#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

လှုပ်ရှားရုန်းကန်နေသရွေ့ မျှော်လင့်ချက်ရှိနေသည်
ကျော်စွာမိုး | နိုဝင်ဘာ ၂၁၊ ၂၀၀၇

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သော လှုပ်ရှားအားပြိုင်မှုသည် ဘုရားသားတော်များ၏ ဓမ္မအင်အားစုများနှင့် ဖိနှိပ်သူအဓမ္မ၀ါဒီများ၏ ပဋိပက္ခသာ ဖြစ်သည်။ ဒီမိုကရေစီလှုပ်ရှားမှုတွင် မျှော်လင့်ချက်လောင်စာ မီးတောက်ကလေး ဆက်လက်တောက်လောင်နေခြင်းက အရေးပါသည့်အချက် ဖြစ်ပြီး ယခုတကြိမ် ပြဿနာတွင်တော့ ဤအင်အားစုနှစ်ခု အကြား စည်းက ပို၍ပြတ်သားစွာ ခြားနားလာနေတော့သည်။

စစ်အစိုးရကို တိုက်ခိုက်ချေမှုန်း အနိုင်ရရန်အတွက် ကြိုးပမ်းခဲ့ကြသည့် လက်နက်ကိုင်တော်လှန်ရေး အပါအ၀င် အကြမ်း နည်း၊ အနုနည်း၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှု၊ နိုင်ငံရေးအရချည်းကပ်မှု စသဖြင့် နည်းပေါင်းစုံခဲ့ပြီ။ ယနေ့အချိန်အထိ တော့ မြန်မာစစ်အစိုးရကို ကျိုးနွံသွားစေနိုင်မည့် အင်အားစု ပေါ်မလာသေး။

ဗုဒ္ဓ၏ဓမ္မတရား ဒေသနာများသည်ပင် မအောင်မြင်နိုင်ခဲ့။ ဗုဒ္ဓဘာသာဝင်ဟု သူတို့ကိုယ်သူတို့ ဆိုနေကြသည့် ဗိုလ်ချုပ်ကြီး များ၏ သေနတ်ပြောင်းဝရှေ့တွင် မကြာသေးမီဖြစ်ရပ်များအတွင်း ဗုဒ္ဓတရားတော်လည်း ချေမှုန်းဖြိုခွဲခံခဲ့ရသည်။ ရန်ကုန်မြို့ ၏လမ်းမများပေါ်တွင် ငြိမ်းချမ်းစွာ ဘာသာရေးအရဆန္ဒပြခဲ့ကြသည့် ရဟန်းသံဃာများ၏သွေးများဖြင့် စွန်းထင်းပေကျံခဲ့ရ ပြန်သည်။

“ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ…”

ရဟန်းများက ဗုဒ္ဓ၏မေတ္တာဒေသနာ မေတ္တာသုတ်ကို ရွတ်ဆိုခဲ့ကြခြင်းသာ ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်စုနှစ် ၄ ခုတာ ကာလအတွင်း တရားမျှတသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကို ရည်သန်၍ ထောင်ပေါင်း များစွာသော အပြစ်မဲ့ပြည်သူတို့ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည်။ သို့သော်လည်း ရှေ့အနာဂတ်ကို မျှော်ကြည့်ပြန်လျှင် မှောင် နှင့်မည်းမည်းရှိနေဆဲ။ အတိတ်ဆိုးကသာ တဖန်ပြန်ကျော့လာဦးမည့် အသွင် ဖြစ်နေပြန်သည်။ မျှော်လင့်ထားသည်တို့က လည်း စိတ်ကူးယဉ် အိပ်မက်နှယ်။ အဓိပ္ပာယ်ကင်းမဲ့လှသည့် အဆိုပြုချက်များ၊ ပြစ်တင်ရှုံ့ချမှုများကလည်း အကြိမ်ကြိမ် တနှစ်ပြီး တနှစ် ကြားခဲ့ကြရသည်။ လက်တွေ့တွင် မြန်မာပြည်ကား အပြောင်းအလဲမရှိခဲ့။

၂၀၀၇ ခုနှစ် စက်တင်ဘာအဖြစ်အပျက်များက မိမိအတွက် ခါးသီးသည့်အတွေ့အကြုံဆိုးများ တကျော့ပြန်ကြုံလာရသည့် နှယ်။ ၁၉၈၈ ခုနှစ်တုန်းက မိမိက အထက်တန်းကျောင်းသား ဆန္ဒပြသူတဦးအဖြစ် ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားခဲ့ပြီး စစ်သားများ၏ သေနတ်ဖျားတွင် တပ်ထားသည့် ပြောင်လက်နေသော လှံစွပ်များကို ရင်ဆိုင်ခဲ့ရသည်။ ကျနော်က တွေ့မြင် ရသည့် ကြောက်မက်ဖွယ်အခြေအနေကြောင့် ကြက်သေသေနေခဲ့ပြီး နောက်ပြန်ဆုတ်ရန်ပြောနေကြသော စစ်သားများ၏ မျက်လုံးများထဲတွင် အမုန်းတရားကို အထင်းသား မြင်နေရသည်။ ကံကောင်းသည်။ ပစ်ခတ်သတ်ဖြတ်ခံရသည့်၊ လှံစွပ်များ ဖြင့်ထိုးခံရသည့်၊ ရိုက်နှက်ခံရသည့် ထောင်ပေါင်းများစွာသော ဆန္ဒပြပြည်သူများထဲ ကျနော်ပါမသွားခဲ့။

စက်တင်ဘာအဖြစ်အပျက်များက ထပ်လောင်းအတည်ပြုပေးသကဲ့သို့ ရှိခဲ့သည်။ ၎င်းတို့ကို ဆန္ဒပြသူဆိုလျှင် ရဟန်းများ အပါအ၀င် မည်သူမဆို ချေမှုန်းဖြိုခွဲပစ်ရန်အတွက် စစ်ဗိုလ်ချုပ်များက ဆုံးဖြတ်ထားကြပြီးဖြစ်သည်ကို ပြခဲ့သည်။ ယခု တကြိမ်တွင်တော့ ဆန္ဒပြသူများက လူထောင်နှင့်ချီ၍ မသေဆုံးရမီ ဒေါသများနှင့် မျက်ရည်များနှင့် ဆန္ဒများ သိမ်းဆည်းကာ နောက်ပြန်ဆုတ်လာခဲ့ကြသည်။

ဤတကြိမ်တွင်တော့ အာဏာပိုင်များက ဗုဒ္ဓတရားတော် မေတ္တာသုတ် ရွတ်ဆိုနေကြသည့် ဘုရားသားတော် သံဃာတော် များကို ဆန့်ကျင်စစ်ပြုခဲ့ကြခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ သံဃာများက “ဒီတိုက်ပွဲဟာ ဓမ္မနဲ့ အဓမ္မ ၀ါဒီ တွေရဲ့ တိုက်ပွဲဖြစ်တယ်” ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဤတကြိမ်တွင်တော့ စစ်အစိုးရက ဒီမိုကရေစီလှုပ်ရှားမှုကို အလျှင်အမြန် ဦးဆောင်မှုဖြတ်ချလိုက်သည်။ စနစ်တကျ ပြင်ဆင်ထားသော တုံ့ပြန်မှုများဖြင့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်မင်းကိုနိုင် အပါအ၀င်၊ ၎င်း၏လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်များ၊ ၀ါရင့် ခေါင်းဆောင်များကို လုံခြုံရေးတပ်ဖွဲ့များက ချက်ချင်း ဖမ်းဆီးထိန်းသိမ်း ထားလိုက်ကြသည်။

“မိုက်မဲလှသည့်” “ဉာဏ်ပညာမဲ့လှသည့်” “အရည်အချင်းမရှိသည့်” စသဖြင့် ဝေဖန်သူများက အမျိုးမျိုးခေါ်ဝေါ်သတ်မှတ် နေကြသည့် မြန်မာစစ်ဗိုလ်ချုပ်များက နောက်တကြိမ် ပြည်သူများအပေါ်၊ နိုင်ငံတကာမိသားစုအပေါ် အသာစီးရခဲ့ပြန်ပြီ။

၁၉၈၈ ခုနှစ်ကနှင့် မတူသောအချက်မှာ လှုပ်ရှားမှုကို လက်နက်ကိုင်တော်လှန်ရေးကဲ့သို့သော အခြားသောနည်းများဖြင့် မည်သို့မည်ပုံ ဆက်လက်ဆင်နွှဲကြမည်ဟု ခေါင်းချင်းဆိုင်ဆွေးနွေးချက်များ လုံးဝရှိမနေခြင်း ဖြစ်သည်။ ဒေသတွင်းနိုင်ငံ များအနက် အရှည်ကြာဆုံးဟု ဆိုနိုင်သည့် ပြည်တွင်းစစ်ပွဲကို ၁၉၄၀ ခုနှစ်များကာလကတည်းက နွှဲခဲ့ကြသော တိုင်းရင်း သား သူပုန်များကလည်း အားလျှော့ကုန်ကြပြီ။ အချို့သောအဖွဲ့များက ဆက်တိုက်နေကြသေးသော်လည်း မျှော်လင့်ထား ဖွယ် အောင်ပွဲက မှေးမှိန်နေပြီ။

သို့သော်လည်း ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လှုပ်ရှားမှုကြီးက မပြီးဆုံးသေးသည့် အရေးတော်ပုံသာဖြစ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားလှသည့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ရှိနေသရွေ့ ဆက် လက်ဖြစ်ပေါ် နေဦးမည်သာ ဖြစ်သည်။

ကျနော်က ၁၉၉၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ဖမ်းဆီးထောင်ချခံခဲ့ရပြီး ထောင် ၂ ခုတွင် ကျခံခဲ့ရသည်။ ကျနော့် အတွေ့ အကြုံအရ သိထားသည်။ အကယ်၍ သင်က တကြိမ်တခါ စစ်အစိုးရကို ဆန့်ကျင်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည် နှင့် တပြိုင်နက် ဤလှုပ်ရှားမှုက ပြီးနိုင်ဖွယ် အကြောင်း မရှိတော့။ ထောင်တွင်း၌ ကျနော်တို့က အခန်းကျဉ်းများထဲ၌ ထိုင် နေကြစဉ်တွင်ပင် ပို၍ ပြင်းထန်သည့် ကုလ သမဂ္ဂ ဆုံးဖြတ်ချက်များကို ကျနော်တို့ မျှော်လင့်နေခဲ့ကြဖူးသည်။ အိမ်နီးချင်း နိုင်ငံများမှ ပိုမိုအားကောင်းသည့် အားပေးထောက်ပံ့မှုကို မျှော်လင့်ခဲ့ကြသည်။ ကံဆိုးစွာပင် ကျနော်တို့ မျှော်လင့်ခဲ့ကြ သည့်အတိုင်း ဖြစ်မလာခဲ့။ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂက အဓိပ္ပာယ်ရှိသည့် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် စွမ်းဆောင်မပေးနိုင်ခဲ့ကြပါ။

ဤတကြိမ်တွင်တော့ မတူကွဲပြား ခြားနားချက်များလည်း ရှိနေသည်။ ယခင်က ထောင်တွင်း အတူတူကျခံခဲ့ရသည့် တချို့ သော ၈၈ မျိုးဆက်ကျောင်းသားများ အင်အားစု ခေါင်းဆောင်တချို့အပါအ၀င်၊ အကျဉ်းကျခံဖက်များကလည်း ယခုတကြိမ် တွင်တော့ အလားတူ အလျှင်အမြန် ပွဲပြီးမည့် မျှော်လင့်ချက်မျိုးထားရှိနေဦးမည်ဟု မိမိမယုံကြည်တော့ပါ။ ယခုအခါ ထိုသူ များမှာ ထောင်တွင်း ပြန်ရောက်နေကြရပြန်ပြီ ဖြစ်သည်။

အလျှင်အမြန်ပွဲပြီးစေမည့် ဆေးမြီးတို မရှိနိုင်ပါ။ သို့သော်လည်း လူများက ဆက်လက်လှုပ်ရှားတိုက်ပွဲဝင်နေသမျှ ကာလ ပတ်လုံး မျှော်လင့်ချက်ထား၍တော့ ဖြစ်နိုင်ပါသေးသည်။ ကျနော်သေချာနေသည့် အချက်မှာ သံန္နိဌာန်ပိုင်းဖြတ်ထားကြ သည့် ခေါင်းဆောင်များ၏ စိတ်ဓာတ်များ မယိုင်လဲသရွေ့ ဖိနှိပ်ဖြိုခွဲမှု မည်မျှကြမ်းတမ်းသည်ဖြစ်စေ သူတို့က ဒီမိုကရေစီ တိုက်ပွဲကို ဆက်လက်ဆင်နွှဲနေကြမည်သာ ဖြစ်သည်။ အကောင်းဘက်ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် ထိုသူ များက တိုက်ပွဲကို လျှော့ချကြလိမ့်မည် မဟုတ်ပါ။ သို့ အတွက်ကြောင့် မျှော်လင့်ချက်များ ဆက်လက်ရှင်သန်နေရန် ရှိပါသေးသည်။

ဥပမာအားဖြင့် စစ်တပ်အတွင်း အာဏာသိမ်းမှုများကလည်း မဖြစ်ဟု မပြောနိုင်၊ ဖြစ်နိုင်ခြေ အနည်းနှင့်အများဆိုသကဲ့သို့ ရှိနေ ပါသေးသည်။ နိုင်ငံတကာက သတင်းများ ပိုမိုသိရှိလာသည်နှင့်အမျှ၊ မြန်မာနိုင်ငံအတွင်း ပိုမိုသိရှိလာကြသည်နှင့် အမျှ၊ သဘောထား ပွင့်လင်းပျော့ပြောင်းသည့် စစ်ခေါင်းဆောင်များလည်း ပေါ်ထွက်လာနိုင်စရာရှိပါသေးသည်။ မြန်မာ ပြည်သူ များ၏ သဘောထားအမှန်ကို သိကြသည့် ဤခေါင်းဆောင်များက နိုင်ငံတကာအင်အားစုများနှင့် ပိုမို ပူးပေါင်း လာခြင်းအားဖြင့် ဆုံးရှုံးနစ်နာဖွယ်မရှိပါ။ သူတို့အတွက် ပို၍ပင်အကျိုးရှိကြပါလိမ့်ဦးမည်။ ဤသို့သော ခေါင်းဆောင်များ ပေါ်မထွက် လာသေးခြင်းကြောင့် မျှော်လင့်ချက်ဆိတ်သုဉ်းသွားပြီဟု ပြောရန် မဖြစ်နိုင်ပါ။

ထို့အပြင် စစ်ဗိုလ်ချုပ်ကြီးများ၏ မဟာမိတ်ဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကလည်း ယခုဖြိုခွဲနှိမ်နင်းမှုကို “မြန်မာ့ပြည် တွင်းရေး”ဟုသာ ဆက်၍ မြင်နိုင်ကြပါဦးမည်လော။ ဤသို့ သဲထဲခေါင်းနှစ်ငြင်းပယ်နေသည့် ကုလားအုပ်ပမာ ရပ်တည် ချက်မျိုးနှင့်ဆိုလျှင် ယနေ့ကမ္ဘာ့အခင်းအကျင်းတွင် အန္တရာယ်ကြီးလှပြီး ပို၍ မတည်ငြိမ်မှုဆိုးကျိုးများကို ကြုံရဖွယ်ရှိပါ လိမ့်မည်။ တရုတ်နိုင်ငံက စစ်ဗိုလ်ချုပ်များအပေါ် သြဇာလွှမ်းနိုင်သည့် အနေအထားတွင် ရှိနေပြီး ဤတကြိမ်တွင် ယင်း သြဇာအာဏာကို ထုတ်သုံးကောင်း သုံးလာနိုင်ပါသေးသည်။ စစ်အစိုးရက အာဏာဆက်ကိုင်ထားသည်ဆိုစေဦးတော့ တမျိုးမျိုးသော အာဏာခွဲဝေမှု အပေးအယူပြုလာစေရန်လည်း တိုက်တွန်းလာမည်ဟု မျှော်လင့်ထားနိုင်ပါသေးသည်။ ဤ အဆင့်မှနေ၍ လမ်းမှန်ပေါ် ရောက်နိုင်ပါသေးသည်။

သို့အတွက်ကြောင့် ဒီမိုကရေစီလှုပ်ရှားမှုအတွက် မျှော်လင့်အားထားစရာ ရှိနေပါသေးသည်။

မကြာသေးမီက ဒီမိုကရေစီလှုပ်ရှားမှုအတွင်း နှစ်မြှုပ်စွဲမြဲလုပ်ကိုင်နေသော ခေါင်းဆောင်ပိုင်းလှုပ်ရှားသူများနှင့် ကျနော် စကားပြောခွင့် ရခဲ့ပါသည်။

သူတို့အထဲမှ ခေါင်းဆောင်တဦးက ပြောပါသည်။ “ကျနော်တို့က ကျည်ဆံတွေကိုလည်း ရင်ဆိုင်ခဲ့တာပဲ။ ကျနော်တို့ ခေါင်းတွေကိုလည်း နံပါတ်တုတ်တွေအောက်မှာ ထိုးခံခဲ့တာပဲ။ ကျနော်တို့ တတ်နိုင်သမျှ အနစ်နာခံခဲ့ကြတာပဲ။ မကြာခင်မှာ ထောင်ကျတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီဆိုးရွားတဲ့ ငရဲခန်းတွေက ဘယ်အချိန်ကျမှ ပြန်လွတ်လာမယ်လည်း သိနိုင်ကြတာ မဟုတ်ပါဘူး။ ပြင်ပက ဘယ်သူတွေက ဒီလိုမျိုး တာဝန်ယူ လုပ်နိုင်လို့လဲ”ဟု သူကမေးခွန်းထုတ်ခဲ့ပါသည်။

ယခုမေးခွန်းကတော့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း တိုင်းပြည်အတွင်း၊ အပြင်မှ လှုပ်ရှားဆောင်ရွက်နေကြသူများ၊ နိုင်ငံတကာ မိသားစုဝင်များ ပြတ်ပြတ်သားသား ဖြေဆိုကြရတော့မည့် မေးခွန်းပင် ဖြစ်ပါတော့သည်။     [Top]

၂၀၀၇ ခုနှစ် နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ ကျော်စွာမိုးရေးသားသည့် Where There's Struggle, There's Hope ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.