ဆိုင်ဘာ အတိုက်အခံများ
အောင်ဇော်| မတ် ၃၁၊ ၂၀၀၈
၂၀၀၇ လူထုဆန္ဒပြပွဲကာလများက အင်တာနက်၏အစွမ်းကို မြန်မာစစ်ဗိုလ်ချုပ်များ လျှော့တွက်ထားခဲ့ပုံရသည်။ ယခုတော့ သူတို့ သဘောပေါက်နားလည်လာကြပေပြီ။
မြန်မာစစ်အစိုးရအတွက် ရန်သူအသစ်များ ရှိလာခဲ့ပြီ။ ထိုသူများကတော့ အင်အားတိုးတက်များပြားလာနေသည့် "ဆိုင်ဘာ အတိုက်အခံများ" ဖြစ်သည်။ မြန်မာနိုင်ငံ ပြည်တွင်းနှင့် ပြည်ပမှာပါ ဤအင်အားစုများအပေါ် ထောက်ခံမှုများ တိုးတက် ရရှိနေသည်။ သို့သော်လည်း ကံမကောင်း အကြောင်းမလှသည့် သတင်းဆိုးတခုမှာ စစ်အစိုးရက ရန်သူ အသစ်များကို ချေမှုန်းနိုင်မည့် နည်းလမ်းများ ရှာဖွေတွေ့ရှိလာခဲ့ပြီဆိုသည့်အချက် ဖြစ်သည်။

၂၀၀၇ စက်တင်ဘာလ လူထုအုံကြွမှု ကာလအတွင်းတွင် သတင်းထောက်သဖွယ် စေတနာ့ဝန်ထမ်း သတင်းပေး ပို့လာကြသည့် သာမန်နိုင်ငံသားများနှင့် ဘလော့ရေးသူ (ဘလော့ဂါ) များက စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ် ဖွင့်ချရာတွင် အရေးပါသည့်အခန်းကဏ္ဍက လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။
အစိုးရထိန်းချုပ်ထားသည့် သတင်းဌာနများနှင့် တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ပြည်တွင်းရှိ ပုဂ္ဂလိကဂျာနယ်များက နိုင်ငံ အတွင်း ဖြစ်ရပ်များကို သတင်းဖော်ပြရန် ရှောင်လွှဲနေခဲ့ကြသည်။ ဤသို့ဖြစ်ရသည့် အခြေအနေကိုလည်း နားလည်ဖွယ်ရာ ရှိပါသည်။
ဤသို့ဖြင့် သတင်းပေးပို့ရမည့် တာဝန်က နိုင်ငံသား စေတနာ့ဝန်ထမ်းသတင်းထောက်များအပေါ် ပုံကျလာခဲ့သည်။ သူတို့ က ဆဲလ်ဖုန်း၊ ဒစ်ဂျစ်တယ် ကင်မရာများ၊ မင်မိုရီစတစ် များ အသုံးချ၍ ပြည်ပနှင့် နိုင်ငံတကာရှိ သတင်းဌာနများကို ဆက်သွယ်ခဲ့ကြသည်။
၁၉၈၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် လူထုအုံကြွမှုနှင့် ၂၀၀၇ အုံကြွမှုတို့ ထူးခြားစွာ ခြားနားချက်ကို သိသိသာသာတွေ့မြင်ခဲ့ ရသည်။ ထို့ပြင်ဒစ်ဂျစ်နယ်နည်းပညာက ၂၀၀၇ လူထုအုံကြွမှုကို များစွာ အထောက်အကူပြုခဲ့ပါသည်။
၁၉၈၈ ခုနှစ်က သန်းနှင့်ချီသည့် ပြည်သူများ လမ်းမပေါ်ထွက်၍ တောင်းဆိုဆန္ဒပြခဲ့ကြသော်လည်း နိုင်ငံတကာ အသိုင်းအ၀န်း၊ သတင်းမီဒီယာများနှင့် ကမ္ဘာ့ပြည်သူများက မြန်မာနိုင်ငံတွင် အမှန်တကယ် ဖြစ်ပျက်နေသည့် အခြေအနေ ကို မထင်ရှား မသဲမကွဲသာ နားလည်သဘောပေါက်ခဲ့ကြပါသည်။
၁၉၈၈ ခုနှစ်၊ မတ်လမှ စက်တင်ဘာလအတွင်း ဆန္ဒပြသူ ၃၀၀၀ ခန့် သတ်ဖြတ်ခံခဲ့ရသော်လည်း ဤပစ်ခတ်သတ်ဖြတ်မှု များအတွက် သက်သေအထောက်အထား ရုပ်ပုံများမှာ ရှားပါးလှသည်။ ၎င်းကာလများက လမ်းမပေါ်တွင် ကင်မရာကိုင်၍ လမ်းလျှောက်သူများကိုပင် ထောက်လှမ်းရေး သို့မဟုတ် အစိုးရသတင်းပေးဟု မသင်္ကာဖြစ်ခံရနိုင်ကာ လူအများက ချက်ချင်း ဖမ်းဆီးလိုက်နိုင်သေးသည်။
ယခုအခါတွင်တော့ အဆင့်မြင့်ဆဲလ်ဖုန်းများကို ကျေးဇူးတင်ဖွယ် ရှိနေပါသည်။ သို့ဆိုလျင်သော်မှ မြန်မာနိုင်ငံတွင် ဆဲလ် ဖုန်းများမှာ အဆမတန်ဈေးပေးနေရပြီး ဆင်းမ်ကတ်တခုအတွက်ပင် အမေရိကန်ဒေါ်လာ ၁၅၀၀ ခန့်ပေးနေရ ပါသည်။ ဂြိုဟ်တုဆက်သွယ်ရေးဖုန်းများ၊ အင်တာနက်၊ အီး-မေးလ်များက မျက်မြင်သက်သေများ၏ လက်တွင်းရှိနေကြ သည်မှာ လည်း ကျေးဇူးတင်ဖွယ် ဖြစ်သည်။ ၂၀၀၇ ခုနှစ် လူထုအုံကြွမှုအတွင်း ထောင်နှင့်ချီသည့် ဓာတ်ပုံများ၊ မှတ်တမ်းများ မြန်မာနိုင်ငံမှ ထွက်လာနိုင်ခဲ့သည်။
သတင်းများက အလျင်အမြန်ရောက်လာပါသည်။ ဓာတ်ပုံများနှင့် ဖြစ်ရပ်များက ဧရာဝတီမဂ္ဂဇင်း၏ သတင်းစားပွဲများပေါ်သို့ စက္ကန့်ပိုင်းအတွင်း ရောက်လာကြပါသည်။ ဤသို့ဖြင့် မိမိတို့ကလည်း နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အခြေအနေမှန်များကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့ကြပါသည်။ ၁၉၈၈ ခုနှစ်ကာလက ဆန္ဒပြသူများ ထီးတည်းသာ လမ်းများပေါ်တွင် ရပ်တည်ခဲ့ကြရ သည်။
၂၀၀၇ ခု၊ စက်တင်ဘာလ၏ ထင်ရှားလှသည့် ပုံရိပ်များက မေ့ပျောက်ဖွယ် မရှိလှအောင် စွဲထင်နေပါသည်။ မိုးရေထဲ လမ်း လျှောက်ချီတက်နေကြသည့် ဖိနပ်မပါသည့် သံဃာများ၊ သပိတ်ကို မှောက်၍ကိုင်ထားသည့် သံဃာများ စသည်ဖြင့် ပုံအ မျိုးမျိုး ဖြစ်သည်။ များမကြာမီပင် ဘီဘီစီ၊ စီအန်အန်၊ အယ်လ်ဂျာဇီးရားသတင်းဌာနများကလည်း မြန်မာနိုင်ငံ သတင်းများ အတွက် ထုတ်လွှင့်ချိန်ကို တိုးပေး၍ ဖော်ပြနိုင်ခဲ့ကြသည်။
ချက်ချင်းဆိုသလိုပင် မြန်မာနိုင်ငံကိစ္စကို နိုင်ငံတကာသတင်းမီဒီယာများက အပြည့်အာရုံစိုက်၍ ဖော်ပြပေးခဲ့ကြသည်။ ကမ္ဘာ့ခေါင်းဆောင်များ၊ ကမ္ဘာတလွှားရှိ သာမန်ပြည်သူများကလည်း သတိပြုမိလာသည်။ အောက်ခြေထုသတင်း မီဒီယာ များ၏ စွမ်းဆောင်နိုင်မှုကြောင့် ဆန္ဒပြသူများ အားတက်လာကြရပါသည်။ သူတို့တိုက်ပွဲကို ကမ္ဘာက စောင့်ကြည့်နေ ကြကြောင်း သူတို့သိရှိခဲ့ကြပြီး ပိုမိုခိုင်ကြည်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။
ယမန်နှစ် ဆန္ဒပြပွဲများ မဖြစ်ပေါ်မီမှာပင် မြန်မာနိုင်ငံတွင်းရှိ ဘလော့ဂါများအချင်းချင်း ဆက်သွယ်စုဖွဲ့မိခဲ့ကြပြီး ရံဖန်ရံခါ ဆိုသလို လူချင်းလည်း တွေ့ဆုံခဲ့ကြသည်။ ဤသို့ တွေ့ဆုံစုစည်းမှုများက နောက်ပိုင်းဖြစ်ပေါ်လာမည့် ဖြစ်ရပ်များနှင့် သွေးထွက်သံယိုမှုများအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ကြသည့်နှယ် ရှိခဲ့ပါသည်။
အွန်လိုင်းပေါ်မှ ဆက်သွယ်ရသည့် ဆွေးနွေးစကားပြောခန်းများတွင် မြန်မာနိုင်ငံအတွင်းမှ တက်ကြွလှုပ်ရှားသူများက ပြည်ပရှိ လှုပ်ရှားသူများနှင့် ဆက်သွယ်မိကြပြီး ပိုမိုခိုင်မာသည့် ဆက်စပ်စည်းနှောင်မှု ရခဲ့ကြပါသည်။
စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားနေကြသည့် လူငယ်အများအပြားကလည်း နိုင်ငံအတွင်းသို့ ပြန်ခဲ့ကြသည်။ သူတို့နှင့်အတူ နည်းပညာအသစ်များ၊ အကြံဉာဏ် စိတ်ကူးအသစ်များ ပြန်ပါသွားကြသည်။ ပို၍ အရေးကြီးသည့်အချက်မှာ ပရောက်ဆီ ဆက်တင်ခေါ်သည့် အင်တာနက်ပိတ်ဆို့မှုကို ကျော်ဖြတ်ကြည့်ရှု အသုံးချနိုင်သည့် နည်းပညာများ တင်သွင်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၁ရာခိုင်နှုန်းထက်နည်းသော လူများသာ အင်တာနက်ကို အသုံးချနိုင်ကြသော်လည်း စက်တင်ဘာ အကြပ်အတည်းကာလအတွင်း ဂူးဂဲလ်နှင့် ပရောက်ဆီ ၀ဘ်ဆိုက်များမှတဆင့် ထိရောက်စွာ သတင်းဖလှယ် အပေးအယူပြုနိုင်ခဲ့ကြပါသည်။
မကြာသေးမီကာလတွင် မြန်မာဘလော့ဂါ ထောင်ဂဏန်းနီးပါး ရှိလာခဲ့သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ၎င်းဘလော့ဂါများ စုရုံး၍ ရန်ကုန်ရှိ မြန်မာသတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အဆောက်အဦ (MICT Park) တွင် ဆွေးနွေးပွဲတခုကို စုဆုံကျင်းပနိုင်ခဲ့ကြသည်။ သူတို့အများစုက ပုဂ္ဂိုလ်ရေးအကြောင်းများဖြစ်သည့် အချစ်၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းအကြောင်း၊ မြန်မာနိုင်ငံတွင်း မီးပျက်သည့် ကိစ္စများ ကို ရင်ဖွင့်ရေးသားနေကြသူများ ဖြစ်သည်။ နိုင်ငံရေးကိစ္စများ ပွင့်ပွင့်လင်းလင်းရေးသားသူဆို၍ မရှိသလောက်ဟု ဆိုရပါလိမ့်မည်။
ဆန္ဒပြပွဲများ ပြီးစီးသည့်အခါ ၎င်းဘလော့ဂါများလည်း မြေအောက်လျှိုးကြရပါသည်။ နောက်ထပ်အဖွဲ့သစ်ပေါ်လာပြီး နယ်ခြားမဲ့ မြန်မာဘလော့ဂါများဟူ၍ သူတို့ကိုယ်သူတို့ ခေါ်ခဲ့ကြပါသည်။
ဤသို့ အပြန်အလှန် စကားပြော၊ ချက်လုပ်နိုင်သည့် ဘလော့များက နေ့ချင်းညချင်းဆိုသလို သမားရိုးကျမဟုတ်သည့် သတင်းဌာနများသဖွယ် ဖြစ်လာပါသည်။ သူတို့က နိုင်ငံတကာသတင်းဌာနများအတွက် သတင်းများဖော်ပြပေးကြပြီး (ရံဖန် ရံခါ ကောလာဟလများလည်း ဖော်ပြလေ့ရှိကြပါသည်) ဆန္ဒပြပွဲပုံများ၊ နှိမ်နင်းဖြိုခွဲနေပုံများ၊ အထိန်းအသိမ်းမရှိ လက်စား ချေ၊ သတ်ဖြတ်နေပုံများကို ဒစ်ဂျစ်တယ်ပုံရိပ်များ ရိုက်ကူး၍ ပြည်ပသို့ တင်ပို့ခဲ့ကြပါသည်။
ဤဆန္ဒပြ အုံကြွမှုကာလအတွင်း စစ်အစိုးရက ပြည်ပသတင်းထောက်များနှင့် ဓာတ်ပုံဆရာများကို မြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့သည်။ သို့သော်လည်း နိုင်ငံသား စေတနာ့ဝန်ထမ်းသတင်းထောက်များကိုမူ တားဆီးရန် အတွက် အာဏာမသက်ရောက်စေခဲ့ပါ။
မြန်မာနိုင်ငံရှိ လွန်ခဲ့သည့်နှစ် စက်တင်ဘာအုံကြွမှု ကာလက၊ အမေရိကန်နိုင်ငံတွင် ကက်ထရီးနား လေမုန်တိုင်း တိုက်ခတ် ခံရစဉ် အာရှတိုက် ဆူနာမီလှိုင်းလုံးကြီး ရိုက်ခတ်ခံရစဉ်၊ လန်ဒန်မြို့လယ် ဗုံးကွဲစဉ် ကာလများကဲ့သို့ အလားတူ၊ နိုင်ငံ သား စေတနာ့ဝန်ထမ်း သတင်းထောက်များက အထူးထိရောက်လှသည့် သတင်း၊ ရုပ်ပုံများကို ကမ္ဘာက မြင်တွေ့သိရှိစေ ရန် ပေးပို့နိုင်ခဲ့ကြပါသည်။
ဤရုပ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများမှာ လေ့ကျင့်ထားသူများ၊ ဤလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ ဓာတ်ပုံ သတင်းထောက်များ ရိုက်ကူးသကဲ့သို့ မြင်ကွင်းသေသပ်ကောင်းမွန်ခြင်း၊ တည်ငြိမ်ခြင်း ရှိချင်မှ ရှိပါလိမ့်မည်။ သို့သော် လည်း ဤရုပ်ပုံများက သတင်းတန်ဖိုးကို ဖော်ပြနေကြပြီး နိုင်ငံရေးအတိုက်အခံများအတွက် အင်အားကောင်းလှသည့် ထုတ်ပြန်ကြေညာချက် တခုကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် ဒီမိုကရေစီလူ့ဘောင်တရပ်နှင့် အပြောင်းအလဲကို လိုလားနေသည့် ပြည်သူများ၏ စိတ်ဆန္ဒပိုင်းဖြတ်ချက်များကို ဤဓာတ်ပုံများတွင် ထင်ရှားစွာ တွေ့နေရပါသည်။
သမားရိုးကျ သတင်းဌာနများကသာ နောက်ဆုံး ဟိုးလေးတကျော်သတင်းမျိုးကို ဖန်တီးနိုင်ကြသူများ မဟုတ်တော့ပါ။ ထိုသတင်းဌာနများကသာ အရာရာစိစစ်၍ ထုတ်လွှင့်နိုင်သူများ မဟုတ်ကြတော့ပါ။ လူထုအများက ပါဝင်ပတ်သက်လာကြ ပုံမှာ အံ့မခန်းဖြစ်ပါသည်။ သာမန်ပြည်သူများသည် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပေးသမျှကို ကြည့်ရှုနေသူ သက်သက်မျှ သာ မဟုတ်တော့ဘဲ လမ်းမပေါ်ထွက်၍ ဖြစ်ပျက်နေသည်များကို တက်တက်ကြွကြွ သတင်းယူ ပေးပို့နေသူများ ဖြစ်လာ ကြပေပြီ။ ဤအခြေအနေများကြောင့် ကမ္ဘာပေါ်ရှိ သတင်းစီးဆင်းမှုပုံစံများလည်း ပြောင်းလဲလာနေရပြီ ဖြစ်ပါသည်။
၎င်းအုံကြွမှုကာလတွင် နိုင်ငံတကာသတင်းဌာနများဖြစ်သည့် အေပီ၊ ရိုက်တာ၊ အေ အက်ဖ်ပီ စသဖြင့် သတင်းဌာနများနှင့် လုပ်ကိုင်ဆောင်ရွက်နေကြသူ သတင်းထောက်အနည်းစုသာ ကျွမ်းကျင်မှုရှိစွာ သတင်းများတင်ပို့နိုင်ခဲ့ကြပါသည်။ နိုင်ငံ သား စေတနာ့ဝန်ထမ်း သတင်းထောက်အများစုမှာ သူတို့ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ဟန်ဖြင့် သတင်းများ ထင်သလို ရေးသား တင်ပြခဲ့ကြသည်။ တခါတရံတွင် မှန်ကန်တိကျသည့် သတင်းများ ဖော်ပြခဲ့ကြသော်လည်း အချို့သောသတင်းများမှာ ချဲ့ကားဖော်ပြထားသည်များ၊ တဆင့်စကားအပေါ်အခြေခံထားသည့် သတင်းများလည်း ရှိပါသေးသည်။
မည်သို့ဆိုစေ ၎င်းနိုင်ငံသား သတင်းဝန်ထမ်းများကို ကျေးဇူးစကားဆိုရမည်ပင် ဖြစ်သည်။ ယခုအခါ မိမိတို့အတွက် သတင်းများ ပို၍သိရှိနိုင်ပြီး အသံများ၊ ပုံများ၊ တွေ့ဆုံမေးမြန်းမှုအသစ်များ၊ ဖြစ်ပျက်လှုပ်ရှားနေသည့်နေရာမှ တိုက်ရိုက် သတင်းပေးပို့နေကြသော ပိုများသည့် သတင်းရင်းမြစ်များ ရရှိလာခဲ့ပြီ ဖြစ်သည်။
ပို၍ ထူးခြားသည့်အချက်မှာ ဘလော့ဂါမျိုးဆက်သစ်မှာ ၁၉၈၈ ခုနှစ်က လှုပ်ရှားသူ မျိုးဆက်နှင့် လုံးဝကွာခြားနေခြင်းပင်။ သူတို့က ကွန်ပျူတာပညာကို တတ်သိကျွမ်းကျင်ကြပြီး ပြင်ပကမ္ဘာနှင့် ဆက်သွယ်ထားမှု ရှိကြပါသည်။ အများစုမှာ အနောက်နိုင်ငံများသို့ မရောက်ဘူးလျင်သော်မှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ စင်္ကာပူ၊ မလေးရှားနိုင်ငံများသို့ ရောက် ဖူးနေကြသူများ ဖြစ်ပါသည်။
ဤနိုင်ငံများမှ တင်သွင်းလာသည့် ဒစ်ဂျစ်တယ်နည်းပညာများဖြင့် တက်ကြွလှုပ်ရှားသူများ၊ လူငယ် သတင်းထောက်များ၊ ကွန်ပျူတာဝိဇ္ဇာများက မြန်မာစစ်အစိုးရ၏ တင်းကျပ်သည့် ဆင်ဆာပိတ်ဆို့ထားမှုကို ကျော်လွှားရေးသားနိုင်ကြပါသည်။
ဤသို့ နည်းပညာအရ မျိုးဆက်ကွာဟမှု ရှိနေသော်လည်း မြန်မာစစ်ဗိုလ်ချုပ်အိုများက လက်ပိုက်ကြည့်မနေကြပါ။ ပြန်၍ တုံ့ပြန် တိုက်ခိုက်ခဲ့ကြပါသည်။
သူတို့ တန်ပြန်တိုက်ခိုက်နည်းက အင်တာနက်ကို လုံးဝပိတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။
စက်တင်ဘာလ သံဃာများဦးဆောင်သည့် ဆန္ဒပြပွဲမတိုင်မီက အင်တာနက်၏ စွမ်းဆောင်နိုင်ရည်ကို လျှော့ပေါ့တွက်ဆခဲ့ ကြပြီး များမကြာမီပင် သတင်းမီဒီယာလောကတွင် သူတို့ နောက်ကောက်ကျနေပြီ ဖြစ်ကြောင်း သိရှိလာခဲ့ပါသည်။
စစ်အစိုးရက သတင်းများစီးဆင်းနေမှုကို ဖြတ်တောက်ပစ်ရန် ကြိုးပမ်းခဲ့ပါသည်။ သို့သော်လည်း ဂျပန်သတင်းဌာနနှင့် အလုပ်လုပ်နေသည့် သတင်းထောက်တဦး၏ အဆိုအရ အထူးသတင်းဌာနရှိ မြန်မာရဲအရာရှိများတွင် အင်တာနက်နည်း ပညာနှင့် ပတ်သက်၍ ဗဟုသုတ အတော်နည်းသည်ကို တွေ့ရှိခဲ့ရ၍ အံ့သြရကြောင်း ပြန်လည်ပြောဆို ဖော်ပြခဲ့ပါသည်။
ရန်ကုန်တွင် ၎င်းကိုဖမ်း၍ ဗီဒီယိုမှတ်တမ်းများကို ဘီဘီစီ၊ စီအန်အန်၊ အယ်လ် ဂျာဇီးရား စသဖြင့် နိုင်ငံတကာသတင်းဌာနများ တွင် ဖော်ပြနိုင်ရန် အချိန်တိုအတွင်း မည်သို့ခိုးထုတ်သွားသည်ကို မြန်မာအရာရှိများက အကြိမ်ကြိမ်စစ်မေးခဲ့ကြသည်ဟု ဆိုပါသည်။
"အင်တာနက်ကနေပြီး ဒီလိုထူးဆန်းအံ့သြဖွယ် ကိစ္စတွေ အကုန်လုပ်နိုင်တယ်ဆိုတာ သူတို့ မသိကြဘူး" ဟုသူက ပြောပြသည်။
ဤဆက်သွယ်ရေးလမ်းကြောင်းသည် သတင်းထောက်များနှင့် ဒီမိုကရေစီ လှုပ်ရှားမှုအတွက် အသက်သွေးကြော ဖြစ်နေ ကြောင်း စစ်အစိုးရ သိရှိသွားပြီးသည့်နောက်၊ နောက်ကျပြီးမှ မြန်မာစစ်အစိုးရက မိုဘိုင်းဖုန်း ဆက်သွယ်ရေးစနစ်များနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ချလိုက်ပါတော့သည်။ ဤသို့ဖြင့် နိုင်ငံသား စေတနာ့ဝန်ထမ်းများနှင့် သတင်း ထောက်များလည်း ဆန္ဒပြပွဲကြားထဲမှ ချက်ချင်းအမြန် သတင်းမပို့နိုင် ဖြစ်သွားရပါတော့သည်။ အင်တာနက်ကဖေးဆိုင်များ ကိုလည်း ပိတ်စေခဲ့သည်။
ကင်မရာကိုင်သူများကို ပစ်မှတ်ထား၍ စစ်သားများက လိုက်လံဖမ်းဆီးခဲ့ကြသည်။ ပစ်သတ်ရန် အမိန့်ပေးထား သည့်အတွက်ကြောင့်လည်း ဂျပန်ဓာတ်ပုံဆရာ ကင်ဂျီ နာဂါအိ အသက်ဆုံးရှုံးခဲ့ရသည်။
မြန်မာ့နိုင်ငံအရေး လေ့လာနေသူများက လျှို့ဝှက်ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် ဖြုတ်ချခံရချိန်မှစ၍ စစ်အစိုးရ၏ ထောက်လှမ်းရေးဌာနတွင် နည်းပညာအရ အဆင့်မြင့် ခေတ်မီမှု ရင်ပေါင်တန်း လိုက်မမီဘဲ ဆုံးရှုံးခဲ့သည်ဟု တွက်ဆကြသည်။
မြန်မာ စစ်တပ်ထိပ်သီးများအကြား အတွင်းပဋိပက္ခများနှင့် ဗိုလ်ချုပ်ခင်ညွန့်၏ အင်အားကောင်းလှသည့် ထောက်လှမ်းရေး တပ်ဖွဲ့များကို ဖျက်သိမ်းခဲ့ခြင်းမှာ တက်ကြွလှုပ်ရှားသူများနှင့် ဘလော့ဂါများအတွက် အခွင့်ကောင်းဆုလာဘ်သဖွယ် ဖြစ်ခဲ့ပါသည်။
အကယ်၍ ဗိုလ်ချုပ်ခင်ညွန့်သာ အာဏာဆက်ရှိနေပါက မငြိမ်မသက်မှုများ စဖြစ်စဉ်ကပင် မြန်မာနိုင်ငံ၏ ပင်မ အင်တာ နက်ဝန်ဆောင်မှုပေးနေသည့် ပုဂံဆိုင်ဘာတက်ခ်ကို ပိတ်ပစ်ရန်ပင် အမိန့်ပေးဖွယ်ရှိကြောင်း မြန်မာလူငယ်ဘလော့ဂါ အများက ခန့်မှန်းကြပါသည်။
အမှန်လည်း ဖြစ်ဖွယ်ရှိသည်။ ဗိုလ်ချုပ်ခင်ညွန့်သာ ဖြစ်ပါက ဆန္ဒပြသူများကို စတင်ပစ်ခတ် မချေမှုန်းမီကပင် အင်တာနက် ပလပ်များ ဖြုတ်၍ ပိတ်ပစ်လိုက်ပေလိမ့်မည်။ သို့သော်လည်း ယခုစစ်အစိုးရ ခေါင်းဆောင်များကမူ မသိလိုက် မသိ ဘာသာနေ၍ အင်တာနက်ကို ကနဦးဆန္ဒပြပွဲနေ့များတွင် ဆက်လက်ခွင့်ပြုထားခဲ့ကြသည်။
မြန်မာနိုင်ငံတွင်းရှိ သတင်းထောက်တဦးက ၂၀၀၁ ခုနှစ်တွင် " ထောက်လှမ်းရေး အရာရှိတွေက ပုဂံဆိုင်ဘာတက်ခ် နောက်မှာနေပြီး ကျနော်တို့ တင်ပို့သမျှ အားလုံးကို စောင့်ကြည့်နေကြတယ်" ဟု ဧရာဝတီသို့ပြောခဲ့ဖူးသည်။
သို့သော်လည်း ၂၀၀၇ ခုနှစ် မြန်မာပြည်ရှိ နိုင်ငံသား စေတနာ့ဝန်ထမ်း သတင်းထောက်များ၏ အောင်မြင်မှုကို ကြည့်လျှင် ဖြင့် အလုံးစုံတင်းကျပ်စွာ မစောင့်ကြည့်နိုင်ကြောင်း သိသာနေပါသည်။ ယခုအခါ အာဏာပိုင်များက အင်တာနက်မြန်နှုန်း ကို လျှော့ချလိုက်ပြီး ဖိုင်အကြီးများ၊ အရည်အသွေးမြင့်ဓာတ်ပုံများကို ပေးပို့၊ လက်ခံရန် ပို၍ခက်ခဲအောင် ပြုခဲ့ကြပါသည်။
အင်တာနက်ဆက်သွယ်မှုကို စောင့်ကြည့်ထောက်လှမ်းနေသည့်အပေါ် မြန်မာနိုင်ငံအတွင်းမှ ဘလော့ရေးနေကြသူများမှာ တိုး၍ စိုးရိမ်သောက ပွားနေကြရသည်။ သတင်းများကို ထောက်လှမ်းရန်အတွက်၊ အီးမေးလ်များကို စိစစ်ပိတ်ဆို့ရန် ရုရှားနိုင်ငံမှ ကျွမ်းကျင်သူများ ငှားရမ်းထားကြောင်း ကောလာဟလများလည်း ထွက်ပေါ်လာခဲ့သည်။ အသက် ၂၀ အရွယ်ရှိ အမျိုးသမီးတဦးက "သူတို့က ကျမအီးမေးလ်တွေကို စောင့်ကြည့်နေကြတယ်။ ကျမ တခုခုပို့ဖို့ ဆိုရင် ကြောက်နေရတယ်" ဟု ပြောပါသည်။
အင်တာနက်ကဖေးဆိုင် ပိုင်ရှင်များကိုလည်း အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အသေးစိတ်အချက်အလက်များကို မှတ်ထားရန် ဖိအားပေး နေပြီး ၅ မိနစ်တကြိမ် ကွန်ပျူတာမျက်နှာပြင်ကို အလိုအလျှောက် မှတ်တမ်းတင်ထားနိုင်မည့် စနစ် ကိုလည်း တပ်ဆင်ထားခိုင်းပါသည်။ ဘလော့ရေးသူ ကိုနေဘုန်းလတ်ကိုလည်း ဇန်န၀ါရီလက ဖမ်းဆီးခဲ့သည်။
ဆိုင်ဘာ အတိုက်အခံများကို တန်ပြန်ရန်အတွက် စစ်အစိုးရက ၀ါဒဖြန့်ချိရေးကျွမ်းကျင်သူများကို ငှားရမ်းတာဝန်ပေးခဲ့ပါ သေးသည်။
လွန်ခဲ့သည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ စစ်အစိုးရကို ထောက်ခံချီးမွမ်း ပြောဆိုပေးမည့်သူများကလည်း ဘလော့များတည် ဆောက်ကာ ဒီမိုကရေစီလိုလားသည့် ဘလော့ဂါများကို တန်ပြန်နိုင်ရန် ဆောင်ရွက်ခဲ့ကြသည်။
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများသာမက စစ်အစိုးရဘက်သား ဘလော့ဂါများက ကောလာဟလများနှင့် မမှန်သတင်းများ၊ ၀ါဒ ဖြန့်ချိရေးကိစ္စများလည်း ဖော်ပြခဲ့ကြပါသည်။ စစ်အစိုးရ၏ “လမ်းပြမြေပုံ ၇ ချက်”၊ စစ်အစိုးရ၏ "တို့တာဝန်အရေး ၃ ပါး" ကို ထောက်ခံသည့် အရေးအသားများလည်း ဖော်ပြခဲ့သည်။
ယခုအခါ စစ်အစိုးရက OA6 (အိုအေစစ်) ကဲ့သို့သော လျှို့ဝှက် သိပ်သည်းလွန်းသူ ဘလော့မျိုးကို အနီးကပ်စောင့်ကြည့် နေမည်ကတော့ အမှန်ပင် ဖြစ်သည်။ ၎င်းက ၂၀၀၇ ခုနှစ်ကို "ဘလော့ဂါများ၏ နှစ်" အဖြစ် သတ်မှတ်ရန် အဆိုပြုခဲ့သူဖြစ် သည်။
"ဘလော့တွေက နိုင်ငံရေးစကားနဲ့ဆို ဒီမိုကရေစီ ဆန်ပါတယ်။ လွတ်လပ်စွာ ရေးသားပါ။ ဝေဖန်ပါ” ဟု OA6 က သူ၏ ဘလော့ပို့စ်၂၀၀၇ တွင် ရေးခဲ့ဖူးသည်။
သံသယရှိစရာ မလိုသည့်အချက်မှာ မြန်မာ စစ်အစိုးရ၏ ဆိုင်ဘာထောက်လှမ်းရေး ရဲများက OA6 ၏ အဆိုမှားယွင်း ကြောင်း သက်သေပြရန် လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပေသည်။
၂၀၀၈ ခုနှစ် မတ်လထုတ် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော်ရေးသားသည့် The Cyber Dissident ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]
|