#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၂၁၀)
ရန်ကုန်သားတာတေ | ဧပြီ ၃၀၊ ၂၀၀၈

ကြွက်စုတ်တယောက် ၀မ်းပျက်ဝမ်းလျောဖြစ်ကာ ချင်းမိုင်ရှိ စွန်ထောက်ဆေးရုံကြီးတွင် တင်ထားရသည်။ ယမန်နေ့ည တညတည်း ၀မ်းသွားသည်မှာ ၁၅ ကြိမ် ဖြစ်သည်။ ယနေ့နံနက်တော့ ဆေးစွမ်းကောင်းများကြောင့် အနည်းငယ် ထူထူ ထောင်ထောင် ဖြစ်လာသည်။ နှလုံးခုန်နှုန်း ပုံမှန်ပြန်ဖြစ်လာပြီ။

တညလုံး အားကုန်အောင်ပန်းခဲ့ရသဖြင့် ဖြူဖတ်ဖြူရော်ဖြစ်နေသည့် မစ္စတာ ကြွက်စုတ် အိပ်ရာက နိုးရာ၏။ မျက်စိကို တဖြည်းဖြည်းဖွင့်လိုက်ချိန်၌ လူနာခုတင်ဘေးတွင် ဟန်မလုပ်သည့်အပူရုပ်ဖြင့် စောင့်ကြည့်နေသည့် မိတ်ဆွေ ၂ ဦးကို ဦးစွာပထမ တွေ့လိုက်ရသည်။

ရုက္ခစိုး။     ။ မောင်ကြွက်စုတ် … သတိရပြီလား။

ဖိုးရှုပ်။     ။ သူငယ်ချင်း … သက်သာရဲ့လား။

ကြွက်စုတ်က လေသံပျော့ပျော့ဖြင့် …

ကြွက်စုတ်။     ။ အင်း … သက်သာပါတယ်။ ညကတော့ ကိုယ့်ကိုယ်ကိုယ် သေမလားတောင်ထင်မိတယ်။

ရုက္ခစိုး။     ။ အဲဒါပြောတာပေါ့ မောင်ကြွက်စုတ်ရဲ့ အသွားမတော်တလှမ်း၊ အစားမတော် တလုပ်တဲ့ကွ … အခန့်မသင့်ရင် အသက်ပါသွားနိုင်တယ်။ ကံကောင်းလို့ပေါ့ကွာ။

ဖိုးရှုပ်။     ။ အေးဗျာ … ဆူဝက်ဆိုတဲ့ကောင်က မင်းကိုဘာတွေများချက်ကျွေးလိုက်လို့ ဒီလောက်တောင် ၀မ်းတွေ သွားရတာလဲ။

ကြွက်စုတ်က မဖြေ … မျက်နှာငယ်ကလေးဖြင့်သာ ဖိုးရှုပ်ကိုတလှည့် ဦးရုက္ခစိုးကိုတလှည့် ကြည့်နေလေသည်။ အကြောင်း စုံမှာ ကြွက်စုတ်အား ဘန်ကောက်ရှိ သူ၏မိတ်ဆွေ ဆူဝက်က ကိုယ်တိုင်ချက်သည့်ထမင်း ဖိတ်ကျွေးရာက ဆေးရုံပို့ရသည် အထိရောဂါရလာခြင်းဖြစ်သည်။

ရုက္ခစိုး။     ။ ဆူဝက်က သူ့ကိုယ်သူ အချက်အပြုတ် သိပ်ကောင်းတယ်ထင်နေတာ။ သူတို့တအိမ်သားလုံး သွားလေရာ ၀မ်းနုတ်ဆေး ဆောင်ထားရတာကွ။ မင်းကို ထမင်းဝိုင်းမှာ ဘာတွေပြောသေးလဲ။

ကြွက်စုတ်။     ။ ဘာမှတော့ ဟုတ်တိပတ်တိ မပြောဖြစ်ပါဘူးဗျာ။ ဦးရုက္ခစိုး ပြောသလိုပါပဲ … သူက အချက်အပြုတ်ကို အရမ်းဝါသနာပါကြောင်း၊ ဟင်းချက်တော်လွန်းလို့ ဆော်ကြည်တဲ့အကြောင်း၊ အခုအလုပ်က အာမခံချက်မရှိလို့ မြန်မာ နိုင်ငံမှာစားသောက်ဆိုင် ဖွင့်ချင်တဲ့အကြောင်းတွေပေါ့ဗျာ … သူလဲပြောချိန်သိပ်မရလိုက်သလို ကျနော်ကလဲ နားထောင်ချိန် သိပ်မရလိုက်ပါဘူး။ အိမ်သာကို ပြေးရတာပါပဲ။

ထိုစဉ် နတ်စ်မလေးက ကြွက်စုတ်အား ၀မ်းပိတ်ဆေးများ ထပ်၍ လာတိုက်ပြန်၏။

ရုက္ခစိုး။     ။ မောင်ကြွက်စုတ်ရေ ကျန်းမာအောင်မြန်မြန်လုပ် … အားမွေးထားကွ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်ကို ရောက်နေပြီ။

ကြွက်စုတ်က အံ့သြသည့်ဟန်ဖြင့် …

ကြွက်စုတ်။     ။ ဘယ်လိုဖြစ်ပြန်တာလဲဗျ … ညတွင်းချင်း တိုင်းပြည်မှာ ဘာတွေအရေးပေါ်ပြန်တာလဲ။

ရုက္ခစိုး။     ။ ညတွင်းချင်း အရေးပေါ်တာတော့ မဟုတ်ပါဘူး … စစ်တပ်က သူတို့ဖွဲ့စည်းပုံအနိုင်ရရေးအတွက် နည်းမျိုးစုံနဲ့ ကလိမ်ကျနေတာ တဖြည်းဖြည်းအရှိန်မြှင့်လာပြီကွ။

ဖိုးရှုပ်။     ။ ဟုတ်တယ်ကွ … အခုတောင် ဆန္ဒခံယူပွဲ ထောက်ခံစာတွေကို ဂျာနယ်တွေရဲ့နောက်ကျောမှာ ကာလာနဲ့ ထည့်ခိုင်းနေပြီကွ။ စိစစ်ရေးကိုပိုင်သူတွေကတဲ့ ဂျာနယ်ရဲ့အတွင်းစာမျက်နှာမှာပဲ ထည့်ကြတယ်လေ။

ကြွက်စုတ်။     ။ ကျနော်လည်း ပြီးခဲ့တဲ့ရက်တွေက ထမင်းစားပွဲသွားမယ့်ကိစ္စနဲ့ အလုပ်ရှုပ်နေလို့ မပြောဖြစ်တာ … ရန်ကုန်က ရပ်ကွက်အာဏာပိုင်တွေက ဘောလုံးဒိုင်၊ ချဲဒိုင်တွေကို ခေါ်ပြောတယ်တဲ့ …

စကားပြောရသဖြင့် အနည်းငယ်မောသွားသောကြောင့် ကြွက်စုတ်က ခဏနားကာ …

ကြွက်စုတ်။     ။ အဲဒီဒိုင်တွေမှာ လာလောင်းတဲ့၊ ချဲထိုးတဲ့လူတွေကို ထောက်ခံမဲထည့်ဖို့ စည်းရုံးပေးရင် မဖမ်းဘူးလို့ ခေါ်ပြောတာတဲ့။

ရုက္ခစိုး။     ။ အရင်တုန်းကလည်း မဖမ်းပါဘူးကွာ … ဆက်ကြေးပုံမှန်ရနေရင်ပေါ့လေ …

ဖိုးရှုပ်။     ။ ဟိုပျက်လုံးထဲကလိုပေါ့ဗျာ … ငရဲသားကြီး၊ အဲအဲ … ရဲသားကြီး ကိုလှရွှေ လက်ဖက်ရည်ဆိုင်မှာ ချဲတွက်နေ ဆိုတာလေ။

ရုက္ခစိုး။     ။ ဒီမိုကရေစီသဘောတရားအရ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကွဲလွဲကြတာကို မပြောလိုပါဘူးကွာ။ အခုဖြစ်နေ တာက ဓားမိုးပြီး ထောက်ခံခိုင်းနေတာ။

ဖိုးရှုပ်။     ။ တချို့တွေကတော့ ဓားမိုးစရာမလိုပါဘူးဗျာ၊ သူတို့ကိုယ်တိုင်က ထောက်ခံနေကြတာ … အဲ ယုံကြည်လို့တော့ မဟုတ်ဘူး။ အကျိုးလိုလို့ညောင်ရေသွန်းကြတာ။ အဆင်သင့်တဲ့အခါ အသင့်ခင်းကြဖို့ အခုကတည်းက ဖျာရက်နေကြတာဗျ။

ကြွက်စုတ်။     ။ သတ်ဖို့စ်တွေကို ပြောတာလား။

ဖိုးရှုပ်။     ။ အဲဒိ သတ်ဖို့ စုထားတဲ့ အုပ်စုလဲ ဖျာရက်တဲ့အထဲ ပါတာပေါ့ကွာ။

ကြွက်စုတ်။     ။ အင်း … အခုမှပဲ တိုင်းပြည်ကို ချောက်ထဲ တကယ်မရောက်ရောက်အောင် ၀ိုင်းတွန်းနေကြတာပါလား။

ရုက္ခစိုး။     ။ ပြည်တွင်းက ကျောင်းသားတွေကတော့ မေ ၁၀ မှာ စစ်တပ်ကဘယ်လိုမဲလိမ်ပြီး ကလိမ်ကျမယ် ဆိုတာကို စောင့်ကြည့်ဖို့ စိုင်းပြင်းနေကြပြီဟေ့။

ဖိုးရှုပ်။     ။ စစ်တပ်ကလည်း အဲဒီနေ့ကြရင် ပထမဆုံးမဲထည့်မယ့် ၅ ယောက်နဲ့ မဲရေရင်စောင့်ကြည့်မယ့် ၁၀ ယောက်ကို ရွေးထားပြီးသားပါဗျ … ဟဲဟဲ။

ကြွက်စုတ်။     ။ လွတ်လပ်တဲ့အဖွဲ့တွေ၊ လွတ်လပ်တဲ့သတင်းဌာနတွေကို စောင့်ကြည့်လေ့လာခွင့်မပေးတာတော့ အတော့်ကို တရားလွန်တယ်ဗျာ။

ဖိုးရှုပ်။     ။ ကြွက်စုတ်ကလည်းကွာ … ဒါလေးတောင် သဘောမပေါက်ပါလား။ စစ်တပ်က လျှို့ဝှက်မဲပေးစနစ်လို့ ကြေညာ ထားမှတော့ အရာအားလုံးကို လျှို့ဝှက်ဖို့လိုလာပြီလေ။ အားလုံးကိုလျှို့ဝှက်ထားနိုင်မှ တန်ရာကျမှာ မဟုတ်လား။ အဲဒါကြောင့် စောင့်ကြည့်လေ့လာခွင့်တွေကို ပိတ်ထားတာပါ၊ အထင်မလွဲလိုက်ပါနဲ့။

ရုက္ခစိုး။     ။ တော်ပါပေ့ အလွန့်ကို တော်ပါပေ့။ ကဲကဲ … စကားပြောလို့တော့ကောင်းပါရဲ့၊ အပွိုင့်မင့် တခုရှိလို့ သွားရဦးမယ်။

ကြွက်စုတ်။     ။ အသွားမတော် တလှမ်းနော် ဦးရုက္ခစိုး။ ထမင်းစားဖိတ်ထားတယ်ဆိုရင်တော့ ပိုပြီးသတိထား။

ရုက္ခစိုး။     ။ ကိစ္စရှိလို့ သွားတာကွ … မင်းလိုငတ်ကြီးကျပြီးသွားတာမဟုတ်ဘူး။ နောက်တခါ ဒါမျိုးထပ်ဖြစ်လို့ကတော့ အသက်တောင်မီမှာမဟုတ်ဘူး။

ဦးရုက္ခစိုးက အထက်ပါအတိုင်းနိမိတ်ဖတ်ကာ စွန်ထောက်ဆေးရုံကြီးမှ ကိုယ်ရောင်ဖျောက်သွားလေတော့သည်။ [Top]
 
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.