#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

လိုနေပြီ ကြင်နာသူများ
အေးချမ်းမြေ့| မေ ၉၊ ၂၀၀၈

ပုပ်ပွနေတဲ့ လူသေအလောင်းတွေ ကျွဲနွားအလောင်းတွေက ရေလက်ကျန်ထဲမှာ ပေါလောမျောလို့။ ကျမကဓာတ်ပုံပဲ ကြည့်နေရတာဆိုတော့ အနံ့ဆိုးတွေမရပါဘူး။ ဒါပေမယ့် အသက်မသေဘဲ ကျန်နေမယ့် လူတွေ.. ဘယ်လောက်များ အနံ့ဆိုးတွေရဲ့ ဒဏ်တွေ ခံနေရမလဲ။ ဘယ်လောက်တောင် ကြောက်ရှာနေမလဲ..။

ဆက်တိုက်ဝင်လာတဲ့ တယ်လီဖုန်း သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ ရုပ်မြင်သံကြား သတင်းတွေက ကျမကို ပြောပြနေတယ်။ မိန်းမနဲ့ ကလေး ပျောက်နေပြီး တယောက်ထဲ အသက်ရှင်ကျန်ခဲ့ရသူ။ မိသားတစုလုံး ရေနဲ့ပါသွားတာကို မြင်လိုက်ရသူ၊ ပြီးတော့ တရွာလုံးလုံး ပျောက်သွားရပြီး ကံဆိုးတာလား ကံကောင်းတာလားမသိ ၄၊ ၅ ယောက်ပဲ အသက်ရှင်တဲ့ထဲမှာ ကိုယ်တိုင် ကျန်ရစ်ခဲ့ရသူတွေ။

မုန်တိုင်းကြီး ဝင်မွှေခဲ့တာ ၇ ရက်တောင်ရှိပြီဆိုတော့ အလောင်းတွေ ပုပ်ပွပြီး အနံ့ဆိုးတွေ ထွက်နေတော့မှာ။ သန့်ရှင်းတဲ့ရေ အလုံအလောက်မရတော့လို့ ရရာရေကိုပဲ သောက်ပြီး တချို့ ဝမ်းရောဂါ စဖြစ်နေပြီလို့ ပြည်တွင်းက သတင်းတွေ တက်လာတယ်။

ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာတော့ ဧရာဝတီတိုင်းက အပျက်အစီးပုံကြီး ဖြစ်လို့။ ကျမအထင် အဲဒီအပျက်အစီးတွေကို ဘယ်လောက်ကြာကြာ ရှင်းရမလဲ။ ၁ လလား၊ ၃ လ လား၊ ၁ နှစ်လား။ ဖျာပုံမြို့က ဆေးရုံကြီးက လုံးဝစုတ်ပြတ်သတ်သွားပြီ။ အဲဒီအချိန်က လူနာတွေကော…။

နောက်ထပ် မြင်ကွင်းတခု ပြောင်းသွားတယ်။ ဘာမှလည်း အပြစ်မကျူးလွန်ရဘဲ ဒီဒဏ်ကို ကျနော်တို့ ကျမတို့ ခံလိုက်ရတယ် လို့ ပြောနေသလို မိသားတစု မျက်နှာတွေ ပေါ်လာတယ်။ ဘာမှမသိနားမလည်တဲ့ မျက်နှာတွေနဲ့ ကျွန်မတို့ ရှိရာကို ကြည့်နေကြလေရဲ့။

အရင်က သူတို့တွေ ဘာတွေလုပ်ကိုင် စားသောက်ကြပါသလဲ။ သေချာတာကတော့ တောင်သူဦးကြီးတွေ။ ကိုယ့်လယ်လေး ကိုယ်စိုက်ရင်း တနှစ်တခါ အလှူ အတန်း လေးလုပ်၊ ဥပုသ် သီတင်းလေး ဆောက်တည်ရင်း ရိုးရိုးသားသား ရှာဖွေ စားသောက် နေကြသူတွေ။

တချို့ကလည်း သီးပင်၊ စားပင်တွေ၊ ငှက်ပျောခြံ၊ ကွမ်းခြံတွေ စိုက်ပျိုးရင်း တချို့ကလည်း ငါးမွေးမြူရေးတွေလုပ်လို့၊ မီးသွေး ဖုတ်သူက ဖုတ်လို့ ဧရာဝတီတိုင်းရဲ့ မိရိုးဖလာ လက်ငုတ်လက်ရင်းလုပ်ကိုင်ရင်း ကိုယ့်ထမင်းကိုယ် ရိုးသားစွာ ရှာဖွေ စားသောက် နေကြသူတွေ။

အားလုံးသွားပြီ။ သဘာဝဘေးဆိုးကြီးက ဘာတခုမှ မချန်ထားခဲ့ဘဲ ဆွဲချသွားခဲ့ပြီ။ တချို့ မိဘပျောက်၊ တချို့ သားသမီးပျောက်၊ တချို့လည်း ညီအစ်ကို မောင်နှမတွေ ပျောက်ဆုံး ကုန်ရပြီ။ စီးပွားတွေ၊ ခြံတွေ၊ လယ်တွေ ဆိုတာထား။ လောလောဆယ် စားဖို့ ထမင်းတနပ်၊ ရေတခွက်၊ ကျောတခင်းစရာ ဘယ်ရှာရမှန်း မသိသူတွေ။

စစ်အစိုးရရဲ့ မဖြစ်စလောက် ကယ်ဆယ်ရေး လုပ်နေတဲ့ ပုံရိပ်တွေက ဖန်သားပြင်မှာ ပေါ်လာပြန်တယ်။ ဘာမှန်းမသိတဲ့ အထုပ်ငယ်လေးတွေကို စစ်ဗိုလ် တဦးကဝေငှလို့။ ရယူတဲ့ လူတွေက လက်ခုပ်တီး ပေးနေရတယ်။ တခါ သိပ်လေးပုံမရတဲ့ အထုပ်တွေကို မီးပူကျ စစ်ဝတ်စုံ အသစ်တွေဝတ်ထားတဲ့ စစ်သား တွေက လက်ဆင့်ကမ်းသယ်နေတာကို ရုပ်မြင်သံကြားက အမိအရ ရိုက်ယူထားတယ်။ ဖန်သားပြင်ပေါ် ထင်းထင်း ရှင်းရှင်း ပေါ်လာတာကတော့ စက္ကူပုံးတပုံးပေါ်က ဒုဗိုလ်မှူးကြီး မြင့်ဆွေ ဆိုတဲ့ စာတန်း။

ရန်ကုန်တိုင်းမှာ အဆိုးဆုံးက ကွမ်းခြံကုန်းတဲ့။ လူတွေ သောင်းဂဏန်း သေတယ်လို့ ကြားနေရတယ် အတိအကျတော့ မသိရသေးဘူး။

“ဘကြီး အမွေပေးထားတဲ့ လယ်တွေ ခြံတွေ အများကြီးရှိတယ်အစ်မ။ အသက်ကြီး လာရင်တော့ အဲဒီမှာပဲ သွားလုပ်စားတော့မယ်” လို့ မကြာခဏ ပြောတတ်တဲ့ ကွမ်းခြံကုန်းသား အယ်ဒီတာလေးကို သတိရ လိုက်တယ်။ သူ့အမေအတွက် စိုးရိမ်ပြီး ရွာပြန်သွားပြီတဲ့။ ဆက်သွယ်လို့မရတော့ဘူး။

သူရေးဖူးတဲ့ ကွမ်းခြံကုန်းနားက ရွာတရွာက မိဘမဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းလေး အကြောင်းနဲ့ အဲဒီကျောင်းလေးက ကလေးလေးတွေရဲ့ မျက်နှာတွေ ကျမမျက်စိထဲ မြင်လာမိတယ်။ လွတ်ပါ့မလား။

ကျမတို့ မြို့လေးကော..။

“မြို့ပျက်ကြီးပဲအမရေ။ အိမ်တိုင်း အိမ်တိုင်း အမိုးတွေလန်တယ်။ သစ်ပင်တိုင်းလဲတယ်။ ဓာတ်တိုင်တွေ အားလုံးပြိုတယ် အိမ်သေးသေးလေးတွေကတော့ အားလုံးပြိုတယ်” တဲ့။ ကျမတို့ သန်လျင်မြို့လေး အကြောင်းကို ညီမငယ် တယောက်က ဖုန်းထဲကနေ ပြောပြနေတာ။ ဆေးရုံက မွေးဆောင် လုံးဝ ပျက်စီးသွားတယ်။ စည်ပင်ရုံးကြီး အမိုးတွေမရှိတော့ဘူး။ ကျောင်းတွေ အားလုံး ပျက်စီးတယ်။ အထက ၂၊ အထက ၃ ဆိုရင် သစ်ပင်တွေပြိုကျလို့ အဆောင်တွေပါ ပျက်စီးတယ်။

ကျမအမေအိမ်ကတော့ မီးဖိုဆောင်တဆောင်လုံး ပြိုကျသွားတယ်တဲ့။ အိမ်ရှေ့က အုပ်ကြွပ်မိုးတွေက ဟောင်းနေပြီ။ ဘယ်ခံနိုင်မလဲ ပြိုတာပေါ့။ ခင်ပွန်းသည်က ဖုန်းထဲကနေ ပြောပြတယ်။

“မနက်ခြောက်နာရီ လေခဏငြိမ်တဲ့အချိန်ကျမှ ကလေးတွေကို သွားကြည့်ရတယ်။ ဟိုရောက်တော့ လေကပြန်တိုက်နေပြီ။ ကလေးတွေနဲ့ အမေ့ကို လွတ်ရာပို့ဖို့ ဘေးအိမ် တွေကို သွားအော်တဲ့အချိန်မှာ သွပ်စတွေ သစ်သားစတွေက လေထဲမှာ ပျံနေလို့ မနည်း ငုံ့ရှောင်ရတယ်”

ကျမခင်ပွန်းသည်က လေနည်းနည်းငြိမ်တဲ့ အချိန်မှာ အမေနဲ့ ကလေး ၂ ယောက်ကို ဘေးအိမ် လေလုံရာကို ပို့တဲ့အကြောင်း စွန့်စားခန်းကို ပြောပြတယ်။ အဲဒီအချိန်မှာ သားကြီးက ကိုယ်ချစ်ချစ်တောက်ပူနေတယ် တဲ့၊ အူရောင်တာလို့ပြောတာပဲ။

“မချိုရဲ့ ဈေးဆိုင်လေးကတော့ တဆိုင်လုံး လေထဲပါသွားတယ်။ ဘာမှကို မကျန်ခဲ့တော့ဘူး။ တို့အိမ်ကတော့ သစ်ပင်ပိလို့ ပြားချပ်သွားပြီ” တဲ့။ ကျမ အစ်မ ဝမ်းကွဲရဲ့ ဆိုင်ကလေးရယ်၊ ကျမတို့ မိသားစု အတူနေခဲ့ဖူးတဲ့ အိမ်လေးရယ်အကြောင်းကို ကျမခင်ပွန်းက ပြောပြနေတာ။ ဘယ်တတ်နိုင်ပါ့မလဲ အားလုံးဖြစ်တာလေ။

သန်လျင်မြို့သစ် အောင်ချမ်းသာရပ်ကွက်မှာ အိမ်ခြေ ၇၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားလို့ မူလတန်းကျောင်းလေး တကျောင်းမှာ နေနေရတယ်တဲ့။ ခရစ်ယာန် ဘုရားကျောင်း တကျောင်းက စောင့်ရှောက်ထားရတယ်လို့ ဒေသခံတဦးကပြောပြတယ်။

ကမ်းနားပိုင်းလို့ခေါ်တဲ့ ငွေသန်းဝင်း ဆန်စက်ဘက်မှာ လူ ၃၀၀ လောက် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားလို့ သန်လျင်မြို့ မဇ္ဇိမာရုံ ကျောင်းတိုက် ဆရာတော်က သူ့ကျောင်းမှာ တပတ် ခေါ်ထားမယ်တဲ့ ပြီးရင် ဒီလူတွေ ဘယ်ဆက်သွားရမလဲ။ အဲဒါတော့ ဘယ်သူမှ မပြောနိုင်ဘူး။ ဗိုလ်ချုပ်ရွာမှာလည်း မာလာရုံကျောင်းတိုက်က ဒုက္ခသည်စခန်း ဖွင့်ပေးထားတယ်။

ဒုက္ခသည်စခန်းတွေကို လိုက်ကြည့်ပြီး လိုအပ်တာတွေ လုပ်ပေးနေတဲ့ ကိုထွန်းထွန်းက ကျမကို ပြောပြတာပါ။ သန်လျင်မှာတော့ အသေအပျောက်က မရှိသလောက်ပဲ လို့ သူက ပြောပါတယ်။ ဒါပေမယ့် ကျောက်တန်းမှာတော့ အသေအပျောက် တော်တော်များတယ်လို့ ဆိုတယ်။ ကျောက်တန်းမှာနေပြီး သန်လျင်မှာ အလုပ်ဆင်းတဲ့ မူကြိုဆရာမလေး တဦးကတော့ အုန်းပင်ပိပြီး ကလေးတယောက်သေတယ် ကမ်းနားပိုင်းတွေမှာလည်း လူတွေ သေတယ်လို့ ပြောတယ်။

သီလဝါ ဆိပ်ကမ်းနားမှာ ကပ်ထားတဲ့ ရေတပ်ပိုင် သင်္ဘော ၅ စင်းမြုပ်သွားပြီး သင်္ဘောသား တော်တော်များများ ပျောက်ဆုံးနေတယ်လို့ ရေတပ် တပ်သားလေး တယောက်က ကျမကိုပြောပြတယ်။ အင်ဂျင်နီယာ အရာရှိတယောက်ကတော့ အလောင်း ပြန်ရတယ်။ သင်္ဘော တစင်းက စီအိုလို့ခေါ်တဲ့ အရာရှိတယောက်ကတော့ မသေဘဲ လွတ်လာလို့ စစ်မေးခံနေရတယ်တဲ့။

သင်္ဘော အကြီးစားက ၄ စီး၊ အသေးက တစီးလို့ပြောတယ်။ ရန်လွန်းအောင်၊ ရန်တိုင်းအောင်၊ ချန်ဂီ- ၈၀၂၊ ရန်စစ်အောင်- ၄၁၁ နဲ့ တရုတ်က ဝယ်ထားတဲ့ သင်္ဘော တစင်းလို့ ရေတပ်သားလေးက ပြောပြတယ်။ အဲဒီထဲမှာ ရန်စစ်အောင် တစီးပဲ သင်္ဘော အသေးပါတယ်တဲ့။

သီလဝါဆိပ်ကမ်းမှာ အလုပ်လုပ်နေတဲ့သူတဦးကလည်း သူအလုပ်စဆင်းတဲ့ မေ ၆ ရက်နေ့မှာ ဆိပ်ကမ်းကို ဘယ်ကမျောလာမှန်းမသိတဲ့ အမျိုးသမီး အလောင်း ၂ လောင်း လာတင်တယ်လို့ ဆိုတယ်။ ရန်ကုန်မြစ်ဘေး သန်လျင်ဘက်ခြမ်းမှာလည်း အလောင်းတွေလာတင်တယ်တဲ့။

သတင်းတွေကြည့်ရင်း နားထောင်ရင်းနဲ့တင် ကျမနှာခေါင်းထဲ အပုပ်နံ့တွေ ရလာသလို ခံစားလိုက်ရတယ်။ ကျမအမေက အသက်ကြီးပြီ ဆိုပေမယ့် သတ္တိရှိတယ်။ ပြီးတော့ ဆွေမျိုးတွေရှိတယ်။ အားလုံးမျှဝေပြီး နေကြမှာလေ။ အမေနဲ့ ကလေးတွေကို အဒေါ်တွေ ဦးလေးတွေက ဝိုင်းစောင့်ရှောက်ထားမှာ သေချာတယ်။ ပြီးတော့ ကျမမောင်လေးနဲ့ ခင်ပွန်းလည်းရှိတယ်။ သူတို့ ထမင်းမငတ်နိုင်ဘူး၊ ရေမငတ်နိုင်ဘူး။ ဖျားနေတဲ့ ကလေးတွေနဲ့ နေသိပ်မကောင်းတဲ့ အကို ကို အမေက ကောင်းကောင်း စောင့်ရှောက်မယ် ဆိုတာ သေချာတယ်။

ကျမ မိသားစုဝင်တွေထက် အများကြီး ဆိုးရွားတဲ့သူတွေ၊ အများကြီး ဝေဒနာခံစားနေရတဲ့ သူတွေ၊ ရေငတ်နေတဲ့သူတွေနဲ့ ထမင်းစားစရာမရှိတဲ့သူတွေ။ အမြန်ဆုံး ကယ်ဆယ်ဖို့ လိုအပ်နေတဲ့သူတွေရှိတယ်။ အများကြီး၊ အများကြီးပဲ။

ဒီနေ့မှာ အကူအညီရတယ် ဆိုရင်တောင် တော်တော်လေး နောက်ကျနေပြီ။ ဟိုးတနှစ်က ကမာရွတ်မီးဘေး အကြီးအကျယ် ခံခဲ့ရ၊ မနှစ်က မိုးကြီးလို့ ရေဘေးဒဏ်သင့်ခဲ့ရပြီး ခုတခါ လေဘေးသင့် ခံရသူတွေ မြောက်ဒဂုံမှာ။ ပြီးတော့ လှိုင်သာယာမှာ..။ အိမ်ကလေးတွေက စက္ကူစလေးတွေလို လေထဲ မြောက်ပါသွားခဲ့တာ လို့ ကုမ္ပဏီတခုမှာ သန့်ရှင်းရေး လုပ်နေတဲ့ မခိုင်က သူတို့ လှိုင်သာယာအကြောင်းကို ပြောပြနေတယ်။ ခုတော့ သူတို့ တမိသားစုလုံး သန်လျင်ဘက်က အမျိုးအိမ်တအိမ်မှာ ခဏသွားနေတယ်တဲ့။

“တတ်နိုင်သလောက်တော့ အချင်းချင်း ကူညီနေကြတာပဲ။ ကျမအိမ်ဆို တနေ့ ဆန် ၂ ပြည်ချက်ရတယ်” လို့ ကုမ္ပဏီဝန်ထမ်းတဦး ဖြစ်တဲ့ မလွင်ကပြောတယ်။ သူ့အနီး ပတ်ဝန်းကျင်က လုံးဝအိမ်မရှိတော့တဲ့သူတွေကို တတ်နိုင်သလောက် သူ့အိမ်ပေါ် ခေါ်တင်ထားတာလို့ ဆိုပါတယ်။ ဒါပေမယ့် သူလည်း ဘယ်လောက် ကြာကြာ တောင့်ခံနိုင်မလဲ မသိဘူးလို့ ဆိုပါတယ်။

ကူညီသူတွေက ကူညီပေမယ့် ရက်စက်သူတွေလည်း ရှိတယ်တဲ့။ လချုပ်နဲ့ငှားထားတဲ့ အိမ်မှာ ကိုမင်းမင်းက ဘေးက လုံးဝအိမ်မရှိတော့တဲ့ မိသားစုကို ခဏ ခေါ်ထားမိတယ်။ အဲဒီအိမ်က လစေ့နေပြီ အိမ်ရှင်က အတင်းဆင်းခိုင်းတယ်တဲ့။ ကိုမင်းမင်းက တလဆက် ငှားပါရစေ ဆိုတာတောင် မရဘူးလို့ ကျမကို ပြောပြပါတယ်။ သူကော အဲဒီမိသားစုပါ ဘယ်သွားရမလဲ မသိဘူးလို့ ဆိုပါတယ်။ သူတို့ ဗိုလ်ချုပ်ရွာမှာက အဲဒီလို အိမ်ပျောက်သွားတဲ့ သူတွေ အများကြီးလေ။

ဒုက္ခကြီးတဲ့သူနဲ့ သေးတဲ့သူပဲကွာတာ။ လိုအပ်နေပြီ။ ငတ်နေပြီ။

ကျမရဲ့နှာခေါင်းထဲမှာတော့ အပုပ်နံ့တွေ လှိုင်နေတယ်။ တီဗီ ဖန်သားပြင်ကနေတဆင့် ထွက်လာတဲ့ စစ်အစိုးရရဲ့ အပုပ်နံ့က တော်တော်လေး ပြင်းတယ်။ ။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.