သံဃနာယကအဖွဲ့ ပြုပြင်ပြောင်းလဲချိန်တန်ပြီ
အရှင်ရတန | ဒီဇင်ဘာ ၂၆၊ ၂၀၀၇
မြန်မာနိုင်ငံသည်ကမ္ဘာ၌ ဗုဒ္ဓဘာသာ အင်အားအကြီးဆုံးနိုင်ငံအဖြစ် ထင်ရှား၏။ ဗုဒ္ဓဘာသာစာပေသင်ကြား တတ်ကျွမ်းမှုနှင့် ၀ိပဿနာတရား ပွားများအားထုတ် ဖြန့်ဝေမှုအပိုင်း၌ ကမ္ဘာတွင် အထင်ရှား အကျော်ကြားဆုံး ဖြစ်၏။ မြန်မာ့သံဃာ့အဖွဲ့ အစည်းသည် အင်အားကောင်းလှသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာတို့၏ နေ့စဉ် လူနေမှုဘ၀၌ အလွန်ပင်သြဇာကြီးမား လှသည်။
မြန်မာတို့သည် ငယ်ရွယ်စဉ် တွတ်တီးတွတ်တာ စကားပြောတတ်ခါစ အရွယ်မှစှု မိဘတို့က “ဗုဒ္ဓံ သရဏံ
ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော ပါဠိစာသားကို တတွတ်တွတ် ရွတ်ဖတ်စေခြင်းဖြင့် ဘာသာတရားနှင့် ထိတွေ့စေခဲ့ပြီး ဘုရား တရား သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေခဲ့သည်။ ယခုတိုင်းပြည်ကို အုပ်ချုပ်နေကြသော စစ်ဗိုလ်ချုပ်ကြီးများသည်လည်း ၎င်းတို့ငယ်စဉ်က မိဘများ ဤကဲ့သို့ပင် သင်ကြားပေးခဲ့ကြမည်မှာ ဧကန်မုချဖြစ်လိမ့်မည်။
ပုဂံခေတ်မှစ၍ ယနေ့ခေတ်တိုင်အောင် ခေတ်အဆက်ဆက် မြန်မာ့လူ့အဖွဲ့အစည်းသည် ဘာသာတရား အဆုံးအမနှင့် လူ့ကျင့်ဝတ်စာရိတ္တ ပြုပြင်ထိန်းကျောင်းမှုတို့၌ ရဟန်းသံဃာတို့ကိုသာ အားကိုးအားထား ပြုကြသောကြောင့် လူ့အဖွဲ့အစည်း တခုလုံးက ရဟန်းသံဃာတို့ကို ရတနာတပါးအဖြစ် သတ်မှတ်၍ ကိုးကွယ်ဆည်းကပ်ကြခြင်းမှာ အမှန်တကယ်တော့ မဆန်းပါချေ။
ယခုလက်ရှိတွင် မြန်မာ့သံဃာ့အဖွဲ့အစည်းသည် တနိုင်ငံလုံး အရေအတွက်အားဖြင့် ၅ သိန်းဝန်းကျင်ရှိ၏။ ၅ သိန်း အရေ အတွက်ရှိသော သံဃာတို့သည် မဟန ခေါ် နိုင်ငံတော် သံဃမဟာနာယက၏ လက်အောက်၌ နေကြရ၏။ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့သည် ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းဖြစ်ပေါ်လာသဖြင့် မဆလအစိုးရက ထားရစ်ခဲ့သည့် တခုတည်းသော အကြွင်းအကျန် အမွေအနှစ်ဖြစ်၏။
စက်တင်ဘာလတွင် ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးတွင် အာဏာပိုင်တို့က ရဟန်းသံဃာတော်များကို ပစ်ခတ်ဖမ်းဆီး ရိုက်ပုတ်ညှင်းဆဲခဲ့သည့် ဖြစ်စဉ်အတွင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် တာဝန်ကင်းမဲ့စွာ နှုတ်ဆိတ်နေမှုကြောင့် သံဃမဟာနာယကအဖွဲ့၏ အခန်းကဏ္ဍကို လူတိုင်းက ဆန်းစစ်လာကြ၏။ ဤဆောင်းပါးသည် ထိုဆန်းစစ်မှု၏ တစိတ်တပိုင်းအဖြစ် ရေးသားရခြင်းဖြစ်ပါ၏။
အမှန်စင်စစ် ၅ သိန်း အရေအတွက်ရှိသော မြန်မာသံဃာထုသည် ၎င်းတို့ကိုဦးဆောင်သည့် အဖွဲ့အစည်းတခုတော့ ရှိသင့်ပါ ၏။ သို့သော် ထိုဦးဆောင်သည့် အဖွဲ့အစည်းသည် လက်ရှိနိုင်ငံတော် သံဃမဟာနာယကအဖွဲ့လို အစိုးရ၏ လက်ကိုင်တုတ် အဖွဲ့အစည်းမျိုးမဖြစ်သင့်ပါ။ လွတ်လတ်၍ တက်ကြွသော အဖွဲ့အစည်းတခုသာ ဖြစ်သင့်သည်။ “လွတ်လပ်၍ တက်ကြွသော” ဟုဆိုရခြင်းမှာ အကြောင်းရှိ၏။
“လွတ်လပ်၍” ဆိုသည်မှာ အာဏာပိုင်အဖွဲ့အစည်းအပါအ၀င် အဖွဲ့အစည်းမှန်သမျှတို့၏ အမိန့်ပေးစေခိုင်းမှု၊ ဖိအားပေး အကျပ်ကိုင်မှုတို့မှ လွတ်ကင်းရမည်ဟုဆိုလို၏။ ဤနေရာ၌ သီရိလင်္ကာနိုင်ငံ သံဃာ့အဖွဲ့အစည်း အကြောင်းကို အလျဉ်း သင့်၍ အနည်းငယ်မျှတင်ပြလို၏။ သီရိလင်္ကာ သံဃာ့အဖွဲ့အစည်းသည် ဘယ်အာဏာပိုင် အဖွဲ့အစည်းကမှ အမိန့်ပေး၍ မရသော တကယ်လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သည်။
စာရေးသူ သိခဲ့ဖူးသည့် အကြောင်းအရာတခုကို ပြောပါမည်။ ၁၉၉၂-၉၃ ၀န်းကျင်ကဖြစ်၏။ နှစ်နိုင်ငံ သာသနာရေး ချစ်ကြည်ရေးအဖြစ် မြန်မာနိုင်ငံမှ ထိုအချိန်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌ မြင်းခြံဆရာတော် ဦးဆောင်၍ သံဃာ့ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ သီရိလင်္ကာအစိုးရ၏ ဖိတ်ကြားမှုဖြင့် ရောက်ရှိလာ၏။ နိုင်ငံအတွင်း လှည့်လည် ဘုရားဖူးကြပြီးနောက် ဆရာတော်ကြီးများက ကန္ဓီမြို့ရှိ မြတ်စွာဘုရား၏စွယ်တော်ဓာတ်ကို ဖူးမြှော်လိုကြောင်း ဆိုလာကြ၏။ ကန္ဓီမြို့ရှိ စွယ်တော်ဓာတ်သည် မြတ်စွာဘုရား၏ စွယ်တော်ဓာတ် အစစ်အမှန်အဖြစ် ထင်ရှားပြီး ၄ နှစ်မှ တကြိမ်သာ အများ ပြည်သူသို့ အခမ်းအနားဖြင့် ထုတ်ပြလေ့ရှိပြီး ပြည်သူတို့က ပူဇော်ကြရသည်။ ဆရာတော်ကြီးများ ရောက်ရှိနေကြသည့် အချိန်သည် ၄ နှစ်မပြည့်သေးသော အချိန်ဖြစ်၏။ သို့ဖြစ်ရာ သီရိလင်္ကာသမ္မတ ကိုယ်တိုင်က အစိုးရဧည့်သည်တော်အဖြစ် မြန်မာနိုင်ငံမှ ကြွရောက်လာကြသည့် ဆရာတော်ကြီးများ မျက်နှာလှစေရန် စွယ်တော်ဓာတ်ကို ထိန်းသိမ်းစောင့်ရှောက်ထား သည့် ဓာတ်တော်ကျောင်းမှ ဆရာတော်ထံ မေတ္တာရပ်ခံစာရေး၍ ဧည့်သည်တော်ဆရာတော်ကြီးများကို အထူးအစီအစဉ် တရပ်အနေဖြင့် ဖွင့်လှစ်ပြသပေးပါရန် လျှောက်ထားတောင်းပန်လာ၏။
သို့သော် ထိုကုလားဆရာတော်များက အချိန်အခါမဟုတ်သဖြင့် ဘယ်လိုမှဖွင့်မပေးနိုင်ဟုဆိုကာ အစိုးရဧည့်သည်တော် ဆရာတော်ကြီးများသည်လည်း အများနည်းတူ စွယ်တော်ဓာတ်၏ ကြုတ်ကိုသာ အဝေးမှလှမ်း၍ပူဇော်ပြီး ပြန်ကြရလေ၏။ ဆိုလိုသည်မှာ သီရိလင်္ကာ သံဃာ့အဖွဲ့အစည်းသည် သမ္မတကိုယ်တိုင်သည်ပင်လျှင် ဘယ်လိုမှ အမိန့်ပေး အကြပ်ကိုင်၍ မရသည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပါ၏။ “တက်ကြွသော” ဆိုသည်မှာ သံဃာ့အဖွဲ့အစည်းကို ခေါင်းဆောင်မည့် ဦးစီးဦးဆောင်ပုဂ္ဂိုလ်တို့သည် အရာရာတိုင်း၌ နိုးကြားတက်ကြွသော ပုဂ္ဂိုလ်များသာဖြစ်သင့်၏။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တွင် ဦးစီးဦးဆောင်နေကြသော ဆရာတော်ကြီးအများစုသည် မလှုပ်နိုင်မရှားနိုင် သက်တော်ရှည် အရွယ်ကြီးများ ဖြစ်ကြ၍ တက်ကြွသည်ဟုမဆိုနိုင်ပါ။ ထိုဆရာတော်ကြီးများသည် အကြံဉာဏ်ပေးဖို့လောက်သာ ဖြစ်သင့်ပါ၏။
သက်တော်ရှည် ဆရာတော်ကြီးများသည် များသောအားဖြင့် ရှေးရိုးဆန်ကြပြီး ရှေးရိုးအတွေးအခေါ်တို့သာ သူတို့၏စိတ်ကို လွှမ်းမိုးထားကြသဖြင့် တိုးတက်နေသော ယခုခေတ်နှင့် မစပ်ဟပ်တော့ဟုယူဆပါ၏။ ထို့ကြောင့် ဤဆရာတော်ကြီးများ အနေဖြင့် လမ်းလွဲမသွားအောင် ထိမ်းသိန်းပေးရုံသာ ဖြစ်သင့်ပြီး လုပ်ငန်းပိုင်း လုပ်ဆောင်သည့်အပိုင်း၌ တက်ကြွ၍ ခေတ်အမြင် ခေတ်အတွေးရှိသော ဆရာတော်များကိုသာ တာဝန်ပေးသင့်ပါ၏။ ဤကဲ့သို့ ခေတ်အမြင် ခေတ်အတွေးရှိသော ဆရာတော်တို့သည် မြန်မာနိုင်ငံ၌ အများအပြားရှိကြပါ၏။ အချိန်ပိုင်းနှင့်အမျှ တိုးတက်နေသော သတင်းနှင့်နည်းပညာ (I.T.) ခေတ်တွင် ကမ္ဘာအေးလိုဏ်ဂူအတွင်း မျက်စိပိတ်နားပိတ် ဘီဘီစီနှင့် ဗွီအိုအေသတင်းမျှပင် နားထောင်ခွင့်မရှိဘဲ စစ်အစိုးရ၏ ၀ါဒဖြန့် ခရီးသွားမှတ်တမ်းယောင်ယောင်များကိုသာ ဖော်ပြထားသည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာ များကို ဖတ်ရှုနေရုံမျှဖြင့် သာသနာ့တာဝန်ကို ကျေပြွန်စွာထမ်းဆောင်နေသည်ဟု မယူဆသင့်ပါ။
Missionary ခေါ် သာသနာပြုလုပ်ငန်းကို ပြုလုပ်သူသည် ကမ္ဘာကြီး၏ အခြေအနေကို နှံ့စပ်အောင်သိထားဖို့လို၏။ ကမ္ဘာကြီး သည် စက္ကန့်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာကြီးအတွင်း ဘာတွေဖြစ်နေသည်ကို ခေတ်နှင့်တပြေးညီ သိရှိနားလည်ထားရန် လိုအပ်ပါ၏။ ယခုအခါ ကမ္ဘာပေါ်၌ ထူးခြားသည့်ဖြစ်စဉ်တခုခု ဖြစ်ပေါ်လာတိုင်း ဘာသာရေး ခေါင်းဆောင်တို့က မိမိတို့၏သက်ဆိုင်ရာ ဘာသာတရား၏ ရှူထောင့် အသီးသီးမှ ၎င်းတို့၏ အမြင်အသီးသီးကို ဝေဖန် သုံးသပ်ကာ အကောင်းဆုံးအခြေနေတရပ် ဖြစ်ပေါ်လာအောင် ဘာသာရေး၏ရှူထောင့်မှ အကြံဉာဏ်များ ပေးလေ့ရှိကြ၏။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သည့် ရှေးဟောင်းအမွေအနှစ် ဗုဒ္ဓဆင်းတုတော်များကို မိုင်းခွဲဖျက်ဆီးခဲ့စဉ်က ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓဘာသာခေါင်းဆောင်တို့က ကန့်ကွက်ရှူံချကြ၏။ နိုင်ငံ ခေါင်းဆောင်တို့ကလည်း ရှူံချကြ၏။ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ဘာသာခြားတို့ကလည်း ကန့်ကွက်ကြ၏။ ထူးခြား သည်မှာ ကမ္ဘာ့ဗုဒ္ဓဘာသာ အင်အားအကြီးဆုံး နိုင်ငံအဖြစ် ခံယူထားသည့် မြန်မာနိုင်ငံတခုသည်သာလျှင် ဤကိစ္စအတွက် ရေငုံနှုတ်ပိတ်နေကြ၏။ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အားလုံးကို ကိုယ်စားပြုပါသည်ဆိုသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သည် ကမ္ဘာအေးလိုဏ်ဂူ၌ ဘာတွေလုပ်နေကြသနည်း။
တဖန် အမေရိကန်နိုင်ငံ၏ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦးကြီးကို အကြမ်းဖက်သမားတို့က လေယာဉ်ကို အပိုင်စီး၍ ဗုံးခွဲတိုက်ခိုက်သဖြင့် လူပေါင်း ထောင်ချီကာ အစုအပြုံလိုက် သေကြေခဲ့စဉ် ၀မ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကမ္ဘာ အရပ်ရပ်ရှိ ဗုဒ္ဓဘာသာအပါအ၀င် ဘာသာရေးသမားတို့က သေသူများအတွက် ဆုတောင်းမေတ္တာပို့သကြ၏။ ဘာသာရေး ခေါင်းဆောင်တို့ကလည်း အကြမ်းဖက်သမားတို့၏ လုပ်ရပ်ကို ကန့်ကွက်၍ ရှူံချကြ၏။ ဤအချိန်၌လည်း မြန်မာနိုင်ငံ ဘာသာရေးခေါင်းဆောင် မဟနဆရာတော်တို့သည် ဘာမှအသံထွက်မလာကြဘဲ တုံဏှိဘာဝေ ဆိတ်ဆိတ်နေကြပြန် လေ၏။
၂၀၀၄ ခုနှစ် အရှေ့တောင်အာရှတွင် ဆူနာမိရေလှိုင်းရိုက်ခတ်သဖြင့် လူပေါင်းသိန်းနှင့်ချီ သေကြေခဲ့တုန်းကလည်း ဗုဒ္ဓ ဘာသာနှင့် အခြားဘာသာမှ ဘာသာရေးခေါင်းဆောင်တို့က ဦးစီးဦးဆောင်ပြုလုပ်၍ သေသူများကိုရည်စူးကာ အခမ်းအနား တို့ဖြင့် ကုသိုလ်ကောင်းမှုပြု ဆုတောင်းကြ၏။ မြန်မာနိုင်ငံ၏ ဘာသာရေးခေါင်းဆောင် မဟနဆရာတော်တို့သည်ကား ဘယ်သူတွေဘာပဲလုပ်လုပ် သူတို့က တုပ်တုပ်မျှပင်မလှုပ်။ ကမ္ဘာအေးလိုဏ်ဂူ၌ ဇိမ်ခံလျက်ပင် ရှိကြလေကုန်၏။
ထူးခြားသည့်ဖြစ်ရပ်များ ကမ္ဘာ၌ဖြစ်ပေါ်လာသည့်အခါတိုင်း ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးကတော့ဖြင့် ဘယ်သို့ပြောလိုက်ပြီ။ ဒလိုင်လားမားက ဘယ်သို့ပြောလိုက်ပြီ။ သီရိလင်္ကာ သံဃာ့အဖွဲ့အစည်းကြီးက ဘယ်သို့ပြောလိုက်ပြီ။ အိ၌ိယသံဃာ့အဖွဲ့အစည်းက ဘယ်သို့ပြောလိုက်ပြီ။ ထိုင်းသံဃာ့အဖွဲ့အစည်းက ဘယ်သို့ပြောလိုက်ပြီ ... စသည်သည် အားဖြင့် အသီးသီး အသကအသက ပြောဆိုနေကြချိန်တွင် မြန်မာနိုင်ငံသားတို့ကလည်း မြန်မာ့သံဃာ့အဖွဲ့အစည်းက ဘာပြောလာမည်ကို သိလိုရေးနှင့် နားစွင့်နေကြလေ၏။ သို့သော် မြန်မာ့သံဃာ့အဖွဲ့အစည်း နိုင်ငံတော်သံဃမဟာနာယက အဖွဲ့သည် ၀စီပိတ်အဓိဋ္ဌာန်ဝင်နေကြသည့်အလား ဘာစကားမှမပြောဘဲ အမြဲတစေ နှုတ်ပိတ်နေကြလေ၏။
စက်တင်ဘာအရေးအခင်း ဖြစ်ပွားခဲ့စဉ်ကလည်း တိုင်းပြည်အေးချမ်းဖို့အရေး ငြိမ်းချမ်းစွာ မေတ္တာပို့စီတန်း လမ်းလျှောက် ကြသော သံဃာတော်များကို အကြမ်းဖက် ပစ်ခတ်နှိမ်းနင်းသည့်ပုံများ ကမ္ဘာတလွှား တီဗွီ ဖန်သားပြင်၌ မြင်ကြရသော ဗုဒ္ဓ ဘာသာဟုတ်သူ မဟုတ်သူ ကမ္ဘာသူ ကမ္ဘာသားတို့က မြန်မာစစ်အစိုးရကို ကန့်ကွက်ရှုတ်ချ နေကြချိန်တွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ ဘာသာရေးခေါင်းဆောင်ဆိုသူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်သည် “လူမိုက်တသောင်း တို့ ကဲ့ရဲ့ပါစေ၊ ပညာရှိတယောက် ချီးမွမ်းလျှင်တော်ပြီ” ဟု လူမိုက်အားပေးစကားကို ဟိရိ သြတ္တပ္ပတည်းဟူသော အရှက် အကြောက်တရား ကင်းမဲ့စွာ မိန့်ကြားတော်မူခဲ့လေ၏။ ဤမိန့်ကြားချက်သည် သူ၏ကိုယ်ပိုင်စကားတော့မဟုတ်။ စစ်ဗိုလ်ချုပ် တို့က သူတို့ပြောစေချင်သည့်စကားကို စာရွက်ပေါ်ချရေးထားသည်ကို တိုင်းပြည်သို့ ဖတ်ပြနေခြင်း ဖြစ်သည်။ မေတ္တာပို့ စီတန်းကြွချီကြသည့် သံဃာတော်များကို သံဃာအတုဟု မဟုတ်တန်းတရား စွပ်စွဲပြောဆိုနေခြင်းကိုလည်း ဘာမှကာကွယ် ပြောဆိုခြင်းမပြုဘဲ ငြိမ်ခံနေကြလေကုန်၏။ “အစ္ဆရိယံ ၀တ” အံ့သြထူးဆန်းဖွယ် ကောင်းလေစွ။
ဆိုခဲ့ပါ ဖြစ်စဉ်တို့၏ အခြေခံအကြောင်းရင်းမှာ မြန်မာ့သံဃာ့အဖွဲ့အစည်းသည် လွတ်လတ်၍ တက်ကြွသော အဖွဲ့အစည်း မဟုတ်သောကြောင့်ဖြစ်၏။ ပြောချင်ဆိုချင်ပါလျက် ယင်းသို့ပြောဆိုနိုင်သော အခွင့်အလမ်းမရှိ၊ မလွတ်လပ်သောကြောင့် ဖြစ်၏။ ထိုသို့ပြောဆိုဖို့ အတွက်လည်း ခေတ်နှင့်တပြေးညီ ခေတ်အမြင် ခေတ်အတွေးရှိသော တက်ကြွသည့် သံဃာတော် များက ဘေးဖယ်ခံထားရသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ မြန်မာ့သံဃာ့အဖွဲ့အစည်း တခေတ်ဆန်းပြီး ပစ္စုပ္ပန်ခေတ်နှင့် လျော်ညီကာ ခေတ်နှင့်တပြေးညီ ဖြစ်စေရန် မဆလအစိုးရ၏ အမွေဆိုးဖြစ်သည့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ဖျက်သိမ်း၍ “လွတ်လပ်၍ တက်ကြွသော” မြန်မာ့သံဃာ့အဖွဲ့အစည်းတခု ပေါ်ပေါက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ [Top] |