တိုက်ပွဲဝင်ဆဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
အောင်ဇော်
၁၉၈၈ ခုနှစ်မတ်လထဲမှာ ဖြစ်ပါတယ်။ လန်ဒန်ကသူမရဲ့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေစဉ် တယ်လီဖုန်းမြည်လာ ပါတယ်။ ဖုန်းဆက်လာသူနဲ့ လက်ခံစကားပြောပြီးနောက် ချက်ချင်းပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးဆောင်အိတ်ကို ထုတ်ပိုးပြင်ဆင်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ သူမရဲ့မိခင်ဟာ လေဖြတ်ဝေဒနာကို အပြင်းအထန်ခံစားနေရ တယ်လို့ တယ်လီဖုန်းဆက်သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။ အဲ့ဒီနေ့က တယ်လီဖုန်းသံဟာ အသက် ၄၃ နှစ်အရွယ် မြန်မာ့လွတ်လပ်ရေး သူရဲကောင်းကြီးရဲ့သမီး၊ ခင်ပွန်းဖြစ်သူ မိုက်ကယ်အယ်ရစ်နဲ့ သားနှစ်ယောက်တို့ရဲ့ မိသားစုဘ၀ကို ထာဝရ ပြောင်းလဲသွားလိမ့်မယ်လို့ သူတို့ မတွေးမိခဲ့ကြပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးလည်းဖြစ် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်တဦးဖြစ်ခဲ့တဲ့ ဒေါ်ခင်ကြည်ဟာ လေဖြတ်ခဲ့ပြီးနောက် သမီးဖြစ်သူရဲ့ ပြုစုစောင့်ရှောက်မှု လိုအပ်နေပါ တယ်။ ဒေါ်ခင်ကြည်ဟာ ဘ၀ရဲ့နောက်ဆုံးနေ့ရက်တွေမှာ သူမရဲ့ချစ်သမီးကို အဖော်ပြုပြီး နေချင်တာပါ။
ဒေါ်ခင်ကြည်အိပ်ရာထဲလဲနေတုန်း စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းဖို့ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ကျောင်းသား၊ ရဟန်းနဲ့ ပြည်သူ့ဝန်ထမ်းတွေရဲ့ နိုင်ငံအနှံလူထုအုံကြွဆန္ဒပြမှုဟာ အရှိန်အဟုန် ကောင်းလာခဲ့ပါတယ်။ စစ်အစိုးရဟာ ဆန္ဒပြသူထောင်ပေါင်းများစွာကို ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ် နှိမ်နှင်းခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ သတင်းလောကရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။
တိုင်းပြည်နဲ့ ဆန္ဒပြနေကြတဲ့ ပြည်သူတွေက ဆင်းရဲဒုက္ခတွင်းထဲကနေ လွတ်မြောက်အောင် ဦးဆောင်လမ်းပြပေးနိုင်မယ့် ခေါင်းဆောင်တစ်ယောက်ကို ရှာဖွေနေချိန်မှာ ဒေါ်ခင်ကြည်ဟာ သူမရဲ့သမီးကို ခေါင်းဆောင်မှုပေးဖို့ ပြောခဲ့ပါတယ်။ သူမကိုစိန်ခေါ်နေတဲ့ တာဝန်နှစ်ရပ်ကို မယိမ်းမယိုင်တဲ့ စိတ်ဓာတ်နဲ့ ဂရုဏာတရားထားလျက် ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်မှာ သူမရဲ့မိခင် ကွယ်လွန်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်ရဲ့ဒီမိုကရေစီရေးကို ကူညီပေးသူ အဖြစ်နဲ့ ပါဝင်ရတဲ့ သူမရဲ့အခန်းကဏ္ဍဟာ အစသာရှိပါသေးတယ်။
ဒီမိုကရေစီတော်လှန်ရေးရဲ့တပ်ဦးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုပြန်ရောက်လာပြီး ငါးလခန့်အကြာ ၁၉၈၈ ခုနှစ် ဩဂုတ်လမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွှေတိဂုံဘုရားမှာ ဆန္ဒပြနေကြတဲ့ လူထုကြီးကို မိန့်ခွန်းပြောခဲ့ပါတယ်။ အပြောင်းအလဲမြန်ပြီး မုန်တိုင်းထန်တဲ့ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အဲ့ဒီအချိန်က သူမမှာ အတွေ့အကြုံ မရှိသေးပါဘူး။ ဒါပေမယ့် ဟောပြောပွဲကိုတက်ရောက်လာကြတဲ့ လူထုကြီးက သူမကို ကြိုဆိုခဲ့ပါတယ်။ မကြာခင်မှာပဲ သူမရဲ့နာမည်ဟာ အိမ်တိုင်းစေ့နီးပါး ပျံ့နှံ့သွားခဲ့ပါတော့တယ်။
တိုင်းပြည်မှာအရေးကြီးနေတဲ့အချိန် သူမနိုင်ငံရေးထဲပါဝင်လာတာဟာ အချိန်ကိုက်ပါပဲ။ တချိန်က သူမရဲ့ဖခင်ကို အားကိုး ခဲ့သလို ဒီနေ့အချိန်မှာလည်း တိုင်းပြည်ရဲ့အထင်းရှားဆုံးမိသားစုဖြစ်တဲ့ သူမတို့မိသားစုအပေါ် နောက်တကြိမ် အားကိုး အားထားပြုလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မျှော်လင့်ထားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက တနေ့နေ့မှာ သူမကို တိုင်းပြည်ကလိုအပ်လာရင် အဲ့ဒီအတွက် သူမပြင်ဆင်ထားတယ်လို့ ကွယ်လွန်သွားပြီးဖြစ်တဲ့ သူမ ခင်ပွန်းကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဘူးပါတယ်။
လက်ဝဲလက်ယာ ၀ါရင့်နိုင်ငံရေးသမားကြီးတွေနဲ့ တပ်မတော်က အငြိမ်းစားတပ်မှူးကြီးတွေရဲ့ ထောက်ခံမှုကို အချိန်တို အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တာကို လူတွေအံ့ဩခဲ့ကြပါတယ်။ ၁၉၇၀ ခုနှစ်တွေမှာ လူထုက လေးစားကြည်ညို ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပူးပေါင်းပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တည်ထောင်ခဲ့တယ်။ သူမကို ကာကွယ်စောင့်ရှောက်ပေးနေရတဲ့အတွက်လည်း ဦးတင်ဦးဟာ ဂုဏ်ယူခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက စစ်ဗိုလ်ချုပ်တွေဘယ်လိုပဲခွဲခွဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာဟာ သူမပြည်သူတွေရဲ့ ကံကြမ္မာနဲ့ ခွာခြားမရအောင် နှောင်ဖွဲ့ထားခဲ့ပါ တယ်။ သူတို့ရဲ့ အဲ့ဒီလို ကြိုးပမ်းမှုတွေဟာ မအောင်မြင်ဘူးဆိုတာကို စစ်အစိုးရ သဘောမပေါက်ခဲ့ပါဘူး။
နာမည်ဆိုးထွက်ခဲ့တဲ့ ၂၀၀၃ ခုနှစ် ဒီပဲရင်းလူသတ်ပွဲအတွင်း စစ်အစိုးရအားပေး အားမြှောက်ပြုထားတဲ့လူရမ်းကားတစုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ပြီး သူမကိုထောက်ခံတဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီ ဖြစ်ရပ်ဟာ သူမရဲ့နိုင်ငံရေးရပ်တည်ချက်ကို ပိုမိုခိုင်မာစေပြီး ပြည်သူတွေကြားမှာ သူမကို ပိုပြီးကြည်ညိုလေးစားလာကြတယ်။
စစ်ဗိုလ်ချုပ်တွေက တိုက်ခိုက်လေလေ ဒေါ်အောင်ဆန်းစုကြည်က ပိုပြီးအားကောင်းလာလေ ဖြစ်လာပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းမဲ့တဲ့ စစ်ခေါင်းဆောင်တွေက ဖရိုဖရဲဖြစ်နေတဲ့စီးပွားရေးနဲ့ နိုင်ငံရေး ၀ဲဂယက်ထဲ မြန်မာပြည်သူ တွေကို တွန်းပို့ နေတဲ့အချိန်မှာ တိုင်းပြည်က သူမကို မျှော်လင့်တမ်းတနေဆဲပါပဲ။
အဲ့ဒါကြောင့် စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရေးဟာ တနေ့ဖြစ်လာရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမဟာ အင်းယာကန်ဘေးက သူမရဲ့အကျဉ်းစံအိမ်ထဲမှာ စောင့်မျှော်နေပါတယ်။ လောလောဆယ် နေအိမ်မှာ အကျဉ်းချခံနေရ ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အသာစီးရနေတယ်ဆိုတာ မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေက ပြသနေပါတယ်။
၂၀၀၂ခုနှစ်မှာ ဒုတိယအကြိမ် နေအိမ်အကျယ်ချုပ်ဘ၀က လွတ်လာပြီးနောက် နောင်လာမယ့် ငါးနှစ်အတွင်း တိုင်းပြည်မှာ ဘာတွေဖြစ်လာနိုင်မလဲလို့ သူမရဲ့အမြင်သဘောထားကို ဧရာဝတီမဂ္ဂဇင်းက မေးကြည့်တဲ့အခါ “နောက်ငါးနှစ်အတွင်းမှာ ကျမတို့ အလုပ်ကို ပိုပြီးကြိုးစားလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ အဲ့ဒီအတွက် ပြင်ဆင်ထားရမယ်၊ ပိုပြီးကြိုးစားရမယ်၊ ကျမတို့နိုင်ငံ ဒီမိုကရေစီရလာလို့ရှိရင် ကျမတို့ ပိုလို့တောင် အလုပ်ကြိုးစားလုပ်ကြရလိမ့်မယ်။ ဒါကြောင့် ကျမထင်တယ်၊ လာမယ့်ငါးနှစ်အတွင်းမှာ ဆက်ပြီးရုန်းကန်ရဦးမှာပဲ။ ဒါပေမယ့် လွတ်လပ်မှုအတွက် ဒီလိုရုန်းကန်တိုက်ပွဲ
ဝင်ရတာ ပျော်စရာကောင်းပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေခဲ့တယ်။
သူမရဲ့တွက်ဆချက် မမှားပါဘူး။ မြန်မာပြည်သူတွေ ဆက်ပြီးတိုက်ပွဲဝင်နေရဆဲပါပဲ။ ဒါပေမယ့် ဒီတိုက်ပွဲဟာ ပျော်စရာ ကောင်းတဲ့တိုက်ပွဲတခု ဟုတ်ရဲ့လားလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က မေးခွန် ထုတ်လာပါတယ်။
ပြီးခဲ့တဲ့နှစ်က ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် အီဗရာဟင်ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူတွဲရိုက်ခဲ့တဲ့ ဓါတ်ပုံဟာ သူမရဲ့မိတ်ဆွေအပေါင်းအသင်းတွေ၊ သူမကို ထောက်ခံသူတွေနဲ့ နိုင်ငံတကာက သံတမန်တွေကို တော်တော်အံ့ဩသွားစေပါတယ်။ သူမကိုကြည့်ရတာ ပိန်သွားပြီး အားနည်းနေပုံရပါတယ်။ ရွှင်လန်းမှုမရှိတာလည်း အထင်အရှားတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးတိုက်ပွဲဝင်နေတဲ့ အထင်ရှားဆုံး အကျဉ်းသားရဲ့ မျက်နှာပေါ်ကအရိပ်အကဲက ပြည်တွင်း ပြည်ပမှာရှိကြတဲ့ ဒီမိုကရေစီအင်အားစုတွေကို အခြေအနေဟာ အကောင်းဖက်မှာမရှိဘူးလို့ သတင်းစကားပါးလိုက်တာပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရှင်သန်ဆဲ၊ စိတ်ဓါတ်ရေးရာ ခိုင်မာဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ဒီမိုကရေစီတိုက်ပွဲဟာ လွယ်ကူတဲ့ ပျော်စရာကောင်းတဲ့ တိုက်ပွဲတခုတော့ မဟုတ်ခဲ့ပါဘူး။ ကျန်နေသေးတဲ့ မျှော်လင့်ချက်တွေ အားလုံးဟာ သူယုံကြည်တဲ့အတိုင်း ရပ်တည်နေတဲ့ သူမရဲ့သံမဏိဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေတယ်။ တိုင်းပြည်အပေါ် သူမရဲ့ဩဇာလွှမ်းမိုးနိုင်မှုကို စစ်ဗိုလ်ချုပ်တွေ လက်ခံဖို့ငြင်းဆန်နေဆဲမှာပဲ သူမဟာ နိုင်ငံရေးအင်အားစုတွေကို စုစည်းနိုင်သူတယောက် ဖြစ်နေဆဲပါပဲ။
ဒီအတောအတွင်းမှာ နိုင်ငံအနှံဆောက်လုပ်ခဲ့တဲ့ တံတားတွေစာရင်းကိုပြပြီး စစ်ဗိုလ်ချုပ် တွေဟာ “စည်းကမ်းပြည်ဝပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး” တည်ဆောက်နေပါတယ်လို့ အသံကောင်းဟစ် ကြွေးကြော်နေပါတယ်။ ဒါပေမယ့် အခု အထိတော့ စစ်ဗိုလ်ချုပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်သွယ်ပေးနိုင်မယ့် တံတား မရှိသေးပါဘူး။ ။
၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီမဂ္ဂဇင်းမှ The Lady Fights On By Aung Zaw ကို ဆီလျှော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။ [Top] |