#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မုန်တိုင်းကို အပြစ်တင်လိုက်ပါ
ထိန်လင်း | မေ ၁၅၊ ၂၀၀၈

နာဂစ် မုန်တိုင်း တိုက်သွားတာ ၁၀ ရက်ကျော်သွားပါပြီ။ သေဆုံးတဲ့ အရေအတွက်က တိုးပြီးရင်း တိုးလို့ နေပါတယ်၊ ရေဒီယိုတွေ။ သတင်းစာတွေမှာတော့ စစ်အစိုးရ ပြောတဲ့အရေအတွက်ရော။ တခြား ခန့်မှန်းထားတဲ့ အရေအတွက်တွေရော ကိန်းဂဏန်းတွေက အများကြီးဖြစ်နေပါတယ်၊ အချိန်နဲ့အမျှအပြောင်းအလဲတွေလည်း ရှိနေတုန်းပါ။

မုန်တိုင်းရဲ့ နောက်ဆက်တွဲစာမျက်နှာတွေကို အတိအကျ ဘယ်သူကမှမပြောနိုင်ပေမယ့် ဆုံးရှုံးတွေက ထိုက်သင့်တဲ့ ဆုံးရှုံးမှုတွေ ဟုတ်မဟုတ်ကတော့ တွေးစရာတွေ အများကြီးပါပဲ၊ အရင်ဆုံးတော့ မြစ်ဝကျွန်းပေါ်ဒေသ တွေ မှာ ပေါ်ပေါက်တဲ့ မုန်တိုင်းတွေဟာ ပိုပြီးတော့ လူအသေအပျောက်နဲ့ ဆုံးရှုံးမှုပိုများရခြင်းအကြောင်းကို ကြည့်ရ မှာပါ။

မြစ်ဝကျွန်းပေါ်ဒေသတွေဟာ တခြားဒေသတွေထက် လူအသေအပျောက်များရတဲ့ အကြောင်းအရင်း ၅ ချက်ရှိပါ တယ်၊ အဲဒါတွေကတော့ -

(၁) လူဦးရေ ထူထပ်ခြင်း

အခြေခံအားဖြင့် မြစ်ဝကဋ္ဌန်းပေါ်ဒေသတွေဟာ မြေဆီသြဇာ ကောင်းမွန်ခြင်း နဲ့ စိုက်ပျိုးမြေများပြားခြင်းက ကုန်သွယ်မှု အချက်အခြာဒေသ ဖြစ်ပေါ်စေပါတယ်၊ ဒါကြောင့်ပဲ လူနေထူထပ်ရခြင်းဖြစ်ပါတယ်၊ မြန်မာပြည်က မြစ်ဝ ကျွန်းပေါ်ဒေသ ဆိုရင်လည်း နိုင်ငံတခုလုံး လူဦးရေရဲ့ ၃ ပုံ ၁ ပုံ နေထိုင်တာကို တွေ့ရပါလိမ့်မယ်၊ ဧရာဝတီတိုင်းထဲက ဟင်္သာတမြို့ဆိုရင် မြန်မာတနိုင်ငံလုံးမှာ လူဦးရေ အထူထပ်ဆုံးမြို့လို့ မှတ်တမ်းများက ဆိုပါတယ်။

(၂) ရေမြေသဘာဝ အပြောင်းအလဲ ရှိခြင်း

မြစ်ဝကျွန်းပေါ်ဒေသတွေဟာ သဘာဝကြောင့်ပဲဖြစ်ဖြစ်။ လူတွေ ပြုပြင်လို့ပဲဖြစ်ဖြစ် ရေမြေသဘာဝ ပုံစံတွေ ပြောင်းလဲတတ် တဲ့နေရာတွေ ဖြစ်ပါတယ်၊ သဘာဝအားဖြင့် မြစ်ချောင်းတွေဆီက ဖြစ်ပေါ်လာတဲ့ ရေလွှမ်း ဧရိယာ တွေ မှာ မြစ်ချောင်းတွေ ဆီကသယ်ဆောင်လာတဲ့ နုံးအနည်အနှစ်တွေ မြေဆီသြဇာတွေပို့ချပြီး မြေနုကျွန်း တွေ တည်ဆောက် လေ့ရှိပါတယ်။ ပြီးတော့ လမုပင် အပါအ၀င် ဒီရေရောက်တောတွေ ပေါက်ရောက် လေ့ရှိပါ တယ်၊ ဒီရေရောက်တောတွေ ရှိနေခြင်းက ပင်လယ်သမုဒ္ဒရာဆီက လှိုင်းတံပိုးတွေကို တစုံတရာ အကာအကွယ် ဖြစ်စေ ပါ တယ်၊ ဒါပေမယ့် တာတမံတွေ ကြားက ဖြတ်ဆောက်လိုက်မယ်။ တူးမြောင်းတွေ ဖောက်ထားမယ်ဆိုရင်တော့ အထက်ကပြောတဲ့ ရေလွှမ်းဧရိယာတွေနဲ့ ဒီရေရောက်တောတွေ မရှိတော့ပါဘူး။

(၃) သဘာဝပေါက်ပင် လျော့နည်းခြင်း

လူတွေ အခြေချ နေထိုင်ဖို့ဖြစ်စေ။ စိုက်ပျိုးမြေတွေ ရဖို့ဖြစ်စေ ခုတ်ထွင်ရှင်းလင်းပစ်လိုက်တဲ့အတွက် ဒီရေရောက် တောတွေ မရှိတော့ဘူး။ သဘာဝပေါက်ပင်တွေ နည်းပါးသွားမယ်ဆိုရင်လည်း ပင်လယ်သမုဒ္ဒရာဘက်က ၀င် လာမယ့် မုန်တိုင်းတွေ။ ဒီလှိုင်းတွေကို အကာအကွယ်ပေးမယ့် ကြားခံ အတားအဆီးတွေ ပျောက်ကွယ် ကုန်တာ ပါပဲ။

(၄) လမ်းကြောင်း ပွင့်နေခြင်း

ပင်လယ်ကြမ်းပြင်နဲ့ တဆက်တည်းဖြစ်တဲ့ ဆင်ခြေလျှောကုန်းမြေဟာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားတဲ့ သဘော ပြေပြစ်နေ မယ်ဆိုရင်လည်း ပင်လယ်ဘက်က၀င်လာမယ့် မြင့်တက်လာတဲ့ရေတွေက ကုန်းတွင်းပိုင်းအထိအတား အဆီးမဲ့ တဟုန်ထိုး ၀င်ရောက်နိုင်ပါတယ်။ ဒါကလည်း အကာအရံမရှိတဲ့အိမ်ထဲကို ဘယ်ဘက်က၀င်ဝင်ချက်ချင်း ၀င်နိုင်တဲ့သဘောပါပဲ။

(၅) ကုန်းမြေနိမ့်ကျ၍ ပင်လယ်ရေ မြင့်တက်ခြင်း

အကယ်၍ နုံးပို့မှု အသစ်မဖြစ်ပေါ်ဘူး။ ပြန်ပြီး အစားထိုးတဲ့သဘောတွေ မရှိဘူးဆိုရင် ရေမြုပ်တဲ့ဧရိယာ က တဖြည်းဖြည်း ပိုများလာပါလိမ့်မယ်၊ ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ သမုဒ္ဒရာ ရေ မြင့်တက်မှုနဲ့ ကုန်းမြေနိမ့်ကျမှုတို့ ပေါင်းလိုက်တဲ့အခါ အန္တရာယ်ကြီးမားမှုအဆ က ပုံမှန်အခြေအနေထက် ပိုကြီးမားသွားပါ လိမ့်မယ်။

ဒီအချက်တွေကတော့ ပညာရှင်တွေရဲ့ ကောက်ချက်တွေဖြစ်ပါတယ်၊ ဒီလို အနေအထားတွေကြောင့် သေကြေ ပျက်စီးမှု တွေကြီးမားသွားရတယ်လို့ ပြောနိုင်ပေမယ့် ပညာရှင်တချို့ကတော့ ဒီလောက်သေစရာမရှိဘဲ သေရတာ လို့ သုံးသပ်ပါ တယ်၊ ဘာကြောင့်လဲဆိုတော့ နှစ်စဉ်လိုလို မုန်တိုင်းဒဏ် ခံရလေ့ရှိတဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံမျိုး မှာတောင် ကြိုတင်ပြင်ဆင် မှုတွေ ပြုလုပ်ထားတဲ့အတွက် သက်သာရာရတဲ့အကြောင်း သာဓက ပြကြ ပါတယ်။ အထူးသဖြင့် အရေးပေါ်သတိပေး ချက်တွေ ထုတ်ပြန်ခြင်း။ ရွက်ဖျင်တဲများ အဆင်သင့်ပြင်ထားခြင်း။ ကမ်းရိုး တန်း ဒေသနဲ့ လျော်ညီတဲ့ အဆောက်အအုံများ ဆောက်လုပ်ခြင်း စတဲ့ လုပ်ဆောင်မှုတွေက ပျက်စီးဆုံးရှုံးမှုနဲ့ လူ အသေအပျောက် များပြားမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

နာဂစ် မုန်တိုင်းဟာ မြန်မာ့သမိုင်းမှာ အကြီးမားဆုံး သေကြေပျက်စီးဆုံးရှုံးစေတဲ့ သဘာဝဘေးအန္တရာယ် ဖြစ်ပါ တယ်၊ ၂၁ ရာစု အာရှမှာ ဖြစ်ပွားခဲ့တဲ့ ဘေးအန္တရာယ်တွေထဲမှာလည်း ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ က ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ ပြီးရင် အကြီးဆုံး ဖြစ်နေပါတယ်။ သဘာဝကို ပြင်ဆင်လို့ မရနိုင်ဘူး။ တားဆီးလို့မရနိုင်ဘူး ဆိုရင် တားဆီးလို့ရတာတွေ။ ပြင်ဆင်လို့ရတာတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်၊ အထူးသဖြင့် မုန်တိုင်းရဲ့ နောက်ဆက် တွဲပြဿနာတွေကို နည်းနိုင်သမျှနည်းအောင် ဖြေရှင်းဖို့လိုအပ်ပါတယ်။

ကျန်းမာရေးပညာရှင်တွေကတော့ သေဆုံးသွားတဲ့လူတွေဟာ ရောဂါဘယဖြစ်ပွားပြီး သေဆုံးသွားတာ မဟုတ်တဲ့ အတွက် ကူးစက်ရောဂါ ဖြစ်ပွားမှာ သိပ်မစိုးရိမ်ရဘူးလို့ ပြောပါတယ်၊ ဒါပေမယ့် ကူညီကယ်ဆယ်မှု တွေ အချိန်မီ မရောက်တဲ့အတွက် ထိခိုက်ဒဏ်ရာကြောင့်သော်လည်းကောင်း။ အမိုးအကာ စသည် လုံခြုံမှုမရှိလို့ သော် လည်း ကောင်း ထပ်မံ သေဆုံးသူတွေ ပေါ်ပေါက်နိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာ။ အာဟာရပြတ်တာတွေ ကလည်း ရေရှည်ဖြေရှင်းရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာတောင် မြန်မာလူမျိုးရဲ့ ရေဓာတ်နဲ့ အာဟာရ ဓာတ် ပြည့်ဝမှုက နိမ့်ကျနေမှာဖြစ်တဲ့အတွက် အခြေအနေ ဆိုးတခုကို ဖြတ်သန်းလိုက်ရပြီးနောက်ပိုင်းမှာ ဖြစ်ပေါ် လာမယ့် အနေအထားက စိုးရိမ်ရနိုင်ပါတယ်။

စစ်အစိုးရက ကမ္ဘာကို ထုတ်ပြန်နေတဲ့ သေဆုံးနဲ့ ပျောက်ဆုံးစာရင်းဟာ သူတို့ကိုယ်တိုင်ဖြစ်ဖြစ်။ သူတို့ရဲ့ ဒေသခံ အုပ်ချုပ် ရေးယန္တရားက တာဝန်ရှိသူတွေကပဲဖြစ်ဖြစ် စနစ်တကျစုံစမ်းပြီးကောက်ယူထားတဲ့စာရင်းတွေကို ထုတ်ပြန် တယ်လို့ မယူဆပါ။ လ၀က ရုံးတွေမှာရှိတဲ့ လူစာရင်းတွေကို လှန်လှောပြီး အတည်ပေါက် ကြေညာ နေတယ်လို့ ယူဆပါတယ်။ ဒါကလည်း အရေးမကြီးပါဘူး။ အရေးကြီးတာက အကူအညီလိုနေသူတွေထံ အကူ အညီတွေ ရောက်ဖို့။ ကိုယ်က မကူညီရင် ကူညီသူတွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးဖို့ဖြစ်ပါတယ်။ ဒါက လတ်တလော မရှိမဖြစ် လိုအပ်ချက်တွေပါ။

ရေရှည်ဆိုရင်လည်း ပြန်လည်ထူထောင်ရေးတွေ အများကြီး လုပ်ရပါလိမ့်မယ်။ “အရှေ့တောင်အာရှရဲ့စပါးကျီ” လို့  အရင်က နာမည်ကြီးခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကြီးဟာ အခုတော့ ထမင်းငတ်နေပါပြီ။ အစာ ရေစာ ပြတ်လပ်ပြီး ကယ်သူဝေးတဲ့အဖြစ်ကို ဆိုက်နေပါပြီ။ စပါးထွက်တဲ့ဒေသက သိုလှောင်စပါး။ မျိုးစပါး။ ၀မ်းစာစပါး စတဲ့ စပါးတွေကို နာဂစ်မုန်တိုင်းက ဖျက်ဆီးပစ်သလို စိုက်ပျိုးထားတဲ့ လယ်ကွင်းပြင်တွေကိုလည်း ဖျက်ဆီးလိုက် ပါပြီ။

စပါးစိုက်တဲ့ လယ်သမားတွေရဲ့ ကျွဲ နွားကအစ အသက်အိုးအိမ် စည်းစိမ်အားလုံးလည်း ပျောက်ဆုံးကုန်ပါပြီ။ ဒီလို အခြေအနေမှာ ဘယ်သူတွေက ဘယ်လောက် ကူညီကြပါမလဲ။ ရေငတ်ရင် ရေတိုက်မယ့်သူ ရှိလာနိုင်ပါ တယ်၊ ထမင်းငတ် ရင်လည်း ရှိတဲ့အထဲက မျှပြီး ကျွေးမယ့်လူ ပေါ်လာနိုင်ပါတယ်၊ ဒါပေမယ့် သိန်းချီတဲ့လူတွေရဲ့ ပျက်စီးသွားတဲ့ အဆောက် အအုံတွေ။ အခြေတကျ ဖြစ်မှုတွေကို ပြန်လည်ဖြည့်ဆည်းဖို့ဆိုတာ အဖြေခက်လှတဲ့ ပုစ္ဆာတွေလိုပါပဲ။

ဒီဖြစ်ရပ်တွေမှာ ဘယ်သူ့ကို အပြစ်တင်ကြမလဲ။ မုန်တိုင်းဒဏ် ခံခဲ့ရသူတွေကတော့ အပြစ်မဲ့ဒုက္ခရောက်သူ တွေပါ။ တာဝန်ရှိ ပါတယ်ဆိုတဲ့ အာဏာပိုင်တွေကလည်း အကူအညီကို သူတို့အိတ်ထဲက ထုတ်မပေးဘဲ ကယ်တင်ရှင်လို လုပ်ပြနေတဲ့အပြင် အာဏာရှင်ဆိုတော့ အုပ်ချုပ်ခံပြည်သူတွေအနေနဲ့ အပြစ်တင်ရဲကြမှာ မဟုတ်ပါဘူး။

ဒီတော့ ဒီလို အတိဒုက္ခရောက်အောင် တိုက်သွားတဲ့ ‘နာဂစ်’ ဆိုတဲ့ မုန်တိုင်းကိုပဲ အပြစ်တင်လိုက်ကြပါ။     ။

မှတ်ချက်။     ။ ယခု ဆောင်းပါးရှင် “ထိန်လင်း”သည် မိုးမခ အင်တာနက် သတင်းစာမျက်နှာ၏ အယ်ဒီတာ တဦး ဖြစ်ပါသည်။ [Top]
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.