စေတနာအကောင်းနဲ့ လုပ်ရပ်အလွဲ
ဘာတေးလ် လင့်တနာ | ဒီဇင်ဘာ ၁၉၊ ၂၀၀၇
ရှမ်းလူမျိုးများ၏ တော်လှန်ရေးအဖွဲ့က အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအတွက် မူးယစ်ဆေးဝါးဖြင့် ငွေရှာ၍ မဆောင်ရွက်ခဲ့ပါဟု ဆိုသည်။ သို့သော်လည်း ဤဖြစ်ရပ်မှာ အမှန်ပင် ဖြစ်နေခဲ့သည်။
ဤစာအုပ်ခေါင်းစဉ်က တလွဲတွေးစေနိုင်စရာ ရှိသည်။ တခုမဟုတ် တခုဆိုသည့် ရွေးချယ်စရာကိစ္စမျိုး မဟုတ်ပါ။ နှစ်ခု စလုံးလည်း ဖြစ်နိုင်သည်။ လွန်ခဲ့သော ၁၅ နှစ်က လေ့လာသုံးသပ်သူများက ခွန်ဆာ၏ မောင်တိုင်းတပ်မတော်သည် မူးယစ် ဆေးရောင်းနေသည့် စစ်တပ်ဟု ဆိုခဲ့ကြသလို၊ တနည်း နိုင်ငံရေးအဖွဲ့အစည်း တခုဟု ပြောကြသူများလည်း ရှိသည်။ နှစ်ခုစလုံး ဖြစ်ခဲ့သည်ကတော့ အမှန်။
ရှမ်းမျိုးချစ်အများစုက ခွန်ဆာထံ ခိုလှုံပူးပေါင်းခဲ့ကြသည်။ အကြောင်းက သူ့ထံ တွင် အာဏာရှိနေသလို၊ ငွေကြေးလည်း တောင့်တင်းသည်။ ထိုရှမ်းမျိုးချစ်များက ရွှေတြိဂံဒေသရှိ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကိစ္စအပေါ် နည်းနည်းမျှ စိတ်မ၀င် စားခဲ့ကြပါ။ သို့သော်လည်း ကျန်သည့် ပူးပေါင်းလာသူများလည်း ရှိပါသေးသည်။ ၎င်းတို့က တရုတ်လူမျိုးများဖြစ်ပြီး ရှမ်းယဉ်ကျေးမှု အဓွန့်ရှည်ရေးထက် မူးယစ် ဆေးဝါး ကုန်သွယ်ဖို့ ပိုအားသန်ခဲ့ကြသည်။
အလားတူပင် ၀ပြည်သွေးစည်းညီညွတ်ရေးပါတီနှင့် ၎င်း၏တပ်မတော်တွင်လည်း သူတို့လူမျိုးများအရေးအတွက် ပူပန်ကြသော ၀လူမျိုး နိုင်ငံရေးသမားများကို ဆွဲဆောင်နိုင်ခဲ့သလို၊ တရုတ်တိုင်းရင်းသား အများစုဖြစ်သည့် ဘိန်းကုန်သည်များလည်း ရောနှောပါဝင်နေခဲ့ကြသည်။
သို့သော်လည်း တွမ် ကရေမာ (Tom Kramer) ပြောသလို၊ “ဘိန်းကုန်ကူးမှုကို ထိန်းချုပ်ကိုင်ထားသူများမှာ ရှမ်းပြည်နယ် အတွင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ကဲ့သို့သော လက်နက်ကိုင်တပ်ဖွဲ့များ မဟုတ်ကြ။ အင်အားကောင်း သည့် တရုတ်စီးပွားရေးအုပ်စုကြီးများ ဖြစ်သည်”ဟု ယူဆသုံးသပ်လျှင် မှားပါလိမ့်မည်။ ဤအဆိုမှာ စစ်အစိုးရ၏ မြန်မာ မူးယစ်နှိမ်နင်းရေး ဗဟိုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးခမ်းအောင်၏ လေသံကိုလိုက်၍ ပြောခြင်းမျှသာ ဖြစ်ပါလိမ့်မည်။ သူက “အများစုက တရုတ်စီးပွားရေးအုပ်စုတွေပါ။ သူတို့က အဆက်အသွယ်ကောင်းကောင်းရှိပြီး ပြည်ပကနေ ငွေကြေးထောက်ပံ့ ပေးနေကြတယ်။ သူတို့အတွင်းစည်းထဲထိ ထိုးဖောက်နိုင်ဖို့က ကျနော်တို့အတွက် ခက်ပါတယ်။” ဟု ဆိုခဲ့ပါသေးသည်။
မကြာသေးမီက ထွက်ပေါ်လာသည့် လေ့လာမှုတခုဖြစ်သော “တရုတ်များ၏ ဆက်စပ်ပတ်သက်နေမှု၊ မြန်မာနှင့် တရုတ် နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်ကူးမှု” “The Chinese Connection: Cross-Border Drug Trafficking between Myanmar and China” ဟု အမည်ရသည့် ကို-လင်း ချင်း နှင့် ရှယ်လ်ဒွန် အိက်စ် ဇန်း (Sheldon X Zhang) တို့ ရေးသားသည့် စာတမ်းတွင် ဤတရုတ်စီးပွားရေးအုပ်စုများက ချယ်လှယ်နေသည် ဆိုသည့်အမြင်ကို ချေဖျက် စိန်ခေါ်ခဲ့ကြသည်။ “မိမိတို့ လေ့လာတွေ့ရှိရသမျှတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် သမားရိုးကျ ရာဇ၀တ်မှုများ ကျူးလွန် နေကြသည့် အဖွဲ့အစည်းများအကြားတွင် စနစ်တကျ ဆက်စပ်မှုဟူ၍ အထောက်အထား အနည်းငယ်မျှသာရှိပါသည်။ တွေ့ရှိရသည့်အချက်များအရ ရာဇ၀တ်ဂိုဏ်းရာဇာများ၏ ထိပ်သီးခေါင်းဆောင် တဦးတယောက်မျှ မူးယစ်ဆေး ကုန်သွယ်မှု တွင် ပါဝင်နေသည်ကို မတွေ့ရပါ။ သို့သော်လည်း မိမိတို့သေချာပြောနိုင်သည့်အချက်မှာ ဟောင်ကောင်၊ ထိုင်ဝမ်၊ သို့မဟုတ် အမေရိကန်ပြည်ထောင်စုတွင် ရှိနေကြသည့် ရာဇ၀တ်ဂိုဏ်များမှာ နယ်စပ်ဖြတ်ကျော်၍ မူးယစ်ဆေး ကုန်သွယ်မှုများတွင် အထူးတက်တက်ကြွကြွ ဆောင်ရွက်နေသူများ မဟုတ်ကြပါ”။
ဤရာဇ၀တ်ဂိုဏ်များက မူးယစ်ဆေးဝါးကိစ္စများနှင့်စာလျှင် တရုတ်နိုင်ငံအတွင်း၌ ပို၍အကျိုးအမြတ်ဖြစ်နိုင်သော ရင်းနှီး မြှုပ်နှံမှု အများအပြားကို ဆောင်ရွက်စရာ ရှိနေပါသည်။ ချင်းနှင့် ဇန်းတို့၏ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ ရောက်လာသော မူးယစ်ဆေးဝါးများသည် “အဓိကအားဖြင့် စနစ်တကျစုစည်း ဆက်စပ်ထားမှု မရှိသည့် တသီး ပုဂ္ဂလ လူများက သယ်ဆောင်ရောင်းဝယ်နေကြသည်” ဟု ဆိုသည်။ ထိုသူများက စီးပွားရေးအုပ်စုကြီးများနှင့် ကင်းလွတ်၍ တဦးချင်းသဘောဖြင့် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
သို့သော်လည်း ဤသို့တဦးချင်း သီးသန့်လွတ်လပ်စွာ ဆောင်ရွက်နေကြသူများက (UWSA) ထိန်းချုပ်ထားရာ ဒေသ အတွင်း၌ ဘိန်းဖြူချက်လိုလျှင်၊ စိတ်ကြွဆေးပြားများထုတ်လိုလျှင် အဖွဲ့အစည်း၏ ထိပ်ပိုင်း ကော်မတီခေါင်းဆောင်များထံမှ ခွင့်ပြုချက်ရယူရမည်ကတော့ အမှန်ပင် ဖြစ်သည်။ အထူးသဖြင့် ဥက္ကဋ္ဌပေါက်ယူချန်း (Bao Yuchang) နှင့် ၎င်း၏ ညီအစ်ကို များက ဦးဆောင်နေကြပါသည်။ ဤခွင့်ပြုချက်အတွက် အဖိုးအခပေးကြရပြီး ၎င်းဝင်ငွေဖြင့် UWSA နှင့် သူတို့၏ မဟာမိတ် အဖွဲ့များ လှုပ်ရှားမှု အသက်ဆက်နေနိုင်ကြခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့ကိုယ်ပိုင်ဘိန်းချက် စက်ရုံများမှလည်း ၀င်ငွေ ရကြပါလိမ့်ဦးမည်။
မူးယစ်ဆေးလုပ်ငန်းမှ ရသည့်ငွေများကို အမြဲတစေ အကောင်းကိစ္စများအတွက်ချည်း ဉာဏ်ရှိစွာ အသုံးချကြသည်တော့ မဟုတ်ပါ။ သန်းနှင့်ချီ၍ အိပ်ထဲထည့်၊ ရင်းနှီးမြှုပ်နှံထားကြသည်လည်း ရှိပါသည်။ ဇိမ်ခံဟိုတယ်များ၊ ကာဆီနိုများ၊ ဘောင်း လင်းကစားရုံများ၊ အခြောက်များ ကပြကြသည့် ဖျော်ဖြေပွဲများတွင် မြှုပ်နှံရင်းနှီးထားကြပါသည်။ အထူး ဆင်းရဲမွဲတေနေကြ သည့် တောင်ပေါ်နေပြည်သူများ၏ လိုအပ်ချက်များအတွက် သုံးခဲ့ကြသည် မဟုတ်ပါ။
ကရေမာရေးသည့် စာအုပ်တွင် အားကောင်းချက်မှာ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေကြသူများကို ကိုယ်တိုင်ကိုယ်ကျတွေ့ ဆုံမေးမြန်း၍ တင်ဆက်ထားခြင်း ဖြစ်သည်။ အားနည်းချက်မှာ UWSP ခေါင်းဆောင်များ၊ ဗိုလ်မှူးကြီးခမ်းအောင်ကဲ့သို့ သော လူပုဂ္ဂိုလ်များက ပြောထားသည့်အတိုင်း ယုံကြည်ဖော်ပြထားခြင်း ဖြစ်သည်။ မျက်နှာမပျက်လို၍လည်း ဤသို့ဖော်ပြ ခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း ကရေမာက မေးခွန်းထုတ်ရာ၌ ကြုံရသည့် ဖြစ်ရပ်များလည်း ထူးထူးခြားခြားရှိနေသေး သည်။ ဥပမာအားဖြင့်- သူက ကိုးကား၍ ပြန်လည်ဖော်ပြခဲ့ရာတွင် UWSP ၏ အထူးသြဇာရှိသည့် ခေါင်းဆောင် ရှောင်မင်း လျန် (Xiao Min Liang) က ၎င်းတို့ထိန်းချုပ်ထားရာ ဒေသများအတွင်း၌ “၁၉၉၈ ခုနှစ်ကာလတိုင်” ဘိန်းဖြူချက်စက်ရုံများ နှင့် စိတ်ကြွဆေးပြားထုတ်စက်ရုံများ ရှိခဲ့ကြောင်း ၀န်ခံပြောဆိုခဲ့ခြင်း ဖြစ်သည်။ “နောက်ပိုင်း ကျနော်တို့က ဒီစက်ရုံတွေ အားလုံးကို တရားဝင်ပိတ်ပင် တားမြစ်လိုက်တယ်” ဟု ဖြေခဲ့သည်။ သို့သော်လည်း ကရေမာကဖော်ပြရာတွင် ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ဤသို့ ပိတ်ပင်တားမြစ်ပြီးနောက် ၇-နှစ်အကြာတွင် UWSA ဒေသမှထွက်လာသည့် ဘိန်းဖြူ ၅၀၀ ကီလို ဂရမ်ကို မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိကြောင်းလည်း ရေးထားခဲ့သည်။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် လာအိုကိုဖြတ်၍ ဘိန်းဖြူ အမြောက်အများ ထွက်ရှိနေကြဆဲ ဖြစ်သည်။ ဤမူးယစ်ဆေးဝါးများကလည်း UWSA နှင့် ၎င်း၏မဟာမိတ်တပ် များ ထိန်းချုပ်ထားရာဒေသရှိ စက်ရုံများမှ လာနေကြခြင်းလည်း ဖြစ်သည်။
UWSP ၀တပ်ဖွဲ့ကို လူဆိုးကြီးအဖြစ် ပုံဖော်ခြင်းဖြင့် အကျိုးထူး မရှိနိုင်ကြောင်း၊ ကရေမာက ထောက်ပြပါသည်။ ဤအဖွဲ့ အစည်းက မူးယစ်ဆေးသက်သက် ရောင်းဝယ်လုပ်ကိုင်နေကြသည့် လက်နက်ကိုင်တပ်ထက်တော့ ပိုမြင့်သည်ဟု ဆိုသည်။ သို့သော်လည်း UWSP ကို ပို၍ဝေဖန်ဖော်ပြသော အမြင်မျိုးကို ဖတ်ရလိမ့်မည်ဟု မျှော်လင့်နေသည်ကတော့ အမှန်ပင်ဖြစ် သည်။ ဥပမာပြရလျှင် “မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မဟာဗျူဟာ”၏ ကဏ္ဍတရပ်အနေဖြင့် ၀လယ်သမား သိန်းကျော်ကို ထိုင်းနိုင်ငံနယ်စပ်ဒေသသို့ ပို့ခဲ့သည်မှာ သံသယ၀င်ဖွယ်ကိစ္စ ဖြစ်သည်။ ၁၉၉၀ ခုနှစ်များ ၀လူမျိုးများ စတင်ရွှေ့ပြောင်းလာချိန်မှ စ၍ တောင်ပိုင်းရှမ်းပြည်နယ်တွင် ဘိန်းခင်းများ တိုးတက်စိုက်ပျိုးလာသည်မှာ တိုက်ဆိုင်မှုတော့ မဟုတ်တန်ရာ။
ထို့အပြင် မူးယစ်ဆေးဝါးအမှုဖြင့် ၀ရမ်းပြေးအဖြစ် အလိုရှိနေသူ ဝေဆူကန်း (Wei Xueggang) မှာလည်း ဗိုလ်မှူးကြီး ခမ်းအောင်ပြောသကဲ့သို့ “သူ့စီးပွားရေး သူလုပ်နေသူတဦး” မဟုတ်ပါ။ ၎င်းက UWSP အဖွဲ့၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်ပါ သည်။ သူလိုလူမျိုးက ၀ခေါင်းဆောင်များ ယုံကြည်ကြသည့် အမျိုးသားရေး ဦးတည်ချက်များထက်စာလျှင်၊ အဖွဲ့အတွင်း စီးပွားရေးအဖြစ် မူးယစ်ဆေးဝါးကုန်သွယ်ရေးကို တိုးမြှင့်ဦးစားပေးနေမည်က အမှန်ပင် ဖြစ်ပါတော့သည်။ ။ [Top]
Bertil Lintner ရေးသည့် Doing Wrong to Do Good ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
ဘာတေးလ် လင့်တနာသည် ဧရာဝတီမဂ္ဂဇင်း ပင်တိုင်ဆောင်းပါးရှင်ဖြစ်ပြီး၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် စာအုပ်အများ ကို ရေးသားခဲ့သည်။ |