#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

နာဂစ် အလွန်
ကြည်ဝေ၊ ရန်ကုန်| ဧပြီ ၉၊ ၂၀၀၈

တာမွေ
တာမွေဈေးထဲက ဆန်ဆိုင်တွေရဲ့ ရှေ့နားမှာ ပြည်တွင်းဖြစ်ပိတ်စနဲ့ ချုပ်ထားတဲ့ မိန်းမကိုင် လေးထောင့်ပိုက်ဆံအိတ် တအိတ်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားတဲ့ အသက် ၃၀ ၀န်းကျင်အရွယ် အင်္ကျီ အ၀ါနုရောင်ဝတ် အမျိုးသမီးတဦး ညှိုးငယ်စွာ ရပ်နေတယ်။

“၀ယ်ရမှာတွေနဲ့ ရှိတဲ့ ပိုက်ဆံနဲ့ သိပ်ကွာနေလို့ ရပ်ပြီးစဉ်းစားနေတာ” လို့ သူ့ အခက်အခဲကို ပြောပြပါတယ်။

သူတို့ စားနေကြ ပေါ်ကျွဲဆန် တပြည်ဟာ လဆန်းပိုင်းတုန်းက ကျပ် ၁၀၀၀ ပေါက်ဈေးရှိခဲ့ပေမယ့် ဒီနေ့မှာတော့ ၂၀၀၀ ကျပ်ဈေးဖြစ်နေပါပြီ။ မနေ့တုန်းက တပြည်ကို ၁၆၀၀ ကျပ်ဈေးနဲ့ ရခဲ့သေးတယ်။ ဆန်ကြမ်း အမျိုးအစားတွေထဲက ရှာကြည့်တော့ ဧည့်မထတို့ ဇီယာတို့လို ဆန်တွေ မရှိတော့ဘူး၊ ပြတ်ကုန်ပြီလို့ ဆန်ဆိုင်ရှင်က ပြန်ပြောကြောင်း သူမက ပြောပြပါတယ်။

လောလောဆယ် ရန်ကုန်က ဆန်ဆိုင်တွေမှာ ၀ယ်လို့ရနေတာက ဟိုင်းကြီး၊ ပေါ်ကျွဲနဲ့ ပေါ်ဆန်း စတဲ့ ဆန်တွေပဲ တွေ့ရပြီး အခြေခံလူတန်းစား အစားများတဲ့ ဆန်ကြမ်းအမျိုးအစား အတော်များများကို ဈေးကွက်ထဲမှာ မတွေ့ရလောက်အောင် ရှားပါးနေတာ တွေ့မြင်ရပါတယ်။

အဲဒီဆန်တွေရဲ့ ဈေးနှုန်းတွေကလည်း အနည်းဆုံး တပြည် ၁၅၀၀ ကနေ အများဆုံး တပြည်ကို ၂၅၀၀ ကျပ်ဈေးဖြစ်နေပြီး ဆန်အိတ် တအိတ်တန်ဖိုးဟာ ခု ရက်ပိုင်းအတွင်း ကျပ် ၄၀၀၀ ကနေ ကျပ် ၈၀၀၀ ထိ တက်သွားခဲ့တယ်လို့ ဆန်ဆိုင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနက်ဖြန်ဆို ထပ်တက်ဖို့ပဲ ရှိတယ်လို့ ဆိုင်ရှင်က ဆိုတဲ့အတွက် ပေါ်ကျွဲဆန်ကို တနေ့စာ နို့ဆီဗူး နည်းနည်းပဲ ၀ယ်တော့မယ်လို့ စိတ်ကူးထားကြောင်း ပြောပြပါတယ်။ ခုချိန်မှာ မနက်ဖြန်အတွက် မစဉ်းစားနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

မီးသွေးဈေးဟာလည်း နေ့စဉ်နဲ့ အမျှ တက်နေခဲ့တာ မုန်တိုင်းမကျခင်တုန်းကတော့ မီးသွေးဈေးက တပိဿာ ၃၅၀ ကျပ်ဈေးပဲ ရှိပါသေးတယ်။ မေလ ၃ ရက်နေ့ကနေ စပြီး တက်သွားလိုက်တာ ဒီနေ့ဈေးက တပိဿာ ကျပ် ၈၀၀ ဈေးဖြစ်နေပါပြီ။ မနက်ဖြန်ဆိုရင်...မီးသွေး တပိဿာ ၁ ထောင်ကျော် သွားနိုင်တယ်လို့ သူက ညည်းညူပါတယ်။

ခုလို လျှပ်စစ်မီးမရှိတဲ့အချိန်မှာ ဆင်းရဲချမ်းသာမရွေး မီးသွေးကိုပဲ အဓိကထားပြီး သုံးစွဲနေရတဲ့အတွက် မီးသွေးဈေးတွေ မြင့်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

မီးသွေး အရောင်းဆိုင်ရှင် တဦးကတော့ “ မီးသွေးက ၀ယ်လိုအားနဲ့ ရောင်းလိုအားတောင် မမျှဘူးဖြစ်နေတယ်၊ လက်ကျန်မီးသွေးမရှိသလောက်ပဲ” လို့ ပြောပြပါတယ်။

ဖယောင်းတိုင် ဈေးကလည်း မေလ ၂ ရက်နေ့တုန်းက အထုပ်သေးတထုပ်ကို ၃၅၀ ကျပ်၊ အထုပ်ကြီး တထုပ်ကို ၅၀၀ ကျပ်နဲ့ ၀ယ်လို့ရပါသေးတယ်။ မေလ ၈ ရက်နေ့ ပေါက်ဈေးက အထုပ်သေး တထုပ်ကို ကျပ် ၈၀၀ ဖြစ်နေပြီ။ အထုပ်ကြီး တထုပ် ၁၇၀၀ ဈေး ရှိနေပါပြီ။

ဖယောင်းတိုင်ဖိုး၊ ရေနံဆီဖိုး၊ ဆီမီးဖိုး မတတ်နိုင်တဲ့သူတွေကတော့ အမှောင်ထဲမှာပဲ ဒီအတိုင်း နေနေကြတာ တွေ့ရပါတယ်။ တချို့နေအိမ်တွေမှာ ဘထ္ထရီ၊ အင်ဗာတာ စတာတွေ ရှိပေမယ့် ခုချိန်မှာတော့ အားသွင်းမရလို့ သုံးမရဘူး လို့ ဆိုပါတယ်။ ဂျင်နရေတာ ရှိသူတွေကလည်း ဒီဇယ်ဈေး ၁ သောင်းဝန်းကျင်ဖြစ်နေတဲ့အတွက် ချွေတာ နေကြတာ တွေ့ရပါတယ်။

နာဂစ်မုန်တိုင်းပြီးကတည်းက တနေ့တခြားတက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် မငတ်ရုံတမယ် ထမင်းစားရဖို့က ပထမ ဖြစ်နေပြီလို့ အိမ်ရှင်မတဦးဖြစ်တဲ့ မအေးအေးမာက ပြောပြပါတယ်။

“ကျမဆိုရင် ပေါင်နှံစရာ ဘာမှတောင်မကျန်တော့ဘူး။ အဲဒီလိုပဲ အိမ်နားက လူတွေလည်း နေ့တိုင်း အပေါင်ဆိုင်သွားပြီးမှ ဈေးသွားနိုင်ကြတယ်” လို့ သူမက ပြောပြပါတယ်။

တလ ကျပ် ၁သိန်း ၂သောင်း ရတဲ့ အစိုးရ၀န်းထမ်း အရာရှိ ဒေါ်ခင်မာဝေကလည်း မုန်တိုင်းကြောင့် အိမ်အမိုးလန်ကုန်လို့ အိမ်ပြန်မိုးဖို့အတွက် အကြွေး ၃ သိန်းတင်ခဲ့ပြီလို့ သူမက ပြောပြပါတယ်။

“ဒီတလ လုံးလုံး ဘယ်လို စားရမှန်းမသိအောင်ပဲ။ ခုချိန်မှာ အသားငါး မပြောပါနဲ့ ကြက်ဥ တလုံး ၃၅၀ ကျပ် ဖြစ်နေတဲ့အတွက် ကြက်ဥတောင် မစားနိုင်တော့ပါဘူး” လို့ သူမက ဆိုပါတယ်။

ကြက်ဥ၊ ဘဲဥသာမက အခြေခံလူတန်းစားအများစု အစားများတဲ့ ငါးပိရည်နဲ့ ငါးပိဈေးကလည်း တဆယ်သားကို ၃၀၀ ကျပ်ဈေးဖြစ်နေတာ တွေ့ရပါတယ်။

“ဈေးအမိုးတွေ လန်ကုန်တော့ ပစ္စည်းတွေတော်တော်များများ ရေတွေစိုပြီး ပျက်စီးကုန်တဲ့အတွက် ဈေးတွေကတော့ တက်ဦးမှာပဲ၊ ခုချိန်မှာ ၀ယ်လို့ စားလို့ရတာတောင် ကျေးဇူးတင်သင့်တယ်” လို့ တာမွေဈေးက ဈေးသည် တဦးက ဆိုပါတယ်။

လက်ရှိအနေအထားနဲ့ ပတ်သက်ပြီး တောင်ဒဂုံမှာနေတဲ့ အိမ်ရှင်မ တဦးကတော့ “နာဂစ်မုန်တိုင်း ပြီးသွားကတည်းက နေ့စဉ်နဲ့အမျှ တရိပ်ရိပ်တက်လာတဲ့ ကုန်ဈေးနှုန်းရဲ့ ဒဏ်ကို ကျမတို့ အလူးအလဲ ခံနေရတယ်။ မုန်တိုင်းကြောင့် မသေဘဲ ကျန်တဲ့သူတွေ ငတ်ပြီး သေတော့မယ် ထင်ပါရဲ့” လို့ သုံးသပ်ပြောဆိုပါတယ်။

ကျောက်တံတားမြို့နယ်၊ ဘားလမ်း၊ အင်တာနက်ကဖေး
ဆိုင်ထဲမှာ ရှိတဲ့ ကွန်ပျူတာအလုံး ၄၀ လုံးလုံး သုံးစွဲသူတွေ ပြည့်နေတဲ့အပြင်၊ အင်တာနက်သုံးစွဲဖို့ ထိုင်စောင့်နေတဲ့သူတွေကလည်း အယောက် ၂၀ ကျော်လောက် ရှိနေတဲ့အတွက် သူအနေနဲ့ တော်တော်စိတ်ပျက်သွားမိတယ် လို့ အသက် ၂၆ နှစ်အရွယ် အမျိုးသား တဦးက ပြောပြပါတယ်။

မေလ ၂ ရက်နေ့ မုန်တိုင်းကြောင့် ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ ဖုန်းလိုင်းအားလုံး ပြတ်တောက်ခဲ့ရသလို၊ အင်တာနက်သုံးစွဲမှုတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။

မေလ ၅ ရက်နေ့ ညပိုင်းမှာ ဂျီအက်စ်အမ် ဖုန်းလိုင်းတချို့ပြန်ရတယ်လို့ ကြားလိုက်ရသလို တချို့နေရာတွေမှာ မီးစက်နဲ့ အင်တာနက်သုံးလို့ ရပြီလို့ ကြားသိနေရပေမယ့် အင်တာနက်ဆိုင်တွေမှာတော့ သုံးစွဲလို့ ရနေတာ မတွေ့ရသေးပါဘူး။

မေလ ၆ ရက်နေ့ ကျမှ မြို့နယ်တချို့က ဆိုင်အနည်းငယ်မှာ မီးစက်မောင်းပြီး သုံးစွဲနေကြတာ တွေ့မြင်ရပါတယ်။ အဲဒီနေ့က အင်တာနက် သုံးစွဲခကတော့ ပုံမှန်မရှိသေးပါဘူး။ တနာရီ ၂ ထောင် တောင်းတဲ့ဆိုင်ရှိသလို သုံးထောင်ထိ တောင်းတဲ့ ဆိုင်တွေရှိတာ တွေ့ရပါတယ်။ ဘယ်လောက်ပဲ တောင်းတောင်း ကျေကျေနပ်နပ် ပေးကြပြီး အင်တာနက် သုံးလို့ရတယ်ဆိုတာနဲ့တင် ၀မ်းသာအားရ သုံးစွဲနေကြတာ တွေ့မြင်ရပါတယ်။

“စင်ကာပူမှာ အလုပ်လုပ်နေတဲ့ သားက သိပ်စိတ်ပူနေတာ။ ဖုန်းတွေကလည်း မရ၊ အင်တာနက်ကလည်း မရဆိုတော့ ခုလို အွန်းလိုင်းပေါ်မှာ ဖုန်းနဲ့ ဆက်သွယ်လို့ ရတော့မှပဲ စိတ်ထဲအေးသွားတော့တယ်” လို့ သားဖြစ်သူထံ မိသားစုဝင်တွေ အထိအခိုက်မရှိကြောင်း အသိပေးလိုက်ရတဲ့ မိခင်တဦးက အင်တာနက် သုံးခအနေနဲ့ ငွေကျပ် ၃ ထောင်ကုန်ကျပေမယ့် ကျေနပ်ကြောင်း ပြောပြပါတယ်။

မေလ ၇ ရက်နေ့မှာတော့ ဆိုင်တချို့ မီးစက်တွေကို အသုံးပြုပြီး ဖွင့်လာကြတာ တွေ့ရပါတယ်။ သို့ပေမယ့် သုံးစွဲသူ ဦးရေနဲ့ မမျှတသေးတဲ့အတွက် အင်တာနက်သုံးစွဲဖို့ အချိန်ယူစောင့်ဆိုင်းနေရဆဲပါပဲ။ အင်တာနက် သုံးစွဲခတွေကတော့ မနေ့ကထက် စာရင် ပိုပြီး သက်သာလာတာ တွေ့မြင်ရပါတယ်။

“တနာရီ ၁ ထောင်က ပုံမှန်ဈေးလို ဖြစ်သွားပြီ။ ဒါပေမယ့် ကိုယ့်အလှည့်ကျအောင် စောင့်ရတာ ၁ နာရီလောက် ကြာတယ်” လို့ အမျိုးသား တဦးက ပြောပြပါတယ်။

သူ့အနေနဲ့ အင်တာနက် သုံးစွဲဖို့အတွက် နံနက် ၉ နာရီကတည်းက ဆိုင်မှာလာစောင့်တာ ၁၀ နာရီကျော်လောက်ကျမှ သုံးစွဲခွင့်ရတယ်လို့ ဆိုပါတယ်။ ဆိုင်ရှင်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ကိုယ်လို သုံးစွဲချင်သူတွေကို ငဲ့ညှာတဲ့ အနေနဲ့ တယောက်ကို တနာရီနှုန်းပဲ သုံးကြတာ တွေ့ရတယ် လို့ သူက ပြောပြပါတယ်။

နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်တဲ့၊ သွားရောက်ကျောင်းတက်တဲ့ မိသားစုဝင်တွေ အတော်များများဟာ အင်တာနက်ကဖေးတွေမှာ ဘယ်လောက်ကြာကြာစောင့်ရ စောင့်ရ စိတ်ရှည်လက်ရှည်နဲ့ စောင့်ပြီး သုံးနေကြတာ တွေ့ရပါတယ်။

အင်တာနက်ပေါ်က စက္ကန့်တိုင်းမှာ တက်လာတဲ့ သတင်းတွေကို စိတ်ဝင်စားသူတွေကလည်း သုံးစွဲနေရတဲ့ အချိန်အတွင်း စစ်အစိုးရ ပိတ်ထားတဲ့ ၀က်ဘ်ဆိုက်တွေကို ကြိုးစားပန်းစားဖွင့် ဖတ်ကြ၊ ကြည့်ကြတာ တွေ့မြင်ရပါတယ်။

ဆယ်ကျော်သက်အရွယ်ကစလို့ အသက် ၆၀ အရွယ်ထိ သုံးစွဲသူအမျိုးမျိုးရှိရာမှာ အများစုကတော့ ဂျီတော့ကို အသုံးပြုပြီး နိုင်ငံခြားက မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့သာ မက ရန်ကုန်ထဲက သူတွေနဲ့ပဲ ချက်တင်ထိုင်ပြီး အဖြစ်အပျက်တွေကိုပြောဆို ဖလှယ်နေကြတာလည်း တွေ့မြင်ရပါတယ်။

စီအန်ဂျီဓါတ်ငွေ့အရောင်းဆိုင်
သမိုင်း၊ ရန်ကုန်မြို့

ဒီနေ့မနက် စောစော ၄နာရီကတည်းက အိပ်ရာထလာပြီး ဓာတ်ငွေ့ရရှိရေးအတွက် တန်းစီနေတဲ့ အငှားယဉ်မောင်း ဦးတေဇော တယောက် နေ့လည် ၁ နာရီ ထိုးတဲ့အထိ သူ့ကား ဆီဆိုင်နား မရောက်နိုင်သေးတဲ့အတွက် စိတ်ပျက်နေရပါပြီ။

“ဒီပုံအတိုင်းဆို ညနေ ၃ နာရီမှပဲ ရတော့မယ့် ပုံရှိတယ်။ ဟိုတနေ့ည ၁၂ နာရီက စစီတာလည်း နောက်တနေ့မနက် ၁၀ နာရီမှ ရတယ်” လို့ ညည်းညည်းညူညူ ပြောဆိုပါတယ်။

ဓာတ်ငွေ့တခါထုတ်ရဖို့အရေး နာရီပေါင်းများစွာ တန်းစီနေရတဲ့အတွက် ခရီးသည်အငှားလိုက်ချိန် မရဘူးလို့ သူက ပြောပြပါတယ်။

သမိုင်းလမ်းဆုံမှာရှိတဲ့ စီအန်ဂျီ ဓာတ်ငွေ့အရောင်းဆိုင်ကနေ ဓာတ်ငွေ့ထုတ်ဖို့အတွက် တန်းစီနေကြတဲ့ ကားတန်းကြီးဟာ ကျိုက်ဝိုင်းဘုရားလမ်းကနေ မင်းဓမ္မလမ်း၊ မင်းဓမ္မလမ်းကနေ ဗဟိုလမ်း၊ ဗဟိုလမ်းကနေ သမိုင်းလမ်းဆုံဆိုင်ထိ ရောက်အောင် တတန်းကြီးရှိနေပါတယ်။

မုန်တိုင်းဝင်ရောက်ပြီးကတည်းက ဓာတ်ငွေ့ဆိုင်အားလုံး ရပ်ဆိုင်းသွားခဲ့တာ မေလ ၄ ရက်နေ့မှာ မြောက်ဥက္ကလာပက စီအန်ဂျီအရောင်းဆိုင်နဲ့ ခြောက်ကွေ့က စီအန်ဂျီအရောင်းဆိုင် စုစုပေါင်းဆိုင် ၂ ဆိုင်က မီးစက်သုံးပြီး စဖွင့်လာတယ်လို့ စီအန်ဂျီကားမောင်းသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဓာတ်ဆီ၊ ဒီဇယ် ဆိုင်အချို့လည်း စပေးနေတယ်လို့ သိရပေမယ့် ဆီသွားထုတ်တဲ့ ကားအတော်များများ ပြန်လာရတာ တွေ့ရပါတယ်။

ပြင်ပ ဒီဇယ်ဈေးက ယခင် ၁ ဂါလံ ကျပ် ၅ ထောင်ဝန်းကျင် ဈေးကနေ အဲဒီနေ့က တဂါလံကို ၁၂၀၀၀ ကျပ်ဈေး၊ ဓာတ်ဆီ ၁ ဂါလံ ၁၀၀၀၀ ကျပ်ဈေးထိ ဈေးမြင့်ခဲ့ပါတယ်။

မေလ ၅ ရက်နေ့ထိ ဆိုင်အတော်များများပိတ်ထားတဲ့အတွက် ကားတွေအတော်များများ ပုံမှန်မထွက်နိုင်ဘဲ သွားလာရေး အခက်အခဲဖြစ်လျက်ရှိသလို ဘတ်စ်ကားပြင်ပ ဒီဇယ်ဈေးက ကျပ် ၁၀၀၀၀ ထိ ကျသွားပြီး ဓာတ်ဆီဈေးလည်း ကျပ် ၈၀၀၀ ထိကျသွားပါတယ်။

မေလ ၆ ရက်နေ့မှာတော့ တမြို့နယ်ကို တဆိုင်နှုန်းနဲ့ စီအန်ဂျီတွေပြန်ပေးနေတယ်လို့ ဘတ်စ်ကား မောင်းသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီဇယ်ဈေးနဲ့ ဓာတ်ဆီပြင်ပ ပေါက်ဈေးကတော့ ဆက်လျက်ကျဆင်းသွားခြင်းမရှိသေးပါဘူး။

“ဒီဇယ်ဈေးကတော့ ထပ်မကျနိုင်တော့ဘူးလို့ ပြောနေကြတယ်။ အခုအချိန်က ရေမရတဲ့ ပြဿနာ၊ မီးမရတဲ့ ပြဿနာတွေ ရှိနေတော့ ဒီဇယ်ဈေး ဘယ်လောက်ပေးရပေးရ မဖြစ်မနေ ၀ယ်သုံးနေရတယ်။ အစိုးရအနေနဲ့ ဒါတွေကို နားလည်ပြီး အစိုးရ ပေါက်ဈေးနဲ့ ပုံမှန်လေး ရနေအောင် လုပ်ပေးသင့်တယ်” လို့ ကားပိုင်ရှင်တဦးက ဆိုပါတယ်။

အစိုးရဆီဆိုင်တချို့ကို ပိတ်ထားဆဲဖြစ်တဲ့အတွက် ကားတွေဟာ အခက်အခဲဖြစ်နေကြဆဲလို့ သိရပါတယ်။

ဘတ်စ်ကားခ ဈေးနှုန်းတွေအနေနဲ့လည်း တမှတ်တိုင်စာ ခရီးကို ကျပ် ၃၀၀ နှုန်း ပေးစီး နေရပြီး ခရီးစဉ် စ ဆုံးဆိုရင် ကျပ် ၁၀၀၀ နှုန်းပေးစီးနေရဆဲဖြစ်ပါတယ်။

ကြားကားတွေနဲ့ တက္ကစီခတွေကလည်း အရင်ပေါက်ဈေးထက် ၁ ဆ ကျော်ကျော်မြင့်တက်သွားပါတယ်။

“အရင်က မြို့ထဲ(ဆူးလေ)ကနေ အင်းစိန်ထိကို ၄၀၀၀ လောက်ပေးရတယ် အခု ၁၂၀၀၀ တောင်းတယ်” လို့ ဆူးလေကနေ အင်းစိန်ထိ အငှားကားစီးခဲ့သူ တဦးက ပြောပြပါတယ်။ ။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.