#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
ဆောင်းပါး

မခြောက်သော သွေးနှင့် မျက်ရည်
အေးချမ်းမြေ့ | ဒီဇင်ဘာ ၁၄၊ ၂၀၀၇

အဲဒီနေ့က မိုးမရွာပါ။
စက်တင်ဘာလရဲ့လကုန်ပိုင်းဆိုပေမယ့် မိုးသားမိုးရိပ်သိပ်မမြင်ရတာ လေးငါးရက်ရှိပြီ။ အတိအကျဆိုရပါက သံဃာတော် တွေ ကံဆောင်ပွဲစတင်ကတည်းက မိုးရိပ်တို့လျော့ပါးခဲ့ခြင်း ဖြစ်သည်။ မိုးရိပ်မမြင်ရသော်လည်း ကျဲကျဲတောက်နေပူနေ ခြင်းကားမဟုတ်၊ နေလို့ထိုင်လို့ကောင်းရုံ မိုးကပျပျ ကလေး အုံ့နေသည်။ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေသော သံဃာတော်များအတွက် သဘာဝက တမင်ဖန်တီးပေး ထားသလားပင် ထင်ရ၏။

အဲဒီနေ့ဆိုတာက စက်တင်ဘာ၂၆ ရက်နေ့ကိုပြောချင်တာဖြစ်သည်။
မနက်ပိုင်းသူရုံးရောက်ကတည်းက ဟိုနားတိုးတိုး ဒီနားတိုးတိုးနှင့် “ဒီနေ့ အခြေအနေမကောင်းဘူးလို့ကြားတယ်” ဆိုသည့် စကားကိုတယောက် တပေါက် ပြောနေကြသည်။ ဘယ်သူမှ အလုပ်ကိုစိတ်မ၀င်စားနိုင်ကြ၊ အပြင်ထွက်ကြဖို့ လူကြီး အလစ်ကိုချောင်းနေကြသည်။ သူတို့အားလုံး အလုပ်ထဲမှာစိတ်မ၀င်စားနိုင်ကြတာ ခုမှမဟုတ်၊ လွန်ခဲ့တဲ့ သုံးလေးရက် လောက်ကတည်းက ဖြစ်သည်။

တကယ်တော့လည်းဒီလိုစိတ်ဝင်စားနိုင်ကြတာ သူတို့အလုပ်က အစိုးရအလုပ်မဟုတ်သောကြောင့်ဖြစ်၏။ အစိုးရ၀န်ထမ်း တွေကတော့ ကံဆောင်ပွဲစတင်ကတည်းက ရုံးချိန်အပြင်ထွက်ခွင့်မရကြ၊ အလုပ်မဆင်းလို့လည်း မရ အလုပ်မဆင်းသူ လက်မှတ်မထိုးသူကိုနိုင်ငံတော်ပုန်ကန်သူအဖြစ်သတ်မှတ်မည်တဲ့။ သူတို့ကတော့မရ မွန်းတည့်၁၂ နာရီထိုးပြီးဆိုတာနဲ့ အပြင်ထွက်ဖို့ချောင်းကြပြီ။ ပြီးတော့ အချင်းချင်း ဖုန်းများနှင့် ဘယ်ရောက်နေပြီ ဆိုတာသတင်းပေးကြသည်။ အနီးဆုံးနေရာ ကသွားစောင့်ပြီး ကိုယ်နိုင်သလောက် ပါဝင်ကြသည်။

သံဃာတော်များ၏ ဖိနပ်ဗလာ ခြေထောက်များက သွေးချင်းချင်းနီနေပြီ။ သူတို့လျှောက်ခဲ့သော ခရီးအကွာအဝေး၊ သူတို့ လျှောက်ခဲ့သောရက်များနှင့်တွက်ကြည့်လျှင် စိတ်တစ်ခုတည်းကြောင့်သာ ဒီလို လျှောက်နိုင်ကြခြင်းဖြစ်သည်။ မကြည့်ရက် သောဒကာ ဒကာမများက တတ်နိုင်သလောက် ၀တ်ဖြည့်ကြသည်။ ၂၄ ရက်နေ့က သူတို့အဖွဲ့ လူအုပ်ကြီးနှင့်အတူ လိုက်လျှောက်သွားခဲ့ကြသည်။ မိုင်ပေါင်းဘယ်လောက်များများလျှောက်ခဲ့သလဲသူတို့မသိ။ သေချာတာကတော့ ဒီလောက် ခရီးအကွာအဝေးကိုသူတစ်ယောက်တည်း လျှောက်ဆိုလျှင်လျှောက်နိုင်မှာမဟုတ်။

“နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ”ဆိုသော အသံကဆွေးဆွေးမြေ့မြေ့ရှိလှသည်။ ဘေးကရပ်ကြည့်သူ ဘယ်သူမှ မနေနိုင် အနည်းဆုံးတော့ လက်ခုပ်တီး အားပေးမိကြသည်ချည်း။ ၂၅ ရက်နေ့ကြတော့သူတို့မလိုက်ဖြစ်ကြတော့ ရေသန့်ဘူးများ
ဝယ်ပြီးစောင့်နေကြသည်။ သံဃာတော်များလာတော့ သူတို့ရေသန့်ဘူးများကပ်လှူကြသည်။ သံဃာတော်များကား ပင်ပမ်းနေသော်လည်းနွမ်းနယ်ချင်းမရှိ။ သူတို့ဘေးက အစ္စလာမ်ဘာသာဝင်များလည်း ရေသန့်ဘူးများ ကပ်တာတွေ့ရသည်။

မဟာဗန္ဓုလလမ်းပေါ်မှာ လူအုပ်ကြီးဖြင့်ပြည့်ကျပ်နေသည်။ မဆုံးနိုင်သော သံဃာတန်း လူတန်းကြီးကို ဘေးက လူများက လက်ချင်းချိတ်ဆက်ပြီးကာပေးထားသည်။ လက်ခုပ်သံများက ဟိန်းဟိန်းညံနေသည်။ ဆက်လိုက်သွား ချင်သော်လည်း သူ့ဆန်စားနေရသည့်ဘ၀ဖြစ်သောကြောင့် အားပေးရုံပေးပြီး ပြန်လာခဲ့ရသည်။

အသံတွေကတော့အမျိုးမျိုး၊ မြန်မာ့ရုပ်မြင်သံကြားတွင်လည်း လူများက 47 (ဖော်တီဆဲဗင်း) ဟုအမည်ပေးထားသော သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၏ မသက်မသာ ရုပ်ပုံများကို အသံတိတ် ပြသနေသည်။ သူတို့ဘာပြောကြသလဲ ဆိုတာ ဘာမှမလွှင့်၊ နိုင်ငံတကာသတင်းတွင်လည်း မြန်မာသတင်းကကြီးစိုးနေရာ ဖြတ်တောက်လွှင့်ရသဖြင့် ဘာမှမကျန် တော့။ လွှင့်စရာမရှိသဖြင့် မနေ့က တစ်နေ့က ဟိုးတစ်နေ့ကသတင်းများ ကိုသာထပ်ခါထပ်ခါလွှင့် နေသည်။

၂၅ ရက်နေ့ညသတင်းမှာတော့ ကံဆောင်ပွဲမရပ်လျှင် တစ်ခုခုလုပ်တော့မည်ဆိုသည့်ပုံစံမျိုးပြောလာသည်။ အဲဒီနေ့ညနေက ၄၆ လမ်းစီးတီးမတ် နားက အဆောက်အဦသစ်မဆောက်ရသေးသည့် ကွက်လပ်ကြီးတွင် စစ်ကားတွေရောက်နေပြီ။ ရန်ကုန်မြို့တွင်း ဟိုနေရာ သည်နေရာတွေမှာလည်း စစ်ကားတွေ စစ်တပ်တွေမြင်နေ ရသည်။

လူတွေကတော့မြန်မာ့အသံကိုမကြည့်ကြတော့။ စလောင်းတပ်ထားသူတွေက CNN, DVB တွေဖမ်းကြည့်သည်။ မရှိသူ တွေက ရေဒီယိုနားထောင်သည်။ အဲဒီတော့ ဘယ်လိုပဲဖြတ်ထားဖြတ်ထား သတင်းတွေကို အချိန်နှင့် တပြေးညီ သိကြ ကြားကြရသည်။ သူတို့သူငယ်ချင်းတွေကတော့ ကံဆောင်ပွဲမှပြန်လာတာနှင့် အင်တာနက် ကဖေးကိုပြေးကြသည်။ အွန်လိုင်းပေါ်မှ ဘလော့များကိုကြည့်သည်၊ ဖြန့်သည်၊ အချင်းချင်း ချက်တင်လုပ်ရင်း ပြောကြဆွေးနွေးကြသည်။

၂၆ ရက်နေ့မှာတော့ ဘလော့များ ၀က်ဘ်ဆိုဒ်များ ဖွင့်မရတော့။ ၂၇ ရက်မှာတော့ အင်တာနက်လုံးဝမရတော့ ဆိုင်များပါ ပိတ်ထားလိုက်ရသည်။ အင်တာနက်နှင့်စီးပွားရှာသူများဒုက္ခရောက်ရတော့သည်။ အားလုံးရေဒီယိုနှင့် စလောင်းကိုအားကိုး ကြရတော့သည်။ ဆိုင်များတွင် ရေဒီယိုများရောင်းစရာမရှိတော့လောက်အောင် ပစ္စည်းပြတ် သွားသည်၊ စလောင်းဆိုင်များ တွင်လည်း ပစ္စည်းပြတ်သည်။ စလောင်းဆင်သူများလက်မလည်အောင် အလုပ်များ ကုန်သည်။ သတင်းငတ်နေသည့် လူများက အပြင်းအထန် အားပေးကြသောကြောင့်ဖြစ်သည်။

အဲဒီနေ့က ခါတိုင်းလိုပင်မိုးမရွာ နေကလည်းအရမ်းမပူ နေထိုင်ကောင်းရုံ အနေအထားလေး။ မနက်၁၁ နာရီ ကျော်ကျော် လောက်မှာတော့ ဖုန်းဝင်လာသည် ရွှေတိဂုံဘုရားမှာရိုက်နေကြပြီတဲ့။ ဆူးလေဘုရားကိုလည်း ၀ိုင်းထားပြီလို့ကြားသည်။ ရုံးပေါ်ကဆင်းပြီး ဆူးလေစေတီနားပြေးသွားမိသည်။ စစ်သားတွေက သံခမောက် ပေါ်မှာ အနီရောင်ပတ်နှင့် တခါမှမမြင်ဘူး သည့်ပုံစံ။ လူတွေကသူတို့ကို မျောက်ပွဲကြည့်သလိုဝိုင်းကြည့် နေကြ သည်။ ဘယ်သူကမှတော့ ပစ်လိမ့်မည်ဟုမထင် အထူးသဖြင့် ၈၈ ကိုမမီလိုက်သည့် ကလေးများကတကယ် ပစ်မည် မထင်။ သူတို့လို ၃၀ကျော်အထက်ပိုင်းလူလတ်ပိုင်း တွေကတော့ သိပ်လျှော့မတွက်ရဲ။ ဒါပေမယ့် သိပ်တော့လည်းမကြောက်မိ။ သံဃာတွေကိုရိုက်နေပြီဆိုသည့်သတင်း ကလည်း ကြားထားတော့ စိတ်တွေက တင်းမာခက်ထန်နေသည်။

အဲဒီအချိန်မှာပဲဘယ်သူမှထင်မှတ်မထားတာ စဖြစ်သည်။ ကြည့်နေသောလူတချို့က စစ်သားတွေကို ထိုင် ကန်တော့ပြီး “မလုပ်ကြပါနဲ့ဗျာ သံဃာတွေကို မရိုက်ပါနဲ့တော့”ဆိုပြီးပြောချိန် နှင့်တပြိုင်တည်းလိုလို မိုးက တဂျိမ်းဂျိမ်းထချိန်းတော့ သည်။ မိုးချိန်းသံကြားသည်နှင့်လူများက တိုင်ပင်မထားဘဲ လက်ခုပ်များထတီးရာ မခံစားနိုင်တော့သောစစ်သားများက မည်းမည်းမြင်ရာပစ်တော့သည်။ သူတို့ရှေ့တင်လူတစ်ယောက် လဲကျ သွားတော့မှ တကယ်ပစ်တာဆိုသော အသိစိတ်ဖြင့် မဟာဗန္ဓုလ လမ်းမကြီးအတိုင်းဖနောင့်နှင့်တင်ပါး တသားတည်းကျအောင်ပြေးမိတော့သည်။

ဘယ်သူကျန်ခဲ့သလဲ ဘယ်သူထိသွားလဲ မသိ၊ ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်နေပြီလဲမသိအောင် စွတ်ရွတ် ပြေးမိပြေးရာ ပြေးကြခြင်းဖြစ်သည်။ သူတို့ရုံးခန်းတည်ရာရောက်မှ ဟင်းချနိုင်တော့သည်။ ရုံးအောက်ကိုမရောက်ခင် သူတို့ရုံးအောက် စတိုးဆိုင်က အရောင်းစာရေးမလေးနှင့်ဆုံသည်။ မောကြီးပမ်းကြီးပြေးလာပြီး သူ့ရှေ့ ရောက်တော့ အကြောက်လွန်ကာခွေ ခေါက်လဲကျသွားသည်။ နှာနှပ်ပေးပြီးသတိပြန်ရသည်အထိ အကြောက် ပြေသေးပုံမပေါ်။ သူ့အနားက သေနတ်ကျည်ဆံ များဖြတ်သွားသည်တဲ့။

တာမွေဘက်ကပြန်လာသည့်သူငယ်ချင်းကလည်း သူ့ အတွေ့အကြုံကို ပြောပြသည်။“လူအုပ်ကြီးနဲ့အတူ မြန်မာ့ဂုဏ်ရည် လမ်းအတိုင်း လျှောက်လာခဲ့တာ၊ အဲဒီလမ်းကြီးတစ်လမ်းလုံးအပြည့်ပဲ၊ စစ်ကားအဲဒီလမ်းထဲဝင်လို့ မရဘူးဖြစ်နေတယ်၊ လူတွေကလည်း အရမ်းညီတယ်၊ ကန်တော်လေးဆိုတာ တကယ်တော့ အစ္စလာမ်ရပ်ကွက် လေ ဒါပေမယ့် အဲဒီအချိန်မှာ ဘာသာကွဲဆိုတာမရှိတော့ဘူး၊ အားလုံးအတူတူပဲ ဖြစ်သွားတာ၊ တယောက်ကို တယောက် ကူညီဖို့ဆိုတာပဲသိတော့တာ”ဟု သူက ပြောသည်။

အဲဒီလူအုပ်ကြီးက ခဏနေတော့  မြို့ထဲဘက်အနော်ရထာလမ်းတလျှောက် လျှောက်လာတာတွေ့လိုက်ရသည်။ အဲဒီ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးကသိပြီးဖြစ်သော မတရား တဘက်သက် ရက်ရက်စက်စက် သတ်ဖြတ် ဖမ်းဆီးမှုကြီးများ ဖြစ်ကုန်တော့သည်။ ပြန်လည်းမပြောချင် ပြန်လည်းမကြားချင်တော့ပါ။

၂၇ ရက်နေ့ကဆို တရားလက်လွတ်ကိစ္စများတော်တော်ဆိုးရွားသည်။ တာမွေဘက်ကို မသွားမဖြစ်သွားရလို့ မကြားချင် မမြင်ချင်တာတွေကြားမြင်ရခြင်းဖြစ်သည်။ လူအုပ်ကြီးက ခါတိုင်းလိုပဲ ရွှေဂုံတိုင်ဘက်ကလျှောက် လာရာ တာမွေ ဈေးနား တွင် စစ်တပ်နှင့်ထိပ်တိုက်တိုး၍ တွေ့ရာပစ်ပြီးလူစုခွဲရာ လွတ်ရာကျွတ်ရာထွက်ပြေးကြ ရသည်။ အနီးနားကမကြည့်ရဲ
ဝေးဝေးကလှမ်းကြည့်ရသည်။

သူတို့အသက်ကိုတော့ သူတို့ကနှမျောတတ်သား၊ စစ်သားက ပစ်တာကို ရဲက ကာပေးထားသည်။ တကယ်တော့ သေနတ်ကို အံတုနိုင်သည့်လက်နက် လူထုဆီမှာမရှိ။ လဲကျသွားသူထဲမှာ မိန်းမတွေ ကလေးတွေပါသည်။ အချိန်က အထက်တန်း ကျောင်းလွှတ်ချိန်ဖြစ်သည်။ လဲသွားသူကိုဘယ်သူမှသွားမဆွဲရဲ၊ ဒီတိုင်းအဝေးက ကြည့်နေကြရသည်။  ကျောက်မြောင်းက အစ်ကိုအိမ်မှာ သူထိုင်နေစဉ်မှာပင် ရယက လူကြီးရောက်လာသည်။ သီတာလမ်းမှာငှားနေသောတက္ကသိုလ် ကျောင်းသား တဦးသေသွားသည်တဲ့။ အဲဒီကျောင်းသားက တိုက်ခန်းတွင် တဦးတည်းငှားနေတာဖြစ်သည်။ သူ့မိသားစုက စစ်တွေက ဆိုတာပဲသိသည်တဲ့။ ဘယ်သူမှသူ့မိဘများ၏လိပ်စာ ကို မပြောနိုင်ကြ။

ခဏနေလို့အားလုံးငြိမ်သွားမှ လမ်းမကြီးဘက်ထွက်ကြည့်တော့ ပစ်လို့ထွက်ပြေးရင်း ကြုံရာအိမ်ထဲဝင်ပြေးရာ အိမ်ရှင်များ ကိုပါ ဖမ်းခေါ်သွားသည်ဟုကြားရသည်။ အခွန်လွတ်ဈေးနားက သံချည်သံကွေးဆိုင်တဆိုင်ဆိုလျှင် အပေါ်ထပ်တက် ဖုန်းဆက်နေသူ ဆိုင်ရှင်မှလွဲပြီးတဆိုင်လုံးကိုဖမ်းခေါ်သွားသည်။ တချို့ အိမ်ထဲထိုင်ထမင်းစား နေသူကိုပါ ဆွဲခေါ်သွား သည်တဲ့။ ကြားရတာ နည်းနည်းမှ စိတ်သက်သာဖွယ်ရာမရှိ။

ဖြစ်ချင်တော့ ၂၇ ရက်နေ့ အဖမ်းခံခဲ့ရသူများထဲတွင် အသိကလေးတယောက် ပါသွားသည်။ တော်တော်ရင်းနှီး သူဖြစ်သော ကြောင့် ရှာဖွေဖို့ကူညီပေးခဲ့ရသည်။ ရေဝေးသုသာန် မီးသင်္ဂြီုဟ်စက်လည်းရောက်သည်။ ကျိုက်က္ကဆံကွင်းလည်းရောက် သည်။ ဆေးရုံကြီးလည်းရောက်သည်။ ဆေးရုံကြီးရင်ခွဲရုံတွင် အပစ်ခံရပြီးသေဆုံးသွားသူ တယောက်၏ မိသားတစုနှင့် ဆုံသည်၊ ကျိတ်မနိုင်ခဲမရဖြစ်နေသည့် သေဆုံးသူ ကောင်လေး၏ အစ်ကိုဖြစ်သူ မျက်နှာကို မျက်စိထဲကတော်တော်နှင့် မထွက်၊ ၀မ်းနည်းခြင်း၊ နာကြည်းခြင်း၊ ပူဆွေးခြင်း၊ ခံပြင်းခြင်းတို့ ရောယှက် ထားသောမျက်နှာ။ လက်သီးကိုကျစ်ကျစ်ဆုပ် ထားပြီး ဘာမှမတတ်နိုင်သော အဖြစ်။ သူ့ညီသေသွားပြီဆိုတာ ဓာတ်ပုံမြင်ရသောကြောင့်သာသိရရှာသည်။ ရုပ်အလောင်း ကိုမြင်ရတာမဟုတ်။ သင်္ဂြီုဟ်ခွင့်လည်းမရ။

ရေဝေးရောက်တော့ အစောင့်စစ်သားက သေဆုံးသူများ၏ ဓာတ်ပုံများထုတ်ပြသည် ဓာတ်ပုံက၁၀ပုံသာ။ မျက်နှာများသာ မြင်ရသည်။ ထိုကောင်လေးမပါ။ သေဆုံးသူ ဒီထက်မကမှန်းတော့သိသည်။ သို့သော်မေးလို့ ကလည်းမရတော့ ပြန်လာခဲ့ ရသည်။ ကျိုက်က္ကဆံရောက်တော့ စစ်သားတွေသေနတ်နှင့်ဝိုင်းချိန်တာ ခံရသေး သည်။ အဲဒီမှာလည်း ဘာမှမေးလို့မရ။ နောက်တော့ အင်းစိန်ထောင်မှာလို့ကြားသည်။ တလလောက်ကြာတော့ မှ လွတ်လာသည်။ သူ့အစ်ကိုကတော့ ပိုက်ဆံ ကျပ်သုံးသိန်းလောက် ကုန်သွားသည်ဟုဆိုသည်။ ဟိုနည်းနည်း ဒီနည်းနည်းခွံ့ရသည်တဲ့။ ညီဖြစ်သူကိုဘယ်သူနှင့်မှ ပေးမတွေ့ဘဲ အမျိုးများရှိရာရွာသို့ ပို့ထားလိုက်သည်။ မသေတာကိုပဲကျေးဇူးတင်လှပြီတဲ့။

မမေ့နိုင်ပါ။
မေ့လည်းမမေ့သင့်ဟုထင်သည်။ အဲဒီနောက်ပိုင်းတွင် ရန်ကုန်မြို့ကြီးမှာ ရုပ်ရှင်ကားများတွင်ကြည့်ခဲ့ဖူးသော စစ်တလင်း လိုဖြစ်နေသည်။ နေရာတိုင်းတွင်စစ်ကားများ စစ်သားများသာမြင်နေရသည်။ လူအားလုံးကျီးလန့်စာ စားဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းရှင်များက သူတို့ အလုပ်များကို မရပ်ချင်သောကြောင့် အလုပ်သာဆင်းပေး နေကြရသည်။ ဘယ်တော့ ဘာဖြစ်မလဲ တထိတ်ထိတ် စိုးရိမ်နေကြရသည်။

စစ်သားများကိုမုန်းတီးစက်စုပ်စွာကြည့်ရုံ၊ စစ်အစိုးရကိုနာကြည်းရုံသာ တတ်နိုင်သော ပြည်သူလူထုကား သနားစရာ ကောင်းလှသည်။ အရုဏ်တက် ဆွမ်းလောင်းချိန် အရင်လို သံဃာများတန်းစီ မကြွလာတော့ဘဲ ကိုရင်လေးတပါးနှစ်ပါးနှင့် ဘုန်းကြီးကျောင်းသားလေး လောက်သာကြွလာသဖြင့် အမယ်ကြီးများမျက်ရည်လည်ရွှဲ ငိုပွဲ ဆင်ကြရသည်။

အဖြစ်က ဂျပန်ခေတ် ဖက်ဆစ်ခေတ်ကိုရိုက်ပြထားသော ဗီဒီယိုကားကြည့်နေရသလို။ သို့သော် ဒါရုပ်ရှင်မဟုတ် ကောလာ ဟလလည်းမဟုတ်။ တကယ့်အဖြစ် ကိုယ်တွေ့စစ်စစ်ဖြစ်သည်။ ရင်ထဲမှာသိမ်းထားခဲ့သည်။

တခုတော့ကျေနပ်မိသည်။ ၈၈ အကြောင်းလုံးဝမသိခဲ့သော သိဖို့လည်းမကြိုးစားခဲ့သော ယနေ့ ကျောင်းသားများကို တပ်လှန့်ပေးလိုက်သည်နှင့်တူသည်။ အားလုံးတသားတည်းပြန်ဖြစ်သွားခဲ့ပြီ။

ထိုသို့သော သွေးနှင့် မျက်ရည်ဆိုသည်မှာ ဘယ်တော့မှ ခြောက်သွားရိုးထုံးစံမရှိဆိုတာ သူတို့သိသွားပြီ။ အဲဒီအတွက်တော့ သူ ကျေနပ်မိပါသည်။     ။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.