စစ်ရေးစွက်ဖက်ရန် ဆွေးနွေးမှုများ ဆက်လက်ဖြစ်နေ
အောင်ဇော် | နိုဝင်ဘာ ၂၈၊ ၂၀၀၇
မြန်မာစစ်အစိုးရခေါင်းဆောင်များကို ဖြုတ်ချဖယ်ရှားနိုင်ရန်အတွက် လူသားချင်းစာနာသည့် ၀င်ရောက်စွက်ဖက်မှုများ လုပ်ရန်၊ သို့မဟုတ် လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ရန် ဆွေးနွေးပြောဆိုနေကြခြင်းသည် မြန်မာနိုင်ငံတွင်းမျှသာ မဟုတ်။ အင်တာနက်ဝက်ဘ်ဆိုက်များတွင်လည်း ပို၍ကျယ်ကျယ်လောင်လောင် ပြောဆိုရေးသားနေကြသည့်ကိစ္စဖြစ်သည်။ ထို မျှမက သတင်းမီဒီယာများနှင့် နောက်ဆုံး အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကြားနာပွဲများ အထိပါ ၎င်းကိစ္စ အပေါ် ပြောဆိုမှုများ ရှိလာခဲ့သည်။
စက်တင်ဘာလ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ချေမှုန်းနှိမ်နင်းခဲ့စဉ်က ရီပတ်ဘလစ်ကင်ပါတီ အောက်လွှတ် တော်အမတ် ဒါနာ ရိုရာဘာချာ (Dana Rohrabacher) က မြန်မာစစ်အာဏာရှင်များ အနေဖြင့် ၎င်းတို့၏ အရေးယူ ဆောင်ရွက်မှုများအတွက် အကျိုးဆက်များ တုံ့ပြန်ခံရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့စဉ်က အများထက်ချွန်၍ ထူး၍ ထွက်ပြောသည်ဟု ယူဆခဲ့ကြသည်။
“ခင်ဗျားတို့က ရဟန်းသံဃာတွေ၊ ဒီမိုကရေစီ တောင်းဆိုနေကြတဲ့ ပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင်တော့ စစ်အစိုးရ ကျဆုံးတဲ့အခါ၊ ပြောရရင် ကျလည်း ကျဆုံးရမှာပဲ၊ ခင်ဗျားတို့ရှေ့မှာတွေ့ခဲ့ရတဲ့အတိုင်း နာဇီရာဇ၀တ်သားတွေလို ကမ္ဘာကြီး အစွန်အဖျားအထိ လိုက်လံရှာဖွေပြီး အပြစ်ပေးခံကြရလိမ့်မယ်” ကယ်လီဖိုးနီးယားပြည်နယ်၏ စစ်သွေးကြွ လွှတ်တော် အမတ်က ဆိုခဲ့သည်။
ဤရပ်တည်ချက်အတိုင်း မပြောင်းမလဲ၊ လွန်ခဲ့သော ၂-နှစ်ကာလ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလကလည်း ရိုရာဘာချာက မြန်မာစစ်အစိုးရကို “စစ်ရေးအရ စွက်ဖက်ဆောင်ရွက်မည်” ဟူသော ခြိမ်းခြောက်မှုဖြင့် ဖိအားပေးရန် အကြံပြုခဲ့ဖူးသေး သည်။
အောက်လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၊ အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီရှေ့မှောက် ကြားနာပွဲ တခု ၌ ရိုရာဘာချာက မြန်မာပြည်သူများ၏ လှုပ်ရှားမှုပုံသဏ္ဌာန်အမျိုးမျိုးကို အမေရိကန်ပြည်ထောင်စုက ထောက်ပံ့ကူညီမှုပေး ရန် တိုက်တွန်းခဲ့ဖူးသည်။ သူက ပြောရာ၌ တော်လှန်ရေး၊ လျှို့ဝှက်စစ်ဆင်ရေးအပါအ၀င် စစ်အစိုးရဖြုတ်ချနိုင်ရေးအတွက် ဆောင်ရွက်နေမှုအားလုံးကို ကူညီပေးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ဤသို့ လူသိရှင်ကြား ပြောဆိုမှုများ ပွက်လောရိုက်နေရုံမျှမက၊ လူမုန်းများနေသော မြန်မာစစ်အစိုးရကို စစ်ရေးအရကျူး ကျော်၍ ၀င်ရောက်ဖယ်ရှားပစ်လိုက်ရန် ဖြစ်နိုင်ခြေများကို လေးလေးနက်နက် စဉ်းစားအကြံပေးမှုများလည်း ရှိနေခဲ့သည်။
လန်ဒန်အခြေစိုက် လွတ်လပ်သည့် အကြံပေးပညာရှင်အဖွဲ့ဖြစ်သော အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာန (International Institute of Strategic Studies--IISS) အဖွဲ့က ၁၉၉၃ ခုနှစ်၊ မေလက တင်ပြပြောကြားခဲ့ရာတွင် ကမ္ဘာ့ ကုလသမဂ္ဂအနေဖြင့် ဘော့စနီးယား-ဟာဇီဂိုဘီးနားဒေသတွင် စစ်ရေးအရ ၀င်ရောက်စွက်ဖက်ခဲ့သည်ထက်စာလျှင် မြန်မာ နိုင်ငံတွင် ပို၍ ရလဒ်ကောင်းထွက်နိုင်သည်ဟု အချက်အလက်နှင့် တင်ပြခဲ့သေးသည်။
IISS ကပြောခဲ့ရာတွင် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်စွက်ဖက်ရမည်ဆိုပါက “ဦးတည်ချက် ရှင်းလင်းလှ သည်။ (န၀တ) [စစ်အစိုးရ၏ ယခင်အမည်ဟောင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့] ကို ဖယ်ရှားရုံသာ ဖြစ်သည်။ တိကျ သော နောက်ဆုံးရလဒ်လည်း ရှိနေသည်။ မြန်မာပြည်သူ အများစု၏ဆန္ဒကို ထေက်ခံပံ့ပိုးပေးရုံသာ ဖြစ်သည်” ဟု ဖော်ပြ ခဲ့သည်။
ပင်လယ်ကွေ့စစ်ပွဲအတွင်း ဆော်ဒီတပ်ဖွဲ့များ၏ တပ်မှူးအဖြစ် တာဝန်ယူခဲ့သူ မင်းသားကြီး ခါလက် ဆူလ်တန် အဗ္ဗဒူလ် အာဇစ် (Prince Khaled Sultan Abdul Aziz) က ၁၉၉၂ ခုနှစ်၊ ဧပြီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်း များသို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို “သဲကန္တာရမုန်တိုင်း” စစ်ဆင်ရေးနှင့် အလားတူ အရေးယူမှုမျိုး ပြု သင့်ပြီဟု တောင်းဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ အထက်လွှတ်တော်အမတ် ဂျိုး လီဘာမင် (Joe Lieberman) ကလည်း နယူးယောက် ဒေးလီ နယူးစ်သတင်းစာတွင် အောက်တိုဘာလက ရေးသားခဲ့သည့် သူ၏ဆောင်းပါး၌ “စစ်အစိုးရအပေါ် နောက်ထပ် ဖိအားများ ပေးနိုင်ရေးအတွက် သမတဘုရှ် အစိုးရအနေဖြင့် မိမိတို့၏ စစ်ရေး၊ ထောက်လှမ်းရေးစွမ်းဆောင်ရည်များကို မည်သို့ ထိရောက်စွာအသုံးပြုနိုင် ကြောင်း နည်းလမ်းရှာဖွေ ဖော်ထုတ်သင့်ပြီ” ဟု အကြံပြုခဲ့ပြန်သည်။
ဝီကလီး စတင်းဒတ် (Weekly Standard) ဂျာနယ် တည်ထောင်သူနှင့် အယ်ဒီတာတဦးဖြစ်သူ စစ်လိုလားသူ စာရေးဆရာ
ဝီလယမ် ခရစ္စတိုလ် (William Kristol) ကလည်း ၀ါရှင်တန်ပို့စ် သတင်းစာတွင် အောက်တိုဘာလ ၇ ရက်နေ့က “ ပြောင် ဖြစ်စေ၊ လျှို့ဝှက်၍ဖြစ်စေ မြန်မာစစ်အစိုးရ၏ စစ်ဌာနချုပ်၊ ထောက်လှမ်းရေးဌာနများ၊ အာဏာရှင်များ၏ စည်းစိမ်ခံစားနေ ရာ စံအိမ် စသဖြင့် အရေးပါသည့် အခြေခံအဆောက်အဦများအပေါ် စစ်ရေးအရ အရေးယူမှုများကော မလိုပေဖူးလား။ ဤသို့ ဆောင်ရွက်အရေးယူခြင်းဖြင့်လည်း ကာကွယ်တားဆီးနိုင်သည့် အာနိသင်မရနိုင်ပေဖူးလော...သို့မဟုတ် ၎င်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် စစ်အစိုးရအတွင်း အကွဲအပြဲများ ဖြစ်လာစေရန် အထောက်အပံ့ ဖြစ်စေနိုင်သည်လော...ဖြစ်လာ တော့မည့် ဆိုးကျိုးကပ်ဒုက္ခများ ရှောင်လွှဲနိုင်ရန်အတွက် မိမိတို့က နိုင်စွမ်းသမျှ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါ၏လော..” စသဖြင့် စသဖြင့် မေးခွန်းများထုတ်၍ ဆောင်းပါးရေးသားခဲ့သည်။ သူက အီရတ်စစ်ပွဲကာလက စစ်ပွဲကို ထောက်ခံရေးသား ခဲ့သူလည်း ဖြစ်သည်။
ယခုဆိုလျှင် လွတ်လပ်ရေး နှစ် (၆၀) ပြည့်အခမ်းအနားကို ကျရောက်တော့မည့် မြန်မာနိုင်ငံအတွက် ပြင်ပမှနောက်တကြိမ် ပြန်လည်ကျူးကျော်ရန်၊ ၀င်ရောက်စွက်ဖက်ရန် ဆွေးနွေးငြင်းခုန်ချက်များ ဖြစ်ပေါ်နေသည်ကတော့ အတော့်ကို ကမောက် ကမနိုင်လွန်းနေသည်ကတော့ အမှန်ပင်။
အချို့သောလေ့လာသုံးသပ်သူများက ဆိုကြရာတွင် နေပြည်တော်တွင် လေကြောင်းပစ်မှတ်သဖွယ် ထိုင်စောင့်နေကြသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ၎င်း၏ စစ်အစိုးရကို ဖြုတ်ချဖို့ဆိုလျှင် မည်သည့်နိုင်ငံခြားတပ်များက ကျူးကျော်လာမှုကိုမဆို မြန်မာပြည်သူများက လက်ကမ်း ကြိုဆိုကြလိမ့်မည်ဟု ဆိုသည်။ ထိုသို့ ဖယ်ရှားဖြုတ်ချပြီးလျှင် မည်သို့ဆက်ဖြစ်မည်နည်း။ နှစ်အနည်းငယ်ကြာ “လွတ်မြောက်ရေး” အရသာခံစားကြပြီးနောက်၊ ဤကျူးကျော်သူများကို ဖယ်ရှားပစ်နိုင်ရန် နောက်ထပ် တော်လှန်ရေးများ ကြုံကြရဦးမည်လောဟုလည်း တွက်ကိန်းထုတ်သည်။
၂၀၀၂ ခုနှစ်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံရပြီးနောက် ကွန်ဒိုလီဇာ ရိုက်စ်က မိန့်ခွန်း တခုတွင် မြန်မာနိုင်ငံကို အာဏာရှင်မင်းဆိုများ၏ ခံကတုတ်ကျင်း နိုင်ငံများအနက်မှ တခုဖြစ်သည်ဟု သတ်မှတ်ဖော်ပြခဲ့ ပြီး၊ ကျန်မင်းဆိုးမင်းညစ်နိုင်ငံများအဖြစ် ကျူးဘား၊ ဇင်ဘာဘွေ၊ ဘယ်လာရုစ်၊ အီရန်၊ မြောက် ကိုရီးယားနှင့် အချို့နိုင်ငံများကို ဖော်ပြခဲ့သည်။ သို့သော်လည်း အချို့သောသူများကတော့ မြန်မာနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ စိတ်ဝင်တစား စောင့်ကြည့်နေသည့် နိုင်ငံများတွင် မပါဟု ဆိုခဲ့ကြသည်။
ပါလက်စတိုင်း ခရွန်နီကယ် အွန်လိုင်းမဂ္ဂဇင်း PalestineChronicle.com ၏ အယ်ဒီတာနှင့် စာရေးဆရာတဦးဖြစ်သူ ရမ်ဇီ ဘာရွဒ် (Ramzy Baroud) က အောက်တိုဘာလ ၁၂ ရက်နေ့တွင် မေးခွန်းတခု ထုတ်ခဲ့သေးသည်။ “အမေရိကန်နှင့် ဗြိတိန်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို တုံ့ပြန်ရန်၊ မည်သည့်အတွက်ကြောင့် အီရတ်နှင့် ယခုအခါ အီရန်နိုင်ငံအပေါ် ထားရှိသည့် ခံယူချက်သံန္နိဌာန်မျိုးဖြင့် မဆောင်ရွက်ပါသနည်း” ဟု ဆိုလာခဲ့သည်။
“မြန်မာနိုင်ငံသည် အီရတ်မဟုတ်ပါ” အမည်ရ ဆောင်းပါးတွင် ဘာရွဒ်က အနောက်နိုင်ငံများ၏ ရှေ့နောက်မညီလှသည့် ပြောတမျိုး လုပ်တမျိုး ရပ်တည်ချက်များကို ဝေဖန်ခဲ့သည်။ “အနောက်နိုင်ငံ ခေါင်းဆောင်များက သူတို့ကိုဝေဖန်လာမည်ကို သိနေကြသည်။ သို့နှင့် နှုတ်ကတိက၀တ်များသာ ပေးခဲ့ကြသည်။ ဤမျှထက်မပို။ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ဆန္ဒပြသူများ အပေါ် အကြမ်းဖက်တုံ့ပြန်မှုကို ပြစ်တင်ရှုံ့ချခဲ့ပြီး၊ ဥရောပနိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်ရန် တောင်းဆိုခဲ့သည်။ သမတဘုရှ် ကလည်း အမေရိကန်နိုင်ငံသားတို့အနေဖြင့် သတ္တိကောင်းလှသည့် ပြည်သူများနှင့်အတူ သွေးစည်းညီ ညွတ်စွာ ရပ်တည်ပါကြောင်း ပြောခဲ့သေးသည်။”
“တဖက်တွင်လည်း အစ္စရေးနိုင်ငံက မြန်မာစစ်အစိုးရနှင့် အဆက်အသွယ်ရှိနေသည်ကို အထောက်အထား အများအပြား ရှိနေသော်လည်း ငြင်းဆန်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံက အစ္စရေးကို ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည့် တောင်အာရှ နိုင်ငံတခု ဖြစ်သည်ဟူသော အလွမ်းဓါတ်ခံ တသသကြောင့်၊ လက်ရှိဖြစ်ပျက်နေသော အနေအထားကို သြဇာသုံးစွက်ဖက် ရန်လည်း လက်တွန့်နေရခြင်း ဖြစ်သည်ဟု ဆင်ခြေပေးနေခဲ့သည်။”
သူက ဆက်လက်ရေးသားရာတွင် “အကယ်၍ အီရတ်အဖြစ်အပျက်သည် အခြားနိုင်ငံများကို သင်ခန်းစာပေးရန်အတွက်ဟု ဆိုလျှင် မြန်မာနိုင်ငံက ပို၍အခွင့်ကောင်း ဖြစ်စေမည်။ နိုင်ငံတကာ ၀င်ရောက်စွက်ဖက်ရမှုဟူသော အမည်ခေါင်းစဉ် အောက်တွင် အမေရိကန်က ဗုံးကျဲ ၀င်ရောက်စီးနင်းသည့် စစ်ဆင်ရေးများ၊ ဗြိတိသျှတပ်များ၏ နပမ်းမီးလောင်ဗုံးများသုံးရ သည့် စစ်ဆင်ရေးမျိုးလည်း လိုအပ်လိမ့်မည် မဟုတ်ပါ။ ပြည်တွင်းမှပင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ အစစ်အမှန် ပေါ်ထွက်လာရန် အကြောင်းရှိပြီး၊ သံလက်သီးအောက် ဓါးမိုးအုပ်ချုပ်ခံနေကြရသည့် ပြည်သူများက သူတို့ဘာသာ ဖန်တီး ကြလိမ့်မည် ဖြစ်သည်။ အမှန်ပင်.. မြန်မာနိုင်ငံ၏ အခြေအနေက အီရတ်ကဲ့သို့ မဟုတ်ပါ။ ဤအတွက်ပင် ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းရပါတော့မည်” ဟု ဆိုခဲ့သည်။
ဤဆောင်းပါးများအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်မှု အများအပြားလည်း ရရှိခဲ့သည်။
စာဖတ်သူတဦးက “အမေရိကန် စစ်ရေးအရ ကျူးကျော်စွက်ဖက်မှုကို အဖြေဟု အမြဲယူဆနေသည့် ဤစာရေးသူမျိုး၏ ရေး သားချက်ကို၊ ဤသို့ မဖြစ်ပေါ်လာစေရန် အမြဲတမ်းငြင်းပယ်နေသည့် ငြိမ်းချမ်းရေးဝါဒီ တဦးလောက်မျှ ယုံကြည်ဖွယ် အကြောင်းမရှိပါ” ဟု ခရစ္စတိုလ်၏ ဆောင်းပါးကို ဒေါသဖြင့် တုံ့ပြန်ခဲ့သည်လည်း ရှိခဲ့သည်။
အွန်လိုင်း ဆွေးနွေးခန်းတခုဖြစ်သည့် တစ်ကယ်လီ ဖိုရမ် (Tiscali Forum) တွင် ဤကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးထားကြ သည့် စာတစောင်တွင် “ ဤသို့ဆိုလျှင် မည်သည့်အတွက်ကြောင့် မြန်မာနိုင်ငံကို ကျူးကျော်၍ စစ်အစိုးရကို ဖယ်ရှားပစ် ရန် ကျနော်တို့က မတောင်းဆိုပဲနေကြသနည်း” ဟု မေးခွန်းထုတ်ခဲ့သည်။ အီရတ်စစ်ပွဲကာလ က အီရတ်တွင် “အစိုးရ အပြောင်း အလဲ လုပ်ရန်အတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ တာဝန်ရှိလာပုံ” ကို ကျနော်တို့ကို ရှင်းပြ ခဲ့ကြသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံတွင် အစိုးရအပြောင်းအလဲလုပ်ရန်အတွက်ရော ကျင့်ဝတ်ပိုင်းဆိုင်ရာ တာဝန်မရှိပြီလော။ ၎င်းအတွက် အမေရိကန်နှင့် ဗြိတိန်တို့က မည်သည့်အတွက်ကြောင့် မြန်မာပြည်သူများ လွတ်မြောက်စေရန် အထူးတပ်များ မစေလွှတ် ဘဲ နေကြသနည်း” ဟု ရေးခဲ့သည်။
၎င်းစာတွင်ပင် ဆက်၍ ရေးသားရာ၌ “မြန်မာနိုင်ငံတွင် ရှည်လျားလှသည့် ပင်လယ်ကမ်းရိုးတန်း ရှိနေသည်။ ကျနော်တို့၏ စစ်တပ်များ ဆင်းဖို့ဆိုလျှင် ကမ်းတက်စရာ နေရာအများအပြား ရှိနေသည်။ အနောက်ဖက်တွင် အိန္ဒိယနှင့် ထိုင်းတို့က မြန်မာနှင့် မိတ်မပျက်ရှိနေကြသောကြောင့် ၎င်းတို့က နယ်စပ်ဖြတ်ကျော်၍ တပ်များဖြတ်ကျော်ခွင့်ပြုကြလိမ့်မည် မဟုတ်။ သို့သော်လည်း ဤသို့ဆောင်ရွက်ရန်မှာ အခက်ကြီး မဟုတ်လှပါ။ သို့ဆိုလျှင် အီရတ်နှင့် မြန်မာနိုင်ငံအကြား မည်သည့် ကွာခြား ခြားနားချက်များ ရှိနေပါသနည်း။ သို့သော်လည်း ပြဿနာမှာ မြန်မာနိုင်ငံ၌ ရေနံသိုက်များ အကြီးအကျယ် ရှိမနေ ခြင်းပင် ဖြစ်တော့သည်” ဟု ဖော်ပြရေးသားခဲ့သည်။
ဟီလီယံ (Helium) ၀က်ဘ်ဆိုက်ရှိ ဆွေးနွေးငြင်းခုန်မှုတခု၌လည်း အမြင်တခုတင်ပြထားပါသေးသည်။ “အခြေခံကျကျ ပြောရလျှင် အီရတ်က အမေရိကန်အစိုးရ စိတ်ဝင်စားမှုရှိနေသော နိုင်ငံတခုဖြစ်ပြီး၊ မြန်မာနိုင်ငံကတော့ အချိန်ကြာမြင့်စွာ ကပင် ရေဒါစက်ကွင်းထဲ ရှိမနေခဲ့။ မြန်မာနိုင်ငံကလည်း အလွန်လျှို့ဝှက်သိပ်သည်းသည့် နိုင်ငံတခုအဖြစ် နေခဲ့သည်။ မြန်မာနိုင်ငံက မထင်မရှားသာ ခပ်ရှိုရှို နေလာခဲ့ပြီး၊ လာရောက်လည်ပတ်သူများအတွက်လည်း ခက်ခဲအောင်ပြုထားသည်။ တဘက်တွင် ဆက်ဒမ်အုပ်ချုပ်သည့် အီရတ်က မီးမောင်းအောက်တွင် ရှိနေခဲ့ပြီး၊ ဤအခြေရောက်အောင် တွန်းပို့သကဲ့သို့ ဖြစ်နေခဲ့သည်။ ဆက်ဒမ်က ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှေ့တန်းတင်ဆောင်ရွက်နေခဲ့ပြီး၊ မီးနှင့်ကစား၍ ပျော်မွေ့နေခဲ့သည်”
ဟု ရေးခဲ့သည်။
“မြန်မာနိုင်ငံနှင့် အီရတ်အကြားတွင် မတူခြားနားမှု များစွာရှိပါသည်။ သို့သော်လည်း အရေးအကြီးဆုံးဟု ယူဆရသော အချက်မှာ အီရတ်တွင် ရေနံ အမြောက်အများ ပိုင်ဆိုင်နေခြင်း ဖြစ်သည်။ အီရတ်နိုင်ငံက အစ္စရေးကို ခြိမ်းခြောက်နေသလို၊ အမေရိကန်ခေါင်းဆောင်များကိုလည်း သရော်မော်ကား လုပ်၍ နေခဲ့သည်။ အီရတ်ကို နှစ်ပေါင်းများစွာ အကြာကတည်းက စိုးရိမ်ပူပန်စွာ တွက်ဆနေခဲ့ကြရပြီး၊ အင်အားကြီး ရန်သူအများကလည်း အီရတ်ကို ၀ိုင်းရံနေခဲ့သည်” ဟု ဆက်၍ ရေးသား ခဲ့ပါသည်။
ဆိုင်မွန် တေလာ (Simon Taylor) ဆိုသူက တစ်ကယ်လီဖိုရမ်ရှိ ဤ၀က်ဘက်ဆိုက် ဆွေးနွေးခန်းတွင် အရွှန်းဖောက်၍ မြန်မာနိုင်ငံအရေးအပေါ် မည်သည့်အတွက်ကြောင့် လက်နှေးနေရကြောင်းကို သောခဲ့ပါသေးသည်။ “မြန်မာနိုင်ငံရှိ ခေါင်း ဆောင်များက ဂျော့ဘုရှ်၏အဖေ ဘုရှ်အကြီး အာဏာရှိနေစဉ်က ရီစရာကောင်းသည့် စီးပွားရေး လုပ်ငန်းများ လက်တွဲ မလုပ်ခဲ့ကြ။ ထို့ပြင် (ယခုအချိန်အထိ) ဘုရားသခင်ကလည်း ဘုရှ်ကို မြန်မာပြည်ကို ကျူးကျော်ရန် မပြောသေးဘဲ ရှိနေ သည်” ဟု ဆိုခဲ့ပါသတည်း။ ။ [Top]
အောင်ဇော်ရေးသားသည့် သတင်းဝေဖန်ချက် Armed Intervention Debate Goes ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |