မြန်မာပြည်တွင် သတင်းအမှောင်ချခြင်းဖြင့် သတင်းမီဒီယာစစ်ပွဲဆင်နွှဲနေခြင်း
အောင်ဇော် | အောက်တိုဘာ ၄၊ ၂၀၀၇
ဧရာဝတီမဂ္ဂဇင်း၏ သတင်းအလုပ်ခန်းတွင် ယခင်အပတ်နှင့် ယခုအပတ် အတော်ကြီး ကွာခြားသွားခဲ့သည်။
လွန်ခဲ့သောအပတ်က သတင်းထောက်များက မအားနိုင်အောင် အလုပ်များနေခဲ့သည်။ တယ်လီဖုန်းလိုင်းများလည်း ထွက်
ဝင်မစဲ မအားနိုင်ကြ။ နိုင်ငံတကာမှခေါ်ဆိုကြသော ဖုန်းများကိုလည်း မအားလောက်အောင် လက်ခံနေကြရသကဲ့သို့ သတင်းစာအယ်ဒီတာများကို တွေ့ဆုံမေးမြန်းခန်းပြုရန် တောင်းဆိုချက်များက ဆူနာမီရေလှိုင်းလို ပုံကျလာခဲ့သည်။ နေ့လယ်စာကိုပင် သတင်းခန်းထဲမှာ ဖြစ်သလို စားသောက်ကြရပြီး အလုပ်ကိုသာ သဲသဲမဲမဲဆက်လုပ်နေခဲ့ကြရသည်။
ရဟန်းသံဃာများနှင့် လှုပ်ရှားသူများက မြန်မာနိုင်ငံတလွှားတွင် ချီတက်ဆန္ဒပြနေကြသည့် သတင်းများနှင့် သတင်း ပေးပို့ချက်များနောက် ခြေရာကောက် စုဆောင်းနေချိန်တွင်ပင် မရှေးမနှောင်း၌ လူသူမခွဲခြား ပစ်ခတ်သတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖြိုခွဲမှုများလည်း ဖြစ်လာခဲ့သည်။ ဤသတင်းဗီဒီယိုများကို ဘီဘီစီ၊ စီအန်အန်၊ အယ်လ်ဂျာဇီးရား သတင်းဌာန များ၏ တီဗီဖန်သားပြင်ပေါ်မှ ထုတ်လွှင့်နေချက်များကိုလည်း မြင်နေကြရသည်။
သတင်းများက ဥဒဟိုအမြန်ရောက်ရှိလာခဲ့သည်။ ရုပ်ပုံများကလည်း မိမိတို့၏သတင်းစားပွဲများပေါ်သို့ စက္ကန့်ပိုင်းအတွင်း ရောက်လာကြသည်။ ဤသို့ဖြင့် မိမိတို့နိုင်ငံအတွင်း မည်သို့ဖြစ်ပျက်နေပုံကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့သည်။
ထွက်ပေါ်လာခဲ့သော ဓာတ်ပုံများနှင့် အဖြစ်အပျက်များကလည်း အံ့အားသင့်ဖွယ်။ အယ်လ်ဂျာဇီးရား၊ စီအန်အန်၊ ဘီဘီစီ သတင်းဌာနများက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်လွှင့်ဖော်ပြနေသောအချိန်ကလည်း အထူးအံ့မခန်း တိုးမြင့်လာခဲ့သည်။ ရန်ကုန်ရှိ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များက အယ်လ်ဂျာဇီးရားသတင်းဌာနကို အကြိုက်ဆုံးဟု ပြောလာကြသည်။ ၎င်းက မြန်မာနိုင်ငံအရေးကို အထူးအလေးပေး ဖော်ပြခဲ့သည်။
“ကျနော်ဆိုရင် ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ အယ်လ်ဂျာဇီးရား ကြည့်နိုင်ဖို့အတွက် ဂြိုဟ်တုစလောင်း တပ်လိုက်တယ်” ဟု ရန်ကုန်ရှိ ယခင်သံဝန်ထမ်းဟောင်းတဦးက မိမိကို တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
လမ်းမပေါ်ရှိ လူထုကို စစ်သားများက ပစ်ခတ်နေသည့်အချိန်တွင် စစ်အစိုးရက သတင်းမီဒီယာစစ်မျက်နှာတွင်လည်း တိုက်ပွဲဆင်နေရသည်။ သတင်းနှင့် ဓာတ်ပုံများ ပြင်ပကမ္ဘာသို့ ထွက်မသွားနိုင်စေရန်အတွက် ပိတ်ဆို့ တားဆီးနေရသည်။ သောကြာနေ့ညနေပိုင်း ဖိနှိပ်ဖြိုခွဲချေမှုန်းမှု ပြင်းထန်နေချိန်တွင် စစ်အစိုးရခေါင်းဆောင်များက ပင်မအင်တာနက်လိုင်းကို ဖြတ်တောက်လိုက်ပြီး လက်ကိုင်ဖုန်းဆက်သွယ်ရေးစနစ်ကိုလည်း ဖြတ်တောက်ခဲ့သည်။ သို့သော်လည်း ကြိုးလိုင်း တယ်လီဖုန်းများက ဆက်သွယ်ရနေဆဲ ဖြစ်သည်။
မိမိ၏ ယူဆချက်တွင် စစ်တပ်က ၁၉၇၀ ခုနှစ်များတွင် သူပုန်အဖွဲ့များကို နှိမ်နင်းနိုင်ရန် ကျင့်သုံးခဲ့သော ဖြတ် ၄ ဖြတ် စစ်ဆင်ရေးက ထိရောက်အောင်မြင်သည်ဟု ဆိုရချိမ့်မည်။ ရိက္ခာဖြတ်သည်။ သတင်းဆက်သွယ်ရေးကို ဖြတ်သည်။ လူသစ်အင်အားစုဆောင်းမှုနှင့် ကျည်လက်နက်လမ်းကြောင်းကို ဖြတ်သည်။ စစ်တပ်က ဤစစ်ဆင်ရေးကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ခဲ့ပြီး သူပုန်များကို ချေမှုန်းအနိုင်ယူနိုင်ခဲ့သည်။
ယခုအချိန်တွင်လည်း ရန်ကုန်မြို့ကို စစ်တပ်က သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီ။ စစ်အစိုးရက သတင်းဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်လိုက်သည်။ သူတို့က ဤသို့သတင်းစီးဆင်းနေမှုသည် အတိုက်အခံဒီမိုကရေစီလှုပ်ရှားသူများ အတွက် အရေးပါကြောင်းနှင့် ဤဖြစ်ရပ်များကို ဖော်ပြနေကြသော သတင်းထောက်များအတွက် အသက်သွေးကြော ဖြစ်ကြောင်း သိထားသည်။ စစ်သားများက ကင်မရာပါလာသူဆိုလျှင် ဆွဲချသည်။ ဖမ်းဆီးသည်။ ရိုက်နှက်မှုများလည်း ပြုနေခဲ့သည်။
ယခုအပတ်အတွင်း အကြမ်းဖက်ဖြိုခွဲနှိပ်ကွပ်မှုများက ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း သတင်းအ၀င် နည်းသွားခဲ့သည်။ ရုပ်ပုံများလည်း အနည်းအကျဉ်းသာ ထပ်မံရောက်လာနိုင်တော့သည်။ နိုင်ငံတကာသတင်းများတွင်လည်း မြန်မာ့အရေးက နောက်ပြန်ဆုတ်သွားရပြီး ယူကရိန်းရွေးကောက်ပွဲ၊ တောင်ကိုရီးယားသမ္မတ၏ မြောက်ကိုရီးယားသို့ ခရီးစဉ်၊ အီရတ်ရှိ ဖြစ်ပျက်နေမှုများက ရှေ့ပြန်ရောက်လာခဲ့သည်။
ကုလသမဂ္ဂ အထူးသံတမန် အီဗရာဟင် ဂန်ဘာရီ မြန်မာနိုင်ငံသို့ သွားသော ခရီးစဉ်အတွင်းတွင်လည်း ၎င်း၏အချိန် အများစုကို တောတွင်းနေပြည်တော်တွင်သာ အချိန်ကုန်နေစေခြင်းအားဖြင့် သတင်းထွက်မလာစေရန် ကောင်းကောင်း ထိန်းထားနိုင်ခဲ့သည်။ ထိုအချိန်မှာပင် ဖုန်ထူထူမြို့တော်သစ်ရှိ စစ်ဝါဒဖြန့်ချိရေးယန္တရားများက ဤဖြစ်ရပ်များနှင့် ဆန့်ကျင်၍ အဓိပ္ပာယ်ဖွင့်ဆို ထုတ်လွှင့်ချက်များကိုလည်း အံ့အားသင့်ဖွယ် ကြားနေကြရပြန်သည်။
သို့သော်လည်း ရန်ကုန်မှ မိမိတို့ကြားနေရသော သတင်းများက ကျောစိမ့်တုန်လှုပ်ဖွယ် ကောင်းလှသည်။ ဘုန်းတော်ကြီး ကျောင်းများကို အရုဏ်မကျင်းခင် ၀င်ရောက်စီးနင်းမှုများလည်း ဆက်လက်ဖြစ်ပေါ်နေသည်။ ရန်ကုန်ရှိ မိမိတို့၏ လုပ်ဖော် ကိုင်ဖက်တဦးက “စစ်သားတွေက ဘုန်းကြီးတွေကို လိုက်ဖမ်းနေတယ်၊ အခု ဘုန်းကြီးတွေလည်း ပုန်းနေကြရတယ်”ဟု ပြောပြသည်။ ဘုန်းတော်ကြီးကျောင်းများလည်း လူသူကင်းရှင်း တစပြင်သဖွယ်ဖြစ်နေပြီး လူထုက သံဃာတော်များကို ကူညီ ၀ှက်ထားပေးကြရသည်။ အင်းစိန်အကျဉ်းထောင်နှင့် ယာယီထိန်းသိမ်းရေးစခန်းများတွင်လည်း ရဟန်းတော်များ၊ အရပ်သားများဖြင့် ပြည့်လျှံနေသည်။
သတင်းများအရ ထိန်းသိမ်းခံနေကြရသော သံဃာများကလည်း သပိတ်မှောက် ကံဆောင်မှုကို ဆက်လက်ပြုလုပ်နေကြ သည်ဟု ဆိုသည်။ စစ်အစိုးရထံမှ ကပ်လှူသည့် ဆွမ်းကို ငြင်းပယ်နေကြပြီး အချို့သတင်းများအရ ရဟန်းများက အစာ အငတ်ခံဆန္ဒပြနေကြသည်ဟုလည်း ဆိုသည်။
ထိုမျှမက ယခုအပတ်အတွင်း ရန်ကုန်ရှိ သာမန်ပြည်သူလူထု၏ အထူးကြပ်တည်း ဆင်းရဲပင်ပန်းနေကြရသည့် အကြောင်း နှင့် သတင်းထောက်များ ဒုက္ခကြုံနေကြရပုံကိုလည်း ကြားသိနေရသည်။
သတင်းထောက် တဦးကလည်း “ကျနော်တို့ကတော့ အမြဲမပြတ် ဆက်ပြီးစောင့်ကြည့်နေတာပဲ။ ကျနော်တို့ အီးမေးလ်လည်း မပို့နိုင်ဘူး။ ကျနော်မှာ ပို့စရာဓာတ်ပုံတွေ အများကြီးရှိသေးတယ်။ သတင်းဌာနတွေမှာ မဖော်ပြရသေးတဲ့ ကိစ္စတွေ အများကြီး ဆက်ဖြစ်နေတယ်၊ အခု ကြိုးဖုန်းလိုင်းကို မဖြတ်သေးတာပဲ ကျေးဇူးတင်ရဦးတော့မယ်”ဟု ပြောပြီး ခြောက်သွေ့သွေ့ ရယ်ရင်း ဖုန်းချခဲ့သည်။ သူက ကျေးဇူးတင်သည့်သူ မည်သူဆိုသည်မှာ မိမိနားလည်ပါသည်။
အချို့သူများက တယ်လီဖုန်းဖြင့် ပြောဆိုရန်ပင် ကြောက်ရွံ့နေကြသည်။ မိမိအသံကြားသည်နှင့် ပြည်တွင်းမှ လုပ်ဖော်ကိုင် ဖက်တဦးက ဖုန်းချသွားခဲ့သည်။ ယခင်က မိမိဘယ်အချိန်ခေါ်ခေါ် စကားလက်ခံပြောဆိုနေကျ ဖြစ်သည်။
တခါတရံ မိမိတို့က လိုင်းတယ်လီဖုန်းကို “နားထောင်နေတဲ့ နံရံကြီး” ဟု ဟာသလုပ် ခေါ်ဆိုတတ်ကြသေးသည်။ သေချာ သည်က သူမတယ်လီဖုန်းကို အထူးစောင့်ကြည့်နေမည်ဆိုသည့် အချက်ကို သိထားကြသည်။ အချို့သော ယခင်ပြောဆိုမှု များတွင် မိမိတို့က လျှို့ဝှက်သင်္ကေတများ၊ အနှစ်အသားမပါလှသော ခြောက်ကပ်ကပ်ပျက်လုံးများဖြင့် ပြောဆိုနိုင်ခဲ့ကြ သေးသည်။ ယခုတော့ သူမခြိမ်းခြောက်ခံရမှု၊ သို့မဟုတ် စိုးရိမ်ဖွယ်ရာ အခြေအနေတခုခုနှင့် ကြုံနေရပြီဟု မိမိသိနေသည်။ သို့သော်လည်း သူမက လက်ခံပြောဆိုရဲလောက်အောင် သတ္တိကောင်းခဲ့သူလည်း ဖြစ်သည်။
လွန်ခဲ့သောအပတ်က လမ်းမများပေါ်တွင် လူများထောင်နှင့်ချီ၍ လမ်းလျှောက်ဆန္ဒပြနေကြစဉ်က ရန်ကုန်ရှိ သတင်း ထောက်များ၏ အသံများ၊ မိမိတို့စကားပြောဆိုရသူများက ရွှင်လန်းတက်ကြွနေခဲ့သည်။ နောက်ပိုင်း စစ်တပ်ကလူထုများ အတွင်းသို့ ပစ်ခတ်ချေမှုန်းခဲ့ကြသောအခါ သူတို့၏အသံများလည်း ဒေါသသံ၊ ငိုသံများအဖြစ် ပြောင်းလာခဲ့သည်။ မိမိရုံးရှိ သတင်းထောက်များက သူတို့တယ်လီဖုန်းမှတဆင့် ပစ်ခတ်သံများကို ကြားနေရပြီး ရန်ကုန်ရှိ မိမိတို့မိတ်ဆွေများကလည်း စစ်သားများက မည်းမည်းမြင်ရာ ပစ်ခတ်နေသောအခြေအနေကို ပြောပြခဲ့ကြသည်။ မိမိတို့သတင်းထောက်များ၏ အသံ ဖမ်းစက်များက လည်ပတ်ဖမ်းယူနေဆဲအချိန်တွင် သူတို့မျက်ရည်တွေတွေကျဆင်းနေကြပြီး ငိုရှိုက်နေကြသည်ကိုလည်း မြင်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ သတ္တိကောင်းလှသော မြန်မာပြည်တွင်းရှိ ပြည်သူအချို့ကမူ ရက်သတ္တပတ် တပတ်ကျော်ကြာ လူထု အုံကြွမှုသည် ပေးဆပ်ရကျိုးထိုက်တန်သည်ဟု ယူဆကြသည်။
၁၉၈၈ ခုနှစ်က မတ်လနှင့် စက်တင်ဘာလအတွင်းတွင် ဆန္ဒပြသူ လူပေါင်း (၃, ၀၀၀) ကျော် သေဆုံးသွေးမြေကျခဲ့ရသည်။ လူပေါင်းသန်းနှင့်ချီ၍ လမ်းမများပေါ်ထွက်၍ တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာတလွှားရှိ ပြည်သူများ၊ သတင်း မီဒီယာများက မြန်မာပြည် ဘယ်ဆီဘယ်ဝယ် မသိ၊ အဖြစ်အပျက်များကိုလည်း ရေးရေးသာ မြင်နိုင်ခဲ့ကြသည်။ ထိုကာလ များက ကင်မရာပါသူဆိုလျှင် ချက်ချင်းဖမ်းဆီးခံကြရပြီး သူလျှိုထောက်လှမ်းနေသူဟုလည်း သင်္ကာမကင်း ယူဆခဲ့ကြသည်။
ယခုတကြိမ်တွင်တော့ မြန်မာ့အရေးကို နိုင်ငံတကာသတင်းမီဒီယာများ၊ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာတလွှားရှိ ပြည်သူ အများက အထူးအာရုံစိုက်ခဲ့ကြသည်။ အင်တာနက်၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ လက်ကိုင်ဆဲလ်ဖုန်းများ၊ အီးမေးလ်များက ကမ္ဘာတ၀န်းရှိ စောင့်ကြည့်နေကြသူများထံ သတင်းများပေးပို့ပြီး ဆန္ဒပြသူများကို အားဖြည့်ပေးခဲ့ကြသည်။ သူတို့၏ လုပ်ဆောင်ချက်များကို ကမ္ဘာတလွှားမှ ကြားနိုင်၊ ဖတ်နိုင်၊ ရှုမြင်နိုင်ခဲ့ကြသည်။
ယခုအချိန်တွင်တော့ မြန်မာနိုင်ငံတွင်း သတင်းများကို အမှောင်ချ ပိတ်ဆို့ ခံထားရပြန်ပြီ ဖြစ်သည်။ စစ်အစိုးရအနေဖြင့် နိုင်ငံကို မည်မျှကြာကြာ ပိတ်ဆို့အမှောင်ချနိုင်ပါမည်နည်း။
ကမ္ဘာကြီးကို ဆက်သွယ်တင်ပြလိုသော မြန်မာနိုင်ငံရှိ သတင်းထောက်များနှင့် အရပ်သားလူထု သတင်းထောက်များက ဆက်လက် ရုန်းကန်ကြိုးပမ်းနေကြမည်သာ ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း သတင်းအမှောင်ချ ပိတ်ဆို့မှုကို ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ပြီး ဤတိုက်ပွဲက ရှေ့လျှောက်ပြင်းထန်နေဖို့လည်း ရှိနေသည်။ [Top]
၂၀၀၇ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့က ဧရာဝတီ အင်တာနက်မဂ္ဂဇင်းတွင် ဖော်ပြထားသည့် အောင်ဇော်ရေးသားသော Burma Information Blackout: The Media War ကို ဆီလျော် အောင် ပြန်ဆိုဖော်ပြပါသည်။ |