#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ခွန်အားသစ်တို့ ရှိသေးသည်
အေးချမ်းမြေ့| မတ်၂၆၊ ၂၀၀၈

ခုဆို သူတို့ ရှောင်ပြေးပုန်းနေရသည့်ကာလမှာ ခြောက်လပင်တိုင်ခဲ့ပြီ။ သူတို့နှင့် လုပ်ဖော်ကိုင်ဖက် ရဲဘော်များကို တဦးပြီးတဦး ဖမ်းဆီးခေါ်ဆောင်သွားသည်။ ပြင်ပကမ္ဘာသို့ကျီးလန့်စာစားဖြင့် ထွက်နေ ရသည်။ နေရာ ပေါင်းများစွာတွင် ရွှေ့ပြောင်းနေထိုင်ကြရသည်။ ထိုသို့ ပုန်းရှောင်နေရခြင်းသည်ပင် သူတို့အတွက် အဓိပ္ပာယ် ရှိနေသည်ဟုဆိုရမည်။

သူတို့ဆိုသည်မှာ မနီလာသိန်းနှင့် သူ၏အပေါင်းအပါ ၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူများ တို့ဖြစ်သည်။ သူတို့သည် စက်တင်ဘာ အရေးတော်ပုံပြီးဆုံးကတည်းက မိသားစုများနှင့်ခွဲခွာကာ စစ်အစိုးရ ခြေရာခံမမိနိုင်မည့်နေရာများတွင် ပုန်းအောင်းရင်း လုပ်နိုင်သမျှကို လုပ်ဆောင်နေသူများဖြစ်ကြောင်း မနီလာသိန်းက ဧရာဝတီသို့ပြောသည်။

ယနေ့တွင် စက်တင်ဘာအရေးတော်ပုံ ခြောက်လပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ကြီးနှင့် ၈၈မျိုးဆက်ကျောင်းသားများပူးပေါင်း၍ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်တွင် ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဗရာဟင် ဂမ်ဘာရီနှင့် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူး မစ္စတာဘန်ကီမွန်းတို့၏ မြန်မာနိုင်ငံအရေး ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းမရှိမှုအပေါ် ရှုံ့ချထားသည်။

သို့ရာတွင် အနောက်နိုင်ငံမိသားစုများ၏ ထောက်ပံ့ကူညီမှု၊ အားပေးမှုများကို ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်၍ စစ်အစိုးရအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သွားရန် မေတ္တာရပ်ခံထားသည်။

“ကျွန်ုပ်တို့အနေနှင့် လာမည့် ဆန္ဒခံယူပွဲတွင် စစ်အစိုးရရေးဆွဲသည့် အခြေခံဥပဒေကို ပြည်သူအားလုံးက ကန့်ကွက်မဲထည့်သွားရန် ကြိုးပမ်းလျှက်ရှိပါသည်။ ထိုသို့ကန့်ကွက်သည်မှာ အခြေခံဥပဒေတခုတည်းကို ကန့်ကွက်ခြင်းမဟုတ်ဘဲ စစ်အစိုးရကိုပါကန့်ကွက်ခြင်းဖြစ်ကြောင်း ပြသခြင်းဖြစ်သည်” ဟု ၎င်းကြေညာချက် တွင်ဖော်ပြပါရှိသည်။

ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂ၏ အကူအညီရရှိသည်ဖြစ်စေ မရသည်ဖြစ်စေ မြန်မာနိုင်ငံသားများ၏ အနာ ဂတ်ကို နိုင်ငံသားများကိုယ်တိုင်ဖန်တီးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ငြိမ်းချမ်းစွာဆန္ဒပြခဲ့သော သံဃာတော်များနှင့် ပြည်သူလူထုကို စစ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်း အကြမ်းဖက်နှိမ်နှင်းခဲ့သည်မှာ ခြောက်လတင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ စစ်အစိုးရက သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။ ပစ်ခတ်နှိမ်နှင်းခဲ့သည်။

ထိုနှိမ်နင်းမှုကြီးမှာ မြန်မာ့သမိုင်းတွင်ကော ဗုဒ္ဓဘာသာသမိုင်းတွင်ပါ တခါမှမကြုံဘူးသည့် အကြမ်းဖက်မှုကြီး ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုစိုးထွန်းကပြောသည်။

ထိုစဉ်က စစ်အစိုးရ၏ အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ၃၁ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သော်လည်း အတိုက်အခံအဖွဲ့ များက ထို့ထက်မကဟုဆိုသည်။

ယခင်က နိုင်ငံရေးအကျဉ်းသား ၁၀၀၀ကျော်ခန့်ရှိရာမှ စက်တင်ဘာနောက်ပိုင်းတွင် နောက်ထပ် နိုင်ငံရေး အကျဉ်းသား ၈၀၀ကျော်ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အချို့ကိုဟန်ပြသဘောဖြင့် ပြင်ပတရားရုံးတွင် ရုံးထုတ်စစ်ဆေးသော်လည်း အများစုကိုတော့ အင်းစိန်ထောင် အထူးတရားရုံးတွင်သာစစ်ဆေးလျှက် ရှိသည်။ စွဲချက်တင်သည့် ပြစ်မှုများကလည်း တရားမျှတမှုမရှိ။

“စစ်အစိုးရကတော့ ဘာမဆိုလုပ်နိုင်တာပဲ။ သံဃာတော်တွေကိုရိုက်နှက် ဖမ်းဆီးတာ ကျနော့်မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတာ။ သိပ်ကြောက်စရာကောင်းတယ်။ ပြည်သူတွေကတော့ မုန်းပေမယ့် ဘာမှမတတ်နိုင် တော့ ဒီတိုင်းကြည့်နေရတာပါပဲ” ဟု စက်တင်ဘာအရေးတော်ပုံကို နှိမ်နင်းစဉ်မျက်မြင်တွေ့ရှိခဲ့သည့် ရန်ကုန်သားတဦးကပြောပြသည်။

စစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာမိသားစုများ၏ တောင်းဆိုချက် လိုလားချက်များ ကိုပါ လျစ်လျူရှု၍ ၎င်းတို့၏ လမ်းပြမြေပုံကို အကောင်အထည်ဖော်ရန် ကြိုးပမ်းလျှက်ရှိသည်။ နိုင်ငံရေး အကျဉ်းသားများကို လွှတ်မပေး။ နိုင်ငံရေးလှုပ်ရှားသူတို့မှာ ခြောက်လအတွင်း ထပ်ခါထပ်ခါ အဖမ်းအဆီး ခံနေရသည်။

သံဃာတော်များ၏ မေတ္တာပို့ဆန္ဒထုတ်ဖော်မှုရလာဒ်ကြောင့် မြန်မာပြည်သူလူထုကလည်း စစ်အာဏာရှင် အစိုးရကိုမလိုလားကြောင်း ပါဝင်ပြသခဲ့သည်။ မြန်မာပြည်သူလူထုက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းပြည်အပြောင်းအလဲကိုလိုလားကြောင်း စက်တင်ဘာအရေးတော်ပုံကြီးဖြင့် ကမ္ဘာသိအောင် ရှင်းရှင်း လင်းလင်း ပြသနိုင်ခဲ့၏။

သို့သော်လည်း ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြည်သူလူထုမျှော်လင့်သလို ထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်ခဲ့။ ဝေဖန်သူများကကော ပြည်သူလူထုကပါ မစ္စတာဂမ်ဘာရီ၏ ဆောင်ရွက်နိုင်စွမ်းကို အားမကိုးရန်ပြောဆိုနေပြီ ဖြစ်သည်။

ယခုအချိန်တွင် မြန်မာပြည်တွင်း၌ လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ခန့်က မြင်ကွင်းမျိုး မြင်နေရဆဲ ဖြစ်ပြီး ကျန်းမာရေး၊ လူမှုရေး စီးပွားရေးအခြေအနေများ ပိုမို၍ပင် ဆုတ်ယုတ်လာကြောင်း ကိုစိုးထွန်းကပြောသည်။

“အချိန်ကအရမ်းအရေးကြီးနေပြီဗျ။ နောက်မျိုးဆက်တွေအတွက် အရမ်းအလုပ်လုပ်ချင်တယ်။ ဝေဖန်တာ တွေ။ တိုက်ခိုက်တာတွေထက် အရေးကြီးတာတွေ လုပ်စရာအများကြီးရှိတယ်” ဟု ကိုစိုးထွန်းက ပြော၏။ ကိုစိုးထွန်း၏အသံတွင် စိတ်အားထက်သန်မှုနှင့် အားမလိုအားမရဖြစ်မှုတို့ ရောယှက်နေ၏။

စစ်အစိုးရက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးကျင်းပမည်ဟု ကြေညာခဲ့ပြီ။ သို့သော် ထိုဆန္ဒခံယူပွဲ၌ NLD အပါအဝင် အတိုက်အခံ အင်အားစုများမပါဝင်သဖြင့် ဒီမိုကရေစီနည်းလမ်းကို ဖော်ဆောင်ခြင်းမရှိကြောင်း ပြည်တွင်းပြည်ပရှိ ဝေဖန်သူများက ပြောကြသည်။

“၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း စစ်အစိုးရက ပြည်သူတွေရဲ့ဆန္ဒကိုလျစ်လျူရှုခဲ့တယ်။ ဒါကို ကမ္ဘာကသိ ခဲ့တယ်။ ခုလည်း ဘယ်လောက်ပဲကန့်ကွက်မဲပေးပေး သူတို့က လိမ်နိုင်တာပဲ။ ဒါပေမယ့် သမိုင်းကိုကော ကမ္ဘာကိုကောလိမ်လို့မရတဲ့ ဖြစ်ရပ်ကြီးဖြစ်ခဲ့တယ်ဆိုတာပြရမယ်” ဟု မနီလာသိန်းကပြောသည်။

“စက်တင်ဘာက သံဃာတော်တွေနဲ့ပတ်သက်ရင် သမိုင်းတခုဖြစ်ကျန်ခဲ့တယ်။ အားရတာကတော့ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာတာပဲ။ မအောင်မြင်သေးရင်လည်း ဒီမျိုးဆက်သစ်တွေက ဆက်လုပ် သွားလိမ့်မယ်” ဟု မနီလာသိန်းက လွန်ခဲ့သည့် ခြောက်လတာကို ပြန်သုံးသပ်သည်။ သို့သော် Generation Wave အဖွဲ့နှင့် ဗကသ မျိုးဆက်သစ်လူငယ် ၁၈ဦးခန့်ကို စစ်အစိုးရက မကြာသေးမီက ဖမ်းဆီးသွားခဲ့ပြီ။

မနီလာသိန်းအဖို့ ဒီထက်ဆိုးသည့် ဒုက္ခများကိုတွေးထားခဲ့ပြီးဖြစ်သည်။ သူနှင့်အတူ ပုန်းနေရသူများ၊ သူ့ခင်ပွန်းသည်ကဲ့သို့သော နိုင်ငံရေးအကျဉ်းသားများထက် သူကပြည်သူလူထုခံစားနေရသည့် ဒုက္ခဝေဒနာကို ပိုစာနာသည်၊ ပိုသနားမိသည်ဟုဆိုသည်။ သူ့ခင်ပွန်းသည် ကိုဂျင်မီမှာ ၈၈ မျိုးဆက် ကျေင်းသားခေါင်းဆောင်တဦးဖြစ်ပြီး စက်တင်ဘာ အရေးတော်ပုံကာလက အဖမ်းအဆီးခံခဲ့ရသည်။

“အမှန်အတိုင်းပြောရင် ကျမသမီးလေးကို အရမ်းသတိရတယ်။ သူများတွေပြောတာနဲ့ပဲ သမီးလေးသိပ်တတ် နေပြီဆိုတာသိရတယ်။ အရမ်းတွေ့ချင်တာပေါ့။ ဒါပေမယ့် သမီးလေးထက်ဆိုးတဲ့ကလေးတွေ အများကြီးရှိပါ တယ်။ HIV ဝေဒနာနဲ့သေသွားတဲ့မိဘတွေရဲ့ကလေးတွေ မေတ္တာငတ်နေတဲ့ကလေးတွေနဲ့ ယှဉ်လိုက်ရင် ကျမသမီးလေးက မေတ္တာတွေဝိုင်းနေတာပါ။ အဲလိုတွေးလိုက်ရင် အင်အားဖြစ်တယ်” ဟု မနီလာသိန်းက ပြောသည်။ မနီလာသိန်း၏ သမီးကလေးမှာ လာမည့်လတွင် ၁နှစ်ပြည့်တော့မည်။ ပုန်းအောင်း ရှောင်တိမ်းချိန်မှစ၍ သမီးလေးနှင့် သူမတွေ့ရသည်မှာ ခြောက်လရှိပြီ။

မနီလာသိန်းသည် ၁၉၉၆ခုနှစ်က နိုင်ငံရေးမှုဖြင့် အဖမ်းအဆီးခံခဲ့ရပြီး ၂၀၀၅ခုနှစ်ကျမှ ပြန်လွတ်ခဲ့သဖြင့် ထောင်ထဲတွင် ၈ နှစ်နေခဲ့ရသည်။ ၎င်းနောက် ကိုဂျင်မီနှင့် အကြောင်းပါ၍ ဇနီး ခင်ပွန်းနှစ်ဦးစလုံး စိတ်တူစွာ တိုင်းပြည်အရေး ဆောင်ရွက်ခဲ့ကြသည်။ ယခုလည်း စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကို ရှောင်တိမ်းနေရ သည်။

“လူတွေအားလုံး တဦးချင်းအကြောက်တရားကင်းကင်းနဲ့ ကိုယ့်အခွင့်အရေးကိုရအောင် ယူတတ်စေချင် တယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပြီး မကြောက်ဘဲတွန်းလှန်မှ စစ်ကျွန်ဘဝက လွတ်မြောက်မယ် လို့ ကျမတော့မြင်တယ်” ဟုမနီလာသိန်းက ပြောသည်။

“ကျမတို့ ဘယ်အချိန်ထိရှောင်တိမ်းနေရမလဲဆိုတာမပြောနိုင်ဘူး။ ဒီနေ့လည်းအဖမ်းခံရနိုင်တယ်။ မနက်ဖြန်လည်းဖြစ်နိုင်တာပဲ။ ဒါပေမယ့် ကျမတို့မှာ ခံနိုင်ရည်အပြည့်ရှိပါတယ်။ ခုလိုရှောင်နေရတယ်ဆိုတာက လည်း အဖမ်းမခံချင်လို့ဆိုတာထက် လုပ်စရာရှိတာတွေ ဆက်လုပ်နိုင်ဖို့ပါ” ဟု သူကဆက်ပြောသည်။ သူ့အသံတွင် ခွန်အားကအပြည့်၊ ယုံကြည်မှုလည်းအပြည့်…..။ [Top]

 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.