#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

စာအုပ်စင်ကဏ္ဍ
အတွင်းပဋိပက္ခများ

ဘာတီးလ် လစ်တနာ

လူမျိုးစုအကွဲအပြဲများက အရှေ့တောင်အာရှနိုင်ငံများအတွင်း ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်စေ၏။

`အရှေ့တောင်အာရှအတွင်းလူမျိုးစု
ပဋိပက္ခများ (Ethinic Conflicts in South-
east Asia ) ကူစူမာစနစ်ဝန်ဆေ ( Kusuma
Snitwongse) နှင့် ဒဗလျူစကော့တ်
သော်မဆင် (W Scott Thomson)တို့
တည်းဖြတ်သည်။ လုံခြုံရေးနှင့် နိုင်ငံတကာ
လေ့လာရေးဌာန(ဘန်ကောက်)နှင့်
အရှေ့တောင်အာရှ လေ့လာရေးဌာန
(စင်္ကာပူ) ၂၀၀၆။ စာမျက်နှာ - ၁၇၃

ဤစာအုပ်သည် အာရှရှိ လူမျိုးစုပဋိပက္ခများနှင့်ပတ်သက်၍ မိမိတို့ တိုင်းပြည် များအကြောင်း မိမိတို့ ရေးသားထားသည့် စာရေးဆရာများ၏ ပထမဆုံးစာအုပ် ဖြစ်ပါလိမ့်မည်။

ဂျာကာတာမြို့ရှိ မဟာဗျူဟာမြောက် နိုင်ငံတကာလေ့ လာရေးဌာနမှ ရီဇာစူကမာ (Rizal Sukma)က အင်ဒိုနီးရှား၏ လူမျိုးစု ပဋိပက္ခများနောက် ကွယ်မှ အကြောင်းတရားများကို လေ့လာသုံးသပ်ထား၏။

ဖိလစ်ပိုင်တက္ကသိုလ်မှ ပါမောက္ခ မီရီယန်ကို ရိုနယ်ဖာရာ (Miriam Coronel Ferrer) က ဖိလစ်ပိုင်တောင်ပိုင်းရှိ မူဆလင်ပြဿနာများနှင့် လူဇွန် မြောက်ပိုင်းကျွန်းပေါ်ရှိ ကော်ဒီလာရာ လူမျိုးများအကြား ပုန်ကန်ထကြွမှုနှင့် လှုပ်ရှားမှုများကို လေ့လာစစ်ဆေးထားသည်။

ချင်းမိုင်တက္ကသိုလ်မှ ချာယန်ဗဒ္ဒနာဖုတ္တိ (Chayan Vaddhanaphutti)က ထိုင်းလူ့အဖွဲ့အစည်း၏ လူမျိုးပေါင်းစုံသဘာဝနှင့် မြောက်ပိုင်း တောင်တန်း များရှိ တောင်ပေါ်သားမျိုးနွယ်စုများမှအပ အမျိုးမျိုးသော လူမျိုးရေးအစု အဖွဲ့များက လွတ်လပ်သော အမျိုးသားနိုင်ငံတစ်ခုအဖြစ် ပေါင်းစည်းဖြစ်ပေါ် လာပုံကို ရှင်းလင်းဖော်ပြထားသည်။

ကွာလာလမ်ပူမြို့ရှိ HELP တက္ကသိုလ်ကောလိပ်မှ ဇာကာရီယာ ဟာဂျီအာမက် (Zakaria Haji  Ahmad) နှင့် စင်္ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ စူဇင်နာကာဒီယာ(Suzaina Kadir) တို့က မလေးရှားရှိ အလွန်နက်နဲ သိမ်မွေ့သော လူမျိုးစုနှင့် အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာများကို ကိုင်တွယ်ဆွေးနွေးထား၏။

စင်္ကာပူရှိ အရှေ့တောင်အာရှလေ့လာရေးအဖွဲ့မှ မြန်မာလူမျိုး ၀ါရင့်ပညာရှင် တင်မောင်မောင်သန်းက နိုင်ငံတော် ထူထောင်ခြင်းနှင့် မြန်မာပြည်ရှိ လူမျိုးစုပဋိပက္ခများအကြောင်း လေ့လာထားသည်။

စူကမာ၏ ဆောင်းပါးသည် အင်ဒိုနီးရှားလူ့အဖွဲ့အစည်းအတွင်း `အလျားလိုက် ပဋိပက္ခများ´နှင့် နိုင်ငံတော်နှင့် ဒေသတွင်း လူမျိုးရေးအစုအဖွဲ့များ၏ `ဒေါင်လိုက်ပဋိပက္ခများ´ကို အကောင်းဆုံး ခြုံငုံသုံးသပ်ချက်တခုအဖြစ် သိသာထင်ရှားပါသည်။ ပထမ ပဋိပက္ခအမျိုးအစားသည် ကာလကြာမြင့်ပြီဖြစ်ပြီး အငြင်းပွားဖွယ် အစိုးရမူဝါဒတစ်ရပ်ဖြစ်သော `ကျွန်းပြောင်း ဖြတ်ကျော် အခြေချမှု´ (ဥပမာ - လူဦးရေထူထပ်သော ကျွန်းများဖြစ်သည့် ဂျာဗားနှင့် မဒူရာကျွန်းများမှ ကာလီမန်တန်နှင့် အနောက်ပါပူဝါကျွန်းများကဲ့သို့ လူဦးရေ ပိုမိုနည်းပါးသည့် ကျွန်းများထံသို့ ပြောင်းရွှေ့နေထိုင်ရန် အစိုးရက ပြည်သူတို့ကို တိုက်တွန်းအားပေးသောအချိန်တွင်) ကြောင့် ဖြစ်ပွားရပြီး ဤဒေသများရှိ ဒေသခံ လူမျိုးစုများကို ခွဲခြားနှိမ့်ချ၍ ဘေးဖယ်ခံရခြင်းနှင့် ထိုရွှေ့ပြောင်းလာသူများနှင့် ဒေသခံများအကြားတွင် ရပ်ရွာတွင်း ပဋိပက္ခပြဿနာများ ဖြစ်ပေါ်စေပါသည်။

`ဒေါင်လိုက်ပဋိပက္ခများ´မှာ တမူထူးခြားစွာ အာချေးနှင့် အနောက်ပါပူဝါကျွန်းစုများတွင် အင်ဒိုနီးရှား နိုင်ငံတော်မှ ခွဲထွက် လိုသော သီးခြားလွတ်လပ်ရေးကြိုးပမ်းမှု လှုပ်ရှားမှုများအဖြစ် တည်ရှိပါသည်။ ဤသို့ အန္တရာယ်ရှိသော ပြဿနာများကို အင်ဒိုနီးရှား၏ ဒီမိုကရေစီခေါင်းဆောင်သစ်များက ကျေနပ်ဖွယ်ရာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိသောကြောင့် အင်ဒိုနီးရှား အခြေအနေသည် နောက်ထပ်အာဏာရှင်စနစ်တမျိုး ပြန်လည်ပေါ်ပေါက်ရန် အခွင့်အရေးနှင့် `ရေခံမြေခံကောင်း´တရပ် ဖန်တီးပေးနေကြောင်း စာရေးသူက စိုးရိမ်လျက်ရှိသည်။

ဖိလစ်ပိုင်နှင့် မလေးရှားဆိုင်ရာ အခန်းကဏ္ဍများမှာလည်း ထိုနည်းတူစွာ ရှင်းလင်းမြင်သာပါသည်။ မလေးရှားတွင် အစ္စလာမ်ဘာသာသည် မလေးလူမျိုးအများစု၏ ဘာသာရေးဖြစ်ပြီး တဖြည်းဖြည်းနှင့် နိုင်ငံရေးအရ ထည့်သွင်းစဉ်းစားရမည့် အချက်တခု ဖြစ်လာပါသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ခရစ်ယာန်-မူစလင် မျဉ်းကြောင်းတလျှောက် မည်သည့်အခါမှ ပြီးဆုံး လိမ့်မည်မဟုတ်သော လူမျိုးရေးတင်းမာမှု၏ အဖြေတခုအနေဖြင့် တရုတ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအောက်တွင် ယခင် ဗြိတိသျှကိုလိုနီဖြစ်သော ဟောင်ကောင်ကျွန်း၏ အဆင့်အတန်းမျိုးနှင့် ဆင်တူသော `နိုင်ငံတနိုင်ငံ စနစ်နှစ်မျိုး ပုံစံ´ကို လက်ခံသုံးစွဲကြည့်ရန် `ဖာရာ´က အကြံပြုထားပါသည်။

လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံရှိသော အတိတ်ကာလမှစ၍ ထိုင်းအမျိုးသားနိုင်ငံတော် ပေါ်ပေါက်လာခြင်းအပေါ် `ချာယန်´၏ သုံးသပ်လေ့လာချက်သည် အလွန်ကောင်းမွန်ပါသည်။ သို့သော် မြောက်ပိုင်းတောင်ပေါ်သား မျိုးနွယ်စု များသည်သာ `ထိုင်းအမျိုးသားနိုင်ငံတော်၏ ပြင်ပရောက်နေသူများ´ မဟုတ်ပါဟု ပြောရမည်ဖြစ်သည်။ တောင်ပိုင်းရှိ မလေး မူဆလင်များသည်လည်း (တောင်ပေါ်သားလူမျိုးစု အများစုကဲ့သို့မဟုတ်ဘဲ ထိုင်းနိုင်ငံသားများဖြစ်ကြစေကာမူ) ထိုနည်းတူပင် ခံစားကြရပါသည်။ ၎င်းတို့၏ ထင်ရှားသော ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးတို့သည် ထိုင်း ယဉ်ကျေးမှု အဓိကစီးကြောင်း၏ ပြင်ပသို့ ရောက်ရှိစေပြီး ယခုလက်ရှိ တောင်ပိုင်းအကြမ်းဖက်မှုများက သက်သေပြနေ သကဲ့သို့ အများစုသည် ထိုင်းလူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းဝင်ရောက်ရန် စိတ်ပင်ကူးကြပုံမရချေ။

တင်မောင်မောင်သန်း၏ တင်ပြချက်သည် သမားရိုးကျ မြန်မာလူမျိုးပညာရှင်များ ဖော်ပြနေကျထက် ပိုမို၍ သိမ်မွေ့နက်နဲ သော ချဉ်းကပ်မှုဖြင့် သူ့တိုင်းပြည်၏ ကြီးမားလှသော လူမျိုးစုပဋိပက္ခများကို ရောင်ပြန် ထင်ဟပ်လျက်ရှိသည်။ မြန်မာပြည် ၏ သမိုင်းဆရာများနှင့်မတူဘဲ သွေးခွဲအုပ်ချုပ်ရေးမူဝါဒကို ချမှတ် ကျင့်သုံးခြင်းဖြင့် ပြဿနာများကို ဖန်တီးခဲ့သော ဗြိတိသျှ လူမျိုးများအား သူက အပြစ်မတင်ပါ။ ဗမာလူမျိုးများ၏ ဗိုလ်ကျစိုးမိုးမှုကြောင့် လူနည်းစု လူမျိုးငယ်များနှင့် ဗမာလူမျိုးများ အကြား ရန်ငြိုးရန်စများ ရှေးကတည်းက ရှိနှင့်ပြီးဖြစ်ကြောင်း သူက၀န်ခံသည်။ တိုင်းပြည်၏ အာဏာအစစ်အမှန်ကို တပြည်ထောင်စနစ် ပုံစံဖြင့် မိမိတို့လက်ထဲတွင် ထိန်းသိမ်းထားရှိရန် တဘက်က ကြိုးပမ်းလျက်ရှိပြီး အစစ်အမှန်မဟုတ် သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်တချို့ ခွင့်ပြုပေးအပ်၍ တောင်တန်းဒေသများရှိ တိုင်းရင်းသားလူမျိုးများကို စည်းလုံးညီညွတ် အောင် ကြိုးပမ်းလျက်ရှိသော လက်ရှိအစိုးရ၏ အဓိပ္ပာယ် ကင်းမဲ့သော လုပ်ရပ်များကိုလည်း ထောက်ပြထားပါသည်။

သို့သော်လည်း သူ၏ အဆုံးသတ်မှတ်ချက်မှာမူ အငြင်းပွားဖွယ်ရာ ဖြစ်နေပါသည်။ `မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင် အဓိပ္ပာယ်ရှိ၍ ရေရှည်တည်တံ့မည့် ဒီမိုကရေစီစနစ်တရပ်ကို မဖော်ဆောင်မီ အာဏာရအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အတိုက်အခံ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသားလူမျိုးစုများ (အပစ်အခတ်ရပ်စဲရေးအဖွဲ့များ၊ သူပုန်များ၊ ပြည်ပြေးအဖွဲ့များ) ရင်ဆိုင်ကြုံတွေ့နေရသော တိုင်းရင်းသား လူမျိုးစု ဆက်ဆံရေးပြဿနာကို ဦးစွာပထမ ဖြေရှင်းကြရမည်ဖြစ်သည်´။ အခြားလေ့လာဆန်းစစ်သူများကမူ ဤအချက်ကို ပြောင်းပြန်ယူဆကြပါသည်။ ဒီမိုကရေစီ ကျင့်ထုံးများမရှိဘဲ အဓိပ္ပာယ်ရှိသော အမျိုးသားရေးနှင့် လူမျိုးရေး ပြန်လည်သင့်မြတ်မှုမှာ မဖြစ်နိုင်ဟူ၍ ဖြစ်သည်။ ဒီမိုကရေစီသည် ရည်ရွယ်ချက် ပန်းတိုင်မဟုတ်ဘဲ တိုင်းပြည်တခုတွင်း ပြဿနာများများကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတခုသာဖြစ်သည်ဟု ဆိုကြသည်။

၁၉၈၀ ခုနှစ်များနောက်ပိုင်း စစ်အေးတိုက်ပွဲ ပြီးဆုံးကာစအချိန်တွင် ရော်နယ်ရေဂင် ဟောကိန်းထုတ်ခဲ့သည့် `ကမ္ဘာ့စနစ် သစ်´ (နိုင်ငံတကာ အသိုင်းအ၀ိုင်းတစ်ခုလုံး ငြိမ်းချမ်းမှုရရှိ၍ လူမှုရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုသည် စံနှုန်းတခုဖြစ် လာသော) သည် ဤစာအုပ်၏ ထင်ရှားသော ရေးသားဖော်ပြချက်များအရ အကောင်အထည် မဖော်နိုင်တော့ပြီ ဖြစ်သည်။

၎င်းစနစ်အစား ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်ကြီးစိုးနေဆဲဖြစ်သော လူမျိုးရေးပဋိပက္ခများသည် ယူဂိုဆလားဗီးယား ကဲ့သို့သော နိုင်ငံများတွင် ပြန်လည်ပေါ်ပေါက်လာပြီ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှသည်လည်း ကမ္ဘာပေါ်တွင် လူမျိုးရေးအရ အန္တရာယ်အရှိဆုံး ဒေသများအနက် တခုအပါအ၀င် ဖြစ်လာပါသည်။ သို့သော်လည်း အားတက်ဖွယ် ကောင်းသည်မှာ ထိုဒေသမှ ပညာရှင် များသည် ၎င်းတို့၏ တိုင်းပြည်များ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို ပိုမိုနီးကပ်စွာ လေ့လာ သုံးသပ်လာကြပြီ ဖြစ်သည်။     ။

(၂၀၀၆ ခုနှစ် ဧပြီလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Bertil Lintner ၏ The Divisions Within ကို ဆီလျော်အောင် ဘာသာပြန်ပါသည်) [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.