မြန်မာပြည်မှ ပေးစာ
မသင်္ကာဖွယ် ဆိတ်ငြိမ်တိတ်ဆိတ်နေမှု
ကင်မ် ၀ီလျံ | ဒီဇင်ဘာ ၁၄၊ ၂၀၀၇
ရွှေရောင်ဝင်းပ သပ္ပါယ်နေသည့် စေတီတော်ကြီးက ရွှေသံလိုက်ကြီးနှယ် လူအများကို ညှို့ယူဆွဲငင်နေသည်။ ဆိုက္ကားများ က အမှောင်ထုထဲတွင် ဖြည်းဖြည်းချင်း နင်းသွားနေကြပြီး အချိန်ကုန်၍သွားသည်ကိုပင် မသိရှိလိုက်သလို ရှိနေခဲ့သည်။
“ကြည့်ရတာ အေးချမ်းနေတာပဲ” အဖွဲ့ထဲမှ တဦးဖြစ်သည့် ဒေသခံ စာရေးဆရာ တယောက်က ပြောသည်။ “မသင်္ကာ စရာ ကောင်းလောက်အောင် ငြိမ်ဆိတ်နေတာမျိုးပေါ့၊ လူတွေက အလွန်ဒေါသထွက်နေကြတယ်၊ အချိန်မရွေး ဘာမဆို ဖြစ်သွား နိုင်တယ်” ဟု လည်း ကောက်ချက်ချသည်။
အုပ်စုငယ်တခုအဖြစ် စုစည်း၍ ရန်ကုန်မြို့လယ်ရှိ စားပွဲတခုတွင် သူတို့ ၀ိုင်း၍ ထိုင်နေကြသည်။ ဤသူများက စက်တင်ဘာ လအတွင်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများနှင့် ရက်စက်ကြမ်းကြုတ်စွာ ချေမှုန်းခဲ့ပုံများကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရသူများ လည်း ဖြစ်ကြသည်။ သူတို့၏ အတွေ့အကြုံများ ပြန်အံကျလာကြသည်။
“သူတို့က ရေခဲအိတ်ကို ရိုက်ခွဲလိုက်သလိုပဲ ခေါင်းတွေကို ရိုက်ခွဲနေကြတာ၊ ကျနော်တို့နိုင်ငံမှာ ဘုရားတွေမှာ လူတွေ ဒီလောက်နည်းပြီး ခြောက်ကပ်တိတ်ဆိတ်နေတာမျိုး သမိုင်းမှာ မရှိခဲ့ဖူးဘူး၊ ပြန်ပြောဖို့တောင် စကားလုံးရှာလို့ မရပါဘူးဗျာ၊ ဒီတကြိမ်သာ အလျှော့ပေးလိုက်ရင်တော့ နောက်ထပ် အနှစ် (၅၀) ဒီလို အခွင့်အရေးမျိုးကြုံအောင် စောင့်ပေတော့ပဲ၊ အခု ကိစ္စကတော့ သူတို့နိဂုံးအတွက် အစပျိုးတာပဲ”ဟု တယောက်က ပြောသည်။
နိုင်ငံခြားသားများနှင့် စကားစမြီပြောဆိုရသည့် ကိစ္စသည် မြန်မာနိုင်ငံတွင် အတော်စွန့်စားရသည့်ကိစ္စဖြစ်သလို အစိုးရကို အာခံဆန့်ကျင်မှုတခုလည်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသားအများစု ပြောပြခဲ့သည်များမှာ ယခုရက်ပိုင်းများအတွင်း သူတို့က အစိုးရကို မည်သို့ အာခံဆန့်ကျင်ခဲ့ကြသည်ဆိုသည့် ကိစ္စများသာ ဖြစ်သည်။ သူတို့စကားပြောနေသည့် အချိန် တွင်ပင် သူတို့မြင်ခဲ့ရသည်များ၊ သူတို့ခံစားရသည်များ၊ သူတို့ စဉ်းစားမိခဲ့သည်များ၊ သူတို့ မည်သို့ဆက်လက်ဆောင်ရွက် လှုပ်ရှားမည်ဆိုသည်တို့ကို ခံစားပြောဆိုနေကြခြင်း ဖြစ်သည်။
မန္တလေးတွင် တယောက်ကိုတွေ့ရာ ဆန္ဒပြပွဲများ နိဂုံးချုပ်သွားပြီလားဟု မေးမိသည်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိနေ သော တက်ကြွလှုပ်ရှားသူတဦးက မျက်မှောင်ကြုတ်၍ ပြန်ကြည့်ခဲ့သည်။ “ဒီတကြိမ်တည်းနဲ့ အပြောင်းအလဲတွေဖြစ်လာ မယ်၊ ပွဲပြီးသွားမယ် ထင်ထားတာ ကျနော်တို့ ညံ့ရာကျသွားတယ်၊ ဒါကြောင့် ဒီလိုအုပ်ချုပ်တဲ့ အာဏာရှင်မျိုးနဲ့ တွေ့ရတာပဲ” ဟုသူက ပြောသည်။
သူက ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကြီးစကားတပိုဒ်ကို သူ့ဟန်ဖြင့် ပြန်ပြောသည်။ “ကြောက်နေတာ အကျင့်ပဲ၊ ကျနော်တို့ အကြောက်တရားတွေနဲ့ အဆိပ်မိနေလို့မရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘာမှ ဆက်လုပ်နိုင်မှာ မဟုတ်ဘူး” ဟု သူက ပြောပြသည်။
သူ၏ ဘေးနားထိုင်နေသည့် ရဟန်းတပါးကလည်း သူနှင့် သဘောတူကြောင်း ပြောသည်။ သူက ဘုရားဘက်သို့လှည့်ပြရင်း ဤဘုရားကိုယ်နှိုက်ကပင် စစ်တပ်ကို သပိတ်မှောက်ထားသည်ဟု ဆိုသည်။ “ရဟန်းသံဃာတွေအပေါ် စစ်တပ်က အခုလို အကြမ်းဖက်တာဟာ ကံကြီးထိုက်မယ့် အပြစ်ကို ကျူးလွန်တာပဲ။ ဗုဒ္ဓတရားတွေအရဆိုရင် ဒီကိစ္စအတွက် ဘယ်လိုနည်းနဲ့မှ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး” ဟု လည်း ဆိုသည်။
ဝေးကွာလှသည့် ရခိုင်ပြည်နယ် မြို့ငယ်တခုမှ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ရဟန်းပျိုတပါးကလည်း သူ၏ ဒေါသကို ချုပ်တီးနိုင်ရန် ကြိုးပမ်းနေရသည်။ သို့သော်လည်း စကားတချို့က ထွက်ကျလာခဲ့သေးသည်။ “စစ်တပ်ရဲ့ အနာဂတ် ကြမ္မာကတော့ သိပ်ကိုဆိုးသွားပြီ၊ သူတို့က ငရဲကိုသွားမှာ မဟုတ်ဘူး၊ ပိုနက်တဲ့ အ၀ီစိကို သွားမှာ” ဟု ထိုရဟန်းပျိုက ပြောသည်။
သူ၏ အသံက အတော်ကျယ်သွားသောကြောင့် အသက်ပိုကြီးသည့် ရဟန်းတော်ကြီးက သူ၏ ဘုရားစာ ရွတ်ဆိုနေသံကို ဖုန်းသွားနိုင်အောင် အသံပို၍ မြှင့်တင်လိုက်ရသည်။ သူက ဘုရားဖူးမိသားစုတစုကို ဆုတောင်းပေးနေခြင်းလည်းဖြစ်သည်။
အနီးရှိ မူဆလင်ရပ်ကွက်တွင် ဆန္ဒပြသော ရဟန်းတော်များကို ထောက်ခံသည့်အနေနှင့် သူတို့ မည်သို့လမ်းမပေါ်တွင် လိုက်၍ ဆန္ဒပြခဲ့ကြောင်း ပြန်ပြောပြကြသည်။ “ကျနော်တို့ တသက်မှာဒီတခါပဲ၊ မြန်မာ ဗုဒ္ဓဘာသာဝင်တွေနဲ့ တသားတည်း သွေးစည်းမိသွားကြတယ်” ဟု တဦးက ပြောသည်။
ရန်ကုန်မှ ငယ်ရွယ်သေးသည့် ကျောင်းသူတဦးကလည်း “ကျမ ကျောင်းက သူငယ်ချင်းတွေက ၁၉၈၈ အရေး အခင်းက ဖြစ်ခဲ့တာတွေကို မယုံကြဘူး။ အခုတော့ သူတို့ကိုယ်တိုင် စစ်တပ်ရဲ့ ရက်စက်မှုတွေကို မြင်လိုက်ကြရတယ်၊ သူတို့လည်း တခုခုလုပ်ချင်နေကြတယ်” ဟု ပြောပြသည်။
ခေတ်မီ အားကစားကလပ်တခုတွင် တရုတ်သွေးနွယ်ပုံရသည့် စီးပွားရေးသမားတဦးက ဘီဘီစီမှ ပြသွားသည့် ဆန္ဒပြပွဲ သတင်းကို ကြည့်ပြီးသည့်နောက် “ ဒီ အစိုးရက ရက်စက်လိုက်တာဗျာ” ဟု နှုတ်မှဖွင့်ဟ ညည်းသည်။ ထို့နောက် သူပြော လိုက်သည်ကို တဦးဦးကြားသွားလေမည်လောဟု စိုးရိမ်လာပြီး လှည့်ထွက်သွားခဲ့သည်။
မိမိ စကားပြောခဲ့ရသူများက ဖြစ်နိုင်လျှင် အခွင့်အရေးကြုံလာပါက နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် တခုခု လုပ်ပေးချင်နေကြသည်ဟု ပြောကြသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ စိတ်ဓာတ်များ ကျဆင်းပြိုလဲနေပြီးသည့် နောက်ပိုင်း တခုခုကိုလည်း မယုံကြည်နိုင်၊ သံသယ ရှိနေကြဆဲ ဖြစ်သည်။
နေ့စဉ်စားသောက် ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသည့် လက်တွေ့အခြေအနေနှင့် အကြပ်အတည်းများကလည်း သူတို့၏စိတ်နှလုံးကို အထူး ကုတ်ခြစ်ကိုက်ခဲနေစေသည်။“ကျနော်က တနေ့လုပ်မှတနေ့စားရတာ”ဟုတဦးက ပြောသည်။
“ဒီနှစ်ကြည့်ရတာ သီးနှံထွက်က မကောင်းလှဘူး၊ ဒီကိစ္စပဲ ခေါင်းခဲနေရတာ”ဟု ရန်ကုန်အနီးရှိ လယ်ကွက်တခုတွင် လယ်လုပ်နေသူ အမျိုးသမီးငယ်တဦးကလည်း ပြောပြသည်။
ရန်ကုန်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများအကြောင်း မေးသည့်အခါ သူကပခုံးတွန့်ပြသည်။ “ကျမက အစိုးရတီဗီပဲ ကြည့်တာ၊ ဘယ်ဟာာကို ယုံရမှန်း ဘယ်သိမှာလဲ” ဟု သူက ပြန်ပြောသည်။
ညမှောင်လာသည့်အချိန်တွင် မိမိတို့အုပ်စုတွင်း ထိုင်နေသည့် စာရေးဆရာက တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမများ ပေါ်သို့ မျှော်ကြည့်သည်။
လွန်ခဲ့သော ရက်သတ္တပတ်များက ဤလမ်းများပေါ်တွင် စစ်အစိုးရကို အံတုဆန့်ကျင်ခဲ့သော လူအုပ်ကြီး ထောင်နှင့်ချီ၍ ပြည့်လျှံနေခဲ့သေးသည်။
“ကျနော်တို့ မြို့တော်က သိပ်လှတာ၊ ဒါပေမယ့် ဗိုလ်ချုပ်တွေက သူတို့ လူထုတွေနဲ့ အတူတူ ဒီမှာနေဖို့ကိုတောင် ကြောက်ရွံ့ နေကြတယ်” ဟု အထက်ပါ စာရေးဆရာက ပြောသည်။
ဤသို့ တွေးလိုက်ပုံကိုက ရန်ကုန်တွင် ဖြစ်ပျက်နာကျည်းခဲ့ရမှုများအတွက် လက်စားချေလိုက်သလိုမျိုး ခံစားလိုက်ပြီး သူက ရယ်ချလိုက်သည်။
“စစ်အစိုးရကို ကြည့်ရတာ ကင်ဆာဖြစ်နေတဲ့ မိန်းမတယောက်ကို တွေ့နေရသလိုပဲ၊ နေ့စဉ် မိတ်ကပ် တွေလိမ်းတယ်၊ ပန်းတွေပန်တယ်၊ သူ ဖျားနာနေတာကို ဘယ်တော့မှ ၀န်မခံလိုဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို သူရင်ဆိုင်ရ မှာပဲ”ဟုလည်း စာရေး ဆရာက ပြောလိုက်သည်။ [Top]
၂၀၀၇ ခုနှစ် ဒီဇင်ဘာလထုတ် ဧရာဝတီ မဂ္ဂဇင်းတွင် ပါရှိသော မြန်မာပြည်မှပေးစာ Deceptively Calm By Kim Williams ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
|