မုန်တိုင်းကြားကရန်ကုန်
ကြည်ဝေ/ရန်ကုန် | မေ ၇၊ ၂၀၀၈
မေလ ၂ ရက်နေ့၊ နေ့လယ် ၁ နာရီ
စမ်းချောင်းမြို့နယ်
နာဂစ်မုန်တိုင်း မြန်မာပြည်ကို ၀င်မယ်ဆိုတဲ့သတင်းကို ရေဒီယိုသတင်းတွေကနေ စကြားရတယ်။ ၂ ရက်နေ့ထုတ် အစိုးရ ပိုင်သတင်းစာတွေမှာ နာဂစ်မုန်တိုင်း ၀င်ရောက်နိုင်တယ် ဆိုတာလောက်ပဲ ဖေါ်ပြထားတယ်။ အစိုးရပိုင်သတင်းစာတွေမှာ အခုရက်ပိုင်းအတွင်း ခေါင်းကြီးအနေနဲ့ ဖော်ပြနေကြတာက မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် လူထု ဆန္ဒခံယူပွဲအတွက် စည်းရုံးဝါဒဖြန့် စာသားတွေပဲ ဆိုတော့ မုန်တိုင်းသတင်းဟာ မထင်မရှား စာမျက်နှာထဲမှာ မြုပ်နေခဲ့တယ်။ သတင်းစာ ဖတ်ရင်း ဒီလိုသတင်းမျိုးကို နေရာကောင်းမှာ ဖော်ပြသင့်တယ်လို့ တွေးလိုက်မိသေးတယ်။ ခုတော့ သိပ်အရေးမကြီး သလိုဘဲ ရေးသားထားတဲ့အတွက် တချို့က ဖတ်တောင်မဖတ်မိကြဘူးလို့ ပြန်ပြောကြတယ်။
ဒါပေမယ့် နေ့လယ် ၂ နာရီလောက်မှာ ပုသိမ်က သူငယ်ချင်းတယောက်က လှမ်းဖုန်းဆက်တယ်။ ဟိုင်းကြီးကျွန်းမှာ လေအရမ်းကြမ်းနေပြီလို့ ကြားကြားခြင်း တခြားသူငယ်ချင်းတွေ မိတ်ဆွေတွေဆီကို ဖုန်းနဲ့ လှမ်းပြောဖြစ်တယ်။ ပြီးတော့ ချောင်းသာနားက ရွာတချို့ပျောက်သွားတယ်တဲ့ သတင်းစကားတွေကတော့ အမျိုးမျိုး ထွက်လာတယ်။ သေချာအောင် ချောင်းသာကို ဖုန်းခေါ်ပေမယ့် ဖုန်းခေါ်လို့မရတော့ဘူုး။
ရန်ကုန်မှာလည်း ရုံးတွေ၊ကျောင်းတွေ ပြန်လွှတ်ပေးနေပြီ။ လမ်းမပေါ်မှာ အိမ်ပြန်ဖို့ ကြိုးစားနေတဲ့ သူတွေကို ကားမှတ်တိုင် တွေမှာတွေ့လာရတယ်။ တချို့ကလည်း မယုံတ၀က်ယုံတ၀က်နဲ့ တချို့ကလည်း အထိတ်ထိတ်အလန့်လန့်နဲ့ အိမ်အရောက် ပြန်ကြတယ်။
ညနေ ၄နာရီ လောက်မှာ ရန်ကုန်မြို့ပေါ်က သတင်းဂျာနယ်တချို့က သတင်းထောက်တချို့ ဧရာဝတီတိုင်း ပုသိမ်ကို ဆင်းသွားကြတယ် ဆိုတဲ့ သတင်းစ ကြားရတယ်။ သိပ်မကြာခင်မှာပဲ လမ်းမှာ ရှေ့ဆက်သွားလို့မရဘူး ဆိုတဲ့ သတင်းတွေ လည်း ထွက်လာတယ်။
ည ၆နာရီထိ မုန်တိုင်းရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရသေးတော့ လူတွေက မယုံကြတော့ဘူး။ ည ၆ နာရီသတင်း မှာရော ၈ နာရီသတင်းမှာပါ မြန်မာ့ရုပ်မြင်သံကြားကနေ မုန်တိုင်းအထူးသတင်း ထုတ်ပြန်ချက်ဆိုပြီး လွှင့်လာတယ်။ ဒါပေမယ့် လူတွေက မယုံကြည်ကြတော့ဘူး။ မိုးလေ၀သက မုန်တိုင်းတိုက်မယ်လို့ ကြေညာရင် ရာသီဥတု သာယာပြီပဲ သူတို့က အမြဲတမ်းမှားနေတာလို့ ပြောနေကြတယ်။ အစိုးရ သတင်းစာနဲ့ အစိုးရပိုင် သတင်းမီဒီယာတွေပေါ်မှာ လူတွေ ယုံကြည်မှုမရှိကြဘူးဆိုတာ တွေ့ရတယ်။
မေလ ၂ ရက်၊ သန်းခေါင်ချိန် ၁၂ နာရီမှာ မိုးရွာပေမယ့် ခပ်ပါးပါးပဲ။ ဒါပေမယ့် ည ၁နာရီကျော်တော့ တဖြည်းဖြည်းနဲ့ လေတိုက်လာတယ်။ မိုးပါးပြီး လေထန်လာတယ်။
မေလ ၃ ရက်၊ နံနက် ၂နာရီ
လေပြင်းပြင်းထန်ထန်တိုက်လာတဲ့ အသံတွေကြောင့် အိမ်က လူကြီးတွေရော၊ ကလေးတွေပါ အားလုံး နိုးလာကြတယ်။ အိမ်ခေါင်းမိုးပေါ်မှာ လေတွေတဝေါဝေါနဲ့ တိုက်နေလိုက်တာ ကလေးတွေက ကြောက်ပြီး အော်ကြတယ်။ လူကြီးတွေက ဘုရားစာတွေ စရွတ်စပြုလာပြီ။ ဖုန်းတွေ ဆက်လို့ ရနေသေးတဲ့အတွက် သတင်းထောက်တွေအချင်းချင်း ဘယ်နေရာမှာ ဘယ်လို ဖြစ်နေပြီဆိုတာကို ပြောပြလို့ ရနေသေးတယ်။ အခြေအနေကတော့ သိပ် မကောင်းလှဘူး။ လေတွေက ပြင်းသထက်ပြင်းလာပြီကိုး။
မေလ ၃ ရက်နေ့ ၊ နံနက် ၄နာရီ
တဖြည်းဖြည်းနဲ့ ပိုပြင်းထန်လာတဲ့ လေတိုက်နှုန်းကြောင့် ၈ ထပ်တိုက်ပေါ်က လူတွေအားလုံး အောက်ဆင်းပြေးကြတယ်။ မပြေးလို့လည်း မဖြစ်ဘူး။ အိမ်ခေါင်မိုးပေါ်မှာ သွပ်တွေ စလန်နေပြီ။ အိမ်ထဲမှာ မိုးရေတွေ ရောက်နေပြီ။ မိုးစိုနေတဲ့ ကလေးတွေလည်း သိပ်ကြောက်နေကြပြီ။
မေလ ၃ ရက်၊ နံနက် ၄ နာရီ
ရန်ကုန်၊ ၀ါးတရာ
မိုးသံလေသံတွေနဲ့အတူ တသိမ့်သိမ့်လှုပ်နေတဲ့ သူတို့ရဲ့ တဲအိမ်လေးထဲမှာ အသက် ၈ နှစ်အရွယ်သားကြီးနဲ့ အသက် ၅ နှစ်အရွယ် သမီးငယ်ကို ခပ်တင်းတင်းဖက်ထားရင်း သံဗုဒ္ဓေဂါထာကို အခေါက်ခေါက် အခါခါ ရွတ်နေမိတယ်လို့ မုန့်လက်ကောက်သည် မဦးက ပြောပြပါတယ်။
သူတို့ရဲ့ ဘေးပတ်ဝန်းကျင်တွေမှာတော့ ကယ်ကြပါဦး ဆိုတဲ့ အသံတွေကြားရပြီး မကြာခင်မှာ တ၀ုန်းဝုန်းပြိုလဲသံတွေ ဆက်တိုက်ကြားလိုက်ရတယ်။ ဒါနဲ့ မဦးလည်း အိမ်ထဲမှာ မနေ သင့်တော့ဘူး ဆိုတဲ့အသိ ချက်ခြင်းဝင်လာပြီး ကလေး နှစ်ယောက်ကို လက်တစ်ဖက်ဆီကနေ ဆွဲလို့ တဲအိမ်ထဲကနေ ပြေးထွက်လိုက်တယ်။ သူတို့ သားအမိ သုံးယောက် အိမ်ရှေ့ လည်း ရောက်ရော သူတို့ တဲအိမ်လေး တအိအိနဲ့ ပြိုဆင်းသွားတာကို တွေ့လိုက်ရတယ်။
ကလေးနှစ်ယောက်ကို လက်တင်းတင်းဆုပ်ထားရင်း ဘယ်ပြေးလို့ ပြေးရမှန်းမသိဖြစ်နေတဲ့ သူ့ ကို ဘေးအိမ်က မကျင်ငွေ က ဒီဘက်ကိုလာလို့ခေါ်ပြီး လဲပြိုနေတဲ့ သူတို့ရဲ့ အိမ်ဘေးနားမှာပဲ မြေပေါ်မှာ ပြားပြားမှောက် ၀ပ်စေတယ်။ မ၀ပ်လို့လည်း မဖြစ်ဘူး။ လေထဲမှာ ပျံဝဲနေတဲ့ သစ်သားတွေ၊ အိုးခွက်တွေနဲ့ တခြားပစ္စည်းတွေက သူတို့တွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တယ် မဟုတ်လား။
ကွင်းပြင်ထီးထီးထဲမှာ နေထိုင်ရတဲ့ သူတို့တွေက ခုချိန်မှာ ဘယ်ပြေးလို့ပြေးရမှန်းမသိနဲ့ ခိုကိုးရာမဲ့ ဘဝလေ။ သူတို့ နေထိုင်တဲ့ ၀ါးတရာဆိုတာ လှိုင်မီးဘေးတုန်းက မီးဘေးသင့်ခဲ့တဲ့ ပြည်သူတွေကို အစိုးရက ပြန်ချပေးခဲ့တဲ့ မြေရိုင်းနေရာ တခုဖြစ်ပါတယ်။ သစ်ပင်ကြီး တပင်မှ မရှိတဲ့ ကွင်းပြင်ထဲမှာ အကွက် ရိုက်ပြီး နေနေရတာပါ။
မေလ ၃ ရက်နေ့၊ နံနက် ၁၁ နာရီ
မေလ ၂ ရက်နေ့ ည ၁၂ နာရီနောက်ပိုင်းမှာ စတိုက်လိုက်တဲ့လေပြင်းဟာ ၃ ရက်နေ့ နံနက် ၁၁နာရီလောက်မှာ ငြိမ်စပြု လာပြီ။ ပြိုတဲ့ အိမ်တွေလည်း ပြိုခဲ့ပြီ၊ ခေါင်းမိုးလန်တဲ့ အိမ်တွေလည်း လန်ခဲ့ပြီ။ သစ်ပင်ပိတဲ့ အိမ်တွေလည်း မြေပြင်မှာ ပိပိပြားပြားဝပ်ခဲ့ပြီ။ လူတွေရဲ့ မျက်နှာတွေမှာလည်း မိုးရေနဲ့ မျက်ရေ ရောခဲ့ရပြီ။
သွေးဆုတ်နေတဲ့ မျက်နှာဖြူဖျော့ဖျော့တွေနဲ့ ကိုယ်စီကိုယ်ငှအိမ်ပြင်ထွက်ဖို့ ကြိုးစားရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့် တော့ ကိုယ့်တအိမ်တင် ဒုက္ခရောက်ခဲ့တာ မဟုတ်ဘူး။ သူများလည်း ကိုယ့်လိုပဲ ဒုက္ခရောက်နေတာပါလား ဆိုတာကိုလည်း ကိုယ်စီကိုယ်ငှ မြင်တွေ့နေရပြီ။ ဒါပေမယ့် ဘယ်သူ့ ဘယ်သူမှ ဘယ်ကနေ ဘယ်လို စလုပ်ရမယ်မှန်း မသိဖြစ်ကြရပြီ။

(ဓာတ်ပုံ - ဧရာဝတီ) |
မေလ ၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ
လမ်းမတွေပေါ်ကို လူတွေ တယောက်စ နှစ်ယောက်စ စရောက်နေကြပြီ။ အိမ်က ကလေးတွေ ဗိုက်ဆာနေတဲ့အတွက် အစာရှာထွက်ကြတဲ့ မိဘတွေကိုလည်း လမ်းတွေပေါ်မှာ တွေ့နေရပြီ။ ဘယ်ဆိုင်မှ မဖွင့်ဘူးဆိုတဲ့ အသံတွေ၊ ဆိုင်တွေက လုမှာစိုးလို့ ပိတ်ထားကြတယ်ဆိုတဲ့ စကားတွေကြားကနေ မိဘတွေဟာ ကလေးတွေအတွက်၊ မိသားစုတွေအတွက် စားစရာတခုခုကို မရရအောင်ရှာကြဖို့ ကြိုးစားနေကြတယ်။ အိမ်နဲ့ ဆိုင်တွဲထားတဲ့ ဆိုင်ခန်းတွေရဲ့ တံခါးတွေကို တ၀ုန်းဝုန်း ထုရင်း ဖွင့်ပေးဖို့ ပြောကြတယ်။
တဖြည်းဖြည်းနဲ့ ဆိုင်ခန်းတွေရဲ့ တံခါးရွက်ကလေးတွေ စ ပွင့်လာတယ်။ ပြီးတော့ …စားစရာ ပစ္စည်းတွေကို အရင်ထက် ၁ ဆ တက်ပြီး ရောင်းကြတော့တယ်။ ဆန်တပြည်ကို ငွေကျပ် ၂ ထောင်ထိ ဈေးတက်ရောင်းနေတာတောင်ရှိတယ်လို့ တောင်ဒဂုံမှာ နေတဲ့ ကျောင်းဆရာမ တယောက်က ပြောပြပါတယ်။
နေစရာ အိမ်မရှိတော့တဲ့ သူတွေနဲ့ ဆန်ဝယ်စားဖို့အတွက် ပိုက်ဆံ မလောက်တဲ့ သူတွေကတော့ ဒီအတိုင်းပဲ ဘာလုပ်လို့ လုပ်ရမှန်းမသိ ငုတ်တုတ်ထိုင်နေကြတယ်လို့ ၀ါးတရာမှာနေတဲ့ မုန့်လက်ကောက်သည် မဦးက ပြောပြပါတယ်။
“မေလ ၃ ရက်နေ့ မပြောနဲ့ ၄ ရက်နေ့ နေ့လယ်ပိုင်းအထိ ဘယ်ကယ်ဆယ်ရေးမှ ကျမတို့ ဆီကို ရောက်မလာကြဘူး” လို့ သူက ပြောပါတယ်။
မေလ ၃ ရက်နေ့ ကစပြီး ကုန်ဈေးနှုန်းတွေဟာ အရင်ဈေးတွေထက် ၁ ဆကနေ ၂ ဆထိ တက်သွားကြတာကို တွေ့ရပါ တယ်။ ဘဲဥ တလုံးကို ငွေ ၂၀၀ နဲ့စရောင်းကြတယ်။ သွပ်ဆိုင်တွေက သွပ်တွေ တပေကို အနည်းဆုံး ကျပ် ၂၀၀၀ ဈေး ကနေ ၃၀၀၀ ဈေးထိ တက်ရောင်းနေကြတာကို အရင်ဈေးက သွပ် ၁ပေကို ၁၂၀၀ ဈေးပဲရှိတာပါလို့ အိမ်ခေါင်မိုးလန်လို့ သွပ်လိုက်ရှာနေတဲ့ သူတယောက်က ပြောပြပါတယ်။
ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေ စားစရာ အခက်အခဲဖြစ်နေမယ်ဆိုတာကို သိကြပေမယ့် ကိုယ့်အိမ်မှာလည်း အိမ်ပျက် နေလို့၊ အိမ်ရှေ့ လမ်းမကြီးမှာ ပိတ်နေလို့၊ ဆင်ဖြေဖုံး ရပ်ကွက်တွေထိ ကားလမ်း မပေါက်လို့ စတဲ့ အကြောင်းကြောင်း တွေကြောင့် အဲဒီနေရာတွေကို ဘယ်သူကမှ သွားပြီး ထမင်းထုပ်ဝေတာတွေ၊ ပစ္စည်းလှူဒါန်းတာတွေ မလုပ်နိုင်ကြပါဘူး။
“ကိုယ့်အချင်းချင်းပဲ အကူအညီပေးရတော့တာပဲ။ ဆန် ၂ ဘူးရှိတဲ့သူက ဆန်ပြုတ်ကြတယ်။ ကလေးနဲ့ အသက်ကြီးတဲ့သူ တွေကို ဦးစားပေးပြီး ဝေပေးကြတယ်။ အားလုံးကတော့ ကယ်မယ့်သူတွေ ကူညီမယ့်သူတွေကို မျှော်နေကြတာပဲ” လို့ ရွှေပြည်သာမှာ နေထိုင်သူ တဦးက ဆိုပါတယ်။
မေလ ၄ ရက်နေ့
အိမ်ခေါင်မိုးဖို့ သွပ်ရှာတဲ့သူတွေ၊ အိမ်ပြင်ဖို့ ကြိုးစားတဲ့သူတွေ၊ ဆန်ရှာတဲ့ သူတွေနဲ့ လမ်းမကြီးတွေပေါ်မှာ လူတွေ ပြန်ရောက်လာကြပါပြီ။ ဘတ်စ်ကားတချို့ စပြီးပြေးပါပြီ။ သို့ပေမယ့် ကားခတွေကတော့ တက္ကစီခတွေနီးပါး မြင့်နေတာ တွေ့ရပါတယ်။ ဘတ်စ်ကားခ ကျပ် ၅၀ ယူနေကျ ခရီးတွေကို မေလ ၄ ရက်နေ့မှာ တယောက် ကျပ် ၂၀၀၀၊ ၁၀၀ တန် ခရီးကိုတော့ ကျပ် ၃၀၀၀ ထိ တက်ယူကြတာ တွေ့ရပါတယ်။
“စီအန်ဂျီဆိုင်တွေရော ဓာတ်ဆီဆိုင်တွေပါ ပိတ်နေတယ်။ ကျနော်တို့ ဒီဇယ် ၁ဂါလန်ကို ကျပ် ၁သောင်းဈေးနဲ့ ၀ယ်ရတယ်။ လူတယောက် အနည်းဆုံး ကျပ် ၁၀၀၀ ကားခ မယူလို့မရဘူး” လို့ လိုင်းကားဆွဲနေတဲ့ ကားဆရာ တဦးက ပြောပါတယ်။
မေလ ၄ ရက်နေ့မှာ ကားတချို့လမ်းပေါ်ပြန်ရောက်လာသလို လူတိုင်းအိမ်တိုင်းမှာ သောက်ရေသန့် ပြဿနာတက်နေပါပြီ။ ၂၀ လီတာ သောက်ရေသန့် ဘူးကြီး ၁ ဘူးကို အနည်းဆုံး ကျပ် ၁၀၀၀ ကနေ ၃၀၀၀ ထိ ဈေးအမျိုးမျိုးနဲ့ ရောင်းနေကြပါပြီ။ ဒါတောင် လိုသလောက်မရနိုင်ပါဘူးလို့ သိရပါတယ်။
မြို့ပေါ်မှာ နေထိုင်ကြသူတွေက ရေဒုက္ခ ခံနေရပြီး ဆင်ခြေဖုံးတွေမှာ နေတဲ့သူတွေကတော့ စားစရာ ဆန်ကို မ၀ယ်နိုင် တော့တဲ့ အခြေအနေဖြစ်နေတယ်လို့ ရွှေပြည်သာကနေ စမ်းချောင်းထိ လာပြီး အလုပ်ကြမ်းလုပ်တဲ့သူ တယောက်က ပြောပြပါတယ်။
“မနေ့ကတည်းက ထမင်းမစားရတဲ့ သူတွေ ကျနော်တို့ ဆီမှာ အများကြီးပဲ။ လူတွေကလည်း အားလုံးက ဒုက္ခရောက်နေကြ တော့ ကျနော်တို့ ဆီကို ထမင်းထုပ်ဝေတာတွေ ဘာတွေတောင် မလုပ်နိုင်ကြဘူး” လို့ သူက ပြောပါတယ်။
ကိုယ်ထူကိုယ်ထ လမ်းရှင်းကြပြီး ကိုယ့်အချင်းချင်း ရိုင်းပင်းနေကြတဲ့ လူတွေက စစ်အစိုးရဆီကနေ ဘယ်လို ပံ့ပိုးကူညီမှု တွေ ရမလဲ ဆိုတာကို ဘယ်သူကမှ မစဉ်းစားကြတော့ပါဘူုး။
လှိုင် ဆရာများရိပ်သာမှာ နေထိုင်သူ တက္ကသိုလ် ဆရာမ တဦးကတော့ “ကျမတို့ အိမ်တွေမှာ ခေါင်မိုးတွေ လုံးဝ မရှိတော့ ဘူး။ အဲဒါကို ကိုယ့်စရိတ်နဲ့ပဲ ကိုယ်ပြင်ရမယ်လို့ ပြောတယ်။ ခုသွပ်ဈေးနဲ့ အစိုးရလခစားကျမ ဘယ်လိုလုပ်ပြီး ပြင်နိုင်မလဲ။ ပိုက်ဆံမှ မရှိတာ၊ အဲဒီတော့ အိမ်မမိုးနိုင်လို့ မိုးရွာရွာနေပူပူ ဒီအတိုင်းနေရမှာပဲ” လို့ ပြောပြပါတယ်။
အစိုးရ၀န်ထမ်းတွေရဲ့ နေအိမ်အတော်များများဟာ တခြားအိမ်တွေထက် ပိုပျက်စီးကြတာကို တွေ့ရပါတယ်။ အစိုးရ၀န်ထမ်း အိမ်ရာတွေရဲ့ အရည်အသွေးဟာ အာမခံလောက်တဲ့ အခြေအနေမရှိတာကြောင့် ခုလို ပျက်စီးရခြင်းဖြစ်တယ်လို့ ၀န်ထမ်း အိမ်ရာ နေထိုင်သူတွေက သုံးသပ်ပါတယ်။
“၀န်ထမ်းအိမ်ဆိုတော့ဗျာ ဆောက်တဲ့သူတွေကလည်း ဖြစ်သလိုဆောက်ကြတယ်၊ ကန်ထရိုက်တွေ ခိုးကောင်းကြတာကိုး။ ခုလို အိမ်တွေပြို အမိုးတွေ လန်ကုန်တာတောင် သက်ဆိုင်ရာက ခုချိန်ထိ ဘာလုပ်ပေးမယ်ဆိုတာ မရှိဘူး။ အားလုံး ကိုယ့် စရိတ်နဲ့ ကိုယ်ပဲ လုပ်နေကြတယ်။ မလုပ်နိုင်တဲ့ သူတွေကလည်း ဒီအတိုင်းနေရတာပေါ့ဗျာ” လို့ အစိုးရ အမှုထမ်း အရာရှိ တဦးက ဆိုပါတယ်။
အစိုးရ ၀န်ထမ်းအပါအ၀င် အခြား ကုမ္ပဏီဝန်ထမ်းတွေလည်း ကားခ ဈေးကြီးတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ) |
ကားခဈေးနှုန်းတွေက ၄ ရက်နေ့ကထက်စာရင် နည်းနည်း ကျသွားပေမယ့် လောလောဆယ်မှာတော့ အရင် ၅၀ တန်ခရီးကို ကျပ် ၅၀၀၊ ၁၀၀ တန်ခရီးကို ကျပ် ၁၀၀၀ နှုန်းပေးနေရဆဲပါပဲ။
ဆန်ဈေးကတော့ သိသိသာသာတက်လာခဲ့တယ်။ အရင် ဆန်ကြမ်းတအိတ်ကို ကျပ် ၂ သောင်းဝန်းကျင် ပေါက်ဈေးကနေ ခု ၂ သောင်း ၈ ထောင်ထိ ပေးဝယ်ရတယ်။
ဆန်ပြည်လိုက် ၀ယ်စားရတဲ့သူတွေကတော့ ပိုပြီးအခက်တွေ့ရပါတယ်။
၅ ရက်နေ့ ည၁၀ နာရီနောက်ပိုင်းမှာ ရပ်ကွက်တွေထဲကို လော်စပီကာတွေနဲ့ ဆန်တပြည် ကျပ် ၇၅၀ နှုန်း၊ စားအုန်းဆီ တပိဿာ ကျပ် ၂၄၀၀နှုန်းတွေနဲ့ ရောင်းချပေးမယ်၊ သံနဲ့ သွပ်တွေကိုလည်း လိုသလောက်ရောင်းချပေးမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။
“မနေ့ညက ကြေညာတာ ကြားပါတယ်။ ဒါပေမယ့် ကျမတို့ လှိုင်သာယာကိုတော့ ခုချိန်ထိ လာရောင်းပေးတာ မကြားရသေး ပါဘူး။ ဘယ်နေရာမှာ သွားရောင်းပေးနေလဲ မသိဘူး” လို့ လှိုင်သာယာ၊ ရွှေလင်ပန်းကျေးရွာမှာ နေထိုင်သူ တဦးက ဆိုပါတယ်။
တခြား ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်း လာရောက်ရောင်းချပေးခြင်း မရှိဘူးလို့ ကြားသိရပါတယ်။ ဆန်ကုန်သည်ကြီး တဦးကတော့ တခြား ဆန်ကုန်သည်တွေဆီကနေ ဆန်တွေတောင်းခံနေတယ်လို့ ကြားသိရပါတယ်။ ဘုရင့်နောင်က ဆန်ပွဲရုံ တွေမှာလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုတွေရှိတဲ့အတွက် ဆန်တွေ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။
လောလောဆယ်မှာတော့ ဆန်ဈေးတွေကို ခုထက်ပိုပြီး မတက်နိုင်အောင် ထိန်းသိမ်းနိုင်မယ့် အခြေအနေမရှိဘူးလို့ စီးပွားရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
[Top] |