#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မြန်မာ့နိုင်ငံရေး အကူးအပြောင်းမှာ လူထုအင်အားလိုပါသည်
မင်းဇင် | မေ ၆၊ ၂၀၀၈

မြန်မာ့နိုင်ငံရေးတွင် လက်ရွေးစင်လူတစုက ဦးဆောင်ပြောင်းလဲမည့် အသွင်ကူးပြောင်းရေးဟူသော အယူအဆ တရပ်သည် ၁၉၉၀ နှောင်းပိုင်းကာလမှ စတင်၍ လွှမ်းမိုးနေခဲ့သည်။ စစ်အစိုးရ ခေါင်းဆောင်များထဲမှ သဘော ထားပျော့ပျောင်းသူများ နှင့် အတိုက်အခံများထဲမှ အလယ်အလတ်သဘောထား ရှိသူများအကြား စေ့စပ်ညှိနှိုင်း ခြင်းဖြင့် ငြိမ်းချမ်းစွာ အသွင်ကူး ပြောင်းရေး တရပ် ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုကြသည်။ ဤအစီအစဉ်တွင် အတိုက်အခံ အင်အားစုများဖက်မှ သေချာစနစ် တကျ ပြင်ဆင်ထားသည့် အဆိုပြုချက်တရပ်ကို စစ်တပ်သို့ တင် သွင်း နားချ၍ နောက်ပိုင်းတွင် အတူတကွထိုင်ပြီး ပြောဆို ဆွေးနွေး ညှိနှိုင်းနိုင်စေရေးအတွက် ဖြစ်သည်ဟု ဆို သည်။

ထိုနိုင်ငံရေးဗျူဟာသည် ၂၀၀၀ ခုနှစ်များ အစောပိုင်းကာလတွင် အားကောင်းလာခဲ့သည်။ ထိုအချိန်က ယခင် တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ နိုင်ငံရေးအရှိန်အ၀ါ တက်နေချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့ သည်။ ထိုအချိန်က မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ် အစိုးရတို့အကြား တွေ့ဆုံစကားပြော နေမှုကြောင့်လည်း မျှော်လင့်ချက်ရောင်ခြည် သန်းနေခဲ့သည်။ သို့သော် တချိန်တည်းမှာပင် အတိုက်အခံတို့၏ "ပြည်သူ့ အင်အား" အတွက် လှုပ်ရှားမှုများတွင် အားပျော့နေခဲ့သည်။ ဥပမာဆိုရသော် ၁၉၉၉ စက်တင်ဘာ ၉ ၏ မအောင်မြင်သော (၉) လေးလုံး လူထုအုံကြွမှု၊ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများမှ အပစ်အခတ်ရပ်စဲရေးပြုသွားကြသောကြောင့် လက်နက်ကိုင်တော်လှန်ရေး အင်အား ချိနဲ့လာမှုနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဌာနချုပ် ၁၉၉၂ ခုနှစ်တွင် လက်လွှတ်ဆုံးရှုံးလိုက်ရ မှုနှင့်လည်း ကြုံနေရချိန် ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် မည်သည့် အကောင်းမြင် မျှော်လင့်ချက်မှ ကြာရှည်မခံခဲ့ပါချေ။ သို့သော်လည်း အထက် ဖော်ပြခဲ့သည့် အသွင်ကူးပြောင်းရေးပုံစံသည် မြန်မာပြည်သူများအတွက် တခုတည်းသော နည်းလမ်းအဖြစ် ဆက်လက် ရေပန်းစားနေခဲ့ သည်။ ထိုပုံစံကို ထောက်ခံသူများက "အခြားရွေးချယ်စရာ နည်းလမ်းမရှိ" ဟုလည်း ဆိုကြသည်။

" ကျနော်တို့နဲ့ တွေ့ဆုံမိသမျှ သံတမန်တွေက စစ်အစိုးရကို (အသွင်ကူးပြောင်းရေးအတွက်) အဆိုပြုချက် တခုခု တင်ပြပါ လားလို့တောင် တိုက်တွန်းကြတယ်။ တချို့ဆိုရင် ဖိအားပေးသလိုလိုတောင် ဆိုကြတယ်။" အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါသည်။ "တကယ်တော့ အဖွဲ့ချုပ်က တွေ့ဆုံဆွေး နွေးရေးအတွက် အမြဲတမ်း အဆင်သင့် တံခါးဖွင့်ထားပါတယ်။"

၂၀၀၆ နှစ်ဦးပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေး အသွင်ကူးပြောင်းရေး အစီအစဉ်တခုကို တင်ပြလာခဲ့ သည်။ ၎င်းအစီအစဉ်အရ စစ်အစိုးရက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူများနှင့် ပြည်သူ့ လွှတ်တော်ခေါ်ယူ ခွင့်ပေးရန် ဖြစ်သည်။ အပြန်အလှန်အနေဖြင့်လည်း ဤလွှတ်တော်က စစ်အစိုးရကို ကြားဖြတ် အုပ်ချုပ်ရေးအတွက် အစိုးရ အဖြစ် အသိအမှတ် အပ်နှင်းရန် ဖြစ်သည်။ အဖွဲ့ချုပ်က ဤသို့ ညှိနှိုင်းဆွေးနွေးခြင်း ဖြင့် အသွင်ကူးပြောင်းရေး အားထုတ် မှုကို စစ်အစိုးရက ပယ်ချခဲ့ပါသည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲမှ တင်မြှောက်ခံရသော အမတ်လောင်း ၉၂ ဦးနှင့် ၀ါရင့် နိုင်ငံရေးခေါင်းဆောင်များ အပါအ၀င် အတိုက် အခံအင်အားစုများက ပျော့ပြောင်းသော အသွင်ကူးပြောင်း ရေး အဆိုပြုချက်များကို ဆက်လက်တင်ပြနေကြပါ သည်။ ၎င်းအဆိုပြုချက် တခုမှ အကောင်အထည် မဖော်နိုင်ခဲ့ကြပါ။

အသွင် ကူးပြောင်းရေးပုံစံကို ထောက်ခံသူများက လူထုလှုပ်ရှားမှုများ၏ အခန်းကဏ္ဍ၊ လူထုအုံကြွမှု စသဖြင့်တို့ ကို မကြာခဏဆိုသလိုပင် လျှော့ပေါ့ တွက်ချက်ခဲ့ပါသည်။ အချို့က လူထုလှုပ်ရှားမှု ထပ်မံပေါ်ပေါက်မလာနိုင်ဟု ပင် ယူဆကြ သည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ၂၀ % သော လူဦးရေမှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံ အလွန် ကာလမှ မွေးဖွားခဲ့ကြသူ များ ဖြစ်သဖြင့်၊ ထိုအချိန်က လူထုလှုပ်ရှားမှုများက သူတို့အပေါ် အကျိုးသက်ရောက်မှု များများမရှိနိုင်ဟု ဆိုကြသည်။ အချို့ကမူ လူထုလှုပ်ရှားမှုများကြောင့် ဖြစ်နိုင်ခြေရှိသော ကူးပြောင်းရေးအတွက် အရှိန်အဟုန် လျော့ကျသွားစေမည်ကို စိုးရိမ်နေကြသည်။ အထိန်းအချုပ်ကင်းမဲ့သော လူထုအုံကြွမှုမျိုးဖြစ်ပေါ် လာပါက၊ သတိကြီးစွာဖြင့် ဆောင်ရွက်နေရသော ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်ကို ထိခိုက်၍ အနှောင့်အယှက် ဖြစ်စေတော့မည်ဟု မြင်ကြသည်။ လူထုက မည်မျှဖိအားပေး ပေး၊ စစ်တပ်က တုံ့ပြန်နားထောင်မည် မဟုတ်ဟု လည်း ကောက်ချက်ချကြလေသည်။

ဤအချိန်တွင် ရုတ်ချည်း စက်တင်ဘာဆန္ဒပြပွဲများ ဖြစ်ပွားလာခဲ့သည်။ ကျွမ်းကျင်သူပညာရှင်များဟု ဆိုကြသူများ၊ မူဝါဒ ချမှတ်သူဟု သတ်မှတ်ခံရသူများက ဤသို့ ဖြစ်လာမည့်အရေးကို ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပါ။ စစ်တပ် က ပစ်ခတ်နှိမ်နင်း မှုများ ပြုလုပ်နေချိန်တွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် အပေါင်းပါ စစ်ဗိုလ်ချုပ်များကို တွေ့ဆုံ ဆွေးနွေးပွဲ စကားဝိုင်းသို့ ခေါ်ယူနိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂမှ ကြားဝင်စေ့စပ်ခဲ့ပြန်သည်။ သို့သော်လည်း ဤကြိုး ပမ်းချက်များကို ပယ်ချခံခဲ့ရပြန်သည်။

ယခုအခါ မေးစရာရှိသည့် မေးခွန်းမှာ ဤသို့ လက်ရွေးစင် လူတစုက ဦးဆောင်သော အသွင်ကူးပြောင်းရေး ပုံစံနှင့် ပတ်သက်၍ တိုက်တွန်းပြောဆိုနေကြသူများအနေဖြင့်၊ စစ်အစိုးရက အတိုက်အခံများနှင့် တွေ့ဆုံဆွေး နွေးရန် ငြင်းဆန်နေ ပြီ ဖြစ်သည့်အချိန်တွင် သူတို့ ဘာဆက်လုပ်ကြမည်နည်းဟူသော မေးခွန်းပင် ဖြစ်သည်။ ထာဝရ စစ်အာဏာရှင်စနစ် ဖြစ်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုထောက်ခံရန် စစ်အစိုးရက အတင်း အကျပ် တောင်းဆိုလာလျှင် သူတို့ မည်သို့ မည်ပုံ ဆက်လုပ်ကြမည်နည်း။

ဤအသွင်ကူးပြောင်းရေးပုံစံကို ထောက်ခံသူ အားလုံးလိုလိုက ဆိုကြသည်မှာ မြန်မာစစ်အစိုးရက မည်သို့ ကမ်းလှမ်းလာ သည် ဖြစ်စေ၊ ပြည်သူများက လက်ခံရန်ပင် ဖြစ်သည်။ သူတို့က "ဘာမှမရှိတာထက်စာရင် တခုခုရှိတာက တော်သေး တယ်" ဟု ဆိုကြပြန်သည်။ စစ်ဗိုလ်ချုပ်များက ပေးလာသည့် အားနည်းချို့ယွင်းချက်များရှိနေသည့် ဒီမိုကရေစီစနစ်ကို စတင်အခြေခံ၍ ပို၍လက်ခံဖွယ်ရှိသော ရေရှည်အဖြေတရပ်သို့ ဦးတည်လှုပ်ရှားကြရန် ဖြစ် သည်ဟု ဆိုကြသည်။

"စစ်တပ်ထဲမှာ မျိုးဆက် အပြောင်းအလဲရှိလာမှာကိုလည်း ကျနော်တို့ ထည့်စဉ်းစားရမယ်" ဟု ဘရပ်ဆဲလ် အခြေစိုက် ဥရောပ-မြန်မာရုံး၏ ဒါရိုက်တာ ဖြစ်သူ၊ လူသိများ ထင်ရှားသည့် နိုင်ငံတကာ တိုက်တွန်းစည်းရုံး နေသူဖြစ်သူ ဟန်ညောင် ရွှေက ပြောပါသည်။ "စစ်တပ်ရဲ့ မျိုးဆက်သစ်တွေမှာ သူတို့အချိန် ရောက်လာရင် စဉ်းစားနိုင်ဖို့ ရွေးချယ်စရာ နည်းလမ်းတွေ ရှိနေရမယ်။ အမှားတွေ မကင်းပေမယ့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန္ဒခံယူပွဲက တပ်မတော်အရာရှိ မျိုးဆက်သစ်တွေ အတွက် ပြုပြင်ပြောင်းလဲဖို့ နည်းလမ်းတွေကို ပေးနိုင်ပါတယ်။ အဲဒါက လက်ရှိ အကျပ်အတည်းကနေ လွတ်မြောက်ဖို့ အခြေအနေတခု ဖန်တီးပေးမှာပါ။" ဟန်ညောင်ရွှေက ပြောပါသည်။

ထို့ကြောင့် လက်ရွေးစင် လူတစုက ဦးဆောင်သော ကူးပြောင်းရေးဖြစ်စဉ်ကို ထောက်ခံသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို မြန်မာပြည်သူများ လက်ခံလိုက်ကြရန် အကြံပြုကြပါသည်။ စစ်တပ်ကို နိုင်ငံရေးမှ ဖြည်းဖြည်းချင်း ဖယ်ထုတ်ရေးဆို သည့် ရည်ရွယ်ချက်ကို ပြည့်မြောက်နိုင်ရန် နောက်ပိုင်းကာလများတွင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင် နိုင်လိမ့်မည်ဟု မျှော်လင့်နေကြပါသည်။

သို့သော်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကမူ၊ ဤအယူအဆကို သဘောမတူပါ။

"ကျက်သရေမရှိတဲ့ အကြံပဲ။ ဒီနိုင်ငံရေးကျွမ်းကျင်သူတို့၊ ပေါ်လစီချမှတ်သူတို့ ဆိုတဲ့လူတွေက ကျနော်တို့ ပြည်သူတွေကို ကျွန်ဘ၀ကို တွန်းပို့နေကြတယ်။" မြန်မာပြည်တွင်း တနေရာတွင် ပုန်းခိုနေရာမှ သူက ပြောပါသည်။ "စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ လက်မခံဘူး။ တဖြည်းဖြည်း ကူးပြောင်းလာ မယ် ဆိုတာကို မလိုချင်လို့ မဟုတ်ဘူး။ ဘယ်လို ပြင်ဆင်မှုမျိုးကိုမှ မလုပ်နိုင်လောက်အောင် တင်းကျပ်ထားလွန်း လို့ပါ။ ဘာပြင်ဆင်မှုလုပ်လုပ် စစ်တပ်က ဗီတိုအာဏာနဲ့ ၀င်စွက်နေမှာပဲ။" ဟု သူက ထပ်မံဖြည့်စွက် ရှင်းပြ သည်။

အတိုက်အခံအင်အားစုများနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ တန်းစီ ပယ်ချခံရသော တင်ပြအဆိုပြုချက်များ အပြီးတွင်ကား စစ်အစိုးရ၏ ရပ်တည်ချက်ကို ပိုမိုထင်ရှားစွာ သိမြင်လာကြပြီဖြစ်သည်ဟု ဝေဖန်သူများက ဆိုကြပါသည်။ စစ်တပ်ကို မက်လုံးပေး မြူဆွယ်ဖျားယောင်းနေမည့်အစား၊ ထိရောက်သော လူထုလှုပ်ရှားမှုများကသာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ရောက်အောင် စစ်တပ်ကို တိုက်တွန်းခေါ်ဆောင်နိုင်လိမ့်မည်ဟု ဆိုကြသည်။

" ခြစားနေတဲ့ စစ်အာဏာရှင်ခေါင်းဆောင်တွေကို လူထုလှုပ်ရှားမှုက စိမ်မခေါ်နိုင်ရင် စစ်တပ်ထဲက အကွဲအပြဲတွေကို မြင်နိုင်မှာမဟုတ်ဘူး။" ပြည်ပ အခြေစိုက် တပ်ပေါင်းစုအဖွဲ့တခုဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ နိုင်ငံရေးအန်တုမှု ကော်မီတီ ခေါင်းဆောင် ဦးကျော်ကျော်က ပြောပါသည်။

" စစ်အစိုးရဟာ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ တရားဝင်အဖြစ် အသိအမှတ်ပြု မခံရတဲ့အပြင်၊ စက်တင်ဘာလ လှုပ်ရှား မှုတွေက စပြီးတော့ စစ်တပ်တွင်းမှာတောင် ယုံကြည်မှုကင်းမဲ့လာနေကြပြီ။ မြန်မာ့သမိုင်းကို ပြန် ကြည့်ရင်လည်း လွတ်လပ် ရေးလှုပ်ရှားမှုက အစ၊ ၈၈ ကာလအလယ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ စက်တင် ဘာ တော်လှန်ရေးအဆုံး၊ ပြည်သူ့ လှုပ်ရှားမှုကသာ အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ တကယ့် စစ်မှန်တဲ့ ဖြေရှင်းမှုကို မရမချင်း ဒီလိုပဲ ဆက်သွားနေရဦးမှာပဲ။" ဦးကျော်ကျော်က ဆိုသည်။

အမှန်တကယ်တွင်မူ၊ စစ်တပ်ထိပ်သီးများကို ဆန့်ကျင်သည့် ဗျူဟာတကျ ဦးဆောင်သော လူထုလှုပ်ရှားမှုပေါ် ပေါက်လာမှ သာလျှင် လက်ရွေးစင် သီးသန့်လူတစု၏ ခန့်မှန်းတွက်ချက်မှုများ၊ စစ်အစိုးရ ခေါင်းဆောင်ပိုင်း၏ ဖက်ပြောင်းမှုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ဖိအားပေးမှုများလည်း အလုပ်ဖြစ်လာကြမည်ဖြစ်ပြီး၊ တွေ့ဆုံ ညှိနှိုင်း အသွင်ကူးပြောင်းရေး အတွက်ကိုလည်း ပိုမိုလျှင်မြန်စွာ ၀ိုင်းဝန်း ပံ့ပိုးလာနိုင်ကြမည် ဖြစ်သည်။ တနည်း အားဖြင့်ဆိုရသော် နိုင်ငံရေး အကူး အပြောင်းသည် ယခုတင်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် ပေါ် ပေါက်လာဖွယ် အကြောင်းမရှိပါ။ တဖြည်းဖြည်း ချင်း ပြုပြင်ပြောင်းလဲယူမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲရေးဆိုသည်မှာလည်း၊ စစ်တပ်က လွှမ်းမိုးထားသည့် လွှတ်တော်အစည်းအဝေး များထဲတွင် ဆွေးနွေးငြင်းခုန်နိုင်ရန် အကြောင်းမရှိပါ။

မြန်မာနိုင်ငံ အပြောင်းအလဲအတွက် လူထုလှုပ်ရှားမှု မဖြစ်မနေ လိုအပ်သည်ဟု ယုံကြည်ရသော်လည်း၊ ထိုလှုပ် ရှားမှု၏ ပြဿနာမှာ အောင်ပွဲခံနိုင်ခြေ ရှိ-မရှိနှင့် အန္တရာယ်ကြီးလွန်းသည့်အပေါ် မူတည်နေပါသည်။

" သီးသန့်အလွှာတစု ဦးဆောင်တဲ့ စေ့စပ်ညှိနှိုင်းရေးဆိုတာက ဖြစ်မလာနိုင်တော့တဲ့အခါ လူထုလှုပ်ရှားမှုဖြစ်ဖို့ ခေါ်သံကပဲ ကျယ်သထက် ကျယ်လောင်လာတယ်။" ဦးဉာဏ်ဝင်းက ပြောပါသည်။ " တကယ်လို့ စစ်အစိုးရက ဆန္ဒခံယူပွဲရလာဒ်ကို လိမ်ရင်တော့ လူထုအုံကြွမှုကို ဆွပေးသလို ဖြစ်လာတော့မယ်။"

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များ၏ လတ်တလောသမိုင်းအရ ပြသနေသည်မှာ မဲလိမ် မဲခိုးခြင်းနှင့် ရွေးကောက်ပွဲ များတွင် ညစ်ပတ်ခြင်းများကို အာဏာရှင်အစိုးရများက ပြုကျင့်ကြပြီးနောက်၊ ဤအခြေအနေကြောင့် ဒီမိုကရေစီရေး လူထု အုံကြွမှုများ၊ လှုပ်ရှားမှုများ ဖြစ်ပေါ်လာရေးအတွက် လမ်းခင်းပေးထားသလို ဖြစ်စေခဲ့ကြ သည်။ အဆိုးဆုံးအနေအထားတွင် ဆူပူအကြမ်းဖက်မှုများအထိ ဖြစ်လာနိုင်သေးသည်။

အမှန်မှာ မဲလိမ်ခြင်းသည် လူထုကိုစော်ကားမှုဖြစ်၍ ဒေါသကို ဆွပေးရုံသာမက စစ်အစိုးရ၏ ၀န်ထမ်းများကိုယ် တိုင်ကိုပင် အယုံအကြည်ပျက်ယွင်းစေပါသည်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဘက်သို့ ရပ်တည်ထောက်ခံပေးမှုကို အား နည်းစေနိုင်ပြီး၊ အကွဲအပြဲများကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ၏ အင်အားစု အားလုံး ပါဝင် ဆောင်ရွက်ခွင့် ရှိစေရေး တိုက်တွန်းချက်ကို လျစ်လျူရှုပြီး၊ လက်ရှိ အနေအထားအတိုင်း တဖက်သတ်နိုင်ငံရေး စနစ်ကို ခေါင်းမာမာဖြင့် ဆက်သွား စေရန် ဆုံးဖြတ်မှုအတွက် တဦးတည်းသော တာဝန်ရှိသူမှာ ဗိုလ်ချုပ်မှူးကြီး သာ ဖြစ်ပါသည်။

လူထုလှုပ်ရှားမှုများမှသည် စေ့စပ်ညှိနှိုင်းသော ကူးပြောင်းမှုဆီသို့ ဆက်လက်ရောက်လာနိုင်မည်- ရောက်မလာနိုင်ဆိုသည် မှာ အတိုက်အခံများ၏ ဦးဆောင်မှုအပေါ်တွင် မူတည်နေပါသည်။ မည်သည့် ဒီမိုကရေစီဖော်ဆောင် ရေးဖြစ်စဉ်မှ လူထု အုံကြွမှုတခုတည်း သက်သက်ဖြင့် ပေါ်ပေါက်လာနိုင်ခဲ့ကြသည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ သီးသန့်အလွှာတစုမှ ဦးဆောင်သော ကူးပြောင်းရေးဟူသည့် အကြံအစည်သည် မြန်မာ့နိုင်ငံရေးနှင့် မည်သို့မှ မသင့်လျော်တော့ပါ။ မြန်မာ့နိုင်ငံရေးတွင် ပြည်သူတို့၏ အင်အားနှင့် အခန်းကဏ္ဍကို ထည့်သွင်း တွက်ချက်မထား ခြင်းမှာလည်း အမျှော်အမြင်နည်းသည်ဟု ဆိုရတော့မည် ဖြစ်ပါသည်။

မင်းဇင် ရေးသားသည့် Burma's Political Transition Needs People Power ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.