ပဋိပက္ခထဲကည သို့မဟုတ် နှစ် ၂၀ အလွန်
20 YEARS ON
စိုးအောင်ဆန်း | မတ် ၁၇၊ ၂၀၀၈
နှစ် ၂၀ အလွန်ကို သူရောက်သွားတဲ့အခိုက် ခဏအတွင်းမှာပဲ ပြင်သစ်ကဗျာဆရာ ပရေးဗား ရေးတဲ့ “ပီကာဆို၏ ပဉ္စလက် မီးအိမ်” ကဗျာကို သတိရလိုက်မိတယ်…။
ရပ်နေတဲ့ နာရီချိန်သီးရဲ့ အလေးချိန်နဲ့
သူ့ရဲ့ပျောက်ဆုံးသွားတဲ့ ခဏငယ်များ…..
ကဗျာအပိုင်းအစတချို့က သူ့ဆီကိုတိုးဝှေ့ဝင်လာတယ်….။
အဲဒီ ပရေးဗားရဲ့ ကဗျာက ပဋိပက္ခတွေကို ဖွဲ့သီထားတဲ့ ကဗျာ…။ ကဗျာဆရာက စပိန်ပြည်တွင်းစစ်ကို မြင်ပြီး ဘယ်လိုခံစား ချက်နဲ့ ဖွဲ့သီထားလဲ မသိ….၊ ပဋိပက္ခတွေကို ဖွဲ့သီထားတာကတော့ အသေအချာပင်….။
စပိန်စစ်ပွဲ ပဋိပက္ခကို ကမ္ဘာကျော် ပန်းချီဆရာ ပီကာဆိုကလည်း ဂွါရာနီကာ အမည်ရှိ ပန်းချီကားမှာ ရေးဆွဲ မှတ်တမ်းတင်ခဲ့ ဖူးတာ လူအများသိပြီးဖြစ်ပါတယ်…။
အခုတွေ့မြင်နေရတဲ့ ပန်းချီတွေကလည်း ပဋိပက္ခတွေကို ထုတ်ဖော်ထားတဲ့ ပန်းချီတွေ….။ ပန်းချီ ထိန်လင်းရဲ့ နှစ် ၂၀ အလွန် ပန်းချီတွေ…။
အလင်းနဲ့ အမှောင်၊ အဖြူနဲ့အမည်း၊ အပူနဲ့အအေး၊ အနုနဲ့အကြမ်း၊ ငြိမ်းချမ်းရေးနဲ့ စစ်ပွဲ၊ မတရားမှုနဲ့ တရားမျှတမှု စတဲ့ ဆန့်ကျင်ဘက်ပဋိပက္ခတွေဟာ သူ့ရင်ထဲကို သံမှို တချောင်းချင်း ရိုက်သွင်းလိုက်သလို စူးဝင်သွားရတယ်….။
ရွှေဝါရောင်တော်လှန်ရေး၊ နှစ် ၂၀ အလွန်၊ အကျဉ်းထောင်ထဲက ဆေးမင်ကြောင်၊ ဗုဒ္ဓ၊ အောင်ဆန်းစုကြည် စတဲ့ ပန်းချီ ကားတွေထဲကိုလည်း သူကိုယ်တိုင်ရောက်သွားလေရဲ့….။
အဲဒီ ပန်းချီကားတွေရဲ့ခေါ်ဆောင်ရာနောက်ကို သူကလည်းလိုက်ပါသွားမိတယ်…။ လွန်ခဲ့တဲ့ အနှစ်၂၀ ကမတ်လ ၁၃ ရက်၊ အခု ဒီပန်းချီပြပွဲ ခင်းကျင်းတဲ့အချိန်မျိုး မြန်မာနိုင်ငံ ရန်ကုန်မြို့ကိုလည်း သူရောက်ရှိသွားလေရဲ့…။
“အဲဒီမတ်လ ၁၃ ရက်နေ့ဟာ ကျနော်တို့ရဲ့သမိုင်းသစ်ကို စလိုက်တဲ့နေ့ပဲ၊ လွန်ခဲ့တဲ့ အနှစ် ၂၀ က မတ် ၁၃ ဟာ ကျနော်တို့ အားလုံး ကြီးမားတဲ့ အချိုးအကွေ့ကို ကြုံခဲ့ရတယ်လေ”လို့ ပန်းချီ ကိုထိန်လင်းက သူ့ရဲ့ နှစ် ၂၀ အလွန် ပန်းချီတွေ စတင် သန္ဓေတည်ခဲ့ရတာကို ပြန်လည် ပြောပြပါတယ်။
တချိန်တည်းမှာပဲ မန္တလေး၊ ပခုက္ကူ၊ မြင်းခြံ၊ စစ်တွေ စတဲ့ မြို့တွေမှာရှိတဲ့ အဆောင်းမပါ ခြေဗလာနဲ့ ငြိမ်းချမ်းစွာ မေတ္တာပို့ ရွတ်ဆိုနေတဲ့ သံဃာတော်တွေနဲ့လည်း တွေ့ဆုံစကားပြောနေမိတယ်….
“ပြည်သူများအတွက် သံဃာတော်များ”
သတိရနေမိတဲ့ ဆိုင်းဘုတ် တခု…။
“အဲဒီကနေစတင်ပြီး ဆက်ပြီး ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေပေါ့၊ ဒါပေမယ့် အဲဒီအပြောင်းအလဲတွေအားလုံးရဲ့ ပထမဆုံး စနက်တံကတော့ ၁၃ ရက်နေ့ မတ်”
ကိုထိန်လင်းက သူ့ရဲ့ သေချာမှုကို ထပ်မံလို့ သက်သေပြုနေပြန်တယ်….။
ရွှေဝါရောင်တော်လှန်ရေး အမှတ် (၃) ဆိုတဲ့ ပန်းချီကားနားကို ရောက်သွားတော့ နာမည်ကြီး မြန်မာ ပန်းချီဆရာ ကိုမျိုးမြင့် နဲ့ ထိုင်း ပန်းချီဆရာ လူငယ်တဦးကို တွေ့လိုက်ရလို့ နှုတ်ဆက်လိုက်ပါတယ်…။
“အိုင်ဒီယာအရ ဒီရွှေဝါရောင် တော်လှန်ရေးကားကို ကြိုက်တယ်၊ ပန်းချီအရဆိုရင်တော့ ဟို အငြိမ့်ဆိုတဲ့ကားကို ကြိုက်တယ်” ဟု ပန်းချီဆရာ ကိုမျိုးမြင့်က သူ့ကို ပြောပြတယ်။
သူတို့အနားကို ရောက်လာတဲ့၊ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကို စိတ်ဝင်တစားရှိတဲ့ ဂျပန်အမျိုးသမီးလေး နာအိုမီကလည်း “ကျမလည်း အဲဒီအငြိမ့် ပန်းချီကားကိုကြိုက်တယ်၊ ကာလာဖူး(Colourful) ဖြစ်တယ်”လို့ ဝင်ပြောလာပါတယ်။
ပန်းချီကိုမျိုးမြင့်က “အခုရွှေဝါရောင်တော်လှန်ရေးပန်းချီကားရဲ့ အလယ်မှာက ဆင်းရဲဒုက္ခရောက်နေတဲ့ လူပုံတွေ၊ အဲဒီ ဘေးကမှ ပတ်စီထားတာက အခုသုံးနေတဲ့ မြန်မာပိုက်ဆံ ၅၀၀ တန်၊ ၁၀၀၀ တန်တွေ၊ အဲဒီ ပိုက်ဆံတွေပေါ်မှာ ဘီလူးခေါင်း ပုံတွေကို ဆေးနဲ့ ထပ်ဆွဲထားတာ၊ အဲဒီ အားလုံးရဲ့အပြင်က ပတ်ပတ်လည်မှာ ဆွဲထားတဲ့ ဦးခေါင်းပုံတွေက ရဟန်းသံဃာ တွေရဲ့ ဦးခေါင်းပုံတွေဖြစ်တယ်၊ ဒီပုံတွေအရ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့အခက်အခဲကို သံဃာတော်တွေက ဝိုင်းဝန်း ကူညီတဲ့သဘော ဖြစ်တယ်”လို့ သူ့ရဲ့ထင်မြင် ယူဆချက်ကို ဆက်ပြီး ပြောပြတော့ ထိုင်း ပန်းချီဆရာလေးက ပြုံးပြီး ခေါင်းညိတ်ပါတယ်…။
ထိုင်း ပန်းချီဆရာလေးကတော့ အခုပန်းချီကားကိုရေးဆွဲထားတဲ့ နည်းစနစ်နဲ့ အသုံးပြုထားတဲ့ ပန်းချီ ပစ္စည်းတွေက သူ့ကို စိတ်ဝင်စားစေတယ်လို့လည်း ပြောပြပါတယ်။
အခုပြပွဲကို လက်ခံကျင်းပတဲ့ သုဝဏ္ဏဘူမိ ပန်းချီပြခန်းပိုင်ရှင် မမာမာကလည်း နှစ် ၂၀ အလွန် ပြပွဲ ခင်းကျင်း ပြသနိုင်ဖို့ အချိန်ကြာမြင့်စွာစီစဉ်မှုမရှိဘဲ ကျင်းပလိုက်ရပေမယ့် ကိုထိန်လင်းရဲ့ ပန်းချီကားတွေက လက်ရှိမြန်မာ နိုင်ငံရဲ့အခြေအနေ တွေကိုထင်ဟပ်ပြထားတဲ့အတွက် ထူးခြားမှုရှိတယ်လို့ ရှင်းပြပါတယ်။
“မြန်မာလူမျိုးတွေအနေနဲ့တော့ မထူးခြားဘူးလို့ ပြောရင်လည်းရပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ အားလုံး ဒီအခြေအနေထဲမှာ စီးမျောနေကြရတဲ့သူတွေဖြစ်လို့ပါပဲ”လို့ လည်း မမာမာက ဆိုပါတယ်။
ရွှေဝါရောင်တော်လှန်ရေးလို့ အမည်ပေးထားတဲ့ ပန်းချီကားတချပ်ကို မြင်မြင်ချင်းကြက်သီးထ လောက်အောင် ခံစားရမိ တဲ့အတွက် အဲဒီ ပန်းချီကားကို ကိုယ်ပိုင်ဝယ်ယူသိမ်းဆည်းမိတယ်လို့လည်း သူကပြောပြပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးဟာ သမိုင်းမှာ ချန်လှပ်ထားလို့မရသလို ရှစ်လေးလုံးအရေးအခင်း မတိုင်ခင်က ငွေစက္ကူပြဿနာလိုမျိုးကလည်း တော်လှန်ရေးတခုကို အစပျိုးပေးတဲ့ ပြဿနာ တခုဖြစ်တဲ့ အတွက် အဲဒီ ပဋိပက္ခတွေက သူ့ ပန်းချီအနုပညာမှာ ထင်ဟပ်လာရပါတယ်လို့ ကိုထိန်လင်းက ဆက်ပြော လာပါတယ်…။
နှစ် ၂၀ အလွန်ကို ရောက်ရှိလာတဲ့ ဆွစ်ဇာလန် နိုင်ငံသားတဦးကလည်း“မြန်မာ ပန်းချီကားတွေကို အရင်က စိတ်အပန်း ဖြေဖို့ သက်သက်ပဲခံစား ဝယ်ယူခဲ့တယ်၊ တကယ်တမ်းကြတော့ အခုပန်းချီကားတွေက စိတ်ကိုထိခိုက် စေပါတယ်”လို့ ပြောဆိုသွားပါတယ်။
ပန်းချီနဲ့ပတ်သက်လို့ စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာ ရဲ့ ပန်းချီဝေဖန်ရေးတခုမှာ ပဋိပက္ခ၊ နိုင်ငံရေးနဲ့ အနုပညာ ဆက်စပ်ပုံ ပြောဆိုချက်တခုကို သတိရမိပါတယ်…။
ဆရာကြီးက သူရေးသားတဲ့ “စာလုံး၊ စောင်းကြိုး၊ ဆေးစက်နှင့် ကတ္တီပါကားလိပ်” အမည်ရှိ စာအုပ်မှာ “ပဋိပက္ခများ၏ ညီညွတ်ရေးသည် ပန်းချီသစ် တရပ်ဖြစ်ပေသည်။ ယနေ့ နိုင်ငံရေးပြဿနာသည် ယနေ့ အနုပညာပြဿနာ ဖြစ်ပေသည်”လို့ ပြောဆိုရေးသားခဲ့ဖူးပါတယ်။
ကိုထိန်လင်းရဲ့ နှစ်၂၀ အလွန် (20 YEARS ON)ပြပွဲရှိ ပန်းချီ အများစုဟာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာ တွေကို ပြန်လည် ထင်ဟပ်ပြသနေတယ်လို့ ယုံကြည်မိပါတယ်။
မြန်မာနိုင်ငံရဲ့ လတ်တလောကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာနဲ့ ပတ်သက်ပြီးတော့လည်း ကိုထိန်လင်းက ပါဖောင်းမင့် အနုပညာပြသမှုတခုကို နှစ် ၂၀ အလွန်ပြပွဲ ဖွင့်ပွဲ ညချမ်းအချိန်မှာပဲ တင်ဆက်ခဲ့ပါသေးတယ်။
ဆန္ဒမဲထည့်တဲ့ မဲပုံးနဲ့သဏ္ဍန်တူပြီး ကြည့်ရှုလေ့လာသူအများ မြင်နိုင်တဲ့၊ ပလတ်စတစ် အကြည်စတွေ လေးဘက် ကာရံထား တဲ့ မတ်ရပ် သေတ္တာ ပုံးထဲကို ပန်းချီဆရာက ဝင်နေပါတယ်၊ ပြပွဲလာ ပရိသတ်တွေက အပြင်မှာရှိတဲ့ ရာဘာ လက်အိတ် အနက်ရောင်နဲ့ အဖြူရောင်တွေကို မိမိကြိုက်နှစ်သစ်ရာ ရွေးချယ်ပြီး အဲဒီ ပန်းချီဆရာရှိတဲ့ ပုံးထဲကို ပစ်ထည့်ပေးရတဲ့ သရုပ်ပြအနုပညာ ဖော်ဆောင်မှုဖြစ်ပါတယ်။ အနက်ရောင်လက်အိတ်က ကန့်ကွက်တဲ့ သင်္ကေတဖြစ်ပြီး အဖြူရောင်ကတော့ ထောက်ခံတဲ့ သင်္ကေတ ဖြစ်ပါတယ်။
အဲဒီ ပါဖောင်းမင့်ကတော့ နိုင်ငံသားတိုင်းအတွက် အလွန်အရေးကြီးတဲ့ အခြေခံဥပဒေ အတည်ပြုဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီး ပန်းချီဆရာက အကြိုဆန္ဒခံယူလိုက်တာပဲလို့နားလည်ရင်း အဲဒီည နှစ် ၂၀ အလွန်က အပြန်လမ်းမှာ အနုပညာနဲ့ နိုင်ငံရေးကို တွေးတောလာခဲ့မိပါတယ်…။
တကယ်တော့ အနုပညာနဲ့ နိုင်ငံရေးကပင် ပဋိပက္ခ သဘော မဟုတ်ပါလား….။
ပန်းချီ ဆရာကိုယ်တိုင်ကလည်း ပဋိပက္ခတွေနဲ့ ဖွဲ့စည်းဖြစ်ပေါ်လာသူ မဟုတ်ပါလား….။
သူကိုယ်တိုင်မှာလည်း……။ ။
ကိုးကား -
ပီကာဆို၏ ပဉ္ဖလက်မီးအိမ် - မြသန်းတင့်
စာလုံး၊ စောင်းကြိုး၊ ဆေးစက် နှင့် ကတ္တီပါကားလိပ် - ဒဂုန်တာရာ [Top]
|