#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဘ၀ရုပ်ပုံလွှာ

 
[ဘဝရုပ်ပုံလွှာကဏ္ဍတွင် ဆရာကြီးဦးတင်မိုးက သူ့ဘဝတလျောက်တွေ့ကြုံသိကျွမ်းခဲ့ရသည့် လူပုဂ္ဂိုလ်များအကြောင်းကို ရေးသားတင်ပြ ပါမည်။ အားကျဖွယ် လေးစားဖွယ် အတုယူဖွယ် သင်ခန်းစာယူဖွယ်ကောင်းသော လူပုဂ္ဂိုလ်များအကြောင်းကို ဖတ်ရှုရင်း သမိုင်းနောက်ခံ ကားချပ်များကိုလည်း တစေ့တစောင်း သိနိုင်မည်ဖြစ်ရာ စာဖတ်သူများအတွက် အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း]
 

ဘ၀ရုပ်ပုံလွှာ (၁)
ဦးဘကောင်း သို့မဟုတ် စံပြုထိုက်သည့် ကျောင်းသားခေါင်းဆောင်တဦး

တင်မိုး

ကျောင်းသားခေါင်းဆောင်ထဲက စံပြုထိုက်တဲ့ ခေါင်းဆောင်တွေကို တသက်တာမှာ မေ့မရနိုင်ပါဘူး။ ပထမဦးဆုံး ဦးဘကောင်းဆိုတဲ့ ကျောင်းသားခေါင်းဆောင်အကြောင်း ပြောပြချင်တယ်။

ဦးဘကောင်းဟာ ဇာတိအားဖြင့် ရွှေဘို ရှိမ္မကားရွာသားပါ။ သူ့အကို ဦးဘသောင်းဟာလည်း ထင်ရှားတဲ့ သတင်းစာဆရာ တဦး ဖြစ်ပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာက အယ်ဒီတာမောင်လှိုင်ဝင်းလို့ ကလောင်အမည်ခံတဲ့ ပုဂ္ဂိုလ်ပါ။ ဒီ့အရင်က မန္တလေး ပြည်ညွန့် မဂ္ဂဇင်းအယ်ဒီတာ ဦးဘသောင်းတဲ့။ နောက်တော့ ဗမာကွန်မြူနစ်ပါတီနဲ့ အတူ တောခိုသူပုန်။ မန္တလေးသူရိယ ဦးသန်းမောင်တို့နဲ့ တချိန်တည်း တောခိုကြတဲ့ သူတွေ ပေါ့လေ။ နောက်တော့ လက်နက်ချအလင်းဝင် လာပြီး မန္တလေးတိုင်းချစ်ကျောင်းမှာ ပထ၀ီဆရာအဖြစ် စာသင်ရင်း `ရှုတိုင်းအောင်ပထ၀ီ´စတဲ့ ကျောင်းသုံးပထ၀ီစာအုပ် တွေ ရေးခဲ့တယ်။

အဲ …ရေးချင်တာက ဦးဘကောင်းအကြောင်းပါ။ ဦးဘကောင်းဟာ ၁၉၄၆ ခုနှစ် ကတည်းက ရန်ကုန်တက္ကသိုလ် ရောက်လာပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ စကားနည်းတယ်။ အေးဆေးတယ်။ ဆေးလိပ်မသောက် ကွမ်းမစား။ အရက်သေစာဆိုလို့ ဝေလာဝေး။ သူ့အကျင့်က ဘောလုံးပွဲ မကြည့်ရမနေနိုင်။ ဘောလုံး
ဝါသနာအိုး။ အောင်ဆန်းကွင်းမှာ ကစားတဲ့ပွဲမှန်သမျှ ကောင်းကောင်းဆိုးဆိုး မလွတ်တမ်းကြည့်လေ့ရှိတယ်။ ကျောင်းသား လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့အတွက် ထောင်အကြိမ်ကြိမ် ကျရသူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ထင်ပေါ်ကျော်ကြား သလောက် အနေအထိုင်ရိုးတယ်။ သိုသိပ်တယ်။ ကျစ်လစ်တယ်။ စည်းကမ်းရှိတယ်။ ကျောင်းသားငယ် ကလေးတွေကို အကိုကြီးသဖွယ် စောင့်ရှောက်တယ်။ ဘော်ဒါဆောင်မှာ အတူနေရင် သူက ဈေးလိုက်၊ ဈေးဝယ်၊ ထမင်းဟင်းချက် စတဲ့ ဝေယျာဝစ္စတွေကို သူပဲ ဒိုင်ခံလုပ်တယ်။

သူ့အမူအရာဟာ ငါသိ၊ ငါတတ်၊ ငါတော်ဆိုတဲ့ အတ္တမာန ကင်းစင်တယ်။ စကားပြောရင်လဲ ညင်သာပျော့ပျောင်းတယ်။ ဒေါင်ဒေါင်မည် မှတ်ကျောက်တင်ခံ နိုင်ငံရေးသမားမှန်း သိပေမယ့် ဘယ်တော့မှ ခေါင်းဆောင်ဟန်မပြ။ ရိုးရိုးနေ ရိုးရိုးကျင့်တဲ့ မြင့်မြတ်တဲ့စိတ် ရှိသူဖြစ်တယ်။

သူ့စကားဆိုရင် ကျောင်းသားတိုင်းက လေးစားကြတယ်။ မျက်နှာပြုံးချိုသလောက် ယုံကြည်ချက် ခိုင်မာပြတ်သားတယ်။ သူ့အမြင်က ကြည်လင်တယ်။ တွေဝေမှုမရှိ။ ယိမ်းယိုင်မှုမရှိ။ ဖောက်လွဲဖောက်ပြန် အမူအယာမျိုး ကင်းစင်တယ်။ တည်ကြည်ရဲရင့်တဲ့ အမူအရာမျိုးရှိတယ်။

ပြီးတော့ ကျောင်းသားသမဂ္ဂတာဝန်၊ ကျောင်းသားတာဝန်ကျေတယ်။ အလကားနေရင်း ကျောင်းမတက် စာမဖတ်ဘဲ အချောင်ခိုနေလိုစိတ် မရှိ။ ဒါကြောင့် စာမေးပွဲ မှန်မှန်ဖြေ တယ်။ ကျောင်းသားတာဝန်တွေ ပိနေလွန်းရင်သာ မဖြေဘဲ နေချင်နေမယ်။

ဒါကြောင့် ဘီအေခေါ် ၀ိဇ္ဇာဘွဲ့လဲရပြီး ထပ်မံပြီး ဥပဒေ ၀ိဇ္ဇာဘွဲ့အတွက် စာဖတ် စာရေး လေ့ကျင့်ပြန်တယ်။ စာမေးပွဲတွေ လဲအောင်၊ သမဂ္ဂတာဝန်တွေလဲပြီးစီး၊ လူပျိုကြီးဘ၀နဲ့ ပျော်တာတွေ့ရတယ်။ ဦးဘကောင်းဟာ ရန်ကုန်တက္ကသိုလ်ရဲ့ တ-က-သမှာ အမြဲရှိတယ်။ ရှေ့တန်းက မနေ။ နောက်တန်းက တာဝန်သိသိ၊ သမာဓိရှိရှိနဲ့ အလုပ်လုပ်တယ်။

ငယ်သားတွေကို အလွန်ညှာတာလေ့ရှိတယ်။ ရဲဘော်တွေဆိုရင် ကိုကြီးဘကောင်းကို နိုင်ငံရေးကိစ္စသာမက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ တိုင်ပင်လေ့ရှိတယ်။ အလွန်ယုံကြည်ထိုက်တဲ့ ရဲဘော်ကောင်းကြီးပါ။

၁၉၆၂၊ ၇ ရက် ဇူလိုင်ရောက်တော့မှ ကိုကြီးဘကောင်းဟာ တ-က-သက ကြေကွဲစွာ ခွာခဲ့ရသူဖြစ်ပါတယ်။

ပညာရေးဌာန ကျောင်းသုံးစာအုပ်ကော်မတီမှာ အမှုထမ်းပြီးနောက် အသက် (၈၂) နှစ်မှာ ကွယ်လွန်သွားရှာပါတယ်။ သူ့အသက်ကို မည်သူမျှ တိတိကျကျမသိ။ အသက် ၅၀ ကျော်မှ ဇနီးဒေါ်သိန်းရှင်ရပြီး ခိုင်မေကောင်းနဲ့ စစ်မေကောင်းဆိုတဲ့ သားသမီးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (IPG). All rights reserved.