မှောင်အတိကျခဲ့ရသော စနေတနေ့
အောင်ဇော် | မေ ၁၃၊ ၂၀၀၈
အဆင့် ၃ ရှိ ဆိုင်ကလုန်း လေမုန်တိုင်းက ဘင်္ဂလားပင်လယ်အော်တွင် အစတည်လာခဲ့ပြီး၊ လွန်ခဲ့သည့်အပတ် သောကြာ နေ့ (မေလ ၂ ရက်နေ့) ညက ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ၀င်မွှေ ဖျက်ဆီးသွားခဲ့သည်။ တနာရီ မိုင် ၁၂၀ နှုန်းဖြင့် လေကြမ်း ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး၊ ဒီရေလှိုင်းများက နေရာအများကို ဖုံးလွှမ်းနစ်မြုပ်စေခဲ့သည်။ ၎င်းစနေနေ့နံနက်တွင်မူ ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံး ကပ်ဘေးအန္တရာယ်တခုကို မြန်မာနိုင်ငံ ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။ အတိုင်းအဆကြီးမား သည့် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးဒုက္ခကြီးလည်း ဆိုက်ခဲ့ရပြီ ဖြစ်သည်။
လူတသိန်းခန့် သေဆုံးခဲ့သည်ဟု ယုံကြည်ရပြီး၊ ရှာမတွေ့ဘဲ ပျောက်ဆုံးနေသူလည်း အများအပြား ရှိသည်။ လူပေါင်း တစ်သန်းခွဲကျော်မှာလည်း နေ့တွင်းညတွင်း အိုးအိမ်မဲ့ ဒုက္ခသည်များ ဖြစ်ခဲ့ကြရသည်။
မြန်မာပြည်သူများက ပူဆွေးဝမ်းနည်းနေကြရသော်လည်း၊ တိုင်းပြည်ကိုအုပ်ချုပ်နေသည့် စစ်ဗိုလ်ချုပ်ကြီးက မုန်တိုင်းဒဏ် သင့် ဒုက္ခရောက်ကြရသည့် ပြည်သူများအတွက် တရားဝင် ၀မ်းနည်းကြောင်း မှတ်မ်းသတင်းများ ဖော်ပြခဲ့ကြခြင်း မရှိပါ။
၂၀၀၅ ခုနှစ်တွင် ဤနိုင်ငံခေါင်းဆောင်ဆိုသူ စစ်ဗိုလ်ချုပ်ကြီးများက မြန်မာနိုင်ငံအလယ်ပိုင်းဒေသသို့ မြို့တော်သစ် ပြောင်း ရွှေ့တည်ဆောက်ခဲ့ပြီး သဘာဝကပ်ဘေးဆိုးမှ ဘေးမသီရန်မခ လွတ်မြောက်နိုင်ကြသည်မှာလည်း အတော်ကမောက်ကမ နိုင်လှသည့် ဖြစ်ရပ်ပင် ဖြစ်သည်။
ဤမုန်တိုင်းတိုက်ခတ်နေစဉ်တွင် လူအများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သူ၏ ခေါင်းမာဂိုဏ်းသား ၀န်ကြီးများနှင့် စစ်အစိုးရ ခေါင်းဆောင်များကို လက်ညှိုးထိုး အပြစ်ဆိုခဲ့ကြသည်။
ဤသို့ အကြင်နာမဲ့လှသည့် စစ်ခေါင်းဆောင်များကပင် "ခေတ်မီ ဖွံ့ဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံ သစ်" တည်ဆောက်နေကြသည်ဟု ဆိုနေကြသေးပြီး၊ ဤသို့ဖြစ်ကြရသည့် ဘေးဒုက္ခများအားလုံးအတွက် သူ့တို့သာ အပြည့်အ၀ တာဝန်ရှိနေပါသည်။
ပထမအချက်မှာ ဗိုလ်ချုပ်သန်းရွှေ၏ စစ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများထံသို့ မုန်တိုင်းကြိုတင်သတိပေး ချက် အချိန်မီ ထုတ်ပြန်ပေးရန် ပျက်ကွက်ခဲ့ပါသည်။
ဒုတိယအချက်မှာ ဆိုက်ကလုန်းမုန်တိုင်းသင့်၍ ပျက်စီးဒုက္ခရောက်ရမှုများအပေါ် စစ်အစိုးရ တုံ့ပြန်ဆောင်ရွက်ပုံက ဖင့်နှေး လွန်းလှပါသည်။
ထို့အပြင် ပို၍ တုန်လှုပ်ဖွယ်ရာမှာ စစ်အစိုးရက နိုင်ငံတကာအကူအညီပေးရေး အဖွဲ့များနှင့် အကူအညီများကို ကြန့်ကြာနေ စေရန် ဟန့်တားထားပြီး၊ နိုင်ငံရပ်ခြားမှ အကူအညီပေးရေးလုပ်သားများနှင့် ဆေးဝန်ထမ်းများကို ပြည်ဝင်ခွင့်ဗီဇာထုတ်ပေး ရန်လည်း နှောင့်နှေးနေစေခဲ့ပါသည်။
အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ စသည့် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုနေလေ့ရှိသူ နိုင်ငံများ ကပင်၊ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ကိစ္စများကို ဘေးဖယ်ထားခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် ကြင်နာစာနာသည့် အပြောမျှသာမဟုတ်၊ ငွေကြေး၊ အစားအသောက်၊ အခြားရုပ်ဝတ္ထုပစ္စည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း ထောက်ပံ့ကူညီ ပေးရန် ကမ်းလှမ်းခဲ့ကြပါသည်။
သို့သော်လည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများက တံခါးကို ဖွင့်မပေးကြသေးပါ။ ကုလသမဂ္ဂ ကိုယ်၌က စိတ်ပျက်နေပြီဖြစ်သည့် ဖော်ပြချက်များကို ထင်သာမြင်သာကြားလာခဲ့ကြရသည်။ ကျန်သူများက မြန်မာပြည်ဝင်ခွင့်ရရေး စောင့်ဆိုင်းနေကြရချိန် တွင် ဒုက္ခရောက်နေကြသည့် ပြည်သူများက အသက်ငင်နေကြပြီ ဖြစ်သည်။
ယနေ့အချိန်အထိ နာဂစ်မုန်တိုင်း ကပ်ဘေးသင့်ပြည်သူများထံသို့ရောက်ရှိနိုင်သော လူသားချင်းစာနာသည့် အကူအညီ များမှာ သမုဒ္ဒရာတွင်းကျသည့် ရေတစက် ပမာဏမျှသာ ရှိပါသေးသည်။ အကူအညီပေးရေး ဌာနများ၏ အဆိုအရ မုန်တိုင်း ပြီး ရှင်ကျန်ရစ်သူများ၏ ၇၅% မှာ မည်သည့် ကယ်ဆယ်ရေး အကူအညီမျှ မရရှိသေးဘဲ ဖြစ်နေကြပါသည်။
လွန်ခဲ့သည့်အပတ်က အမေရိကန်ပြည်ထောင်စု၏ သမ္မတ ဘုရှ်က စစ်အစိုးရထံ ကမ်းလှမ်းခဲ့ပြီး၊ " အမေရိကန်ပြည်ထောင် စုက သင်တို့ကို ကူညီလိုပါကြောင်း၊ မြန်မာပြည်သူများကို ကူညီလိုပါကြောင်း၊ မိမိတို့ နှလုံးသားကို ဖွင့်၍ မြန်မာပြည်သူများ သို့ ကမ်းလှမ်းပါကြောင်း၊ ယခုလိုကြောက်မက်ဖွယ် ကပ်ဘေးဆိုးကို ၀ိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် အကူအညီပေးလိုပါ ကြောင်း" ဆိုလာခဲ့သည်။
ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန် ရေတပ်မှ USS Essex အပါအ၀င် စစ်သင်္ဘော ၃ စီးမှာ ထိုင်း ပင်လယ်အတွင်း ရှိနေကြပြီး၊ မရင်းတပ်သား ၁,၈၀၀၊ ရဟတ်ယာဉ် ၂၃ စင်းနှင့် ကမ်းတက်ယာဉ် ၅ စီး အသင့်ဖြစ်နေ ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။
" [အမေရိကန်ပြည်ထောင်စု] တပ်မတော်ဟာ ဒီလိုအခြေအနေတွေ ဖြေရှင်းနိုင်ဖို့အတွက် အတွေ့အကြုံရှိပြီး၊ လိုအပ်တဲ့ အရင်းအမြစ် အများအပြားလည်း ရှိနေပါတယ်" ပင်တဂွန်စစ်ဌာနချုပ်၏ သတင်းပြန်ကြားဆိုင်ရာ အတွင်းဝန် ဂျော့ဖ် မိုရဲလ် (Geoff Morrell) က သတင်းထောက်များကို ပြောကြားခဲ့သည်။ သူက အကြီးအကျယ် ပျက်စီးဆုံးရှုံးမှု ဖြစ်စေခဲ့သော ၂၀၀၄ ခုနှစ်၊ ဆူနာမီကပ်ဘေးကာလက လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီနိုင်ခဲ့မှုများကို ရည်ညွှန်းပြောဆိုသည်မှာ သံသယ ဖြစ်ဖွယ် မရှိပါ။
ကျန်ကမ္ဘာ့နိုင်ငံများက ဆိုင်ကလုန်းနာဂစ် မုန်တိုင်းဒဏ်ခံရသော ပြည်သူများကို ကယ်ဆယ်နိုင်ရန်နှင့် လိုအပ်သည်များကို အကူအညီပေးနိုင်ရန် စိတ်ပူပန် ဇောကပ်နေကြသော်လည်း၊ မြန်မာစစ်အစိုးရကတော့ သူတို့၏ အတုအယောင် ဆန္ဒခံယူပွဲ နှင့် အာဏာတည်မြဲရေးကိစ္စများအပေါ်တွင်သာ အာရုံများ၊ အမှုထားနေပါသည်။
အတိုက်အခံခေါင်းဆောင်များနှင့် လှုပ်ရှားသူများက ယခုအခါ ဤဖြစ်ရပ်များကိုထောက်ပြ၍ ဗိုလ်ချုပ်သန်းရွှေကို လူသား ချင်းစာနာမှုအပေါ် ချိုးဖောက်သော ရာဇ၀တ်မှုကျူးလွန်နေပြီဟု စွပ်စွဲနေကြသည်။
အစိုးရပိုင် သတင်းစာများတွင် ဆန္ဒခံယူပွဲအတွက် ၀ါဒဖြန့်ကြော်ငြာများ၊ ဆောင်းပါးများဖြင့်သာ မိုးလုံးပြည့်ဖျောက်ဆိပ်ဖြစ် နေပြီး၊ ထောက်ခံမဲပေးကြရန် တောင်းဆိုနေကြသည်။ အစိုးရပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ကလည်း နားမခံသာဖွယ် တေးသီချင်းများဖြင့် ကြားဖြတ်နှောက်ယှက် နေပါသေးသည်။ အထူးသဖြင့် လူအများကို "ထောက်ခံမဲ" ပေးကြရန် တိုက် တွန်းထားသည့် သီချင်းများကိုသာ ထုတ်လွှင့်နေခဲ့ပါသည်။
မုန်တိုင်းသင့်၍ ဒုက္ခရောက်နေကြရသူ ပြည်သူများနှင့် ဆိုက်ကလုန်းကြောင့် ဖြစ်ရသည့် အပျက်အစီးများကို ဖော်ပြသည့် သတင်းများတွင်မူ ယူနီဖောင်းအကျော့သားနှင့် ပြုံးရွှင်နေသည့် စစ်ဗိုလ်ချုပ်များက အစားအသောက်နှင့် ရေများကို စိတ် ဖိစီး တုန်လှုပ်နေကြသည့် ဆိုက်ကလုန်းကပ်ဘေးသင့် ပြည်သူများကို ထောက်ပံ့ပေးလှူနေကြပုံကိုသာ ပြနေကြပါသည်။ အသက်ရှင်ကျန်ရစ်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၌ စစ်အစိုးရက ဦးဆောင်လုပ်နေသည့်အသွင် ၀ါဒဖြန့်မှုများ လုပ်ဆောင်နေကြသည်။
စစ်အစိုးရက မေလ ၁၀ ရက် နေ့တွင် ဆန္ဒခံယူပွဲကျင်းပမည်၊ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကြေညာခဲ့ချိန်မှစ၍ အကြောက်တရားလေထုက နိုင်ငံကို လွှမ်းမိုးထားခဲ့သည်။ "ထောက်ခံမဲ" ရရှိစေရန် ခြိမ်းခြောက်သည့် နည်းလမ်းမျိုးစုံကို အစဉ်လုပ်ဆောင်လာနေခဲ့သည်။ မြန်မာပြည်ရှိ ၂၇ သန်းသော မဲဆန္ဒရှင်များထံမှ ထောက်ခံမဲများရ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့်အတိုင်း စစ်တပ်က အမြဲတမ်းဦးဆောင်မှု အခန်းကဏ္ဍနေရာယူ နိုင်ရန်လည်း ပြင်ဆင်ထားသည်။
ဝေဖန်နေသူများနှင့် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာနေသူများကမူ "အတုအယောင်" လုပ်ပွဲမျှသာဟု ဆိုနေကြပေပြီ။ စစ်တပ်က နိုင်ငံရေးအာဏာ ချုပ်ကိုင်ထားနိုင်ရေးအတွက် နိုင်ငံရေးလှည့်ကွက်တခုသာဟု ဖွင့်ဟပြောဆိုနေကြပြီ ဖြစ် သည်။ အဆိုပြုထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် လွှတ်တော်အမတ်နေရာများကို စစ်တပ်အတွက် သီးသန့်ဖယ်ချန် ထားကြပြီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့် အတိုက်အခံခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဏာမရ ယူနိုင်စေရေးအတွက် ပိတ်ဆို့တားဆီးမှုများ ပြဌာန်းထားသည်ဟု ထိုသူများက မှတ်ချက်ပြုခဲ့ကြသည်။
အစိုးရ၀န်ထမ်းများ၊ စစ်သားများနှင့် စစ်တပ်၏ ကျေးကျွန်သဖွယ် ဖြစ်နေသည့် ကြံ့ဖွံ့ (USDA) အဖွဲ့ဝင်များကိုမူ ကြိုတင်မဲ များပေးရန် စေခိုင်းခဲ့ပြီး၊ သံသယရှိစရာမလိုသည့်အချက်မှာ သူတိုအလိုကျ မဲပေးခဲ့ကြရခြင်းပင် ဖြစ်ပါသည်။
ပြည်ပနေသူ မြန်မာများကိုလည်း မဲပေးရန် "ဖိတ်ခေါ်ခဲ့ပါသည်။" သို့သော်လည်း ကန့်ကွက်မဲပေးမည်ဟု သင်္ကာမကင်းရှိခံရ သူများကိုမူ မြန်မာသံရုံးများအတွင်းသို့ ၀င်ခွင့်ပေးရန် ငြင်းဆန်ခဲ့ကြပါသည်။
ထို့နောက် စနေနေ့တွင် [ပျက်စီးဆုံးရှုံးမှုများသည့် မုန်တိုင်းကြီးပြီးနောက် အတိအကျတပတ်ပြည့်သည့်နေ့တွင်] မြန်မာ ပြည်သူလူများ နောက်ထပ်ဒေါသပွားရဖွယ် အဖြစ်၊ အစိုးရ ရုပ်မြင်သံကြားက ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏ဇနီးတို့က မဲပေး ရန် မဲရုံလာကြပုံကို ထုတ်လွှင့်ပြသခဲ့ပါသည်။ ဆိုက်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရပြီးနောက်ပိုင်းတွင် ထူးခြားစွာ သူတို့စုံတွဲ က လူမြင်ကွင်းမှ ပျောက်နေကြရာမှ ယခုမဲပေးချိန်ကျမှ ပြန်လည်ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
ရန်ကုန်ရှိ မြို့နယ်များ၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းများရှိ မဲဆန္ဒရှင်အများစုက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြကြရာတွင် မဲရုံမှူးများက အမှန်ခြစ်ပြီးသား မဲစာရွက်များကို ထုတ်ပေးခဲ့ကြသည်ဟု ဆိုကြပါသည်။ ဆိုလိုသည်မှာ စစ်အစိုးရ၏ ဖွဲ့စည်းပုံကို ထောက်ခံမဲပေးထားသည့် သဘောသက်ရောက်နေပါသည်။
စစ်အစိုးရ၏ ဆန္ဒခံယူပွဲသည် မည်သည့်နည်းဖြင့် တွက်တွက် လုံးဝ "မလွတ်လပ်၊ တရားမျှတမှု မရှိကြောင်း" စောဒက တက်ကြပါသည်။ သူတို့မဲပေးနေကြသည်ကို ကြံ့ဖွံ့အဖွဲ့ဝင်များနှင့် စစ်အစိုးရ အလိုကျလုပ်ဆောင်နေသည့် စွမ်းအားရှင်ခေါ် လုံခြုံရေးများ အပါအ၀င် အာဏာပိုင်များက စောင့်ကြည့်နေခဲ့ကြသည်၊ နေရာအတော်များများတွင် အရာရှိများက မဲပုံးများ အနီးတွင်ထိုင်၍ မည်သို့မဲပေးရမည်ကို ညွှန်ကြားအကြံပေးနေကြသည်ဟု ဆိုပါသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာပြည်သူများ၏ သက်သာ ချောင်ချိရေးကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ပြီး၊ ဆန္ဒခံယူပွဲ ရှေ့တိုးလုပ်ဆောင်မည်ဟူသော စစ်အစိုးရ ၏ ဆုံးဖြတ်ချက်ကို ရည်ညွှန်း၍လည်း မှတ်ချက်ပေးခဲ့ပါသေးသည်။ စစ်အစိုးရက မုန်တိုင်းကပ်ဘေးသင့်နေရာအချို့မှအပ ကျန်နေရာများတွင် ဆက်၍ကျင်းပခဲ့သည်။
" ယနေ့ မြန်မာနိုင်ငံ ကြုံတွေ့ခံစားနေရသည့် ကပ်ဘေးဒုက္ခ အတိုင်းအဆကို ကြည့်ခြင်းအားဖြင့်၊ မည်သို့ဆိုစေ၊ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အနေဖြင့် ယုံကြည်သည်မှာ ရရှိနိုင်သမျှသော အရင်းအမြစ်များ၊ စွမ်းအားများကို အရေးပေါ် တုံ့ပြန်ကူညီရေးကိစ္စများတွင်သာ စုစည်းအာရုံထားဆောင်ရွက်သည်ကသာ ပို၍ လက်တွေ့ကျ အဓိပ္ပါယ်ရှိပေ လိမ့်မည်" ဟု ကုလသမဂ္ဂ အကြီးအကဲ၏ ရုံးမှ ထုတ်ပြန်ကြေညာချက်တွင် ပြောဆိုထားခဲ့သည်။
မြန်မာစစ်အာဏာရှင်များ အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ခါးစည်းခံနေကြရပြီး၊ ယခုအခါ အဓိက သဘာဝ ကပ်ဘေးဆိုးကြီးသင့်ခံခဲ့ရသည့် ပြည်သူများမှာ မိအေးနှစ်ခါနာရသည့်ကိန်းပင် ဖြစ်သည်။
မြန်မာပြည်သူအများမှာ စွဲလန်းမှုကြီး အယူသည်းသူများဖြစ်ကြပြီး၊ သူတို့က ယခုနာဂစ် ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ် ဖျက်ဆီးခဲ့မှုကို တန်းခိုးရှင်များက ၀င်ရောက်စွက်ဖက်၍ အပြစ်ဒဏ်ခတ်ခြင်းဟု ယုံကြည်နေကြပါသည်။ တန်ခိုးရှင်များက စစ်အစိုးရ၏ ဆန္ဒခံယူပွဲကို ပျက်စေရန်နှင့် စစ်အစိုးရ ချိနဲ့အားပျော့၍ တည်ငြိမ်မှု ပျက်ပြားစေရန် ဒဏ်ခတ်ဆောင်ရွက်ခဲ့ကြ သည်ဟု ထင်နေကြပါသည်။
ဓလေ့ထုံးတမ်းများအရ မြန်မာလူမျိုးများက နိုင်ငံကို မင်းဆိုးမင်းညစ်များ အုပ်စိုးနေလျှင် ရေကြီးခြင်း၊ မုန်တိုင်းကျခြင်း၊ မီးသင့်ခြင်း စသည့် သဘာဝဘေးဆိုးများ ကြုံရတတ်သည်ဟု ယုံကြည်ကြပါသည်။ ဤသို့ဖြစ်ပေါ်သည့် ဘေးဆိုးများသည် လည်း မင်းဆိုးမင်းညစ်၊ အရည်အချင်းမရှိသည့် မင်းများကို ဖယ်ရှားသုတ်သင်မည့် သင်္ကေတလက္ခဏာများအဖြစ်လည်း ယူဆကြသည်။ သမာဒေ၀နတ်ကောင်းနတ်မြတ်များက မြန်မာပြည်ရှိ အုပ်ချုပ်သူများကို မနှစ်မြို့ကြတော့ဟု အဓိပ္ပါယ်ဖွင့် ကြပါသည်။
တန်ခိုးရှင်များက ၀င်ရောက်စွက်ဖက်သည်မှာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သေချာသည်ကတော့ ဆိုက်က လုန်း မုန်တိုင်းကြီးက မြန်မာနိုင်ငံ၏ နိုင်ငံရေးလမ်းကြောင်းကို ပြောင်းလဲစေခဲ့ပြီ ဖြစ်သည်။ မုန်တိုင်းကြီးနာဂစ်က စစ်အစိုးရ ၏ "လမ်းပြမြေပုံ" နှင့် ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို အခြေမှ ရိုက်ချိုး ချိနဲ့စေခဲ့ပြီ ဖြစ်သည်။ ဒေါသမုန်တိုင်းကြီး က ဗိုလ်ချုပ်သန်းရွှေနှင့် မရိုးမသားပြုကျင့်နေကြသည့် အိမ်တော်ပါလူစုများ၏ ဟန်ဆောင်မျက်နှာဖုံးကို ဆွဲချခဲ့ပြီ ဖြစ်သည်။ သူတို့၏ အစစ်အမှန်ရုပ်သွင်အတိုင်း ကမ္ဘာကို သိမြင်စေခဲ့ကြပြီ ဖြစ်သည်။
စစ်အစိုးရက ပြည်သူများ၏ ဒုက္ခအဖုံဖုံကို လျစ်လျူပြုထားသည်မှာ ဤတကြိမ်မျှသာ မဟုတ်ပါ။ ပြောရလျှင် ၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှစ၍ ဥပက္ခာထားကာ ဆက်တိုက်ကျင့်သုံးလာခဲ့သည့် မူဝါဒလည်း ဖြစ်သည်။
ဗိုလ်ချုပ်သန်းရွှေ၏ နိဂုံးရက်များ နီးလာပြီဟု တွေးထင်ချက်များသည်လည်း ယခုတိုင် စိတ်ကူးယဉ်မျှသာ ဖြစ်ကောင်းဖြစ် နိုင်ပါသည်။ သို့သော်လည်း မြန်မာပြည်သူများနှင့် ကမ္ဘာတလွှားရှိ သန်းပေါင်းများစွာသော ပြည်သူများအတွက်မှာမူ ဤသို့ ပို၍ ခိုင်ခိုင်မာမာ ယုံကြည်ထင်မြင်လာနေကြပါသည်။
ကပ်ဘေးမုန်တိုင်းသင့်ခံခဲ့ကြရသူ ပြည်သူများက လိုနေသည်မှာ မဲစာရွက်များ မဟုတ်ပါ။ အစားအသောက်၊ ရေနှင့် အမိုး အကာ၊ ဆေးဝါးများကိုသာ အလိုရှိနေကြပါသည်။ ထို့အပြင် မင်းဆိုးမင်းညစ်အောက်မှလည်း အမြန်လွတ်မြောက် လိုနေကြပါသည်။
အောင်ဇော်ရေးသားသည့် Black Saturday ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top] |