မြန်မာရဟန်းတော်များ၏ ဂျပန်ခရီး
နီးလ် လောရင့်စ် (ကျိုတို) | ဒီဇင်ဘာ ၁၄၊ ၂၀၀၇
စစ်အစိုးရက ရဟန်းသံဃာများနှင့် ဆန္ဒပြသူ လူထုများကို စက်တင်ဘာလနောက်ပိုင်း ရက်ရက်စက်စက်အကြမ်းဖက် ဖြိုခွဲ ပြီးနောက်တွင် နိုင်ငံတကာ သတင်းများမှလည်း မှိန်ဖျော့သွားခဲ့ရသည်။ ဤအချိန်တွင် နိုင်ငံတကာသို့ရောက်နေကြသူ မြန်မာနိုင်ငံမှ သံဃာတော်များ၊ ၀ါတော်ရ ဆရာတော်ကြီးများက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသည့် အကျပ် အတည်း ဒုက္ခများကို ကမ္ဘာမှ ပြန်လည်အာရုံစိုက်လာစေရေးအတွက် အားတင်း၍ ကြိုးပမ်းလာခဲ့ကြပြန်သည်။
စနေ့နေ့က သာသနာ့မောဠိခေါ် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ ပဓာန ဆရာတော်များ ဂျပန်နိုင်ငံ တွင် တပတ်ကျော်ကြာ ခရီးလှည့်လည်ရန် နာဂိုယာသို့ ရောက်လာခဲ့ကြသည်။ သူတို့၏ ခရီးစဉ်က ဒီဇင်ဘာလ ၁၆ ရက်နေ့ တွင် တိုကျိုမြို့၌ အဆုံးသတ်မည် ဖြစ်သည်။ ဤဆရာတော် သံဃာတော်များက “ မြန်မာနိုင်ငံတွင် ဖိနှိပ်ညှဉ်းပမ်းမှုများ အားလုံး ရပ်တန့်စေရေးနှင့် အင်အားစု အားလုံးပါဝင် တွေ့ဆုံဆွေးနွေးကြ၍ စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရေး” အတွက် မြန်မာစစ်အစိုးရကို တောင်းဆိုနေကြသည်။

ဆရာတော် ဦးပညာဝံသ
ဤ ချစ်ကြည်ရေးခရီးသွားကြမည့် သံဃာ့ကိုယ်စားလှယ်အဖွဲ့ကို ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့များက ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ လူအများလေးစားကြည်ညိုကြသည့် ဆရာတော် ဦးပညာဝံသက ဦးဆောင်၍ ကြွချီလာခဲ့သည်။ ဆရာတော်ဦးပညာဝံသက ကမ္ဘာအနှံ့အပြားတွင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အများအပြားတည်ဆောက်၍ သာသနာပြုခဲ့သော ဆရာတော် တပါးလည်း ဖြစ်ပြီး၊ အောက်ဆိုဘာလ ၂၇ ရက်နေ့တွင် လော့စ် အိန်ဂျလိစ်မြို့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် သာသနာ မောဠိအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်လည်း ဖြစ်သည်။ ဤမြန်မာသံဃာများက ဗုဒ္ဓဘာသာ သာသနာကို ကာကွယ် စောင့်ရှောက် နိုင်ရေးအတွက် နိုင်ငံတကာရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် သာသနာမောဠိအဖွဲ့ကြီးကို တည်ထောင်ခဲ့ ခြင်း ဖြစ်သည်။
လွန်ခဲ့သော လများက မြန်မာနိုင်ငံတွင်းတွင် ဘုန်းတော်ကြီးကျောင်းများကို အာဏာပိုင်များက မကြုံစဖူး စီးနင်းသိမ်းပိုက် မှုများ၊ တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ကြရသည်။ ဗုဒ္ဓဘာသာဝင်အများစု ဖြစ်သော မြန်မာနိုင်ငံတွင် ရာစုနှစ်ပေါင်းများစွာ ကပင် အုပ်ချုပ်သူ အစိုးရများက ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို ၎င်းတို့၏ အာဏာ တရားဝင်မှုအတွက် ထောက် တိုင်အဖြစ်၊ ပံ့ပိုးမှု တခုအဖြစ် ယူဆထားခဲ့ကြရာ ယခုအဖြစ်များမှာ ထူးခြားဆိုးရွားလွန်းလှသည်။
သံဃာတော်များကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ တရွတ်တိုက်ဆွဲသွားခြင်း စသဖြင့် စစ်သားများ၏ ထိတ်လန့်တုန် လှုပ်ဖွယ်ရာ ပြုမူဆက်ဆံပုံများကို ရုပ်မြင်သံကြားနှင့် အခြားသတင်းမီဒီယာများမှတဆင့် ကမ္ဘာတလွှားက တွေ့မြင်ခဲ့ကြရ သော်လည်း လက်ရှိဆက်လက်ဖြစ်ပေါ်နေသော ဖိနှိပ်မှုများမှာမူ မမြင် မတွေ့ရသလောက် ဖြစ်နေသည်။ ဆရာတော် ဦးပညာဝံသ၏ အဆိုအရ “တရားမ၀င် ထောင်သွင်းအကျဉ်းချထားခြင်း၊ အဓမ္မ လူဝတ်လဲစေခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်း၊ ဖမ်းဆီး ထိန်းသိမ်းသူများကို လူမဆန်စွာ ပြုမူဆက်ဆံခြင်းများမှာ အကျယ်အပြန့်ဆက်လက်ဖြစ်ပေါ်နေပြီး၊ သတင်းများ တွင် မတွေ့ မြင်နိုင်ကြ” ဟု ဆိုပါသည်။
တနင်္ဂနွေနေ့တွင် ဆရာတော် ဦးပညာဝံသနှင့် ကယ်လီဖိုးနီးယားအခြေစိုက် ၀ါရင့်ဆရာတော် အရှင်သုဇနတို့က ကျိုတိုရှိ အရေးပါသည့် ဗုဒ္ဓဘာသာ ဗဟိုဌာနတွင် လူပုရိသတ် ၅၀ ခန့်ကို တရားဟောကြေားခဲ့ကြပါသည်။ တက်ရောက်ကြသူများ တွင် မတူကွဲပြားသည့် ဗုဒ္ဓဘာသာဂိုဏ်းများနှင့် အသင်းအဖွဲ့များမှ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ၊ သံဃာ့ဆန္ဒပြပွဲများကို စစ်အစိုးရက ချေမှုန်းခဲ့မှုများအပေါ် ဂျပန်ရှိ ဗုဒ္ဓဘာသာဝင် အသိုက်
အ၀န်းများက ထူးထူးခြားခြား ပြင်းထန်စွာ ဆန့်ကျင်တုံ့ပြန်ခဲ့ကြပါသည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဂျပန်ရှိ ဗုဒ္ဓ ဘာသာဂိုဏ်းပေါင်းစုံ ကိုယ်စားပြုပါဝင်သည့် “ဂျပန်ဗုဒ္ဓဘာသာ ဖယ်ဒရေးရှင်း” (JBF) က ကြေငြာချက်တစောင်ထုတ်ပြန် ခဲ့ပြီး ၎င်းတို့အနေဖြင့် မြန်မာစစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြနေကြသော သံဃာများနှင့် ထောက်ခံသူလူထုများအပေါ် ကိုင်တွယ်ပုံကို “အမျက်ဒေါသဖြစ်ကြရကြောင်းနှင့် အထူးဝမ်းနည်းရကြောင်း” ဖော်ပြခဲ့ပါသည်။
အစဉ်အလာအရ နိုင်ငံရေးဟု ယူဆသည့် ကိစ္စများကို အထူးရှောင်ရှားတတ်သည့် ဂျပန်ဘုန်းတော်ကြီးများ၏ အကြောင်း ကို သိရှိထားသူတိုင်းက ၎င်းအဖွဲ့က ဤထုတ်ပြန်ကြေငြာချက် ပြုလာသည့်အပေါ် အံ့အားသင့်မိကြကြောင်း၊ ဂျပန်ဘာသာ ဖြင့် Burmainfo.org ဘားမားအင်ဖို ၀က်ဘ်ဆိုက်ကို စီစဉ်ဆောင်ရွက်နေသူ တက်ဆူ ဟာကိုဒါ (Tetsu Hakoda) က ပြောသည်။
ဘာသာရေးအဖွဲ့အစည်း တခုအဖြစ်ရပ်တည်သောကြောင့် သာသနာ့မောဠိက နိုင်ငံရေးနှင့် နှီးနွယ်မည့်ကိစ္စများကို အထူး သတိဖြင့် ရှောင်ရှားကိုင်တွယ်ပါသည်။ ဂျပန်ခရီးစဉ်အတွက် ပြင်ဆင်လာသည့် ကြေငြာချက်တွင် ကမ္ဘာနှင့်အ၀ှမ်း အဖွဲ့ဝင် သံဃာအင်အား (၅၀၀) ခန့်ရှိမည့် ဤအဖွဲ့က “ မိမိတို့သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ရန် အကြောင်း မရှိပါ။ သို့သော်လည်း မိမိတို့ထားရှိအပ်သည့် မေတ္တာတရားနှင့် သမာဆန္ဒအရ မြန်မာပြည်သူ ပြည်သားများခံစားနေကြရ သည့် လူမှုဒုက္ခများကို ဖော်ပြမြွက်ကြား ရမည်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။
ဆရာတော် ဦးပညာဝံသကမြွက်ကြားရာ၌ ပြည်တွင်းမှ သံဃာများ၏ တောင်းဆိုမှုကြောင့် သူနှင့် မြန်မာနိုင်ငံ ပြင်ပရှိ ပဓာန စေရ ဆရာတော်များသည် ၎င်းတို့ကိုယ်စား နိုင်ငံတကာသို့ သူတို့၏အမြင်များကို လူသိရှင်ကြား ဟောပြောသွားမည်ဟု ဆို ပါသည်။ သို့သော်လည်း သူက ပြည်ပနိုင်ငံများ၏ ၀င်ရောက်စွက်ဖက်မှုကို မတောင်းဆိုခဲ့ပါ။ သူက မြန်မာစစ်အစိုးရအနေ ဖြင့် ကုလသမဂ္ဂနှင့် အခြားနိုင်ငံများ၏ ဖိအားပေးမှုများကိုလည်း လျစ်လျူရှုထားကြောင်းသာ မှတ်ချက်ပြုခဲ့ပါသည်။
သို့သော်လည်း ဒီဇင်ဘာလ ၃ ရက်နေ့တွင် သာသနာ့မောဠိအဖွဲ့၏ ပဓာနစေရ ဆရာတော်တပါးဖြစ်သူ အရှင် နာယက ကမူ “နိုင်ငံတကာမိသားစု၏ ပြင်းထန်ထိရောက်သော၊ အချိန်နှင့် အညီ ဖိအားပေးမှုများ လိုအပ်ပြီ” ဟု အမေရိကန် ပြည်ထောင်စုရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် ကြားနာပွဲ၌ ဖွင့်ဟတောင်းဆို ခဲ့ပါသည်။ “ယခု (မြန်မာပြည်) အရေးသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဓမ္မနှင့် အဓမ္မအရေးဖြစ်ပြီး၊ အမေရိကန်တို့က ရပ်တည်သင့်ပြီ” ဟုလည်း ထပ်လောင်းဆို ခဲ့ပါသေးသည်။
ဂျပန် ပုရိသတ်များသို့ ဟောကြားရာ၌ ဆရာတော် ဦးပညာဝံသက မြန်မာစစ်အစိုးရအပေါ် ထားရှိသော ဂျပန်အစိုးရ၏
မူဝါဒများနှင့် ပတ်သက်၍ ထည့်သွင်း ဟောကြားခဲ့ခြင်း မရှိပါ။ သို့သော်လည်း လေ့လာသူအများကမူ သိပ်ပြီး ပျော့ပြောင်း လွန်းသည်ဟု ဝေဖန်နေကြပါသည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဂျပန် ဓါတ်ပုံသတင်းထောက် ကင်ဂျီ နာဂါအီကို မြန်မာစစ်သားများက ပစ်သတ်ခဲ့မှုနှင့် ပတ်သက်၍ တုံ့ပြန်ပြောကြားရာတွင် ဂျပန်အစိုးရ နောက်ထပ်အကူအညီပေးမှု များ ဖြတ်တောက်ရပ်ဆိုင်းဖွယ် ရှိကြောင်းသာ ဖြေဆိုခဲ့ပါသည်။ အောက်ဆိုဘာလတွင် ရန်ကုန်မြို့တွင် တည်ဆောက်နေသည့် စီးပွားရေးဆိုင်ရာ ပညာပေးဌာနတခု အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၄.၇ သန်းမျှကို ဂျပန်အစိုးရက ဖျက်သိမ်း ရပ်ဆိုင်းခဲ့ပါသည်။
ကျိုတိုတွင်တော့ ရဟန်းတော်များ တင်ပြလိုသည့် အချက်ကို နှစ်လိုလက်ခံကြသည်ဟု မြင်မိသည်။ တက်ရောက်လာသူ ပရိသတ်များက ပြန်လှန်မေးခွန်းများ မေးခဲ့ကြပြီး၊ အားပေးထောက်ခံသည့် မိန့်ခွန်းစကားများလည်း ပြောကြားခဲ့ကြသည်။ ခရစ်ယာန်သင်းအုပ်ဆရာတဦးဟု သူ့ကိုယ်သူ ဖော်ပြသူက ဗုဒ္ဓဘာသာဝင်များနှင့် အတူ တညီတညွတ်တည်း ရပ်တည် ကြောင်း ဖော်ပြပြောဆိုခဲ့ပြီး၊ ၎င်းတို့၏ ကျင့်ဝတ်ပိုင်းဆိုင်ရာ သွန်သင်ဆုံးမမှုများနှင့် ၎င်းတို့၏ အခန်းကဏ္ဍသည် လက်ငင်း လူမှုပြဿနာများအပေါ်တွင်လည်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။
ဆရာတော် ဦးပညာဝံသကလည်း ၎င်းသင်းအုပ်ဆရာနှင့် သဘောညီပါသည်။ “ဘာသာကွဲပြားနေသော်လည်း သာသနာ
ဝန်ဆောင်နေကြသည့် ဘုန်းတော်ကြီးများအားလုံး အနေဖြင့် လိုအပ်ချက်ရှိနေသည့် ပြည်သူများအတွက် ဖြည့်ဆီးကူညီ ပေးရမည်” ဟု ဆိုခဲ့ပါသည်။ [Top]
Neil Lawrence/Kyoto ရေးသားသည့် Burmese Monks Bring Message to Japan ကိုဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။ |