#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်အပေါ် အမြင်သဘောထားများ

ဦးအေးသာအောင်

တိုင်းရင်းသားခေါင်းဆောင်းတွေက အစကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လေ့လာခဲ့တာပါ။ ၁၉၈၈ ခုနှစ် ရွှေတိဂုံဘုရား လူထုတရားပွဲမှာပြောခဲ့တဲ့ သူမရဲ့ မိန့်ခွန်းကို ကျနော်တို့ နားထောင်ခဲ့ပါတယ်။ ကျနော်တို့တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တဦးချင်းတဖွဲ့ချင်း တွေ့ဆုံတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြောခဲ့တာတွေကို သုံးသပ်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရှိတရားကို လက်ခံမယ့်ပုဂ္ဂိုလ်ဖြစ်တယ်၊ ခေါင်းဆောင် တယောက်ဖြစ်တယ်လို့ ကျနော်တို့ လက်ခံခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံရေးခေါင်းဆောင်တယောက်ဟာ အရာအားလုံးမှာ ပြီးပြည့်စုံအောင် တော်နေတာမျိုး မဖြစ်နိုင်သလို ကျနော်တို့လည်း မမျှော်လင့်ထားပါဘူး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းကနေ အခုအချိန်အထိ နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ကျနော်အပါအ၀င် နိုင်ငံရေးသမားတွေမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ အဲ့ဒီလိုအားနည်းချက်တွေ ရှိတဲ့အတွက်ကြောင့် ဒီမိုကရေစီနိုင်ငံတခုကို မတည်ဆောက်နိုင်သေးတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် သူ့ တယောက်တည်းကိုပဲ အပြစ်တင် မှာလား။ တကယ်တော့ ကျနော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။

ဦးအေးသာအောင်သည် ရန်ကုန်မြို့ရှိ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဖြစ်သည်။

ဦးရွှေအုန်း

ဒေါ်အောင်ဆန်းစုကြည်ဟာ အလွန်ထူးချွန်ထက်မြက်တဲ့ အမျိုးသမီးခေါင်းဆောင် တယောက်ပါ။ ဒါပေမယ့် တချို့နေရာ တွေမှာ လိုအပ်ချက်တွေ ရှိပါတယ်။ သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အားကောင်းအောင် လုပ်ခဲ့သင့်ပါတယ်။ အာဏာပိုင်တွေက ပါတီကိုဖိနှိပ်လာတဲ့အတွက်ကြောင့် ပါတီဟာ အားနည်းနေပါပြီ။

သူဟာ မဟတ္တမဂန္ဒီရဲ့ ငြိမ်ချမ်းတဲ့နည်းနဲ့ နိုင်ငံရေးတိုက်ပွဲဝင်တဲ့နည်းကို ကျင့်သုံးနေပါတယ်။ ဒါပေမယ့် ကျနော့်အမြင် ကတော့ သူ့ပါတီဟာ အာဏာပိုင်တွေပြောတဲ့အတိုင်းလုပ်နေပြီး ဆန့်ကျင်တာမရှိပါဘူး။ အဲ့ဒီတော့ အာဏာပိုင်တွေက ပိုပြီးဖိနှိပ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းက တိုက်ပွဲဝင်လာခဲ့တဲ့အတွက် သူရဲကောင်းဝါဒ လွှမ်းမိုး လာပါတယ်။ အဲ့ဒါကြောင့် အထက်နဲ့အောက် အလှမ်းကွာလာတယ်လို့ မြင်ပါတယ်။

ဦးရွှေအုန်းသည် စစ်အစိုးရက တားမြစ်ထားသော ရန်ကုန်မြို့ရှိ  ပြည်ထောင်စုအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်ပြီး ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို တက်ရောက်ခဲ့သူ တဦးဖြစ်သည်။

ဒူးဝါး မရန်(မ်) ဇော်အောင်

၂၀၀၂ ခုနှစ် သူ နေအိမ်အကျယ်ချုပ်က လွတ်လာတော့ ရန်ကုန်မှာ တွေ့ဖြစ်ခဲ့တယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့ အာဏာရှင်ကြီး ဦးနေ၀င်းတို့ဟာ မြန်မာတွေဖြစ်ကြတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာဖြစ်တော့ ကချင်ပြည်သူတွေက သံသယရှိတဲ့ အကြောင်း ကျနော် ပြောခဲ့ပါတယ်။

နှစ်ယောက်တည်းတွေ့ပြီး မေးခဲ့တုန်းက တိုင်းရင်းသားအရေးကို ဒီလိုမျက်ကွယ်ပြု ထားလို့ မရနိုင်ပါဘူး။ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်ရင် မြန်မာ့နိုင်ငံရေး ပြဿနာကို ဘယ်တော့မှ ဖြေရှင်းလို့ရမှာမဟုတ်ဘူးလို့ သူက ပြောခဲ့တယ်။ နောက် တနေ့ လူထုကိုမိန့်ခွန်းပြောတော့လည်း အဲ့ဒီကိစ္စကို အလေးအနက်ထားပြီး သူ ပြောခဲ့ပါတယ်။ ဒါကြောင့် သူ့ဖခင်လိုပဲ သူဟာ တိုင်းပြည်နဲ့ တိုင်းရင်းသားတွေ အပေါ်မှာ သစ္စာရှိသူတယောက်အဖြစ် ကျနော် ယုံကြည်ပါတယ်။

ဒူးဝါး မရန်(မ်) ဇော်အောင်သည် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို လေ့လာသူတယောက်အဖြစ် တက်ရောက်ခဲ့သည်။ ယခုအခါ  ပြည်ပတွင် နေထိုင်လျက်ရှိသည်။

ပူကျင်ရှင်းထန်

ကျနော့်အမြင်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံတခုကို ဘယ်လို တည်ထောင်မယ်ဆိုတဲ့ သူနဲ့သူ့ပါတီက လူထုကိုထုတ်ပြန်တဲ့ ကြေညာချက်တွေကိုကြည့်ရင် ကျနော်တို့အတွက် သူဟာ အကောင်းဆုံး ခေါင်းဆောင် တယောက်ဖြစ်တယ်ဆိုတာ ကျနော် အခိုင်အမာယုံကြည်ထားပါတယ်။

သူ့ကိုဝေဖန်တာဟာ ကျိုးကြောင်းခိုင်လုံမှုမရှိပါဘူး။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူ နည်းလမ်း အမြဲရှာခဲ့ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ အခွင့်အရေး မရခဲ့တဲ့အပြင် အထိန်းသိမ်း ခံခဲ့ရပါတယ်။ ကျနော် သူနဲ့ အလုပ်အတူတူ လုပ်ခဲ့ပါတယ်။ သူဟာ မှားသွားတဲ့အမှားတခုကို အလျင်အမြန် ပြင်ဆင် တတ်သူတယောက်ပါ။

ပူကျင်ရှင်းထန်သည် ရန်ကုန်မြို့ရှိ ဇိုမီးအမျိုးသားကွန်ဂရက်၏ ဥက္ကဌ ဖြစ်သည်။

ဖဒိုမန်းရှာ

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသားလူနည်းစု ရေးရာ ပြဿနာတွေကို ကောင်းကောင်းနားလည်တယ်လို့ ကျနော်တို့မြင်တယ်။ အဲ့ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှသာ တိုင်းပြည်စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုကို ရရှိခံစားနိုင်မှာဖြစ်တယ်။ အဲ့ဒီကမှတဆင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နိုင်မယ်ဆိုတာ သူသိတယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်နိုင်မှုဟာ အလွန်ကြီးမားတဲ့အတွက် စစ်ခေါင်းဆောင်တွေက သူ့ကို ကြောက်ရွံ့လာပြီး သူ့မှာရှိနေတဲ့ အရည်အချင်းတွေကို အပြည့်အ၀အသုံးချခွင့်မရအောင် နေအိမ်မှာ အကျယ်ချုပ်ချထားလိုက်တယ်။

ခေါင်းဆောင်တယောက်ရဲ့ အရည်အချင်းကို ကြည့်တဲ့နေရာမှာ တတိုင်းပြည်လုံးရဲ့ အခြေအနေအားလုံးကို သိမြင် နားလည်နိုင်သလား၊ တိုင်းပြည်နဲ့ တိုင်းရင်းသားလူနည်းစုတွေအပါအ၀င် ပြည်သူလူထုတရပ်လုံးကို တာဝန်ခံနိုင်သလား၊ နောက်ဆုံးအနေနဲ့ အမျှော်အမြင်နဲ့ သတ္တိရှိရဲ့လားဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အဲ့ဒီအရည်အချင်းတွေအားလုံး သူ့မှာရှိပါတယ်။ အဲ့ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလိုရပ်တည်နိုင်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံး၊ တိုင်းရင်းသားအဖွဲ့တွေအားလုံးနဲ့ အတူတကွ လက်တွဲပြီး တိုင်းပြည်ကိုဦးဆောင်နိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဖဒိုမန်းရှာသည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးနှင့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုဖြစ်သော ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး ဖြစ်သည်။

နိုင်အောင်မငေး

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူတွေတင်မက နိုင်ငံတကာကပါ အသိအမှတ်ပြုလေးစားကြည်ညိုရတဲ့ အမျိုးသား ခေါင်းဆောင်တယောက် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျနော်တို့ပါတီဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ တူညီတဲ့ယုံကြည်ချက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ကျနော်တို့ ယုံကြည်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးနဲ့ ခံစားချက်တွေကို နားလည်အသိမှတ်ပြုခဲ့ ပါတယ်။ တိုင်းရင်းသားလူနည်းစုတွေနဲ့ လူများစုမြန်မာတွေအကြားရှိနေတဲ့ ကွဲပြားမှုတွေဟာ နှစ်ဘက်စလုံးမှာရှိကြတဲ့ အမြင်ကျဉ်းမြောင်းသူတချို့ရဲ့ အမျိုးသားရေးခံစားချက်တွေကြောင့် ဖြစ်ပါတယ်။

နိုင်အောင်မငေးသည် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီ၏ နိုင်ငံခြားရေးဌာနတာဝန်ခံ ဖြစ်သည်။

ခူးရေမွန်ထူး

ကရင်နီအမျိုးသား တိုးတက်ရေးပါတီအနေနဲ့တင် မကပါဘူး … တိုင်းရင်းသား လူမျိုးများကောင်စီအနေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်တယောက်အဖြစ် ကျနော်တို့ အသိအမှတ်ပြုပါတယ်။ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

ဒါကြောင့်မို့လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမှာဖြစ်သလို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း ပါဝင်ရမှာဖြစ်ပါတယ်။

ခူးရေမွန်ထူးသည် ပြည်ပအခြေစိုက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ အတွင်းရေးမှူး (၁) ဖြစ်သည်။

၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ HOW They See The Lady ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.