#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

ပုန်းလျှိုးနေသည့် မြန်မာတပ်မတော်၏ ရန်သူ
မင်းလွင် | ဒီဇင်ဘာလ ၂၀၊ ၂၀၀၇

အသက် ၃၆-နှစ် အရွယ်ရှိပြီဖြစ်သည့် တပ်ကြပ် ကိုထွန်းမောင်က ရန်ကုန်မြို့ ဆင်ဖြေဖုန်း၊ မှော်ဘီရှိ မြန်မာ့တပ်မတော်၏ ခြေမြန်တပ်ရင်း (ခမရ) ၃၉၁ တွင် ဂိတ်ဝကို ဒယီးဒယိုင်နှင့် ခဲခဲယင်းယင်း ဖြတ်လျှောက်လာရသည်။ လက်တွင်းရှိ ၀ါးတုတ် ကိုလည်း အမှီပြုထားရသေးသည်။ သူက နေမကောင်းဖြစ်နေသည်မှာ ကြာပြီ။ မြန်မာ့တပ်မတော်မှ တချို့သော ရဲဘော်များ ကဲ့သို့ပင် အိပ်ခ်ျအိုင်ဗွီ ဗိုင်းရပ်ရောဂါပိုး စွဲကပ်သည့် ရောဂါလက္ခဏာများကလည်း အထင်းသားပေါ်နေသည်။

စစ်ဆေးရုံတွင် ကုသမှု ခံယူနေသော်လည်း သူ့အခြေအနေက မထူးခြားလှ။ ယခုအချိန်တွင်တော့ သူက ပုဂ္ဂလိကဆေးခန်း တခုတွင် သွား၍ သက်သာရာ သက်သာကြောင်း ပြရန် စဉ်းစားနေသည်။

မြန်မာ့စစ်တပ်မှ တပ်သားများ၏ သဘာဝအတိုင်း၊ စစ်သားအလုပ်က အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါစွဲကပ်ခံရနိုင်ရန် အတွက် အထူးအန္တရာယ်များလှသည်။ မသန့်စင်သည့် သွေးမှကူးနိုင်သကဲ့သို့၊ ပိုးမွှားများ သေချာမသတ်ထားသည့် ဆေး ထိုးအပ်များ၊ ခွဲစိတ်ပစ္စည်းများမှလည်း ရောဂါကူးစက်ခံရနိုင်သည်။

ရှေ့တန်းဆေးရုံများတွင် တခါတရံ အရေးပေါ်သွေးလိုသည့်အခါ ရရာသွေးသွင်းလိုက်ရသည်လည်း ရှိသည်။ စနစ်တကျ စစ်ဆေးမနေနိုင်ကြောင်း ဆေးလက်ထောက်ရဲဘော်တဦးက ပြောပြသည်။

တရားဝင်စာရင်းဇယားများအရ ဆိုလျှင် မြန်မာ့တပ်မတော်၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်ခံရသူ တစုံ တဦးမှ မရှိပါ။ သို့သော်လည်း စစ်ဆေးဝန်ထမ်းတဦးက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြရာတွင် “ကျနော်တို့ တပ်ချုပ် (ကာကွယ် ရေး ဦးစီးချုပ်) က သူ့လူတွေထဲမှာ ရောဂါပိုး ကူးစက်နေတာ လုံးဝအသိအမှတ် မပြုနိုင်ဘူး။ ဒါကြောင့် ကျနော်တို့မှာ အိပ်ခ်ျ အိုင်ဗွီ/ အေအိုင်ဒီအက်စ်ရှိတဲ့ လူနာ မရှိဘူးပေါ့။ ဒီလူနာတွေကို ကုသပေးဖို့ ခွင့်ပြုချက်လည်းကျ မထားဘူး” ဟု ဆိုသည်။

မအေးဝင်း၏ ယောက်ျားဖြစ်သူ တပ်ကြပ်အောင်သန်းက လွန်ခဲ့သော ၆-လက အေအိုင်ဒီအက်စ်ရောဂါ ဖြင့် သေဆုံးသွားခဲ့ သည်။ သူက တပ်မတော်တွင် စစ်မှုထမ်းသက် နှစ် ၂၀-ရှိနေပြီ ဖြစ်သည်။

“သူ ဘယ်လိုရောဂါကူးလာလည်း ကျမလည်း မသိတတ်တော့ပါဘူး” သူမက ပြောသည်။ “လွန်ခဲ့တဲ့ ၅-နှစ်ကတော့ ကရင် ပြည်နယ်မှာ ခြေထောက်ဒဏ်ရာ ရလာဖူးတယ်။”

“သူ အေအိုင်ဒီအက်စ်ရောဂါနဲ့ သေကောင်ပေါင်းလဲ ဖြစ်နေတော့ ကျမက တပ်ရင်းဆေးခန်းသွားတယ်။ ဆေးကုပေးဖို့ လုပ်တယ်။ ဆေးမှူးက ကုမပေးဘူးလို့ ပြောတယ်။”

တပ်မတော် ဆေးဝန်ထမ်းညွှန်ကြားမှု ဦးစီးဌာနနှင့် နီးစပ်သူတဦးက ပြောပြရာတွင်၊ နေပြည်တော်ရှိ စစ်ဆေးရုံကြီးတွင် ၈၀ ခန့်သော လူနာများ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်ရောဂါနှင့် သေဆုံးပြီံးပြီဟု ဆိုပါ သည်။

နေပြည်တော်တွင် ဒီဇင်ဘာလ ၁ ရက်နေ့ကကျင်းပသည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနား၌ အမျိုးသား ကျန်းမာရေး ကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက ပြောကြားရာတွင် အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် လူနာများနှင့် ၎င်းတို့၏ မိသားစုများအတွက် အစစအရာရာ ကူညီပံ့ပိုးပေးနေသည်ဟု ပြောခဲ့ပါသေး သည်။

ဗိုလ်ချုပ်ကြီးက ဤသို့ကတိက၀တ် ကောင်းနေသော်လည်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ဝေဒနာရှင်များမှာ စစ်တပ် အတွင်း တာဝန်ဆက်လက် မထမ်းဆောင်နိုင်တော့လောက်အောင် နာမကျန်း ဖြစ်နေကြသည်။ ထိုသူများကိုလည်း လုပ်သက် ၁၀-နှစ် မပြည့်သောကြောင့် ပင်စင်စား အနားယူခွင့် မပြုဘဲ ထားပါသည်။ အသက်ငယ်ရွယ်စဉ်တွင် ဆေးခွင့်ဖြင့် ပင်စင်ယူမည့် အရေးကို စစ်ရုံးချုပ်က တားမြစ်ထားပါသည်။

ဤပြဿနာကို ပိုဆိုးစေသည့် အကြောင်းမှာ စစ်တပ်အတွင်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ ကူးစက်ပြန့်ပွားပုံနှင့် ပတ်သက်၍ ပညာပေးမှု မရှိခြင်းပင် ဖြစ်ပါသည်။ “စစ်သားအများစုက ဒီရောဂါ ဘယ်လိုကူးစက်တယ်ဆိုတာ မသိကြဘူး” တပ်ရင်း အရာခံဗိုလ်တဦး၏ သားဖြစ်သူက ပြောသည်။ ထို့အပြင် ရောဂါကူးစက်ခံရပါကလည်း ကျန်ရဲဘော်များက ပစ်ပယ်ထားလိုက်ကြတော့သည်ဟု ၎င်းက ပြောပြပါသည်။

လစာနည်းလှသည့် တချို့သော စစ်သားများ၏ ဇနီးမယားများကလည်း တ၀မ်းတခါးလှစေရန် ပြည့်တန်ဆာလုပ်ငန်းများဖြင့် အသက် ဆက်နေကြရသည်ဖြစ်ရာ စစ်သားများအကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ရန် ပို၍အန္တရာယ်ကြီးလာစေပါတော့သည်။

မြန်မာနိုင်ငံအတွင်း လုပ်ငန်းများဆောင်ရွက်နေကြသော နိုင်ငံတကာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက ပြောပြရာ တွင် စစ်တပ်အတွင်း ပညာပေးရေး ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းချက် မှန်သမျှကို စစ်တပ် တပ်မှူးများက ပယ်ချတတ် သည်ဟု ဆိုသည်။ စစ်တပ်အတွင်း အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ကူးစက်ခံရသည့် လူနာအရေအတွက် စာရင်းများ လည်း ကောက်ယူ၍ မရရှိနိုင်အောင် ဖြစ်နေပါသည်။

ဤသို့ ကပ်ဒုက္ခကြုံနေရသည့် မိသားစုများအတွက် အထောက်အပံ့ဆိုသည်မှာ တစိုးတစိမျှ မရှိပါ။ မအေးဝင်းက ပြောပြရာ တွင် ယောက်ျားဆုံးသည်နှင့် သူ့ကိုလည်း တပ်က ပစ်ပယ်လိုက်တော့သည်ဟု ဆိုသည်။ သူမက ငိုရင်း ပြောပြသည်။ “သူတို့က ကျမကိုရော၊ ကလေးတွေကိုပါ တပ်ဝင်းထဲမှာ ဆက်မနေစေချင်ကြတော့ဘူး။ ကျမတို့က မူရင်းဇာတိဒေသက အိမ်ကို ပြန်လာကြရတယ်။ ဘယ်လိုဆက် ရပ်တည်ရမှန်းလည်း မသိတော့ပါဘူး။ ကျမမှာ အလုပ်ကလည်း မရှိဘူး”။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.