင်ရွက်ပေးပါရန် တိုက်တွန်းစည်းရုံးမှုများလည်း ရှိနေသည်။ "ကိုယ်ထူကိုယ်ထ ရပ်တည်ရေး" ဟူသည့် စကားလည်း ရေပန်းစားလာသည်။

၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက စခန်းတွင်းရှိ ဒုက္ခသည်များ အပိုဝင်ငွေရရှိစေရေး အခွင့်အလမ်း များအတွက် အသက်မွေးဝမ်းကျောင်းမှု သင်တန်းများပေးရန် NGO များကို ခွင့်ပြုပေးသည့်အခါ လမ်းစအနည်းငယ် ပွင့်လင်းလာသလို မြင်တွေ့ကြရသည်။

သို့သော်လည်း ၎င်းနှစ်မှာပင် ထိုင်းနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုများ ဖြစ်လာသည့်အခါ တိုးတက်မှုများလည်း ရပ်ဆိုင်းလုမတတ် ဖြစ်ခဲ့ရသည်။ မဲလနှင့် ထမ်ဟင်း ဒုက္ခသည်စခန်းများတွင် စိုက်ပျိုးရေးစီမံကိန်းများကဲ့သို့သော အပိုဝင်ငွေ ရရှိစေရေး စီမံကိန်း အနည်းအကျဉ်းမျှကိုသာ စတင်ဆောင်ရွက်ရသေးချိန် ဖြစ်သည်။ ဤကာလတွင် ဒုက္ခသည်ကျောင်းသားအနည်းအကျဉ်းကို ထိုင်းတက္ကသိုလ်များသို့ တက်ရောက်ခွင့် ပေးလာခဲ့သည်။

ထိုင်းနိုင်ငံ၏ ဒီမိုကရက်တစ်ပါတီ ဦးဆောင်သည့် အစိုးရသစ်ကTBBCအဖွဲ့မှ တင်ပြထားသည့် အဆိုပြုချက်များကို
ပို၍ လက်ခံနားထောင်ပုံရသည်။ ယခုအခါတွင် TBBC အဖွဲ့နှင့် ထိုင်းအစိုးရ ဌာနများအကြား တွေ့ဆုံဆွေးနွေးနေမှုများမှ ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဟုလည်း စခန်းတွင်းတွင် မယုံရဲရဲ မျှော်လင့်ကြိုဆိုနေကြသည်။

ဒုက္ခသည်စခန်းများဆီသို့ ဇူလိုင်လက ထိုင်းနိုင်ငံအစိုးရ၏ တရားဝင်လာရောက် ကြည့်ရှုသည့် ခရီးစဉ်တွင် ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုက္ခသည်များအရေး ဗဟိုဌာန၊ နိုင်ငံခြားဆက်ဆံရေး ဌာနခွဲ၏ ညွှန်ကြားရေးမှူး Tassana Vichaithanapat က ထိုင်းအစိုးရအနေနှင့် ရေရှည်ကာလအတွက် အဖြေကို ကြိုးပမ်းရှာ ဖွေနေကြောင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် မြန်မာဒုက္ခသည်များကို ဆက်လက်ထောက်ပံ့ပေးကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။ 

TBBCအဖွဲ့၏ ခေါင်းဆောင် ဂျက် ဒန်းဖို့ဒ်၏ အမြင်တွင်မူ ရေရှည်ကာလအတွက် အဖြေဆိုသည်မှာ တခုသာ ရှိသည်။ မြန်မာအစိုးရကို ပြောင်းလဲရမည်ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ဖျားဒေသများကို စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများ အားလုံးကို အဆုံးသတ်မှသာ ဖြစ်နိုင်မည်ဟု မြင်ပါသည်။

“မြန်မာစစ်တပ်က အလုံးစုံ ချုပ်ကိုင်ချင်တယ်။ ဒီရည်ရွယ်ချက်အတွက် ဘယ်လောက်အချိန်ကြာကြာ သူတို့က ဂရုမစိုက်ဘူး။ ကျနော်တို့က အခုအချိန်မှာ သိပ်ပြီးတော့ကို အရေးကြီးတဲ့ အဆင့်ကို ရောက်နေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးကို ငြင်းဆန်နေကြတယ်။ ကျနော်တို့ နောက်ထပ် ဒုက္ခသည် ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ထွက်ပြေးလာတာမျိုး မြင်ကြရဖို့ အကြောင်းရှိနေပါ တယ်” ဟု ဂျက် ဒန်းဖို့ဒ်က ပြောသည်။

ရဲနည် ရေးသားသည့် Homesick ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (3)Add Comment
0
don't worry guys
written by Zokhup, January 03, 2010

Countless refugees are coming. The donors and neighbors care it or not, its the reality. If neighboring countries don't like refugees, they should not support facist SPDC with arms and other assistances. If Thai, India and China din't support , the people of Burma can finished SPDC within 5 years. Its not too late yet, policy makers of those 3 countries consider this.

In 1988 SLORC/SPDC was very weak and almost colasp, vitory was closed. But these 3 neighbours gave oxygen to facist SPDC.

0
Refugee suffering!
written by Aung(Maela camp), December 10, 2009
I am ready waiting to back my home town ( 18 )years.I enter to camp from Bangkok since 2004 and now (5) years.Of course I have no hope to back my country and more worth to stay and work in Bangkok legally.Actually I try to enter maela camp since 2000 but during this time maela camp also only easy for Karem tribe.During 2009 I got marriage and face with many difficult situation.Eventually I send my wife to USA ahead for our future life.Now our life is more face with suffering! I don't know when I can see again my wife(Because no news for after 2004 Oct: all refugee no PABs or ect:....).This situation is not only me.Somebody is waiting husband,somebody is waiting wife,somebody waiting child.Many refugee family also together in camp( I means husband was ready UN no but wife is no nothing).How difficult feel our life? No way to back home and when see again each others?
0
Lay Sarr Par Te
written by Myanmar Pyi Thar, November 30, 2009

Please educate Myanmars to become more mature, open mind and hard working rather than taking the easy life
The world is become smaller and boundaries are fast diminishing (due to globalisation)
The peoples in Myanmar (Rural area) are more prone to Junta's propaganda as there will be more Junta sponsored FM channels.
Please think of the way to reach our poor citizens (when I saw Pa O children at Htam Sam Cave, I pity them) and expose them to the world rather than concentrate on single issue

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်