မြန်မာပြည်ကို ကယ်တင်ကြရတော့မည့်အချိန်
ရဲနည် | မေ ၁၃၊ ၂၀၀၈
မြန်မာပြည်တွင် ကပ်ကြီးသင့်နေပြီဟု ဆိုနိုင်သည်။ လူတသိန်းကျော် သေဆုံးခဲ့ရပြီး၊ လူပေါင်းတသန်းကျော်မှာလည်း အန္တရာယ် ထပ်ကြုံရမည့်အရေး ဖြစ်နေသည်။ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းက နိုင်ငံ၏ အခြေခံအဆောက်အဦ၊ လမ်းပန်း တံတာများနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဖျက်ဆီးပစ်လိုက်ပြီး၊ ဤပျက်စီးရမှုဒဏ်ရာဒဏ်ချက်က နောက်လာမည့်နှစ်များ စွာတိုင် ဆက်လက် ကျန်ရှိနေလိမ့်ဦးမည် ဖြစ်သည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ မြေမျက်နှာသွင်ပြင်က လုံးဝပြောင်းလဲသွားခဲ့သည်။ ပုပ်ပွနေသည့် အမျိုးသား၊ အမျိုး သမီးများ၏ အလောင်းများ၊ ကလေးအလောင်းများကလည်း လယ်ကွင်းအနှံ့အပြားတွင် ပျံ့ကျဲနေသည်။ တိရိစ္ဆာန်များ၏ အလောင်းများကလည်း မြစ်အတွင်း မျောပါနေပြီး၊ မြစ်ကမ်းပါးတွင် တင်နေသည်လည်း ရှိသည်။ ကံကောင်းထောက်မ၍ အသက်မသေကျန်ရစ်ခဲ့သူ ဒုက္ခသည် အများအပြားသည်လည်း ယခုအခါ အမိုးအကာ၊ အစားအသောက်နှင့် ဆေးဝါးကုသ မှု ခံယူနိုင်ရေးအတွက် သေလုမျောပါး ရုန်းကန်လှုပ်ရှားနေကြရသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်း များတွင် ဒုက္ခသည်များအတွက် ယာယီခိုလှုံရေးစခန်းများနှင့် ဆေးခန်းများ ဖွင့်လှစ်ထားရသည်။
မည်သို့ဖြစ်စေ၊ မြန်မာစစ်အာဏာပိုင်များအတွက်တော့ အာဏာကို လုံးဝထိန်းချုပ်ထားရေးအတွက်သာ ဦးတည်လုံးပန်းနေ ခဲ့ကြသည်။ အတိုင်းအတာ ကြီးမားသည့် အကူအညီပေးရေးလုပ်ငန်းများတွင် တွေ့ကြုံကျွမ်းကျင်မှုရှိပြီးဖြစ်သော နိုင်ငံရပ် ခြားမှ အကူအညီပေးရေးလုပ်သားများကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်ထားပြီး စစ်အစိုးရကိုယ်၌က လုပ်ဆောင်နေသည့် အကူအညီပေး ရေးလုပ်ငန်းများတွင်လည်း စီမံခန့်ခွဲမှု လွဲချော်မှုများက အများအပြားကို ကြားနေကြရသည်။ လေ့လာသူ များ၏ အဆိုအရ စစ်အစိုးရက ပေးအပ်လာမည့် အကူအညီအားလုံး ၎င်းတို့အစိုးရခေါင်းဆောင်များ၏ လက်တွင်းမှ ဖြတ် သန်းစေရန် တောင်းဆိုနေပြီး၊ သူတို့ကိုယ်တိုင်က ခိုးဝှက်ယူနေမှု၊ ခြစားမှုနှင့် ၀ါဒဖြန့်ချိရေးကိစ္စများတွင် အသုံးချနေမှုများ ဖြင့် နာမည်ပျက်နေကြပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တောင်ပိုင်းရှိ သတင်းရင်းမြစ်များက ဧရာဝတီမဂ္ဂဇင်းသို့ ပြောပြရာတွင် အချို့သောမြို့နယ် များတွင် စစ်တပ်က ရှင်ကျန်ရစ်သည့် ဒုက္ခသည်များကို ယာယီခိုလှုံရေးစခန်းများသို့ မ၀င်ရောက်နိုင်အောင် တားမြစ်ထား ကြောင်း သတင်းများလည်း ပေါ်ထွက်နေသည်။ ဥပမာ ဘိုကလေးမြို့တွင် ကပ်ဘေးဒုက္ခသင့်ရသူများကို ပျက်စီးခဲ့ရသည့် သူတို့၏ ကျေးရွာများသို့ ပြန်စေရန် အဓမ္မနှင်ထုတ်ခဲ့ကြောင်း ဆိုကြပါသည်။
သောကြာနေ့က ကုလသမဂ္ဂ၏ ရာသီဥတုခန့်မှန်းတွက်ချက်ရေးဌာနတခုဖြစ်သည့် ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ် (World Meteorological Organization) က လာမည့် ဗုဒ္ဓဟူးနေ့ (မေလ ၁၄ ရက်) မှစ၍ ရံဖန် ရံခါ မိုးရွာသွန်းမှု ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ဖော်ပြခဲ့ပါသည်။ ဤခန့်မှန်းချက်အရ "နောက်အပတ် ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် မိုး သည်းထန်စွာ ရွာသွန်းမှုများ ရှိနိုင်ကြောင်း" ဖော်ပြထားပါသေးသည်။
"ကံဆိုးမ သွားလေရာ မိုးလိုက်လို့ရွာ" ဟူသော မြန်မာစကားပုံအတိုင်း ဖြစ်နေပြီဟု ထင်ရသည်။
ပိုဆိုးသည်မှာ မြန်မာ့ စစ်ခေါင်းဆောင်များက ၎င်းအခြေအနေများကို အာရုံမထားနိုင်။ ဆန္ဒခံယူ ပွဲဖြင့် အလုပ်များနေကြ ပါသည်။ သူတို့က မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရပ်ခြား အကူအညီပေးရေးလုပ်သားများကို လက်ခံရန် အဆင်သင့် မဖြစ်သေး ကြောင်း ငြင်းဆိုခဲ့ကြပြီး နိုင်ငံခြား အကူအညီများကိုတော့ လက်ခံ မည်၊ နိုင်ငံရပ်ခြား ၀န်ထမ်းများကိုတော့ လက်မခံဟု ဆိုခဲ့သည်။
ထိုမျှမက စစ်အစိုးရ ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် အုပ်စုများက အထောက်အပံ့များကို လက်ဝါးကြီးအုပ် လုယူရန် ကြိုးပမ်းနေကြသေးကြောင်း ရန်ကုန်ရှိ ဒေသခံ အလှူရှင်အုပ်စုများနှင့် အန်ဂျီအိုအဖွဲ့များက ဆိုကြပါသည်။
ယခုအခါ လူသားချင်းစာနာမှု ကူညီပေးရေးလုပ်သားများကြားတွင် "မမျှော်မှန်းထားနိုင်သည့် ကြေကွဲဖွယ် အဖြစ်ဆိုးကြီး" သို့ ဆိုက်တော့မည်လောဟု စိုးရိမ်နေကြပါသည်။ အသက်ရှင်ကျန်ရစ်နေကြသူများမှာ ယခုတိုင် ရေ၊ အစားအစာနှင့် သန့် ရှင်းကျန်းမာရေးကိစ္စများ ရရှိနိုင်ခြင်း မရှိသေးပါ။ ယခုလာမည့်အပတ်တွင် သည်းထန်မည်ဟု ခန့်မှန်းထားသော မိုးကြောင့် ယာယီစခန်းများတွင် ရှင်သန်ရပ်တည်နိုင်ရေး ကြိုးပမ်းနေကြရသော ဒုက္ခရောက်ကြရဦးမည်မှာ မုချဖြစ်သည်။ အမိုးအကာ မပြင်နိုင်ကြသေးဘဲ မိုးမိကြရဦးမည် ဖြစ်နေသည်။
အိုင်ဝပ်နေသော ရေများတွင် ပေါက်ဖွားနေသည့် ခြင်များကြောင့် သွေးလွန်တုတ်ကွေးနှင့် ငှက်ဖျားကူးစက်ရောဂါများ ကူးစက်ပျံ့ပွားလာနိုင်ခြေလည်း ရှိနေသည်။ လူသေအလောင်းများ၊ တိရိစ္ဆာန်အသေကောင်ပုပ်များက မြစ်ရေနှင့် အခြား ရေရရှိရန်နေရာများကို ညစ်ထေးနေစေသောကြောင့်လည်း ဘက်တီးရီးယားပိုးများ အလျှင်အမြန် ကူးစက်ပျံ့ပွားနိုင်ပြီး ကာလ၀မ်းရောဂါ၊ တိုက်ဖွိုက် အူရောင်ငန်းဖျား၊ ၀မ်းပျက်ဝမ်းလျှောနှင့် ၀မ်းကိုက်ရောဂါများ ဖြစ်လာဖို့ အန္တရာယ် ရှိနေပါ သေးသည်။ ကံကောင်းထောက်မ၍ ယာယီအမိုးအကာအောက်၊ ဒုက္ခသည်များ စခန်းသို့ရောက်ရသူများ ပင်လျှင် နေရာ ကျဉ်းကျဉ်းကျပ်ကျပ်တွင် ကလေးများ စုပြုံထားရမှုကြောင့် ၀က်သက်နှင့် အခြားအသက်ရှုလမ်းကြောင်းမှ ကူးစက်နိုင် သည့် ရောဂါများ အလျှင်အမြန် ပျံ့ပွားခံစားရနိုင်ခြေလည်း ရှိနေပါသည်။
(Oxfam) အောက်စ်ဖမ်းအဖွဲ့၏ ဒေသဆိုင်ရာ တာဝန်ခံ ဆာရာ အိုင်ယာလန် (Sara Ireland) က တနင်္ဂနွေနေ့တွင် ပြောခဲ့ ရာတွင် "ဒီလို အခြေအနေ ဒုက္ခပေါင်းစုံဖိစီးမှုအောက်မှာ လူ တစ်သန်းခွဲလောက် အန္တရာယ်ကြုံနေကြရတယ်" ဟု ဆိုခဲ့ပါ သည်။
သို့သော်လည်း ကံဆိုးသည်မှာ ဤကပ်ဘေးဆိုးကြီး ဖြစ်လာမည့်အရေးကို ကျန်သည့်ကမ္ဘာက မစွမ်းသာဘဲ လက်ပိုက် ကြည့်နေကြရပါ သည်။ အနည်းအကျဉ်းမျှသာ စွမ်းဆောင်ကူညီပေးနိုင်ကြပါသည်။
ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဘားနဒ် ကုချနာ (Bernard Kouchner) က ကုလသမဂ္ဂအနေဖြင့် အသစ်အတည်ပြု ပေးအပ်ထားသည့် "အရပ်သားပြည်သူများကို ကာကွယ်ပေးရန်" ဟူသည့်တာဝန်ကို အသုံးချဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်း နှင့် မြန်မာစစ်ဗိုလ်ချုပ်များ တားဆီးနေသော်လည်း မြန်မာပြည်တွင်းဝင်ရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် တောင်းဆိုခဲ့သေးသည်။ သို့သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နှင့် အလှည့်ကျအဖွဲ့ဝင် ၈ နိုင်ငံ တို့က မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးသင့်နေသည့်ကိစ္စနှင့် ကယ်ဆယ်ရေးအစီအစဉ်များ တိုးတက်မြန်ဆန် စေရေးကိစ္စ ၀ိုင်းဝန်းဆွေးနွေးကြရန် တင်ပြသည့် ပြင်သစ်နိုင်ငံ၏ အဆိုကိုပင် ငြင်းပယ်ခဲ့ကြသည်။ ဤအချိန်တွင် မည်သို့ ဖြစ်စေ ပြင်သစ်နိုင်ငံက ကယ်ဆယ်ရေးအကူအညီ တန်ချိန် ၁,၅၀၀ တင်ဆောင်ထားသည့် သင်္ဘောတစင်းကို စေလွှတ်ခဲ့ပြီ ဖြစ်သည်။
ကုလသမဂ္ဂက မြန်မာအာဏာပိုင်များ ပူးပေါင်းဆောင်ရွက်လာစေရေးအတွက် အနည်းဆုံးလုံလောက်သည့် ဖိအားပေးမှု များ ပြုလာနိုင်လိမ့်မည်ဟု ယူဆကောင်း ယူဆထားနိုင်ပါသည်။ ရှုပ်ထွေးတင်းကျပ်လွန်းသည့် ပြည်ဝင်ခွင့် ဗီဇာလိုအပ်ချက် များ လျှော့ပေါ့ပေးပြီး၊ စောင့်ဆိုင်းနေကြသည့် ကယ်ဆယ်ရေးလုပ်သား ၁,၀၀၀ ကျော်ကို ၀င်ခွင့်ပြုရန် လိုအပ်နေပါသည်။ သို့သော်လည်း ကုလသမဂ္ဂက ဤသို့ဖိအားပေး စွမ်းဆောင်နိုင်စွမ်း မရှိသေးပါ။
နိုင်ငံခြားတိုင်းပြည်များအနေဖြင့် ယခုကပ်ဘေးပြဿနာကို နိုင်ငံရေးပြဿနာအဖြစ် မပြုလုပ်ရရန် တရုတ်နိုင်ငံ အစိုးရက ၀င်ရောက် ပြောဆိုခဲ့ပါသည်။ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျင်ဂန်း (Qin Gang) က "မြန်မာနိုင်ငံရဲ့ လိုအင်ဆန္ဒနဲ့ အချုပ်အခြာအာဏာကို အပြည့်အ၀ ထည့်သွင်းစဉ်းစားသင့်တယ်" ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း ၀မ်းနည်းဖွယ်အခြေအနေမှာ မုန်တိုင်းသင့်ဖျက်ဆီးခံလိုက်ရသော မြန်မာနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများမှာ အိုးအိမ်မဲ့ခြင်း၊ ငတ်မွတ်ရခြင်း၊ ရောဂါဘယများ ထူပြောနေခြင်းများ တွေ့ကြုံခံစားနေရသည့်အပြင် လူမဆန် လွန်းသည့် စစ်အစိုးရလုပ်ရပ်များကြောင့် ပို၍ ဆိုးရွားစွာ ဒုက္ခဖိစီးနေကြရပါသည်။ ယခုအချိန်တွင် ကမ္ဘာ့ပြည်သူများ အနေဖြင့် ဒုက္ခတွေ့ကြုံနေကြရသော ပြည်သူများ သက်သာချောင်ချိစေရန် ဆောင်ရွက်ပေးကြရမည့် မိမိတို့၏ လူသားဆိုင် ရာ ကျင့်ဝတ်တာဝန်များထက်၊ နိုင်ငံတခု၏ အချုပ်အခြာအာဏာကို ပို၍ဦးစားပေးမည်လောဟု ဆုံးဖြတ်ကြရတော့မည့် အချိန် ဖြစ်ပါသည်။
နိုင်ငံတခု၏ အချုပ်အခြာအာဏာဆိုသည်မှာ သူတို့၏ နယ်နိမိတ်အတွင်း ပြည်သူများသိန်းနှင့်ချီ၍သေစေရန် အစိုးရက လွတ်လပ်စွာ ကြိုက်သလို ပြုကျင့်ဆက်ဆံနိုင်ခွင့်ပြုထားသည်ဟု အဓိပ္ပါယ်မရပါကြောင်း။
ရဲနည်ရေးသားသည့် သတင်းဝေဖန်ချက် Time to Save Burma ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top] |