#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

သူတောင်းစားနိုင်ငံတော်ကြီးဆီသို့
အေးချမ်းမြေ့ | ဒီဇင်ဘာ ၁၇၊ ၂၀၀၇

ခုနောက်ပိုင်းရန်ကုန်မြို့ရဲ့လမ်းများပေါ်မှာ သူတောင်းစားတွေ တော်တော်များလာတာတွေ့ရသည်။ တောင်းစားသည့်ပုံစံက မျိုးစုံ၊ အရွယ်စုံ။ အသက်လေး ငါး ခြောက်နှစ်အရွယ်ကလေးမှသည် အမယ်ကြီးအို အဖိုးအိုများအထိ။ တချို့ ရုပ်ရည်က သနားကမား သန့်သန့်ပြန့်ပြန့်။ ပုံစံကလည်း အမျိုးမျိုး၊ တချို့ကတော့ သူတို့ကို သွားပြီးရောဆိုပြီး ပိုက်ဆံ အလွယ်တကူ ထုတ်ပေးလိုက်သည်။ တချို့ကတော့ ခါးခါးသီးသီး ငြင်းလွှတ်သည်။ တချို့ကသူတို့ကို စပ်စပ်စုစုမေးမြန်းပြီးမှ ကျပ် ငါးဆယ် တရာ ထုတ်ပေးလိုက်သည်။

ရန်ကုန်မြို့လယ်က ဆိပ်ကမ်းသာလမ်းလို၊ မဟာဗန္ဓုလပန်းခြံလမ်းလို လူစည်သည့်လမ်းတွေပေါ်က ပလက်ဖောင်းလူသွား လမ်းတွေပေါ်မှာ ထိုင်တောင်းသည်။ တချို့ကတော့ ကော်ဖီဆိုင် လက်ဖက်ရည်ဆိုင်ထဲတွေ အထိလိုက်တောင်းသည်။ တယောက်ကိုပေးလိုက်လျင် နောက်လူတွေကိုလက်ထောက်ချပြီး တောင်းခိုင်းသည်။ ပေးရတာမဆုံးနိုင်တော့။ တချို့မိန်းမ တွေကျတော့ ပလက်ဖောင်းပေါ်မှာ နနွင်းကိုဝါထိန်နေအောင်းလိမ်း မီးနေသည်ယောင်ဆောင်တာရှိသေးသည်။ ရှေ့မှာတော့ ကလေးတစ်ယောက်ကို အိပ်လျက်သားတွေ့ရမည်။ အဲဒီကလေးလေးက သူ့ကလေး ဟုတ်မဟုတ်တော့မသိ၊ ရုပ်ရေ အသားအရောင်လုံးဝမတူ၊ ဘာဆေးတွေတိုက် ထားလဲတော့မသိ နိုးတာ၊ နို့စို့တာ တနေကုန်အောင် မတွေ့ရ။

တာမွေက မော်ဒန်လက်ဖက်ရည်ဆိုင်နားမှာဆိုလျင် သူတောင်းစားအရွယ်စုံ ပုံစံစုံ အုပ်စုလိုက်ရှိသည်။ သူတို့ပုံစံက တောင်းစားနေတာထက် နေ့စဉ်ဝတ္တရားအရ အလုပ်တစ်ခု မဖြစ်မနေလုပ်နေကြသည်နှင့်တူသည်။ တယောက်နှင့်တယောက် နောက်လိုက်ပြောင်လိုက် ကြည်ဆယ်လိုက်နှင့် လက်ဖက်ရည်ဆိုင်ထဲ လူသစ်ဝင်လာလျင် ၀င်တောင်းသည်၊ တစ်ယောက်ရ လာလျင် ကျန်လူများကို လက်တို့ပြီးတောင်းခိုင်းသည်။

မြို့လယ်မှာကတော့ ပိုစုံသည်။ ကားဂိတ်မှာ ယောင်လည်လည်နှင့် ရပ်နေမိလျင် အနားကပ်လာမည် ပြီးလျင် အိမ်ပြန်ဖို့ လမ်းစရိတ်မရှိလို့ပါဆိုပြီး ကျပ်ငါးဆယ် တရာတောင်းသည်။ ရုပ်ရေကသန့်သန့်ပြန့်ပြန့် တောင်းစားသူဟု ထင်စရာမရှိ။

တောင်းစားသည်ဟုထင်စရာမရှိဘဲ တောင်းစားနေရသူတွေ အမျိုးမျိုးရှိသေးသည်။ သူတို့ကတော့ လမ်းပေါ်မှာမ ဟုတ် တချို့ စားပွဲကုလားထိုင်နှင့် တချို့ အဲကွန်းခန်းတွင်ထိုင်ကာ တောင်းနေကြသည်။ သနားစရာပင်ကောင်း သေး တော့။ သူတို့တောင်းစားရတာလည်း အပြစ်မဆိုသာ၊ သူတို့မှာတောင်း၍မှမစားလျင်ငတ်ဖို့ပဲရှိတော့သည်။

သူတို့ဆိုတာကတော့ နိုင်ငံတော်အစိုးရပေးထားသည့် မ၀ရေစာကိုစားကာ မနိုင်ဝန်ထမ်းနေရသော ပြည်သူ့ဝန် ထမ်းများကို ဆိုလိုသည်။ လောလောလတ်လတ်ဥပမာတစ်ခုပေးချင်သည်။ မကြာသေးမီက သန်းခေါင်စာရင်းကိစ္စ တခုဖြင့် မြို့နယ် လ၀ကရုံးသို့သွားရသည်။ တိတိကျကျပြောရလျင် ကလေးအငယ်လေးအတွက် လူသစ်ထည့် (မွေးတိုး) လုပ်ရင်း ဟောင်းနွမ်း နေသည့် သန်းခေါင်စာရင်းစာရွက်ကိုလည်း အသစ်လဲချင်သည်။

အဲဒီမှာဦးစီးမှူးမမနှင့်တွေ့ရမည်။ သူနဲ့တွေ့ဖို့စောင့်နေစဉ် ရှေ့ကတယောက်နှင့် စကားပြောနေသည်ကို နားထောင်မိသည်။ သူတို့က ခပ်တိုးတိုးပြောတာဆိုပေမယ့် ကြားဖြစ်အောင်ကြားမိသည်။ ရှေ့ကတယောက်က မှတ်ပုံတင်ကိစ္စပြောနေသည်။ မှတ်ပုံတင်ပျောက်ဆုံးသွားသဖြင့် အသစ်ပြန်လုပ်ချင်သည်။ ပြီးတော့ အမြန်လိုချင်သည်။

အဲဒီမှာဦးစီးမှူးမမ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းသွားသည်။ `အမြန်လိုချင်လို့တော့မရဘူး မောင်လေးရဲ့ ခရိုင်မှူးက ရှိတာမဟုတ်ဘူး။ ဒီစာကိုတင်ထားရဦးမှာ၊ နောက် သုံးပတ်လောက်နေမှ လာယူ´ ဆိုပြီးဟန်ပါပါကြည့် လိုက်သည်။ ထိုသူက သဘောပေါက်သည်၊ `အဲဒါဆိုဘယ်လောက်နဲ့ဖြစ်နိုင်မလဲ အစ်မ ကျွန်တော်ကစောင့်လို့မဖြစ်လို့ပါ၊ ပတ်စ်ပို့တင်ဖို့ မှတ်ပုံတင် အမြန်ရမှဖြစ်မှာမို့ပါ´ ဟုညှိသည်။ အဲဒီမှာထိုမမ၏ အတောင်း စွမ်းရည်များ တွေ့ရတော့သည်။ `မင်းကဘယ်လောက်တတ် နိုင်လဲ ပြောကြည့်လေ´ ဟုစပေးသည်။ ထိုသူက ကျပ်တသောင်း ခန့်တတ်နိုင်သည်ဟု ဆိုသည်။ `အဲဒါဆိုရင်တော့ဖြစ်မှာ မဟုတ်ဘူး မောင်လေးရဲ့ သိပ်မလွယ်ဘူး ခရိုင်မှူးကရှိတာ မဟုတ်ဘူး ဖြစ်အောင်လုပ်ပေးရမှာ၊ မတတ်နိုင်ရင်လည်း နောက်သုံးပတ်လောက်နေမှ လာယူလိုက်ပေါ့ ဟုတ်လား´ ဟု ပြောပြီး စာရွက်စာတမ်းများကို ဘေးဖယ်လိုက်သည်။

မှတ်ပုံတင်လိုချင်သူ မနေနိုင်တော့ သူကလည်းဒီနေ့ရမှဖြစ်မည်။ နှစ်ယောက်တိုးတိုး တိုးတိုးနှင့်ညှိလိုက်ကြရာ နောက်ဆုံး ကျပ်၂၅၀၀၀နှင့် ဈေးတည့်သွားသည်။ အဲဒီတော့လည်း လွယ်လိုက်သမှ `ခဏစောင့်ပြန်လာခဲ့မယ်´ ဖြစ်သွားသည်။ ခရီးထွက်နေသည့် ခရိုင်မှူးလည်း ဘယ်ချောင်ကပေါ်လာသည်မသိ။ သိုင်းဝတ္တုများထဲကလို  ပြောရလျင် မည်ကဲ့သို့ပြုလုပ် လိုက်သည်မသိ၊ ညနေပြန်လာခဲ့၊ ရမည် ဖြစ်သွားသည်။

ထိုသူ့ပြဿနာကို မျက်မြင်ကိုယ်တွေ့မြင်လိုက်ရတော့ ကိုယ့်အလှည့်ဘယ်လိုလုပ်ရမယ်ဆိုတာသိသွားပြီ။ ကိုယ့်ပြဿနာ သူ့ကို တင်ပြလိုက်သည်။ ချက်ချင်းပြောင်းလဲသွားသည့်သူ့မျက်နှာကို မြင်ရတာ ရယ်လည်း ရယ်ချင်၊ စိတ်လည်းညစ်သည်။ ကိုယ့်ပြဿနာကသိပ်မကြီးတော့ ငါးထောင်ပေးမည်ဟု စပြောကြည့်သည်။ သူက `ငါးထောင်တော့နည်းတယ် ညီမရဲ့ အစ်မက ခရိုင်မှူးကိုလည်း ပေးရဦးမှာ ညီမကဒီနေ့လိုချင်တာမဟုတ်လား တခါတည်းပြတ်သွားအောင် လုပ်လိုက်ပေါ့´ ဆိုပြီး ဟိုလိုလိုဒီလိုလိုလုပ်နေသည်။ အဲဒါနဲ့ တထောင်တန်နှစ်ရွက် ထပ်ထုတ်ပေးလိုက်သည်။ နေ့လည်ပြန်လာခဲ့ ပြီးနေစေရမည်ဖြစ်သွားပြန်သည်။

ဦးစီးမှူးမမ၏ တနေ့ဝင်ငွေဘယ်လောက်ရှိသည်ဆိုတာတော့မသိ။ ရွှေတွေကိုသီးနေအောင်ဝတ်ထားသည်။ အ၀တ်အစားက ယူနီဖောင်းနှင့်ဆိုသော်လည်း။ မျက်နှာမှာ အကောင်းစားမိတ်ကပ်နှင့် နှုတ်ခမ်းနီနှင့်။ ဘေးစားပွဲ က စာရေးမတွေကလည်း၊ အလုပ်လုပ်ရင်း ဈေးကြီးအလှပြင်ပစ္စည်းများအကြောင်း သောင်းဂဏန်းချီသည့် အလှပြင်နည်းများအကြောင်း အလုအယက် ဆွေးနွေးနေကြသည်။ သူတို့၏အမှန်တကယ်လစာရင်းက သူတို့ ဆိုးနေသော နှုတ်ခမ်းနီတစ်ဘူးနှင့် မိတ်ကပ်တစ်ဘူးဖိုး ခန့်သာရှိသည်။ ဒီတော့ သူတို့ခမျာ တောင်းစားကြရတာမ ဆန်းလှ။

ဌာနဆိုင်ရာများတွင် `လာဘ်ပေးလာဘ်ယူ တို့ရန်သူ´ဆိုသည့်စာတန်းများရှိသည်။ သို့သော်စာတန်းကစာတန်း ဖြစ်ပြီး မလိုက်နာတာက မလိုက်နာတာပင်ဖြစ်သည်။ ကျောင်းဖွင့်ချိန်ဆိုလျင် ရန်ကုန်မြို့ နာမည်ကြီးကျောင်းများ၌ အကြီးအကျယ် တောင်းပွဲကြီးကျင်းပချိန်ဖြစ်သည်။ ကျောင်းစအပ်သည့် သူငယ်တန်းကလေးအတွက် ပေါက် ဈေးဘယ်လောက်၊ ကျောင်း ပြောင်းကဘယ်လောက် ဟူ၍ တရားဝင်တောင်းကြသည်။ သူငယ်တန်းကလေး အတွက်ပေးရငွေမှာ ကျပ်သိန်းဆယ်ဂဏန်း ကျော်သည်။

ကျောင်းတက်ခွင့်ရပြန်တော့လည်း စာတော်သည့်ကလေးမိဘများမှာ မစားသာလှ။ အတန်းပိုင်ဆရာမက ဟိုဟာ စားချင် တာနှင့် ဒီဟာလိုချင်တာနှင့် ပို့ပေးရပြန်သည်၊ ပို့မပေးသည့်ကလေးကတော့ ချောင်ထိုးခံရပြီသာမှတ်။ နောက်ရှိသေးသည် မူလတန်းမှာက အမှတ်တူတွေများတတ်တော့ အဆင့်ခွဲဖို့ဆိုပြီးမိဘကို ခေါ်သည်။ အမှတ်တူခြင်း ပိုပေးနိုင်သူက ပထမချိတ် မည်တဲ့။ တောင်းနည်းပေါင်းစုံအောင် ဆန်းပြားလှသည်။

ဘဲဥ ဟုအများသိသည့် လမ်းပြပုလိပ်တွေကြတော့ တစ်မျိုး၊ သူတို့ကို လိုင်းကားများက ဆက်ကြေးပေးသလိုပေးရသည်။ အများကြီးတော့မဟုတ် သူတောင်းစားပေးသလောက် ၅၀၊ ၁၀၀ မျှသာ။ ဒါကဖမ်းတာမဟုတ်သေး၊ ဖမ်းရင် သပ်သပ်ညှိရ သည်။ မညှိတဲ့သူကတော့ ရုံးသွားဖြေရှင်းရမည်။

ရာထူးကြီးကြီးတွေကတော့ ကိုယ်တိုင်မတောင်း အောက်က လူကတောင်းပေးတာကို မိုက်ကြေးပြန်ခွဲကြသည်။ သူတို့က သူတောင်းစားဂိုဏ်းချုပ်များဖြစ်သည်။ တောင်းသူအားလုံး အကြီးဆုံးမှ အငယ်ဆုံးအထိ အစက ထမင်းမ၀၍ ထမင်းဝရုံ တောင်းသည်။ နောက်တော့ အချိုတည်းရန်တောင်းသည်၊ နောက် အ၀တ်အစား အသစ် ၀ယ်ဖို့တောင်းသည်။ နောက်ပိုင်း ကျတော့ တောင်းရတာပျော်ပြီးတောင်းလာကြသည်။

ဘယ်နေရာသွားသွား သူတောင်းစားများနှင့်လွတ်သည်ဟူ၍ မရှိတော့ ခုတော့ တချို့သူတောင်းစားများ နေပြည်တော်ရွှေ့ သွားကြပြီ။ ကြီးကြီးမားမားကိစ္စဆောင်ရွက် မည့်သူများက နေပြည်တော်ရှိ သူတောင်းစား အကြီးစား များထံသွားပေးကြ ရသည်။ သိပ်မကြီးသော ရန်ကုန်တွင်ပြီးမည့် ကိစ္စဆိုလျင်တော့ ရန်ကုန်က သူတောင်းစားများ နှင့်ပင်ပြီးသည်။ ပြီးခဲ့သည့် သီတင်းကျွတ်ကာလက နေပြည်တော်တွင် လက်ဆောင်ခြင်းများ ရောင်းအားတက် သည်။ သူတောင်းစားခေါင်ချုပ်များကို ပေးရသောကြောင့်ဖြစ်သည်။

စာပေကင်ပေတိုင်ရုံးမှာလည်း သူတောင်းစားကြီးတွေရှိသေးသည်၊ နည်းမျိုးစုံအတွက်ပေးရသည်။ အခါကြီးရက် ကြီးများ တွင်ပေးရသည်။ ဘာမှမဟုတ်လည်း လက်ဖက်ရည်ဖိုးဟုဆိုကာပေးရသည်။ သူတောင်းစားတွေက များလွန်းတော့ ဘယ်ဟာသူတောင်းစား ဘယ်သူက ရိုးရိုးလူဟူ၍ပင်ခွဲခြားမသိနိုင်တော့၊ တောင်းသူအတွက်ကော ပေးသူအတွက်ပါ တောင်းခြင်းပေးခြင်းက အဆန်းမဟုတ်တော့၊ တောင်းသူကလည်း တောင်း၍ ပေးသူကလည်း ပေးနေကြသည်။

လမ်းပေါ်ကသူတောင်းစားတွေကို ရုံးခန်းထဲကသူတောင်းစားက နှာခေါင်းရှုံ့သည်။ သူတောင်းစားခြင်းတူတူ တမူးပိုရှူ သည်။ တကယ်က ဒီလောက်သူတောင်းစားများနေသည့် နိုင်ငံတွင် သူတောင်းစားအဖွဲ့ချုပ်၊ သူတောင်းစားသမဂ္ဂ သူတောင်းစားများအသင်း၊ သူတောင်းစား ကုမ္ပဏီလီမိတက် ဆိုပြီးတောင် ရှိသင့်သည်။ များလိုက် သည့်သူတောင်းစားတွေ၊ စီးပွားဖြစ်သူတောင်းစားတွေ၊ သူဌေးဖြစ်သူတောင်းစားတွေ၊ ပရော်ဖက်ရှင်နယ် သူတောင်းစားတွေဖြစ်သည်။

အတော်ပဲဖြစ်သည် မြန်မာနိုင်ငံကြီးတွင်လည်း နအဖ အစိုးရ ဘာမှမကျန်တော့ လောက်အောင် မွဲတေနေပြီ၊ ခွက်ဆွဲ၍ တောင်းစားရမည့်အနေအထားဆိုတော့ တနေ့လိုအပ်လာလျှင် သင်တန်းပေးစရာမလိုတော့ ခွက်တယောက်တလုံးပေးပြီး တောင်းခိုင်းလိုက်ရုံသာ။     ။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.