#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

နေပြည်တော်ကို ပစ်
ရဲနည်နှင့် အောင်ဇော် | နိုဝင်ဘာ ၂၃၊ ၂၀၀၇

စစ်အာဏာရှင် အုပ်ချုပ်မှုအောက်၌ ဆယ်စုနှစ်များစွာ နေခဲ့ကြရမှု၊ နောက်ဆုံး စက်တင်ဘာလ ရဟန်းသံဃာများနှင့် အပြစ်မဲ့ပြည်သူများ၏ဆန္ဒပြပွဲများကို စစ်အစိုးရကသွေးထွက်သံယိုအကြမ်းဖက်နှိမ်နင်းပြီးသည့်နောက်တွင် မြန်မာလူထုက စိတ်မရှည် သည်းညည်းမခံနိုင်ကြတော့ပါ။ သံတမန်ရေးကြားဝင်ဖြန်ဖြေနေမှုများကိုမလိုလားတော့၊ ဖြစ်နိုင်ပါက စစ်အစိုးရ ကို လေကြောင်းမှလာ၍ ဗုံးကြဲ နှိမ်နင်းဆုံးမပေးရန်နှင့် နိုင်ငံတကာတပ်များ ၀င်ရောက်စွက်ဖက်လာရန်ကိုသာ တောင်းဆို လာကြတော့သည်။

နေပြည်တော်ရှိ ဗိုလ်ချုပ်သန်းရွှေအိမ်သို့ လေကြောင်းချီ တိုက်ခိုက်ခံရပုံကို ပန်းချီဆရာတဦးက စိတ်ကူးယဉ် သရုပ်ဖော်ထားပုံ

ဤသို့ လူအများ ပြောဆိုနေကြသည်က ဟာသအဖြစ် ရယ်စရာပြောနေခြင်းမဟုတ်၊ ထို့အပြင် ပြည်ပရောက် မြန်မာ အတိုက်အခံများကသာ ပြောနေကြခြင်းမဟုတ်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် လူထုကပါ ဤအတိုင်း ပြောဆိုလာ နေကြခြင်း ဖြစ်သည်။

အောက်ဖော်ပြပါ အချက်များသည် စက်တင်ဘာလ ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်နှင့် အကြမ်းဖက်ဖြိုခွဲခံရပြီးနောက်ပိုင်းတွင် မြန်မာပြည်သူအများ ပြောဆိုခဲ့ကြသော စကားများမှ ကောက်နှုတ်ဖော်ပြထားချက်များသာ ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးပညာဇောတ က ဧရာဝတီမဂ္ဂဇင်းသို့ ၎င်း ပုန်းအောင်းနေသည့်နေရာမှ ဖုန်းဖြင့် ပြောကြားခဲ့ရာတွင် “ဦးပဉ္ဖင်းတို့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ နိုင်ငံခြား တပ်တွေလိုအပ်နေပြီ” ဟု ကုလသမဂ္ဂတပ်များကို ရည်ညွှန်း ပြောခဲ့ပါသည်။

တချို့သော မြန်မာပြည်သူများကတော့ သွယ်ဝိုက်၍မနေ၊ ပို၍ပြောင်ကျကျ ပြောကြပါသည်။

“လေကြောင်းက ဗုံးသာကြဲလိုက်ပါတော့ဗျာ”ဟု မြန်မာနိုင်ငံအတွင်းထုတ်ဝေနေသည့် ပုဂ္ဂလိကစာစောင်တခု၏ အောင်မြင် ထင်ရှားသည့် အယ်ဒီတာတဦးဖြစ်သူနှင့် ၎င်းစာစောင်ကို ဦးဆောင်နေသူ အရာရှိတဦး ဖြစ်သူက ဆိုခဲ့သည်။

စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုသာဖြစ်လာပါက မြန်မာပြည်သူအများစုက ကြိုဆိုလိမ့်မည်ဖြစ်ကြောင်း သူက ဆိုခဲ့သေး သည်။ “ကျနော်တို့က ဒါပဲ မျှော်လင့်ချက်ရှိတယ်၊ စစ်တပ်က အလျှော့ပေးမှာမဟုတ်ဘူး။ သူတို့ကို ကောင်းကောင်း သင်ခန်းစာ တချက်၊ နှစ်ချက်ပေးလိုက်မှပဲ ဖြစ်နိုင်တော့မယ်”ဟု သူက ဆိုခဲ့သည်။

ဤသို့ကြားရလျှင် မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ လေ့လာနေကြသူ နိုင်ငံခြား ပညာရှင်များ၊ မူဝါဒချမှတ်နေသူ ခေါင်းဆောင်များက ခေါင်းယမ်းကြလိမ့်မည်ဖြစ်ကြောင်း အများက အသေအချာ သိထားကြပါသည်။

သို့သော် မြန်မာနိုင်ငံရှိ စစ်အစိုးရကို အတင်းအကျပ် အင်နှင့်အားနှင့် ပြောင်းလဲပစ်လိုသည့် ဆန္ဒမှာ မြန်မာပြည်သူများ အတွက် အထူးအဆန်းမဟုတ်တော့ပါ။ ကာလကြာရှည်ကတည်းက ရှိနေနှင့်ခဲ့ပြီး ဖြစ်သည်။ အီရတ်သို့ အမေရိကန် တပ်များ ကျူးကျော် နေစဉ်ကာလက မြန်မာနိုင်ငံတွင် ရုံးထိုင်နေကြသော အမေရိကန်သံတမန်များနှင့် သံရုံးဝန်ထမ်းများ အနေဖြင့် “မြန်မာနိုင်ငံကိုရော ဘယ်အချိန် လာပါမည်နည်း” ဟူသည့် မေးခွန်းမျိုး၊ စာမျိုး ရရှိခဲ့ကြမည်မှာ မုချဖြစ်သည်။

၂၀၀၃ ခုနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ကျင်းပခဲ့သည့် အထူးသက်ဝင်လှသော ဆွေးနွေးပွဲတခုတွင် မြန်မာနိုင်ငံတွင် ထုတ်ဝေနေသည့်၊ အစိုးရအာဘော်တပိုင်းဖြစ်သည်ဟု ယူဆ နိုင်သော မြန်မာတိုင်းမ်စ် သတင်းစာ၏ အယ်ဒီတာချုပ် ရော့စ် ဒန်ကလေ (Ross Dunkley) ကလည်း ဤအချက်ကို အတည်ပြု ပြောခဲ့ဖူးပါသည်။ အငှားကားမောင်းသူများ၊ ရုံးဝန်ထမ်းများအပါအ၀င် သူတွေ့ခဲ့ရသူများက မြန်မာနိုင်ငံသို့ နိုင်ငံခြားတပ်များ ကျူးကျော်ဝင်ရောက်လာ၍ စစ်အစိုးရကို ဖြုတ်ချသည်ကို မြင်လိုလှကြောင်း ပြောကြသည်ဟု သူက ဆိုခဲ့သည်။

“သူတို့အားလုံးက ဂျော့ ဒဗလျူ ဘုရှ်နဲ့ ကုလသမဂ္ဂကို မြန်မာနိုင်ငံကို လာစေချင်နေကြတယ်။ လက်နက်တွေအများကြီး၊ လေယာဉ်တွေ၊ ဂျက် တိုက်လေယာဉ်တွေနဲ့လာပြီး ပြဿနာလာဖြေရှင်းပေးလိုက်တာကို တွေ့ချင်မြင်ချင် နေကြတယ်။ သူတို့က ဒီလိုမျိုး ဖြစ်နိုင်လိမ့်မယ်လို့လည်း ယူဆ နေကြတယ်” ဟု ဒန်ကလေက ပြောခဲ့ဖူးသည်။

အကယ်၍ သံတမန်ရေးကြိုးပမ်းချက်များနှင့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကသာ မအောင်မြင် အရေးနိမ့်ခဲ့ရပြီ ဆိုပါက မြန်မာနိုင်ငံရှိ လူအများစုက အကောင်းဆုံးအဖြေအဖြစ် လူသားချင်းစာနာသည့် ၀င်ရောက်စွက်ဖက်ဖြေရှင်းမှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကို မြင်လိုနေကြပါသည်။

သူတို့က အထူးရည်ရွယ်ချမှတ်သည့် (Smart sanction) စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများအစား တိတိကျကျရည်ရွယ်ပစ် ခတ်နိုင်သည့် ဒုံးကျည်များ (Smart missiles) ပစ်လွှတ်လိုက်ရန်သာပို၍လိုလားနေကြပါသည်။ ဤနည်းအားဖြင့်အဆင် သင့် အဖြေကောင်း ထွက်သွားစေနိုင်သည်ဟုလည်း ယူဆနေကြပြီး အမြန်ဆုံးလည်း ပစ်လွှတ်လိုက်စေလိုကြသည်။

၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် ပိပြားနေထိုင်ခဲ့ကြရသော သာမန်မြန်မာပြည်သူများအဖို့ ဗိုလ်သန်းရွှေ အပါအ၀င် သူ၏အမာခံ ခေါင်းမာဂိုဏ်းသားများကို အက်ဖ်-၁၆ တိုက်လေယာဉ်များက နေပြည်တော်ရှိ သူတို့၏စံအိမ်များပေါ် ဗုံးဖြင့်ကြဲချ ချေမှုန်းလိုက်သည့် မြင်ကွင်းကို စိတ်ကူးယဉ် မြင်ယောင်နေမိကြပါသည်။

ရန်ကုန်အခြေစိုက်သတင်းထောက်တဦးကလည်း ပြောပြခဲ့ရာတွင် လစ်ဗျားခေါင်းဆောင် မာအာမာ အယ်လ်-ကဒါဖီကို အမေရိကန်က တသက်မမေ့နိုင်သည့် သင်ခန်းစာပေးလိုက်ပုံကို သူဘယ်လောက် ကျေနပ်နှစ်သိမ့်ခဲ့ရကြောင်း ပြောပြပါ သည်။ အမေရိကန်လေယာဉ်များက ကဒါဖီနေထိုင်ရာ ထရီပိုလီကို ၁၉၈၆ ခုနှစ်တွင် ဗုံးကြဲ တိုက်ခိုက်ရာ၌ ၎င်း၏မွေးစား သမီးအပါအ၀င် လူတချို့ သေဆုံးခဲ့ရပါသည်။

“အခု နေပြည်တော်မှာရှိတဲ့ သန်းရွှေအိမ်တော်ကတော့ ပစ်ချင်ရင် အလွယ်လေးပဲ၊ တကယ့်ပစ်မှတ်ကောင်းပဲ။ တခြား ကျန်တဲ့ အပြင်လူတွေလည်း ဘယ်သူမှ ထိခိုက်စရာ အကြောင်းမရှိဘူး” ဟု စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း က ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် အီဗရာဟင် ဂမ်ဘာရီအား နိုဝင်ဘာလဆန်းပိုင်းက ကလေးသဖွယ် ပို့ချဟောပြော နေပုံကို မြင်ရပြီးနောက် မကျေမချမ်းဖြင့် ၎င်းသတင်းထောက်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းကြောင့်ပင် ၂၀၀၅ ခုနှစ်တွင် ဗိုလ်သန်းရွှေက မြန်မာနိုင်ငံအလယ်ပိုင်း ပျဉ်းမနားအနီးရှိ နေရာတခုကို နေပြည်တော်မြို့တော်အဖြစ် သတ်မှတ်ကာ အရေးတကြီး ပြောင်းရွှေ့စေခဲ့ခြင်းက မခိုင်လုံ၊ ရယ်ဖွယ်အတိ ဖြစ်နေပါ တော့သည်။ မြန်မာနိုင်ငံအကြောင်း သုံးသပ်လေ့လာနေသူများက ဤသို့မြို့တော်သစ်ပြောင်းရွှေ့ခဲ့ခြင်းမှာ ဗိုလ်သန်းရွှေက  ပြည်ပကျူးကျော်မှုအပေါ် စိုးရိမ်ကြောက်ရွံ့နေခြင်းက အကြောင်းတခုဖြစ်သလို ဗေဒင်ယတြာအကြံပေးချက် များကြောင့် ဟုလည်း ဆိုခဲ့ပါသည်။

ယခုအခါတွင် ဗိုလ်သန်းရွှေ၏ အိမ်သစ်ကို အင်တာနက်တွင် လူအများကြည့်နိုင်သည့် ဂူဂဲလ် အာ့သ် (Google Earth) အစီအစဉ်မှာပင် အထင်းသား မြင်နေကြရပြီ ဖြစ်သည်။

၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဧရာဝတီမဂ္ဂဇင်းမှရရှိခဲ့သည့် “ထိပ်တန်းလျှို့ဝှက်” မှတ်တမ်းတခုအရ မြန်မာနိုင်ငံရှိ စစ် ခေါင်းဆောင်များက အမေရိကန်ပြည်ထောင်စုဦးဆောင်သည့် တပ်များ ကျူးကျော်တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်တွက်ဆ နေကြပြီး ဒေသအတွင်းရှိ အမေရိကန်၏အနီးကပ်ဆုံး မဟာမိတ်ဖြစ်သည့် ထိုင်းနိုင်ငံမှနေ၍ အခြေအနေများကို အနီးကပ် အကဲဖြတ်နေကြသည်ဟု ဖော်ပြထားခဲ့သည်။

ဤမှတ်တမ်းအရ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက သတိပေးပြောကြားခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုရှိ ဗဟိုထောက်လှမ်းရေးဌာန (စီအိုင်အေ) က ရေးဆွဲထားသည့် တိုင်းပြည်ဖျက်ဆီးမည့်အကြံအစည်ကို ကာကွယ်ကြရမည် ဖြစ်ကြောင်း ဆိုထားခဲ့ပါသည်။ သို့သော်လည်း ၎င်းအစီအစဉ်အကြောင်းကို အတိအကျ ဖော်ပြထားခြင်း မရှိပါ။

စစ်အစိုးရ၏ ၎င်းမှတ်တမ်းတွင် အကယ်၍ အမေရိကန်က ရန်ကုန် သို့မဟုတ် ဒုတိယမြို့တော်ဖြစ် သော မန္တလေးကို ဗုံးကြဲတိုက်ခိုက်လာခဲ့ပါက “NLD အဖွဲ့ဝင်အားလုံးကို သုတ်သင်ပစ်နိုင်ရေး အရေးကြီးသည်” ဟု ဖော်ပြ ထားခဲ့ပါသည်။ သို့မဟုတ်ပါက ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အမေရိကန် သြဇာခံအဖြစ် အသုံးချနိုင်ဖွယ်ရှိကြောင်း ဤမှတ်တမ်းတွင် ဖော်ပြခဲ့ပါသည်။

သို့သော်လည်း ထိုင်းနိုင်ငံတွင် အခြေစိုက်နေထိုင်သည့် မြန်မာ့နိုင်ငံရေးလေ့လာ သုံးသပ်နေသူ ကိုအောင်နိုင်ဦးကမူ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသည်သာ အကောင်းဆုံးအဖြေဖြစ်ကြောင်း ဆိုပါသည်။

“ကြိုးပမ်းကြည့်မယ်ဆိုရင်တော့ နောက်ထပ်ရွေးစရာ နည်းလမ်းတွေလည်းရှိပါသေးတယ်”ဟု ကိုအောင်နိုင်ဦးက ဆိုပါ သည်။ “သံတမာန်ရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးကတော့ ကျနော် တို့ နိုင်ငံရဲ့ ပြဿနာတွေအတွက် အကောင်းဆုံး အဖြေပါပဲ”ဟုလည်း သူက ပြောသည်။

ကိုအောင်နိုင်ဦးက တခြားရွေးချယ်နိုင်စရာရှိသော နည်းလမ်းများဟု ဖော်ပြရာတွင် စစ်အစိုးရနှင့် အပြည့်အ၀ပူးပေါင်း ဆောင်ရွက်ကြည့်ခြင်း၊ ဖိအားပေးမှုနှင့် ပိတ်ဆို့အရေးယူမှုများအားလုံးကို ရုပ်သိမ်းပစ်ခြင်းကလည်း နောက်ထပ်အလုပ် ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိသည့် နည်းလမ်းများဟု ဆိုခဲ့ပါသည်။

ဤသို့ လုပ်ဆောင်ဖွယ်ကိစ္စများ လုပ်ဆောင်ခဲ့လျှင်သော်မှ ရလဒ်ကောင်း ထွက်ပါမည်လော၊ မဖြစ်လာခဲ့လျှင်ဟု မေးစရာ ရှိနေပါသေးသည်။

“လူသားချင်းစာနာမှုအရ ၀င်ရောက်စွက်ဖက်ခြင်းနဲ့ လေကြောင်းချီတိုက်ဖို့ပဲ ရှိတော့တာပေါ့” ဟု သူက နိဂုံးချုပ်ဆိုပါသည်။

ကိုအောင်နိုင်ဦးက လေကြောင်းချီဗုံးကြဲကာ စစ်ရေးအရ၀င်ရောက်စွက်ဖက်ခြင်းကို နောက်ဆုံးရွေးချယ်စရာလမ်းအဖြစ်သာ ထားသင့်သည်ဟု မြင်ပါသည်။ “ဒီနည်းကတော့ သန်းရွှေကိုဖြုတ်ချဖို့ ငွေကြေးနည်းနည်းပဲ ကုန်မယ့်နည်းပါ”ဟုလည်း သူက ဆိုသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အမေရိကန်ရေတပ်မှနေ၍ နေပြည်တော်ရှိ အာဏာရှင် အိမ်ဝင်းအတွင်းသို့ ဒုံးကျည်တချို့ ပစ်သွင်း လိုက်ရုံမျှနှင့်ပင် ယခုကြုံနေရသော အဟန့်အတား အခက်အခဲအတော်များများ ဖြေရှင်းပြီးသား ဖြစ်သွားဖွယ် ရှိကြောင်း သူက ဆိုပါသေးသည်။ သူက နောက်ဆုံးမှတ်ချက်ချခဲ့ရာတွင် “မြန်မာပြည်မှာ အခုပိတ်နေသလို ဖြစ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရွှေတံခါးလည်း ပွင့်ကောင်း ပွင့်သွားနိုင်ဖို့ အခြေအနေရှိတယ်” ဟု ဆိုခဲ့ပါသည်။

ဤသို့ ပစ်သွင်းလိုက်မည်ဆိုလျှင် မြန်မာနိုင်ငံအတွင်း နေထိုင်နေကြသူ လူထုက မေးခွန်းမထုတ်ဘဲ ထောက်ခံနိုင်ဖွယ် ရှိနေပါသည်။ မြန်မာ့အရေးလေ့လာသုံးသပ်နေကြသူများကပင် ရံဖန်ရံခါဆိုသလို စစ်ရေးအရ ၀င်ရောက်စွက်ဖက် လိုက်ခြင်း၊ လေကြောင်းချီ တိုက်ခိုက်လိုက်ခြင်းကပင် စီးပွားရေးအရ ပို၍တွက်ခြေကိုက်နိုင်ဖွယ်ရှိသည်၊ သက်သာလိမ့်ဦး မည်ဟု ဆိုနေကြပါသည်။ အကယ်၍ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများကို ထောက်ပံ့ပေးမည်ဆိုလျှင်သော်မှ  ဤစရိတ်မျှမက ပို၍ ကုန်ကျပြီးမှ အောင်ပွဲကို မြင်ရဖွယ်ရှိပါသည်။

အောက်တိုဘာလ ၃ ရက်နေ့တွင် ကွန်နက်တိကပ်ပြည်နယ် အထက်လွှတ်တော်အမတ် ဂျိုး လီဘာမင်း (Joe Liberman) က နယူးယောက်ဒေးလီး နယူးစ် သတင်းစာတွင် ရေးသားခဲ့ရာ၌ “သမ္မတဘုရှ်ဦးဆောင်သည့် အစိုးရအနေဖြင့် (မြန်မာ) စစ် အစိုးရကို နောက်ထပ်ဖိအားများ ထပ်ပေးနိုင်ရေးအတွက် မိမိတို့၏ စစ်ရေးနှင့် ထောက်လှမ်းရေးစွမ်းဆောင်နိုင်ရည် များ မည်သို့ အသုံးချနိုင်သေးသည်ကို တက်တက်ကြွကြွစုံစမ်းရှာဖွေ ဖော်ထုတ်သင့်သည်” ဟု ဆိုထားခဲ့ပါသည်။

သူက ဆက်၍ရေးသားရာတွင် “စစ်အစိုးရက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်မည့် အင်တာ နက်များ၊ လက်ကိုင်ဖုန်းများကို ဖြတ်တောက်၍ ကန့်သတ်ထားခဲ့ပြီ။ စစ်အစိုးရက နိုင်ငံတ၀န်းရှိ ၎င်း၏တပ်များကို မည်သို့ ဆက်လက် ကွပ်ကဲထိန်းချုပ်နေနိုင်သေးကြောင်းလည်း မိမိတို့က သေချာစစ်ဆေးသင့်လှသည်။ ဤအခြေအနေများလည်း ယိုယွင်း ဖရိုဖရဲဖြစ်မှု ရှိနေနိုင်သည်” ဟု ဖော်ပြခဲ့သည်။

သို့သော်လည်း ယခုအချိန်အထိ ရက်စက်ကြမ်းကြုတ်လွန်းသော စစ်အစိုးရကို တိုက်ခိုက်ချေမှုန်းလိုက်မှုများက ဟောလီး ၀ုဒ်၏ ငွေရောင်ရုပ်ရှင်ပိတ်ကားများတွင်သာ ဖြစ်နိုင်ကြသေးသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ထွက်ပေါ်လာခဲ့သည့် Stealth (ကိုယ်ပျောက်လေယာဉ်) ဟု အမည်ရသည့် ဟောလီးဝုဒ်ရုပ်ရှင်ကို ကမ္ဘာတလွှားတွင် ဖြန့်ချိပြသခဲ့သော်လည်း မြန်မာနိုင်ငံ တွင် ပြသခွင့်တားမြစ်ခဲ့သည်။ အကြောင်းမှာ ၎င်းရုပ်ရှင်၌ ရန်ကုန်ရှိ အကြမ်းဖက်သမားများကို လေကြောင်းမှ ချီတက် တိုက်ခိုက်မှုများ ပါဝင်ခဲ့သောကြောင့် ဖြစ်သည်။

သံတမန်ရေးလုပ်ငန်းများက ဆက်လက်ရှိနေလိမ့်မည် ဖြစ်သည်။ အလားတူ စိတ်ညစ်ညူးစရာကောင်းလှသည့် စီးပွားရေး ပိတ်ဆို့အရေးယူမှု လုပ်မည်လော၊ အပြုသဘော ဆက်ဆံဆောင်ရွက်မည်လောဟုသော ငြင်းခုန်မှုများလည်း ဆက်လက်ရှိ နေပါလိမ့်မည်။ သို့သော်လည်း စစ်အစိုးရလက်အောက်တွင် ကျောကွဲအောင် ခံစားခဲ့ကြရပြီး ဖြစ်သည့် မြန်မာလူထုက နေရာ တိတိကျကျပစ်လွှတ်နိုင်သည့် ဒုံးကျည်များကို ပို၍ မျှော်လင့်နေကြပါတော့သည်။     [Top]

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ဧရာဝတီ အင်တာနက် စာမျက်နှာတွင် ရဲနည်နှင့် အောင်ဇော်ရေးသားသည့် Apocalypse Naypyidaw! ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

မြန်မာပြည်တွင်းရှိ သတင်းထောက်များက တခြားလိုအပ်သည့်သတင်းများကို ဖြည့်စွက်ပေးခဲ့ကြပါသည်။
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.