သံဃာတော်များ၏ အင်အား
အောင်ဇော် | အောက်တိုဘာ ၂၆၊ ၂၀၀၇
ဗုဒ္ဓမြတ်စွာ ရှင်တော်ဘုရားက လောကီရေးကိစ္စများနှင့် ကင်းကင်းရှင်းရှင်း နေခဲ့သော်လည်း သူ၏ သွန်သင်ဟောကြားချက် များက နိုင်ငံရေးကျင့်စဉ်တွင် ကောင်းမွန်သော အစိုးရစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်သူများ လိုအပ်ကြောင်း အလေးပေး ဟောကြားထားခဲ့ပါသည်။
 |
| [Photo: AP] |
ဗုဒ္ဓကဟောကြားခဲ့ရာတွင် “တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများက တရားမျှတ ကောင်းမွန်စွာ အုပ်ချုပ်သည့်အခြေအနေတွင် ၀န်ကြီးများသည်လည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြ၏။ ၀န်ကြီးများသည်လည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြသည့် အခြေအနေ၌ အရာရှိများလည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြလေ၏။ အရာရှိများ တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြသည့် အခြေအနေတွင် လက်အောက်ငယ်သားများလည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြ၏။ လက်အောက်ငယ်သားများ တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြသည့် အခြေ အနေတွင် ပြည်သူများလည်း တရားမျှတ၊ ကောင်းမွန်စွာ ပြုမူကျင့်ကြံကြ၏” ဟု ဟောကြားတော်မူခဲ့ပါသည်။
ဗုဒ္ဓဘာသာကို လူများစုကိုးကွယ်ကြသည့် မြန်မာနိုင်ငံတွင် သံဃာအများက ဤဟောကြားချက်များကို လိုက်နာအလေး အနက်ထားကြသည့်အခြေအနေ၌ တိုင်းပြည်အုပ်ချုပ်နေသူ စစ်ခေါင်းဆောင်များနှင့် သံဃာတော်များအကြား မေတ္တာ ပျက်ယွင်း အစေးမကပ်နိုင် ဖြစ်နေကြရသည့် အနေအထားမှာ အံ့သြဖွယ်ရာ မဟုတ်တော့ပေ။
လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုတာ ကာလအတွင်း တရားဝင်စာရင်းများအရ အရေအတွက် ၄ သိန်းခန့်ရှိမည့် သံဃာထုများနှင့် တိုင်းပြည်အုပ်ချုပ်နေသော စစ်ဗိုလ်ချုပ်များအကြား ဆက်ဆံရေးမှာ အဆင်မချောဘဲ ရှိနေခဲ့ပါသည်။ စစ်အစိုးရက နိုင်ငံရေး အရ တက်ကြွသော၊ ထင်ရှားသော သံဃာအများကို ထောင်သွင်းအကျဉ်းချမှုများလည်း ရှိခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာရလာချိန်မှဆိုလျှင် သံဃာအပါး ၃၀၀ ကျော်ကို အတင်းအကျပ် လူဝတ်လဲစေခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ် အပြစ်ပေးခဲ့ပါသည်။
သံဃာများကို “ဘုရားသားတော်များ”ဟု မြန်မာ့လူမှုအသိုင်းအ၀န်းက သတ်မှတ်ထားကြပြီး စစ်သားနှင့်ရဲ အရေအတွက် ၄ သိန်း ခန့်ရှိသည့် လက်နက်ကိုင်တပ်မတော်မှလွဲလျှင် သံဃာ့အဖွဲ့အစည်းသည် အကြီးမားအခိုင်မာဆုံး ကျန်ရှိနေသည့် လူမှုအဖွဲ့အစည်းလည်း ဖြစ်သည်။
လူထုနှင့် နီးကပ်စွာ နေထိုင်ကြသူများဖြစ်သည့် အားလျှော်စွာ၊ နေ့စဉ် ရပ်ရွာအတွင်း ဆွမ်းခံနေစဉ် အချိန်အတွင်း၌ သာမန် မြန်မာပြည်သူအများစု၏ ဆင်းရဲကျပ်တည်းလာမှုကို ကိုယ်တိုင်မျက်မြင်ကြုံတွေ့နေကြရသူများလည်း ဖြစ်ပါသည်။ မြန်မာ နိုင်ငံ၏ ယုတ်လျော့ကျဆင်းလာနေသော အနေအထားကို သူတို့က မျက်မြင်ကိုယ်တွေ့ သိမြင်ခံစားနိုင်ကြပါသည်။
 |
| [Photo: The Irrawaddy] |
ပို၍ အရေးကြီးသောအချက်မှာ ရဟန်းသံဃာများ၌ ပို၍ကောင်းမွန်သော ကွန်ရက်ချိတ်ဆက်မှု၊ လူမှုအဆက်အသွယ်နှင့် သြဇာလွှမ်းမိုးနိုင်မှု ရှိကြပါသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများထက်ပင် ပို၍ချိတ်ဆက်မှု ကောင်းသေးသည်ဟု ဆိုနိုင်ပါ လိမ့်မည်။ အကြောင်းမှာ နိုင်ငံရေးလှုပ်ရှားသူများမှာ အစဉ်သဖြင့် စောင့်ကြည့်မှုအောက်တွင် ရှိနေပြီး ထောင်သွင်းအကျဉ်း ချခံရခြင်း၊ နိုင်ငံရပ်ခြားသို့ ထွက်ပြေးတိမ်းရှောင်စေခြင်းတို့ဖြင့် အစဉ်နှိပ်ကွပ်ခံနေကြရသောကြောင့်လည်း ဖြစ်ပါသည်။
ဘုန်းတော်ကြီးကျောင်း ပုရ၀ုဏ်အတွင်း သီတင်းသုံး နေထိုင်နေကြသော၊ တရားဓမ္မလေ့လာအားထုတ်နေကြသော သံဃာ တော်များအနေဖြင့် ဤသို့ စစ်အစိုးရကို ပုန်ကန်ရန်အတွက် ကြံစည်အားထုတ်နေကြလိမ့်မည်ဟု မည်သူက မျှော်လင့်ထား ပါလိမ့်မည်နည်း။ သို့သော်လည်း မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ရဟန်းတော်များက အဓိကကျသောအခန်းကဏ္ဍက ပါဝင် လှုပ်ရှားခဲ့ကြပြီး သူတို့က ဤသို့ကြီးကျယ် ပြောင်မြောက်လှသော၊ အန္တရာယ်ကြီးမားလှသော လုပ်ငန်းမျိုးလုပ်ဆောင်ရန် အတွက်လည်း ရဲဝံ့ခဲ့ကြသူများ ဖြစ်သည်။
ဤသို့ ရဟန်းသံဃာများကိုယ်တိုင် နိုင်ငံရေးတွင် ပါဝင်သင့် မသင့်ဆိုသည်မှာ ဆွေးနွေးအငြင်းပွားဖွယ်ကိစ္စဖြစ်သော်လည်း နိုင်ငံရေးဘုန်းကြီးများ ပါဝင်နေကြသည့် အခန်းကဏ္ဍမှာ များစွာ အငြင်းပွားဖွယ်ဖြစ်သကဲ့သို့ အုပ်စိုးနေသော စစ်အစိုးရ အတွက်လည်း ခြိမ်းခြောက်မှုတရပ် ဖြစ်နေပါတော့သည်။
ယခင်ကာလ ပုန်ကန်မှုများ
ယခင်ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ကာလကပင် ရဟန်းသံဃာများက ပါဝင်လှုပ်ရှားခဲ့ကြသည်။ သီပေါမင်း နန်းချခံရ၍ ပြည်ပသို့ပို့ခံရပြီးနောက်ပိုင်း လက်နက်ကိုင်ခုခံဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း သံဃာများက အရပ်သားများနှင့် ပူးပေါင်းကာ တော်လှန်ခဲ့ကြဖူးသည်။
သံဃာများအကြားတွင် ဆရာတော် ဦးဥတ္တမက သံဃာ့အာဇာနည်အဖြစ် စံထားခဲ့ကြသည်။ သူက စလင်းဒေသတွင် တော်လှန်ပုန်ကန်သူ ၃,၀၀၀ ကျော်ကို ဦးဆောင်၍ မန္တလေးနန်းတော် ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရပြီး နောက်ပိုင်းကာလ များတွင် ဦးဆောင် သူပုန်ထခဲ့သူလည်း ဖြစ်သည်။ ဗိုလ်ဥတ္တမဟု ထင်ရှားသော ရဟန်းတဖြစ်လဲ သူပုန်ဗိုလ်ကို ၁၈၈၉ ခုနှစ်တွင် ဗြိတိသျှတို့က ဖမ်းမိကာ ကြိုးပေးကွပ်မျက်ခဲ့သည်။
စိတ်ဝင်စားဖွယ်ကောင်းသောအချက်မှာ သမိုင်းမှတ်တမ်းများအရ မိမိဆန္ဒအလျောက် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြသော ရဟန်းသံဃာများသည် ပထမဦးစွာ မိမိကိုယ်တိုင်သိက္ခာချ သင်္ကန်းစွန့်ကြပြီးမှ ခုခံတော်လှန်ရေးစစ်ပွဲတွင် ပါဝင်လာခဲ့ ကြခြင်း ဖြစ်သည်။ သူတို့က ရဟန်းသံဃာများအနေဖြင့် သူ့အသက် မသတ်ရဟူသော တားမြစ်ထားသည့် သီလသိက္ခာပုဒ် စည်းမျဉ်းများကို လိုက်နာသောအားဖြင့် ဤသို့ဆောင်ရွက်ခဲ့ကြခြင်းလည်း ဖြစ်သည်။
အခြားသူပုန် အာဇာနည်တဦးဖြစ်သူ ဆရာစံမှာလည်း ရဟန်းပြုခဲ့ဖူးသူ ဘုန်းကြီးလူထွက်တဦး ဖြစ်သည်။ သူက ဗြိတိသျှတို့ ၏ အခွန်စည်းကြပ်မှုကို ဆန့်ကျင်၍ သာယာဝတီခရိုင်တွင် လယ်သမားတို့ကို ဦးဆောင်ကာ သူပုန်ထခဲ့သူ ဖြစ်သည်။ ကိုလိုနီ အုပ်ချုပ်သူ ဗြိတိသျှတို့က ဤပုန်ကန်မှုကို လက်နက်ကိုင်တပ်အင်အား ၁၀, ၀၀၀ ခန့် စေလွှတ်၍ ချေမှုန်းခဲ့ကြရသည်။ ဆရာစံကို ဖမ်းဆီးရမိပြီးနောက်ပိုင်းတွင်လည်း သေဒဏ်ပေး ကွပ်မျက်ခဲ့ကြပြန်သည်။
 |
| [Photo: AP] |
ဆရာစံဘက်မှ ရှေ့နေလိုက်ခဲ့သူ ထိပ်တန်းမြန်မာရှေ့နေတဦးမှာ ဒေါက်တာဘမော်ဖြစ်ပြီး ဂျပန်ခေတ် အစိုးရတွင် မြန်မာ နိုင်ငံ၏ အဓိပတိဖြစ်လာခဲ့သည်။
သို့သော်လည်း ရဟန်းသံဃာအားလုံးက လက်နက်ကိုင်တော်လှန်ရေးအတွက် စည်းရုံးဆောင်ရွက်ခဲ့ကြသည် မဟုတ်ပါ။ မြန်မာရဟန်းတော် ၂ ပါးကမူ အကြမ်းမဖက်သည့် အဟိဿနည်းကို တိုက်တွန်းအားပေးခဲ့ကြသည်။ ဦးဝိစာရနှင့် တခြား ဦးဥတ္တမအမည်ရသည့် ရဟန်းတပါးတို့ကမူ ကိုလိုနီဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် ထောင်တွင်း နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ကြရသည်။ သူတို့ကိုလည်း မြန်မာ့သမိုင်းတွင် သူရဲကောင်းများအဖြစ် ကဗျည်းတင်ထားခဲ့ကြပါသည်။ကမ္ဘာ အနှံ့ ခရီးဆန့်လာခဲ့သော ဦးဥတ္တမမှာ ရခိုင်ပြည်နယ်မှ လူအများလေးစားကြည်ညိုကြသော ရဟန်းတော်ဖြစ်ပြီး၊ အဟော အပြောကောင်းသူလည်း ဖြစ်သည်။ သူ၏ လွတ်လပ်ရေးတောင်းဆိုသည့် ဟောကြားချက်များကို သူရိယသတင်း စာတွင် ရဲရဲတောက်ဖော်ပြခဲ့ကြပြီး သူက တကြိမ်တွင် ဗြိတိသျှဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ကို အင်္ဂလန်ပြန်သွားရန် ဟောကြားခဲ့သည့် မိန့်ကြားချက်မှာလည်း သမိုင်းတင် ထင်ရှားကျန်ရစ်ခဲ့ဖူးသည်။ ဤသို့ ကိုလိုနီအရှင်များကို ဆန့်ကျင် ဟောပြောချက်ကြောင့်လည်း ထောင်သွင်းအကျဉ်းချခံခဲ့ရသူ ဖြစ်သည်။
ဦးဥတ္တမကဲ့သို့ပင် ဆရာတော်ဦးဝိစာရမှာလည်း ရဲရဲတောက်ဟောကြားချက်များကြောင့် အကြိမ်များစွာ ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး ရက်ပေါင်း ၁၆၆ ရက်ကြာ အစာအငတ်ခံဆန္ဒပြပြီးနောက် ၁၉၂၉ ခုနှစ်တွင် ထောင်တွင်း၌ပင် ပျံလွန် တော်မူခဲ့ရသည်။ သူ့ကိုအကျဉ်းချခဲ့ရာ၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အပြစ်ပေးခံခဲ့ရခြင်းဖြစ်ပြီး ဗြိတိသျှအာဏာပိုင်များက အတင်းအကျပ် လူဝတ်လဲ ခံခဲ့ရသည်။
 |
| [Illustrations: Harn Lay/The Irrawaddy] |
ဤသို့သော ရဟန်းတော်များ၏ ပြောင်မြောက်သည့် လှုပ်ရှားမှုများသည် လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်လာခဲ့ကြသည့် လှုပ်ရှားသူများနှင့် ကျောင်းသားများအတွက် စံပြုအားကျဖွယ် ဖြစ်စေခဲ့သည်။
ပညာရှင်တဦးဖြစ်သူ မိုက်ကယ် မင်ဒဲလ်ဆင် (Michael Mendelson) က သူ၏ “သံဃာများနှင့် မြန်မာနိုင်ငံတော်” (Sangha and State in Burma) ဟု အမည်ရသော စာအုပ်တွင် ကိုလိုနီအုပ်ချုပ်သူများက နိုင်ငံရေးအရ တက်ကြွထက်သန်ကြသော ရဟန်းသံဃာများကို “အ၀ါရောင်သင်္ကန်းဝတ် ဆူပူလှုံ့ဆော်သူများ”ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြကြောင်း ရေးသားထားပြီး အလားတူပင် လက်ရှိ စစ်ခေါင်းဆောင်များကလည်း ဆန္ဒပြနေကြသော ရဟန်းသံဃာများကို ဖော်ပြခေါ်ဆိုခဲ့နေပုံမှာလည်း စိတ်ဝင်စားဖွယ် ဖြစ်သည်။
အထက်ဖော်ပြပါ သမိုင်းပညာရှင်က ရေးသားခဲ့ရာ၌ ဗြိတိသျှအုပ်ချုပ်သူတို့က ရဟန်းသံဃာများ၏ လူမှုအဖွဲ့အစည်းအတွင်း သြဇာကြီးမားမှုကို အံ့အားသင့်ခဲ့ကြရသည်ဟု ဆိုသည်။ ဤသို့ဖြင့် ၁၈၈၅ ခုနှစ် မြန်မာနိုင်ငံကို ကျူးကျော်သိမ်းပိုက်ပြီး မကြာမီမှာပင် “သာသနာပိုင်”ဟူသော ဖွဲ့စည်းပုံကို ပယ်ဖျက်ခဲ့ကြသည်။
အတိတ်ကာလများက မြန်မာဘုရင်များက သံဃာများကို ကြီးကြပ်ထိန်းကွပ်နိုင်ရန်အတွက် သာသနာပိုင်ရာထူးကို ခန့်အပ် ခဲ့ကြပြီး၊ ရဟန်းတော်များ ၀ိနည်းနှင့်အညီ ကျင့်ကြံစေရေး၊ ဓမ္မစာပေ ပို့ချသင်ကြားရေးအတွက် တာဝန်ပေးခဲ့ကြသည်။ သို့သော်လည်း ဤတာဝန်ရှိသူကို ရဟန်းသံဃာများအားလုံးက လက်ခံခဲ့ကြသည် မဟုတ်ပါ။ တိုးတက်သည့် အယူရှိသည်ဟု ယူဆရသည့် ရွှေကျင်ဂိုဏ်းက ဆန့်ကျင်ခဲ့ကြဖူးသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းကွဲများအကြားတွင်လည်း အငြင်းပွားဖွယ်ကိစ္စများ၊ အယူအဆရေးရာကွဲပြားမှုများ ရှိနေခဲ့ပြီး သံဃာများ အချင်းချင်းအကြားတွင်လည်း ဂိုဏ်းအလိုက် အားပြိုင်မှု ပဋိပက္ခများ ရှိခဲ့ကြသည်။
၁၈ ရာစု ကုန်းဘောင်မင်းစိုးစံစဉ်ကာလတွင် ရဟန်းသံဃာများ သင်္ကန်းမည်သို့ မည်ပုံစည်းရမည်နှင့် ပတ်သက်၍ သံဃာ များအကြား အချင်းများခဲ့ကြဖူးသည်။ ဤသို့အငြင်းပွားခဲ့ကြသော သံဃာဂိုဏ်း ၂ ခုအကြား တုံဂိုဏ်းနှင့် ရုံဂိုဏ်းဟူ၍လည်း ပေါ်ပေါက်ခဲ့ဖူးသည်။
မြန်မာပညာရှင် ဦးတင်မောင်မောင်သန်း၏ မှတ်တမ်းများအရ တောင်ငူမင်းဆက်နှင့် ကုန်းဘောင်မင်းဆက် ကာလများတွင် သံဃာဂိုဏ်းတခုခုအပေါ် ဆည်းကပ်ကိုးကွယ်မှုအပေါ် အခြေခံ၍လည်းသံဃာထုအကြား အားပြိုင်မှုများ ကြီးထွားခဲ့ဖူးသည်။ ၁၇၈၂ ခုနှစ်တွင် ဘိုးတော်ဘုရားက ဤအငြင်းပွားနေမှုများအကြား ၀င်ရောက်စွက်ဖက်ရန် ဖြစ်လာစေခဲ့ပြီး တုံဂိုဏ်း ဘက်မှ ရပ်တည်ပေးခဲ့တော့သည်။
ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးကာလတွင် ၀ါရင့်အရာရှိတဦးဖြစ်သူ ဗိုလ်မှူးကြီး အက်ဒ်ဝပ် ဆလေဒင် (Col. Edward Sladen) က သံဃာတော်များ၏ စွမ်းပကားကို နားလည်သဘောပေါက်သူဖြစ်ပြီး ဗုဒ္ဓဘာသာကို လူများစုက ကိုးကွယ်ကြသည့် မြန်မာ နိုင်ငံကို အုပ်ချုပ်စဉ်ကာလအတွင်း ဗြိတိသျှအစိုးရအနေဖြင့် သံဃာများနှင့် ထိပ်တိုက်တွေ့ရမှုကို ရှောင်လွှဲနိုင်ရန်အတွက် သာသနာပိုင်စနစ်ကို ပြန်လည်ထားရှိရန် အကြံပြုခဲ့ဖူးသေးသည်။
သာသနာပိုင်အဖြစ် တာဝန်ထမ်းဆောင်ရသည့် သံဃာ့အချုပ် အကြီးအမှူး၏ အခန်းကဏ္ဍမှာ ရှုပ်ထွေးပြီး တာဝန်များမြောင် လှသည်။ သူက ဘုရင်စနစ်နှင့် သံဃာထုအကြား ဆက်သွယ်ထားသူ ပေါင်းကူးလည်း ဖြစ်သည်။ သာသနာပိုင် အနေဖြင့် သြဇာတိက္ကမကြီးမားလှပြီး ရံဖန်ရံခါ တိုင်းရေးပြည်ရေးများတွင်ပင် ၀င်ရောက်စွက်ဖက်ခွင့် ရှိသည်။ လူအများ လေးစား ကြည်ညိုကြသည့် ဆရာတော်တပါးက မင်းတုန်းမင်းကို ၎င်း၏ဆည်မြောင်းများ တည်ဆောက်ရေးလုပ်ငန်းများတွင် လူအများကို ဆင့်ဆိုခိုင်းစေနေခြင်း ရပ်တန့်စေရန် တိုက်တွန်းနိုင်ခဲ့သည့် အစဉ်အလာလည်း ရှိခဲ့သည်။ သို့သော်လည်း လက်ရှိ စစ်အစိုးရက အဓမ္မလုပ်အားပေးရန် စေခိုင်းနေမှုသည် မြန်မာ့ရိုးရာအစဉ်အလာဖြစ်သည်၊ လူအများအတွက် ကောင်းကျိုးကုသိုလ်ဖြစ်စေသည်ဟု ဆင်ခြေပေးပြောဆိုနေခြင်းမှာ အထူးကွဲလွဲနေပြီး ပျက်ရယ်ပြုဖွယ်ကောင်းသော ကိစ္စလည်း ဖြစ်နေသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ ယုံကြည်ကိုးကွယ်သူ ယခင်ဝန်ကြီးချုပ်ဦးနု အုပ်စိုးစဉ် ကာလများမှလွဲ၍ ဗုဒ္ဓဘာသာနှင့် သံဃာအများ၏ သြဇာသက်ရောက်နိုင်မှုမှာ ကျဆင်းသွားခဲ့သည်ဟု ဆိုနိုင်သည်။
ဦးနုကိုယ်နှိုက်က အကြိမ်ကြိမ်သင်္ကန်းစည်း ရဟန်းခံခဲ့ဖူးသူဖြစ်သကဲ့သို့ ၎င်း၏ နိုင်ငံရေးရည်ရွယ်ချက်အတွက် ဗုဒ္ဓ ဘာသာကို ကောင်းစွာ အသုံးချနိုင်ခဲ့သူ ဖြစ်သည်။ သူ၏အစိုးရလက်ထက်တွင် ဆဌမသံဃာရတနာတင်ပွဲကို ၁၉၅၄ ခုနှစ်တွင် စီစဉ် ကျင်းပနိုင်ခဲ့ပြီး သူက ဗုဒ္ဓသာသနာ့ကောင်စီကို ဖွဲ့စည်းပေးခဲ့သူလည်း ဖြစ်သည်။
ဦးတင်မောင်မောင်သန်းက သူ၏ “မြန်မာနိုင်ငံတွင် သံဃာထုအတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် သာသနာပြန်လည်ထွန်း သစ်စေမှု။ သမိုင်းအစဉ်အလာနှင့် လက်တွေ့ကျင့်သုံးနေမှုများ” (Sangha Reforms and Renewal of Sasana in Myanmar: Historical Trends and Comtemporary Practice) ဟူသော စာအုပ်တွင် ရေးသားခဲ့ရာ၌ “ဂိုဏ်းကွဲများ အမျိုးမျိုးတည်ရှိနေမှုကြောင့် ဦးနုအနေဖြင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်၏ အထက်အဆောက်အဦ ဖွဲ့စည်းပုံတွင် စနစ်တကျ ထည့်သွင်းဖွဲ့စည်းနိုင်ရန်နှင့် ၁၉၅၄ ခုနှစ်တွင် ဆဌမသံဃာရတနာတင်ပွဲကို ကျင်းပကြိုးစားခဲ့သော်လည်း ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်နိုင်ခဲ့ပါ” ဟု သုံးသပ်ဖော်ပြခဲ့သည်။
ထို့အပြင် ဦးနုက ၁၉၆၁ ခုနှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းရန် ကြိုးပမ်းခဲ့ပါသေးသည်။ ဤကြိုးပမ်း မှုကို လွဲမှားသောကြိုးပမ်းဆောင်ရွက်မှုအဖြစ် သတ်မှတ်ခဲ့ကြပြီး နောက်တနှစ်တွင် ဗိုလ်ချုပ်နေ၀င်းက စစ်အာဏာသိမ်းကာ ဦးနုကိုဖယ်ရှားခဲ့သောကြောင့် လက်တွေ့ ဆက်လက်၍ အကောင်အထည်မဖော်နိုင်ဘဲ ရှိခဲ့ပါတော့သည်။
ဦးနေ၀င်းက ရဟန်းသံဃာများကို ၎င်း၏အတိုက်အခံဖြစ်လာနိုင်သူများဟု သတ်မှတ်ထားခဲ့ပြီး ရဟန်းသံဃာများကို ထိန်းချုပ်ထားနိုင်ရန် မတူကွဲပြားသောနည်းဗျူဟာများ ချမှတ်ခဲ့သည်။ ၁၉၆၀ ခုနှစ်များအလယ်ပိုင်းကာလတွင် စစ်အစိုးရက သံဃာ့စုံညီ ညီလာခံကို ခေါ်ယူကျင်းပပေးခဲ့ပြီး ရဟန်းသံဃာများကို သံဃာ့မှတ်ပုံတင်ကတ်ပြားများ ထုတ်ပေးခဲ့သည်။ ရဟန်းပျိုများနှင့် ကျောင်းထိုင်ဆရာတော်များက ဤအစည်းအဝေးနှင့် ခပ်ကွာကွာနေခဲ့ကြပါသည်။
၁၉၈၀ ပြည့်နှစ် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဖွဲ့စည်းမပြီးစီးမီကာလအထိ ဦးနေ၀င်းက သံဃာများကို ကောင်းစွာ ထိန်းချုပ်ထားနိုင်သည်ဟု မဆိုနိုင်ခဲ့ပါ။ နောက်ပိုင်းတွင် သံဃာများကို သိက္ခာချ သြဇာကျဆင်းစေရန်အတွက် စနစ်တကျ စီမံဆောင်ရွက်ထားသော လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်လာခဲ့ပါသည်။ ဤစီမံကိန်းများအနက်မှတခုမှာ သြဇာတိက္ကမ ကြီးမားသော ဆရာတော်သံဃာတော်များကို သိက္ခာကျဆင်းစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး သိမ်ဖြူဆရာတော်ကို အမျိုးသမီးတဦးနှင့် ငြိစွန်းသည်ဟု စွပ်စွဲကာ သိက္ခာချလူဝတ်လဲစေခဲ့ပါသည်။
ဤစီမံချက် မဆောင်ရွက်မီကာလအတွင်းတွင် အစိုးရ၏ ထောက်လှမ်းရေးအရာရှိများ၊ သတင်းပေးများက ရဟန်းများအဖြစ် အယောင်ဆောင်၍ ဘုန်းကြီးကျောင်းများအတွင်း ထိုးဖောက်ဝင်ရောက်ကာ ရဟန်းများနှင့် ကျောင်းထိုင်ဆရာတော်များ၏ သတင်းအချက်အလက်များကို စုဆောင်းရယူစေခဲ့ပါသည်။
ဦးနုက ၁၉၄၇ ခုနှစ်တွင် ၀ိပဿနာတရားကျင့်စဉ်များ သင်ကြားပေးပါရန် ဖိတ်ကြားခံခဲ့ရသော နိုင်ငံတကာအလယ်တွင် ထင်ရှားကျော်ကြားသည့် မဟာစည်ဆရာတော် အပါအ၀င် အခြားထင်ရှားသည့် သံဃာများကိုလည်း ဤစီမံချက်တွင် ပစ်မှတ်ထားဆောင်ရွက်ခဲ့ပါသည်။
မနုဿဗေဒပညာရှင် ဂုစတပ် ဟောက်တ်မင်း (Gustaaf Houtmann) က သူ၏ “မြန်မာနိုင်ငံ၏ ပဋိပက္ခနိုင်ငံရေးတွင်းရှိ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှု” (Mental Culture in Burmese Crisis Politics) ဆိုသော စာတမ်းတွင် ဖော်ပြရေးသားခဲ့ရာ၌ မြန်မာအစိုးရအနေဖြင့် “မဟာစည်ဆရာတော်ကို သိက္ခာချရန် ရည်ရွယ်ဖြန့်ချိသော စာရွက်စာတမ်းများ၌ ဆရာတော်က နတ်ကိုးကွယ်ကြောင်း စွပ်စွဲထားပြီး၊ မြန်မာနိုင်ငံရှိ ဗုဒ္ဓစာပေကျမ်းဂန်၌ တဖက်ကမ်းတတ်ကျွမ်းသူ တြိပိဋက မင်းကွန်း ဆရာတော်ဘုရားကြီးကိုလည်း ရဟန်းပြုပြီး ၂ နှစ်အကြာတွင် မလျှော်ကန်သောဖြစ်ရပ် ကျူးလွန်ပတ်သက်မှုရှိခဲ့ကြောင်း စွပ်စွဲ အပုတ်ချခဲ့သည်” ဟု ရေးသားထားခဲ့သည်။ အမှန်မှာ ဤဆရာတော် ၂-ပါးလုံးက စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ငြင်းဆန်ခဲ့မှုကြောင့် ယခုကဲ့သို့ စွပ်စွဲခံခဲ့ရခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ပညာရှင်များနှင့် သမိုင်းပညာရှင်အများစုက ဆိုခဲ့ကြရာတွင် အစိုးရက စွပ်စွဲအရေးယူခံခဲ့ကြရသော ရဟန်းများမှာ အမှန်ပင် မကောင်းကျော်စောမှုများတွင် ပတ်သက်ခဲ့မှုရှိကြောင်း၊ အမျိုးသမီးများ၊ သီလရှင်များနှင့် ငြိစွန်း ပတ်သက်ခဲ့မှုရှိကြောင်းလည်း မှတ်တမ်းပြုဖော်ပြခဲ့ကြပါသည်။
အစိုးရက ဆောင်ရွက်သောစီမံချက်များသည် တခါတရံတွင် ထူးထူးဆန်းဆန်း နိုင်လှပါသည်။ ကောလာဟလကို အရင် ထုတ်လွှင့်ပြီးမှ အရေးယူ ဆောင်ရွက်လေ့ရှိသည်။ ဥပမာအားဖြင့် ရန်ကုန်ရှိ ဘုန်းကြီးတပါးဖြစ်သူ ဦးလာဘဆိုလျှင် လူသားစားသူဟူ၍လည်း ထုတ်လွှင့် ကျော်စောစေခဲ့ပါသည်။ အခြားသော ကျော်ကြားသည့် ရဟန်းသံဃာများမှာလည်း ဤသို့မကောင်းသတင်း ထုတ်လွှင့်ကျော်စောခံကြရပြီး လူဝတ်လဲ သိက္ခာချခံရခြင်း၊ သို့မဟုတ် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ထွက်ပြေးကြရခြင်းများ ရှိခဲ့ပါသည်။ ဦးနေ၀င်းက “သံဃာထုအတွင်း ပြုပြင်ပြောင်းလဲရေး”စီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး “သံဃာ့သန့်စင်ရေးစီမံကိန်း” ဟု လူသိများခဲ့ပါသည်။
သံဃာ့နာယကအဖွဲ့ ဖွဲ့စည်းပြီးနောက်ပိုင်းတွင် အစိုးရက သက်ကြီးဝါကြီးဆရာတော်တချို့၏ ထောက်ခံမှု ရရှိလာအောင် စည်းရုံးနိုင်ခဲ့ပါသည်။ သို့သော်လည်း ဦးနေ၀င်းက ဗုဒ္ဓဘာသာကို လေးလေးနက်နက် သက်ဝင်ယုံကြည်သူဟူ၍ ဟန်ဆောင် နေခဲ့ခြင်း မရှိပါ။ သူအုပ်ချုပ်ခဲ့စဉ် ၂၆ နှစ်တာ ကာလအတွင်းတွင် သံဃာ့အစည်းအဝေးများ၌ ပါဝင်တက်ရောက်သည်ကို တွေ့မြင်ရခဲပါသည်။ လက်ရှိ စစ်ခေါင်းဆောင်များနှင့် မတူသောအချက်မှာ ရဟန်းသံဃာတော်များနှင့် အတူယှဉ်တွဲ၍ ဖော်ပြခြင်းမျိုး တွေ့မြင်ရခဲလှပါသည်။
သို့သော်လည်း ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလအတွင်းတွင် သူဦးဆောင်သည့်အစိုးရက နိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်မှုပြန်လည်ရရှိစေရေးအတွက် သံဃာ့မဟာနာယကအဖွဲ့ကို အကူအညီတောင်းခံခဲ့ဖူးပြီး သက်ကြီးဝါကြီး ဆရာတော်များက ရုပ်မြင်သံကြားရှေ့ထွက်ကာ တိုင်းပြည်ပြန်လည်အေးချမ်းစေရေးအတွက် မေတ္တာရပ်ခံခဲ့ကြပါသည်။
၁၉၈၈ ခုနှစ် သြဂုတ်လ ရန်ကုန်မြို့တွင်း ပစ်ခတ်ချေမှုန်းသတ်ဖြတ်မှုများ ပြီးသည့်အခါ ရဟန်းတော်များက အသက်များ ဆုံးရှုံးသေကြေကြရသည့်အတွက် ၀မ်းနည်းကြောင်းပြောဆိုခဲ့ကြပြီး စစ်အစိုးရကိုလည်း မင်းကျင့်တရား ၁၀ ပါးနှင့်အညီ တိုင်းပြည်ကို အုပ်ချုပ်ပါရန် ပန်ကြားခဲ့ကြရာ မြင်ရသူအများက အံ့အားသင့်ခဲ့ကြရပါသည်။ ဤ သံဃာတော်များ၏ မေတ္တာ ရပ်ခံမှုက လူထုအတွင်းဆူပွက်နေသော စိတ်ကို မငြိမ်းအေးစေခဲ့ပါ။ သို့သော်လည်း ဤဆရာတော်ကြီးများ ပြောဆိုခဲ့ကြ သည့် မေတ္တာရပ်ခံချက်ကြောင့် “မင်းကျင့်တရား ၁၀ ပါး” ကို လူအများ ပြန်လည်အမှတ်ရစေခဲ့ပြီး ဦးနေ၀င်းကိုလည်း မင်းကောင်းမင်းမြတ်တဦးသဖွယ် ကျင့်ကြံရန် သတိပေးသည့်နှယ် ရှိခဲ့ပါသည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာက ဖော်ပြရာ၌ “ရဟန်းသံဃာ အပါး ၁,၅၀၀ ခန့်က ရန်ကုန် မြို့တွင်း စီတန်းလမ်းလျှောက်ခဲ့ကြပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်လူနာဌာနရှေ့တွင် စုရုံးခဲ့ကြသည်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှုအတွင်း ကျဆုံးသွားရသူ ရဟန်း၊ အလုပ်သမား၊ ကျောင်းသား ပြည်သူများအတွက် မေတ္တာသုတ်ရွတ်ဆို ဆုတောင်းပေးခဲ့ကြသည်”ဟု ရေးသားခဲ့ပါသည်။ ဆန္ဒပြသူများအတွင်းတွင် အသက်အရွယ်အားဖြင့် ငယ်ရွယ်သောရဟန်းပျို အများအပြားလည်း ပါဝင်လှုပ်ရှား ဆန္ဒပြခဲ့ကြပါသည်။
မြန်မာပြည်သူ အများစုအတွက်မူ ဒီမိုကရေစီတော်လှန်ရေးမှာ မပြီးဆုံးသေးသော တိုက်ပွဲဖြစ်သည်ဟု ယူဆထားကြသည့် အပြင် သံဃာထုအကြားနှင့် စစ်အစိုးရတွင်လည်း တင်းမာမှုများ ကြီးထွားရှင်သန်နေဆဲ ဖြစ်သည်။
ဦးနေ၀င်း၊ ဦးနုတို့နှင့် မတူသောအချက်မှာ ၁၉၈၈ ခုနှစ်တွင် အာဏာရယူခဲ့ကြသော စစ်ခေါင်းဆောင်များက သံဃာထုကို ဆွဲဆောင်သိမ်းသွင်းနိုင်ရန်အတွက် ပြောင်ပြောင်တင်းတင်းပင် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။ သူတို့က သံဃာထုကိုကာကွယ် စောင့်ရှောက်သည့်သူများသဖွယ် ဟန်ဆောင်ပြောဆိုခဲ့ကြသော်လည်း အမှန်ရည်ရွယ်ချက်မှာ သံဃာထု၏ ထောက်ခံချက် ဖြင့် နိုင်ငံရေးတရားဝင်မှု တည်ဆောက်လိုခြင်းပင် ဖြစ်သည်။
စစ်အစိုးရက အလှူအတန်းပြုသည့် အခမ်းအနားများကို အကြီးအကျယ်ပြုလုပ်ခဲ့ကြပြီး သံဃာများကို ဆွမ်းနှင့် အခြား တန်ဖိုးကြီးပစ္စည်းများ လှူဒါန်းဆက်ကပ်ခဲ့ကြသည်။ ထို့အပြင် စစ်အစိုးရခေါင်းဆောင်များက တိုင်းပြည်အတွင်း ပြန်လည် တည်ဆောက်မွမ်းမံရေး စီမံချက်များကိုလည်း ပြုလုပ်၍ အကြီးအကျယ် ၀ါဒဖြန့်ချိခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ မကျေနပ် အုံကြွလိုသော ရဟန်းသံဃာများနှင့် အာဏာပိုင်များအကြား ပဋိပက္ခများ၊ ထိပ်တိုက်ရင်ဆိုင်မှုများက ဆက်လက်ရှိနေဆဲ ဖြစ်သည်။
၁၉၉၀ ခုနှစ်တွင် မန္တလေး၌ စစ်တပ်က လူအုပ်စုအတွင်းသို့ ပစ်ခတ်နှိမ်နင်းခဲ့ပြန်ပြီး ရဟန်းတော်တချို့ အပါအ၀င် လူတချို့ လည်း သေဆုံးခဲ့ရသည်။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ဒေါသအမျက်ထွက်ကြပြီး မန္တလေးရှိ ရဟန်းသံဃာများက ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။ စစ်တပ်အတွင်းရှိ တပ်မတော်သားများနှင့် ၎င်းတို့၏မိသားစုဝင်များမှ လှူဖွယ်ပစ္စည်းများ လက်ခံရန် ငြင်းပယ်ခြင်းဖြင့် ဆန္ဒပြကြခြင်း ဖြစ်သည်။
ယခုတကြိမ်တွင်လည်း မြန်မာနိုင်ငံ မြေလတ်ပိုင်းရှိ ပခုက္ကူမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ရဟန်းသံဃာများကို အာဏာပိုင်များက ရိုက်နှက်ခဲ့ကြပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဒေသအနှံ့တွင် သံဃာများက အလားတူကံဆောင်ပွဲများကို ဆောင်ရွက်ခဲ့ကြပြန်သည်။
ရဟန်းတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ရန် အကြောင်း (၈) ချက်ရှိသည်။ ရဟန်းတော်တို့အား ဘေးအန္တရာယ်ဖြစ်စေရန်၊ မတိုးပွားစေရန် လုံ့လပြုခြင်း၊ သံဃာအချင်းချင်း စိတ်ဝမ်းကွဲပြားအောင်လုပ်ခြင်း၊ ဘုရား၊ တရားတော်နှင့် သံဃာများ၏ ဂုဏ်ကိုသေးသိမ်အောင် စော်ကားခြင်းတို့ပါဝင်ပြီး ဤပြစ်မှုများ ကျူးလွန်ပါက သံဃာများက ကံဆောင်၍ တုံ့ပြန်ဆောင်ရွက် ခွင့်ရှိသည်။
ဤသို့ ကျူးလွန်စော်ကားခံရသော ရဟန်းက ကျူးလွန်သူ သို့မဟုတ် အာဏာပိုင်များထံမှ သံဃာများအပေါ် စော်ကား ကျူးလွန်ခဲ့မှုအတွက် လုံလောက်သော ကျေအေးနိုင်ဖွယ် တောင်းပန်မှုရှိလာပါက သံဃာများ အနေဖြင့် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်နေခြင်းကို ပြန်လည် ရုပ်သိမ်းနိုင်ပါသည်။ ဤသို့ ကံဆောင်မှု ပြန်လည်ရုပ်သိမ်းရန်အတွက် လုပ်ထုံးလုပ်နည်းမှာ အနည်းဆုံး သံဃာ ၄ ပါးစုံညီ သိမ်ဝင်၍ ကမ္မ၀ါစာဖတ်ကာ ပြန်လည်ရုပ်သိမ်းနိုင်သည်။
မြန်မာနိုင်ငံရှိ အချို့သောရဟန်းတော်များက ၁၉၉၀ ခုနှစ်က ဆောင်ခဲ့သော ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဆက်လက် သက်ဝင်နေသေးကြောင်း ယုံကြည်ထားကြပြီး ထိုအချိန်မှစ၍ ယခုတိုင် သင့်လျော်သော ကျေအေးဖွယ် တောင်းပန်မှု ပြန်လည်ရရှိခဲ့ခြင်း မရှိသေးပါ။ အကြမ်းဖက် ဖြိုခွဲမှုနှင့်သာ ကြုံခဲ့ကြရပါသည်။ ထိုအချိန်က ရဟန်းသံဃာများက စစ်အစိုးရ ခေါင်းဆောင်များနှင့် ၎င်းတို့မိသားစုများ ကျင်းပသည့် ဘာသာရေးအခမ်းအနားများသို့ ကြွရန် ငြင်းဆန်ခဲ့ကြပါသည်။
ဖြစ်ရပ်တခုတွင် နောက်ပိုင်း ကုန်သွယ်ရေးဝန်ကြီးဖြစ်လာသူ၊ ထိုအချိန်က မန္တလေးတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က ၀ါတော်ရဆရာတော်များနှင့် သံဃာများကို ဘာသာရေးအခမ်းအနားတခုသို့ ဖိတ်ကြားခဲ့သော်လည်း၊ သံဃာအများက ငြင်းဆန်၍ မတက်ရောက်ဘဲ နေခဲ့ကြသည်။ ထိုအခါမှ စစ်အစိုးရခေါင်းဆောင်များက သံဃာများ၏ သပိတ်မှောက် ကံဆောင်မှုကို အလေးအနက်ထားလာကြပြီး နောက်ပိုင်း တုံ့ပြန်ဖြိုခွဲနိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ကြသည်။
မန္တလေးတမြို့တည်းတွင်ပင် ဘုန်းတော်ကြီးကျောင်း (၁၃၀) ကို ၀င်ရောက်စီးနင်းခဲ့ပြီး သံဃာများကို ဖမ်းဆီး၊ လူဝတ်လဲ ထောင်ချခဲ့သည်။ တနိုင်ငံလုံး အတိုင်းအတာအရ သံဃာအပါး (၃၀၀) ကျော်မှာ လူဝတ်လဲခံရကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရသည်။
ထိုသံဃာများက လူဝတ်လဲခံရ၍ အကျဉ်းထောင်ဝတ်စုံဖြင့် ရှိနေစေကာမူ၊ သံဃာအဖြစ် တရားဝင်သတ်မှတ်မခံရဘဲ ပယ်ဖျက်ခဲ့စေကာမူ၊ ၎င်းဖမ်းဆီးထိန်းသိမ်းခံရသူ သံဃာများက ရဟန်းတော်များ၏ အကျင့်သိက္ခာအတိုင်း ဆက်လက် ကျင့်သုံး၍ ထောင်တွင်း၌ နေထိုင်ခဲ့ကြပုံကိုလည်း အတူနေထိုင်ခဲ့ကြရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်ပြောင်း ပြောပြ ကြပါသည်။
ဗုဒ္ဓစာပေကျမ်းဂန် နှံ့စပ်တတ်ကျွမ်းသည့် ဦးသုမင်္ဂလကဲ့သို့သော လူအများလေးစားကြည်ညိုခံရသည့် ဆရာတော်ကြီး ၈ ပါး အပါအ၀င် အခြားသံဃာများလည်း ဤသံဃာ့သပိတ် ဖြိုခွဲမှုတွင် ဖမ်းဆီးခံခဲ့ရသည်။ ဆရာတော်ဦးသုမင်္ဂလကိုမူ ထောင်ဒဏ် ၈ နှစ် အပြစ်ချမှတ်ခဲ့သည်။
ရဟန်းတော်များကို အတင်းအကျပ် လူဝတ်လဲစေရုံမျှ မကဘဲ အဖြူရောင်ထောင်ဝတ်စုံများကို ၀တ်စေကာ ၎င်းသံဃာများ ၏ အမည်ရင်း ဘွဲ့အမည်များအစား အကျဉ်းထောင်အတွင်း လူအမည်များပေး၍ ခေါ်ဝေါ်ခဲ့ကြကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများက ပြန်လည်ပြောပြခဲ့ကြသည်။
၁၉၉၁ ခုနှစ်၊ သံဃာ့သပိတ်ကို အကြမ်းဖက်ဖြိုခွဲပြီး တနှစ်အကြာတွင် ထိုအချိန်က စစ်အစိုးရအကြီးအကဲဖြစ်သူ ဗိုလ်ချုပ် မှူးကြီး စောမောင်လည်း အာရုံကြောချို့ယွင်းကာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် အနားယူခဲ့ရသည်။ သို့သော်လည်း ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ကြသည့် မြန်မာအများစုကမူ ရဟန်းတော်များကို စော်ကားပြုမူသည့်အတွက် ကံထိုက်သည်၊ ပြစ်ဒဏ်သင့်ခံရသည်ဟု ယခုတိုင် ယုံကြည်နေကြဆဲ ဖြစ်သည်။
၁၉၉၀ ခုနှစ် သံဃာ့သပိတ်ဖြိုခွဲမှုကြောင့် သံဃာထုအတွင်းလည်း အကွဲအပြဲများ ပေါ်ပေါက်ခဲ့ရသည်။ ကွယ်လွန်ပြီဖြစ်သူ မင်းကွန်းဆရာတော်က ထိုအချိန်က နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့၏ အတွင်းရေးမှူးဆရာတော်ဖြစ်ပြီး သူတို့၏ သံဃာ့ကံဆောင်မှုကို ဆရာတော်ကြီးက မထောက်ခံသည့်အတွက် လှောင်ပြောင်သရော်မှုများ ရှိခဲ့ပါသည်။ မင်းကွန်း ဆရာတော်ကြီးကို “ဗိုလ်ချုပ်မှူးကြီး မင်းကွန်းဆရာတော်” ဟု လှောင်ပြောင်ခေါ်ဝေါ်ခဲ့ကြပြီး မန္တလေးရှိ ဘုန်းတော်ကြီး ကျောင်းတခုသို့ ဆရာတော်ကြီးကြွလာစဉ် ရဟန်းပျိုများက စစ်ပုံစံဖြင့် အလေးပြုခဲ့ကြသည်ဟု ဆိုပါသည်။
ယနေ့ကာလတွင် အုံကြွဆူပူလိုကြသော ရဟန်းပျိုများက သူတို့ကိုယ်သူတို့ ထောင်အကျခံရန် စဉ်းစားပိုင်းဖြတ်ထားသည့် အချိန်၌ သက်တော်ရ၀ါတော်ရ ဆရာတော်များက စစ်ဗိုလ်ချုပ်များထံမှ လှူဖွယ်ပစ္စည်းများ လက်ခံယူနေကြရင်း အစိုးရ၏ အသုံးချခံများ ဖြစ်နေကြရပါသည်။ တိုင်းပြည်ကို အုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်များထံမှ လှူဖွယ်ပစ္စည်းများကို လက်ခံ၍ ဤသက်တော်ရ ဆရာတော်၊ ရဟန်းတော်များက ၎င်းတို့ကို ချီးမြှောက်နေကြသည့်အချိန်၌ ပြည်သူလူထု၏ ကြုံတွေ့ ခံစားနေရသော ဒုက္ခများကို ကိုယ်စားပြုပြောဆိုရန် မဆိုထားနှင့် သံဃာထု၏ အကျိုးအတွက် ကိုယ်စားပြု မပြောဆို ကြတော့ဘဲ ရှောင်ဖယ်နေကြပါတော့သည်။ ဤသို့ဖြင့် ကျောင်းထိုင်ဆရာတော်၊ သက်တော်ဝါတော်ရ ဆရာတော်ကြီးများ နှင့် ရဟန်းပျိုတို့၏အကြား မလွှဲမရှောင်သာ ကွာဟချက်ကြီးမား၍ လာပါတော့သည်။
မည်သို့ဖြစ်စေ စစ်ဗိုလ်ချုပ်များအနေဖြင့် လွယ်လွယ်နှင့် အလျှော့ပေးကြလိမ့်မည် မဟုတ်ပါ။ တချိန်က လူထုကို စည်းရုံး သိမ်းသွင်းနိုင်ရန်အတွက် တရုတ်နိုင်ငံမှ ဗုဒ္ဓစွယ်တော်ကို ငှားရမ်း၍ နိုင်ငံအတွင်း လှည့်လည်ကြွချီစေခဲ့ပါသေးသည်။ ထို့အပြင် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကိုလည်း ကမကထပြု ကျင်းပပေးခဲ့ပါသေးသည်။
၁၉၉၉ ခုနှစ်တွင် စစ်ခေါင်းဆောင်များက ရွှေတိဂုံဘုရားထီးတော်ကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ပြီး ဒေသအတွင်း ငလျှင်ငယ်များ လှုပ်နေစဉ်ကာလတွင်ပင် ထီးတော်ကို ဖြုတ်ချပြုပြင်ခဲ့ပါသေးသည်။ ဒေသခံများ၏ အဆိုအရ ဤသို့ထီးတော်ဖြုတ်ချခဲ့သည့် အပေါ် ရွှေတိဂုံဘုရားစောင့်နတ်များက မနှစ်သက်ကြ၍ ငလျှင်လှုပ်သည်ဟုလည်း ဆိုကြပါသေးသည်။ သို့ သော်လည်း ဤသို့ထီးတော်ဖြုတ်ချ၍ ပြုပြင်မွမ်းမံခဲ့ခြင်းဖြင့် စစ်အစိုးရခေါင်းဆောင်များအပေါ် ပြည်သူလူထုထောက်ခံမှု ထူးခြား တိုးတက် ရရှိမလာစေခဲ့ပါ။
စစ်ဗိုလ်ချုပ်များက သံဃာထုနှင့် ဆက်ဆံရာတွင်လည်းကောင်း၊ အတိုက်အခံများနှင့် ဆက်ဆံရာတွင်လည်းကောင်း သွေးခွဲ အုပ်ချုပ်ရေး မူဝါဒကို ချမှတ်ကျင့်သုံးခဲ့ကြသည်။
၁၉၉၆ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သံဃာထုအကြားသို့ စိမ့်ဝင်ထိုးဖောက်၍ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် ကြံစည်နေကြောင်း စစ်အစိုးရက စွပ်စွဲနေပါသေးသည်။ ထို့အပြင် စစ်အစိုးရက ဒီမိုကရေစီအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သံဃာတော်များ တပူးတွဲတွဲ မြင်တွေ့ရခြင်းကို မနှစ်မြို့နိုင်ဘဲ ရှိခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးသြဇာကြီးထွားနေမှုကို ချေဖျက်နိုင်ရန်အတွက် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက လန်ဒန် မြို့တွင် သီတင်းသုံးနေသည့် နာမည်ကြီးဆရာတော် ဒေါက်တာ ရေ၀တဓမ္မကို အတိုက်အခံခေါင်းဆောင် ထိန်းသိမ်းခံနေ ရစဉ် အတွင်း လာရောက်တွေ့ဆုံခွင့် ပြုခဲ့ပါသေးသည်။ ဆရာတော် ရေ၀တဓမ္မက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်များ အကြား ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးမည်ဟု ကြေငြာခဲ့ပြီး ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များအကြား ကူးလူးဆက်ဆံ၍ ကြိုးပမ်းခဲ့ပါသေးသည်။ သို့သော်လည်း သူ၏ကြိုးပမ်းမှုများ အောင်မြင်မှု မရနိုင်ဘဲ နောက်ဆုံး လန်ဒန်မြို့သို့ ပြန်ကြွခဲ့ရပါတော့သည်။ လေ့လာဝေဖန်နေသူများက သုံးသပ်ကြသည်မှာ စစ်အစိုးရက ဆရာတော် ဦးရေ၀တကို အသုံးချ၍ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစွန့်လွှတ်သွားစေရန် ကြိုးပမ်းခဲ့သည် ဟု မြင်ကြပါသည်။
သို့သော် ရယ်ဖွယ်ကောင်းသောကိစ္စမှာ စစ်အစိုးရခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်ကို ကွန်မြူနစ်ဟု စွပ်စွဲခဲ့ပြီး ဘာသာတရားအပေါ် လေးစားကြည်ညိုမှုမရှိသူဟုလည်း လူသိရှင်ကြားစွပ်စွဲခဲ့ပါသေးသည်။ အကြောင်းက ဒေါ်အောင်ဆန်း စုကြည်က တရားပွဲတခုတွင် “လူသားအားလုံးလည်း ကြိုးစားလျှင် ယခုဘ၀အတွင်း၌ပင် ဘုရားဖြစ်နိုင်သည်” ဟု ပြောဆိုခဲ့မှု အပေါ် ရည်ညွှန်းစွပ်စွဲခြင်းလည်း ဖြစ်ပါသည်။
ပထမအကြိမ် နေအိမ်အကျယ်ချုပ်ချခံရပြီးနောက် ဒေါ်အောင်ဆန်းစုကို ပြန်လွှတ်ပေးခဲ့သည့်နောက် ၁၉၉၅ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်သို့ ခရီးထွက်ခဲ့ရာ ထောက်လှမ်းရေးအရာရှိများ အမျက်ထွက်ခဲ့ကြရပါသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်က တန်ခိုးသြဇာကြီးလှသည့် သာမညဆရာတော်ကို ဆည်းကပ်ကုသိုလ်ပြုနိုင်ရန် ခရီးထွက်ခဲ့သောကြောင့်လည်း ဖြစ်သည်။
အစဉ်အလာအရဆိုလျှင် ဘုန်းတော်ကြီးကျောင်းများက နိုင်ငံရေး တက်ကြွလှုပ်ရှားသူများအတွက် ခိုလှုံပုန်းအောင်းရာနေရာ ဖြစ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင်လည်း ရဟန်းသံဃာများက စစ်ထောက်လှမ်းရေး များ၏ရန်မှ ရှောင်တိမ်းပြေးလွှားနေကြရသူများအတွက် ခိုလှုံခွင့် ပြုခဲ့ကြပါသည်။
တကြိမ်တွင် စစ်အစိုးရက အတိုက်အခံများကို ရဟန်းခံရှင်ပြုခွင့် မပြုရန် တားဆီးကန့်သတ်ချက်ပင် ပြုခဲ့ပါသေးသည်။ ကျောင်းသား အများစုရှိရာ တက္ကသိုလ်နှင့် ကျောင်းများကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခဲ့သကဲ့သို့ပင် နိုင်ငံရေးအရ တက်ကြွထက်သန်သော ဘုန်းတော်ကြီးကျောင်းများကိုလည်း စစ်အစိုးရက အနီးကပ် စောင့်ကြည့်ခဲ့ကြပါသည်။
သာမညတောင်ပေါ်တွင် သီတင်းသုံးသည့်အတွက် “သာမည ဆရာတော်”ဟု လူအများက လေးစားကြည်ညိုကြသည့် ဆရာတော် ဘဒ္ဒန္တ ၀ိနိယက ဒေသအတွင်းရှိ ပြည်သူများကို ကူညီပေးနိုင်ရန် အတွက် ဖွံ့ဖြိုးရေးစီမံချက်များ ကြိုးပမ်းဆောင် ရွက်ပေးခဲ့သော်လည်း စစ်ဗိုလ်ချုပ်များက မရှုစိမ့်ဘဲ အနှောင့်အယှက်ပေး ဟန့်တားခဲ့ကြ ပါသေးသည်။
လူအများက ဆရာတော်ကို တန်ခိုးသိဒ္ဓိပေါက်သည်ဟု လက်ခံယုံကြည်ကိုးကွယ်ကြသည့်နည်းတူ စစ်အာဏာပိုင်များထံ ဒူးမထောက် မရိုကျိုးသော ဆရာတော်၏ ရပ်တည်ချက်ကြောင့်လည်း ပို၍ကြည်ညိုကြပါသည်။ ထိုအချိန်က တန်ခိုးထွားခဲ့ သည့် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က ဆရာတော်ထံသို့ တန်ဖိုးကြီးကားတစီးလှူသည်ကိုလည်း ဆရာတော်က လက်မခံ ငြင်းပယ်ခဲ့ပါသည်။
ဗိုလ်ချုပ်ခင်ညွန့်သည်လည်း သာမညဆရာတော်ကို ၀ယ်ယူစည်းရုံးရန် မစွမ်းနိုင်ခဲ့ပါ။
မြန်မာစစ်အစိုးရ ခေါင်းဆောင်များကို ဗုဒ္ဓဘာသာ စွဲစွဲမြဲမြဲ သက်ဝင်ယုံကြည်သူများဟု ယူဆလျှင် အမှားကြီးမှားပါလိမ့်မည်။ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစုဝင်များက ဗုဒ္ဓဘာသာကျင့်စဉ်များထက်စာလျှင် ဗေဒင်ကိန်းခန်း၊ ယတြာများ၌သာ ပိုမိုအားကိုး ယုံကြည်ကြပါသည်။ သူတို့က တန်ခိုးသြဇာတက်စေသော အဆောင်လက်ဖွဲ့များ၊ ဆင်ဖြူတော် စသဖြင့် ကိုသာ ပိုမိုတန်ဖိုးထားနေကြပြီး ဗေဒင်ဆရာများထံမှ အကြံရယူဆောင်ရွက်နေခဲ့ကြပါသည်။
သူတော်ချင်းချင်း သတင်းလွေ့လွေ့ဆိုသကဲ့သို့ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ ဗေဒင်အခါပေးဆရာများက တပူးတွဲတွဲရှိကြပြီး ကျသည့်အခါတွင်လည်း အတူကျရှုံးရသည်ကိုလည်း တွေ့ကြရပါသည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏မိသားစုကို နိုင်ငံတော် သစ္စာဖောက်မှုဖြင့် စွပ်စွဲအပြစ်ပေးခဲ့ပြီးသည့်နောက်ပိုင်း ၎င်းတို့၏ အခါပေးဗေဒင်ဆရာ အောင်ပွင့်ခေါင်ကိုလည်း ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးထောင်ချခံခဲ့ရပါသည်။
ယခင် ၀န်ကြီးချုပ်ဟောင်းနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ခင်ညွန့် ၂၀၀၄ ခုနှစ်တွယ် ဖယ်ရှားဖြုတ်ချ ခံရပြီးနောက်ပိုင်းတွင် ၎င်း၏အခါပေးဆရာ ဘိုးတော်သန်းလှသည်လည်း ထောင်သွင်းအကျဉ်းချခံခဲ့ရပါတော့သည်။
မြန်မာ စစ်အစိုးရ ခေါင်းဆောင်များအနေဖြင့် ဗုဒ္ဓဘာသာ ထွန်းကားစေရန် မြှင့်တင်ကြိုးပမ်းနေကြသည်ဟု ဆိုလျှင်ဖြင့် ယုံကြည်ရန် အတော်ခက်ခဲပါလိမ့်မည်။ သူတို့က ဘုရားတည်ကြသည့်အချိန်၊ ဗုဒ္ဓရုပ်ပွားတော်များ တည်ဆောက်ကြည်ညို ကြသည့် အချိန်၌ပင် သူတို့၏အလှူက ဗေဒင်ကိန်းခန်းများအရ ယတြာချေခြင်း ဖြစ်နေတတ်ကြပါသည်။
လေယာဉ်ပျံပေါ်တွင် သစ်သားမြင်းရုပ်ကို စီး၍ မွေးရပ်ဇာတိမြို့ကို ၉ ကြိမ်ပတ်ရန်အတွက် ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို မည်သူက အကြံပေးခဲ့ပါသနည်း။ ၄၅ ကျပ်တန်၊ ၉၀ ကျပ်တန် ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရန် ဦးနေ၀င်းကို မည်သူက အကြံပေးခဲ့ပါသနည်း။ သာဓကများစွာ ရှိနေပါသည်။
ဗိုလ်ချုပ်ခင်ညွန့်ကို အမျိုးသမီးတဦးသဖွယ်ဝတ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်၏ မူပိုင်ဟန်ဖြစ်သည့် ပန်းများပန်၍ ၎င်း “အမျိုးသမီး”၏ သြဇာအာဏာကို ခိုးယူရန် မည်သူက အကြံပေးခဲ့ပါသနည်း။ မြို့တော်ပြောင်းရွှေ့ရန်အတွက် ဗိုလ်ချုပ် သန်းရွှေကို မည်သူက တိုက်တွန်းခဲ့ပါသနည်း။
သေချာသည်မှာ ဤအပြုအမူများက ဗုဒ္ဓဘာသာဝင်များ ကျင့်ကြံပြုမူကြသည့် လုပ်ရပ်များ မဟုတ်ပါ။ အလားတူပင် ဗုဒ္ဓ ဘာသာအရ ရဟန်းသံဃာများကို ရိုက်နှက်ညှဉ်းပန်းးရန်၊ အဓမ္မ လူဝတ်လဲရန်၊ ထောင်ချရန်၊ သတ်ဖြတ်ရန်အတွက် ခွင့်ပြု ပေးထားခြင်း မရှိပါ။
မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ဆုတ်ယုတ်ကျဆင်းလာရခြင်းနှင့် စစ်ဝါဒ ခေါင်းထောင်ထလာခြင်းအပေါ် လူအများက အထူး စိုးရိမ်ပူပန်နေကြပါသည်။ ဤသို့ဖြစ်သည့် အခြေအနေများကြောင့်လည်း လူမှုရေးကဏ္ဍကို ထောက်ပြဝေဖန်ကြသူများနှင့် နိုင်ငံရေးအရ တက်ကြွထက်သန်ကြသော ဘုန်းကြီးများက ယနေ့စစ်ဗိုလ်ချုပ်များသည် ဗုဒ္ဓဘာသာ သာသနာနှင့်ဗုဒ္ဓတရား တော်များအတွက် အဓိကခြိမ်းခြောက်မှု ဖြစ်နေသည်။ ဗုဒ္ဓရုပ်ပွားတော်များရှေ့တွင် ပုဆစ်တုပ်ဝတ်ချနေကြသော်လည်း သာသနာအကျိုးကို ဖျက်ကြမည့်သူများဖြစ်သည်ဟု ဝေဖန်ပြောဆိုနေကြခြင်းမှာလည်း အံ့သြဖွယ်ရာမဟုတ်တော့ပါ။ [Top]
၂၀၀၇ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ အောင်ဇော်ရေးသားသည့် The Power Behind the Robe ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |