ပိုက်လိုင်းနိုင်ငံရေး
ဝီလီယံဘွတ်၊ ဘန်ကောက် | အောက်တိုဘာ ၂၄၊ ၂၀၀၇
မြန်မာနိုင်ငံသားအများစုက နေ့စဉ်နှင့်အမျှ မြင့်တက်လာသော လောင်စာဆီဈေးနှုန်း၊ အခြေခံစားကုန်များ ရှားပါးကြပ်တည်း လာမှု၊ လျှပ်စစ်မီးမရမှုတို့နှင့် ရင်ဆိုင်ရုန်းကန်နေရချိန်တွင် သဘာဝဓာတ်ငွေ့ ထုထည်အမြောက်အများက အနောက်ဘက် ရခိုင်ကမ်းလွန် ပင်လယ်ပြင်အောက်တွင် မတို့မထိ ပကတိအတိုင်း ရှိလျှက်နေသည်။ အကြောင်းက စစ်အစိုးရ၏ စိတ် ပိုင်းဖြတ်နိုင်မှု မရှိသေးခြင်းနှင့် ကျွမ်းကျင်မှုအရည်အချင်း မရှိခြင်းတို့ကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ရေအားလျှပ်စစ် ထုတ်ယူနိုင်သော အလားအလာများ စသည့် သဘာဝစွမ်းအင် များဖြင့် ကြွယ်ဝသောနိုင်ငံ ဖြစ်သည်။ သို့သော်လည်း စစ်အစိုးရက ဤစွမ်းအင်များကို ပြည်သူများ အကောင်းဆုံး အကျိုး ဖြစ်ထွန်းစေရန် အသုံးချရမည့်အစား ယုတ္တိမတန်သော ခမ်းခမ်းနားနား စီမံချက်ကြီးများဖြင့်သာ အလုပ်ရှုပ်နေသည်ဟု
ဝေဖန်သူများက ဆိုကြသည်။
 |
| [Photo: Yuzo/The Irrawaddy] |
စစ်အစိုးရကို အနီးကပ် စောင့်ကြည့်လေ့လာနေသူများက ဆိုကြရာတွင် နိုင်ငံ၏ ဆုံးဖြတ်ချက်ချမှတ်မှုအပိုင်းကို တင်းတင်း ကျပ်ကျပ် ချုပ်ကိုင်ထားသည့် အတွင်းပိုင်းဦးဆောင်သူ လူနည်းစုအတွင်း လာဘ်စားမှုများရှိနေပြီး ၎င်းတို့က မကြာခဏ ဆုံးဖြတ်ချက်များ ပြောင်းလဲတတ်ခြင်း၊ မူမမှန်သည့် ဦးစားပေးအစီအစဉ်များ ချမှတ်လုပ်ဆောင်နေခြင်းကြောင့် တိုင်းပြည် ၏ ငွေရပေါက်ရလမ်းဖြစ်သော အရင်းအမြစ်များကို ထိရောက်စွာ အသုံးမချနိုင်တော့ဘဲ ဖွံ့ဖြိုးမှုအဆင့်အတန်း နိမ့်ကျလာရ တော့သည်ဟု သုံးသပ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော် အတွင်းတည်ရှိသော “ရွှေ” ကမ်းလွန် လုပ်ကွက်အတွင်းရှိ လုပ်ကွက် ၂ ခုမှ ထုတ်ယူနိုင်သော ဓာတ်ငွေ့ သိုက်ပမာဏမှာ သီးခြားလွတ်လပ်သော ခန့်မှန်းအတည်ပြုထားချက်များအရ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံမျှ ၀င်ငွေရရှိနိုင်ပြီး အနည်းဆုံး နှစ်ပေါင်း၂၅ နှစ်ကြာ ထုတ်ယူနိုင်မည်ဟု စွမ်းအင်လေ့လာသုံးသပ်သူများက ဆိုကြသည်။
ပြည်သူများထံသို့ တိုက်ရိုက်အကျိုးရှိစေမည့်အစား၊ ဘဏ္ဍာငွေကြေးများ လေလွင့်ပြုန်းတီးခဲ့ရသည့် စီမံချက်ကြီးများတွင် မထင်မှတ်ထားဘဲ ပြောင်းရွှေ့တည်ဆောက်ခဲ့သော “နေပြည်တော်” မြို့တော်သစ်နှင့် အစပျိုးနေသည့် မန္တလေးအနီးရှိ မြေရိုင်းလွင်ပြင်ပေါ်တွင် တည်ဆောက်နေသော “သတင်းနည်းပညာ မြို့တော်” စီမံချက်၊ အဏုမြူဓာတ်ပေါင်းဖို စီမံကိန်း မျိုးဖြစ်ကြောင်း မြန်မာ့အရေးလေ့လာနေသူများက ထောက်ပြကြသည်။ “နေပြည်တော်” မြို့သစ်ကို နိုင်ငံ၏ စီးပွားရေးအရ အချက်အခြာကျသော ရန်ကုန်မြို့မှ မိုင်ရာပေါင်းများစွာ ဝေးကွာသည့် တောမြေရိုင်းတနေရာတွင် တူးဆွဖော်ထုတ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရ၏ အဏုမြူဓာတ်ပေါင်းဖို စီမံကိန်းပြီးစီးခဲ့လျှင် အမေရိကန် ဒေါ်လာသန်းပေါင်း ၅၅၀ ခန့် အထိ ကုန်ကျနိုင်သည်ဟု စစ်အစိုးရနှင့် လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ရုရှလူမျိုးများက ဆိုနေကြသည်။
စစ်အစိုးရ၏ ရသုံးငွေစာရင်းကို နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားသောကြောင့် နေပြည်တော် တည်ဆောက် ရေးတွင် တိုင်းပြည်ဘဏ္ဍာမှ မည်မျှကျခံသုံးစွဲနေကြောင်း မည်သူမျှ မသိနိုင်ပါ။ စရိတ်စက ကြီးမားလှသော အသုံးစရိတ်များ အပြင် ဖုန်ထူထူ ဆင်းရဲမွဲတေနေသော နိုင်ငံအတွက် စိတ်ကူးယဉ် စီမံကိန်းများ ရှိနေသေးကြောင်းလည်း စွမ်းအင်ဝန်ကြီး ဌာန စီမံကိန်းရေးဆွဲရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်က ယုတ္တိလွန် မျှော်မှန်းထားသေးသည်။
စင်ကာပူနိုင်ငံတွင် မကြာသေးက ပြုလုပ်ခဲ့သော ပညာရှင်ဆိုင်ရာ ဆွေးနွေးဖလှယ်ပွဲတခု၌် ဦးစိုးမြင့်က မြန်မာနိုင်ငံသား များအနေဖြင့် လောင်စာဆီ ဈေးနှုန်း (၁၀၀) ရာခိုင်နှုန်းမှ (၅၀၀) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည့်ဒဏ်ကို အလူးအလှိမ့် ခံစားနေရသည့် အချိန်တွင် မြန်မာနိုင်ငံသည် အနာဂတ်တွင် ဒေသလောင်စာစွမ်းအင်ကဏ္ဍ၌ “ပေါင်းကူးတံတား” တခု သဖွယ် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း မစားရ၀ခမန်း ပုံကြီးချဲ့ ပြောဆိုခဲ့သေးသည်။
“အရှေ့တောင်အာရှနှင့် တောင်အာရှဒေသအကြားမှာ ကျနော်တို့က စွမ်းအင်ပေါင်းကူးတံတားဖြစ်လာလိမ့်မယ်လို့ မျှော်လင့် ထားပါတယ်”ဟု သူက သြဂုတ်လတွင် အရှေ့တောင်အာရှ လေ့လာရေးသိပ္ပံဌာန၌ ကျင်းပခဲ့သော သီးသန့်ဆွေးနွေးပွဲ တခုတွင် ပြောခဲ့သည်။ “ကျနော်တို့၏ အိမ်မက်မှာ နောက်ဆုံးတွင် မြန်မာနိုင်ငံသည် ဒေသတွင်း၌ အဓိက စွမ်းအင်ထောက် ပံ့သော နိုင်ငံတနိုင်ငံ ဖြစ်လာရေးပင် ဖြစ်ပါတယ်” ဟု ပြောဆိုလိုက်ပြီး ထို့အပြင် မြန်မာနိုင်ငံသည် ဇီဝလောင်စာ ထုတ်လုပ် သော အဓိကနိုင်ငံတခုဖြစ်လာရေးနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးအတွက်ပါမျှော်လင့်သည်ဟု ဦးစိုးမြင့်ကပြောကြား ခဲ့သည်။
အတိအကျ အထောက်အထားဖြင့် ရှင်းပြခြင်း မရှိသော်လည်း မြန်မာနိုင်ငံ၌ ကုန်းတွင်းပိုင်းရှိ ရေနံသိုက်များမှ စည်ပေါင်း ၅၀၀ သန်း၊ ပင်လယ်ပြင်အောက်မှ နောက်ထပ် စည်သန်း ၁၀၀ ထုတ်ယူနိုင်ဖွယ်ရှိကြောင်းလည်း ဦးစိုးမြင့်က ဆိုခဲ့သည်။
သဘာဝဓာတ်ငွေ့သိုက်များက ထုထည်ပိုများပြီး ၁၆ ထရီလီယံ ကုဗပေရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့ပြန်သည်။
ဤအတိုင်းသာ မှန်ကန်ပါက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရှာဖွေတွေ့ရှိထားသော ဓာတ်ငွေအရင်းအမြစ် အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ ၁၀ ခုတွင် တနိုင်ငံအပါအ၀င် ဖြစ်ပေတော့မည်။
သို့သော်လည်း ကံမကောင်းအကြောင်းမလှသည့်အချက်မှာ တိုင်းပြည်သယံဇာတ ပေါကြွယ်ဝမှုသည် မြန်မာနိုင်ငံ၏ လောင်စာစွမ်းအင်လိုအပ်နေမှုကို လတ်တလော ဖြည့်ဆီးပေးနိုင်ဖွယ် မရှိသည့်အပြင် ရလာသော နိုင်ငံခြားငွေမာများဖြင့် ပြည်သူအများ သက်သာချောင်ချိစွာ အသုံးပြုနိုင်မည့် ချက်လုပ်ပြီးလောင်စာဆီများ တိုင်းပြည်သို့တင်သွင်းဝယ်ယူလာရေး လည်း မဖြစ်ခဲ့ပါ။
အဓိက ရှာဖွေထုတ်လုပ်သူ တောင်ကိုရီးယားနိုင်ငံမှ ဒေ၀ူးအင်တာနေရှင်နယ်ကုမ္ပဏီ၏ အဆိုအရ စစ်တွေဆိပ်ကမ်းအနီး ရခိုင်ကမ်းရိုးတန်းမှ ကီလိုမီတာ ၆၀ ခန့် အကွာအဝေးတွင် ရှိနေသော “ရွှေ” ဓာတ်ငွေ့သိုက်၊ လုပ်ကွက် အေ-၁ နှင့် အေ-၃ တို့တွင် အသုံးပြုနိုင်သော ဓာတ်ငွေ့ပမာဏ ၇. ၇ ထရီလီယံ ကုဗပေ (၂၂၀ ဘီလီယံ ကုဗမီတာ) ရှိနေသည်ဟု သိရသည်။
သို့သော်လည်း ကန်လန့်ကာနောက်ကွယ်တွင် မည်သူက ယင်းဓာတ်ငွေ့များကို ၀ယ်ယူပိုင်ဆိုင်မည်နည်း ဆိုသည်နှင့် ပတ်သက်၍ တနှစ်ကျော်ကြာ နိုင်ငံရေးနှင့် စီးပွားရေး လွန်ဆွဲနေခဲ့ကြသည်။ အနည်းဆုံး နိုင်ငံ ၅ နိုင်ငံက ဓာတ်ငွေ့ဝယ်ယူ ခွင့်ရရေး ကြိုးပမ်းနေခဲ့ကြသည်။ တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံစလုံးက ၎င်းတို့၏ကြီးထွားလာနေသောစီးပွားရေး လုပ်ငန်း များကို လောင်စာဖြည့်ဆီးနိုင်ရန်အတွက် ပိုက်လိုင်းသွယ်၍ ဓာတ်ငွေ့တင်သွင်းရန် လိုလားနေကြပြီး ဓာတ်ငွေ့ ပိုက်လိုင်းက ဒေါ်လာ ၁ ဘီလီယံမက ကုန်ကျမည် ဖြစ်သည်။
“ရွှေ” ဓာတ်ငွေ့သိုက်နဲ့ပတ်သက်လို့ မြန်မာအစိုးရဆီက ထွက်ပေါ်လာတဲ့အချက်ပြမှုတွေက မရေရာ၊ ရှုပ်ရှုပ်ထွေးထွေး နိုင်လှပါတယ်။ ဒီတိုင်းပြည်မှာ ရင်းနှီးမြုပ်နှံဖို့ စဉ်းစားနေကြတဲ့ နိုင်ငံတကာစွမ်းအင်လုပ်ငန်းတွေ အတွက်တော့ ဒီလိုဖြစ် နေတာ မကောင်းလှဘူး”ဟု ဘန်ကောက်ရှိ လူသုံးကုန်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသနပြုနေသူ ဆာ ၀တ်တနာ (Sar Watana) က ဆိုပါသည်။ “ဒီအချက်တွေအပြင် ဒေ၀ူးက ၀ယ်ယူမယ့်သူကို သူကတာဝန်ခံဆုံးဖြတ်မယ်လို့ ကြေငြာချက် လုပ်လာတော့ ပိုရှုပ်ထွေးလာပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဒေ၀ူးက အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖြစ်သည့် ကိုရီးယား ဂက်စ် (Korea Gas) နှင့် အိန္ဒိယနိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီများဖြစ်သော GC နှင့် GAIL တို့နှင့်အတူ တူးဖော်ရေးလုပ်ငန်းတွင် ဖက်စပ်လုပ်ကိုင်နေပြီး ရွှေလုပ်ကွက်များတွင် တူးဖော်ထုတ်လုပ်မှုဆိုင်ရာ ရင်နှီးမြှုပ်နှံမှု ၆၀ % ကို ပိုင်ဆိုင်ခွင့်ရထားသူ ဖြစ်သည်။
“အေ - ၁ နှင့် အေ-၃ လုပ်ကွက်တွေမှာ နှောင့်နှေးမှုတွေ ဖြစ်နေကတည်းက စစ်အစိုးရက စိတ်ပူနေတယ်။ အိန္ဒိယနိုင်ငံ ဘက်ကလာတဲ့ ဝေဖန်ချက်တချို့နဲ့ တချိန်တည်းမှာပဲ တရုတ်အစိုးရဘက်က ထုတ်ဖေါ်ပြဆိုလာတဲ့ အလိုမကျမှုတွေ အပေါ်မှာလည်း တွက်ချက်နေတယ်လို့ ကျနော်ခံစားမိတယ်” ဟု သြစတေးလျှ စီးပွားရေးပညာရှင်နှင့် မြန်မာ့အရေး စောင့်ကြည့် လေ့လာနေသူ ဒေါက်တာ ရှောင်တာနယ် (Dr. Sean Turnell) က ဧရာဝတီမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
“ဒါကြောင့် ဒီအကြပ်အတည်းကို ရှင်းနိုင်ဖို့ အိန္ဒိယကို တ၀က်ချွေးသိပ်၊ တရုတ်အစိုးရကိုလည်း နှစ်သိမ့်၊ ဒီလိုမျိုး လုပ်ကောင်း လုပ်နိုင်ပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။
မြန်မာအစိုးရ၏ မရေရာမှုန်ဝါးဝါးနိုင်လှသောအခင်းအကျင်းတွင် နောက်ဆုံးအဆင့်၌ မည်သူကရွှေဓာတ်ငွေ့သိုက်ကို ရမည် ဆိုသည်ကလည်း မရေမရာ ရှိနေသေးသည်။ သို့သော်လည်း မည်သည့် ၀ယ်ယူခွင့်ရသူမဆို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် ပူးတွဲလုပ်ကိုင်ကြရမည် ဖြစ်သည်။
မြန်မာစစ်အစိုးနှင့် ဆက်ဆံလုပ်ကိုင်ရာတွင် မည်သို့အခက်အခဲများ၊ စွန့်စားမှုများ ရှိနေသည်ဖြစ်စေ မြန်မာနိုင်ငံ၏ ကြွယ်ဝ လှသည့် စွမ်းအင်ကဏ္ဍ တစိတ်တပိုင်းကို လက်ဝယ်ရရှိရေး အကွက်ချောင်းနေကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ရှိနေမည်သာ ဖြစ်သည်။ ဤအခက်အခဲများက သူတို့၏ လိုလားစိတ်ကို မဟန့်တားနိုင်ကြပါ။ စင်ကာပူနိုင်ငံမှသည် ရုရှနိုင်ငံ အထိ၊ တခါတရံ အမည်မထင်ရှားလှသည့် အငယ်စားကုမ္ပဏီမှအစ ကုန်းတွင်းနှင့် ကမ်းလွန်ဒေသ လောင်စာရှာဖွေခွင့် ရရန် လိုလားနေကြပြီး သဘောတူစာချုပ်များ ရရှိအောင်လည်း ကြိုးပမ်းရယူနိုင်ခဲ့ကြပါသည်။
အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် အာရှနိုင်ငံများအတွင်း အဓိကအရေးပါသည့် စွမ်းအင်ထောက်ပံ့ရာ နိုင်ငံတခုအဖြစ် ဖြစ်နေမည်ကတော့ သံသယ ရှိစရာမလိုပေ။ သို့သော်လည်း ပြဿနာမှာ စစ်အစိုးရအနေဖြင့် မြန်မာပြည်သူများ ထိထိ ရောက်ရောက် အကျိုးဖြစ်ထွန်းစေရေးအတွက် သဘာဝအရင်းအမြစ်များကို ထိရောက်လိမ္မာသော နည်းလမ်းများဖြင့် ထုတ်ယူ သုံးစွဲနိုင်ပါမည်လား၊ စီစဉ်နိုင်ပါမည်လား ဟူသည်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတော့သည်။ ။ [Top]
၂၀၀၇ ခုနှစ် အောက်တိုဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Pipeline Politics By William Boot/ Bangkok ကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြပါသည်။ |