ပညာကျော်များ၏ ခတ်ချက်များ
ကိုကိုသက် | မတ် ၃၊ ၂၀၀၈
တခါက မြန်မာပညာရှင် တဦးက သူလေ့လာမိသည့်အချက်ကို ပြောခဲ့ဖူးသည်။ “ကျနော်တို့ရဲ့ နိုင်ငံရေး ယဉ်ကျေးမှုက ဘယ်လောက်အထိ အတိုက်အခံ အပြိုင်အဆိုင် ရှိနေသလဲဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာ ရှိတဲ့ ကစားနည်းတွေကို ကြည့်လိုက်စမ်းပါ။ ဥပမာ စွန်တိုက်ပွဲတို့ စသဖြင့်ပေါ့။ ကစားနည်းအားလုံးက ခင်ဗျားပြိုင်ဘက်ကို အနိုင်ယူဖို့ လုပ်ထားတာချည်းပဲ” ဟု ဆိုပါသည်။
သူ၏ ထင်မြင်ယူဆချက်တွင် မြန်မာနိုင်ငံမှ ခြင်းလုံးကို မျက်စေ့လျှမ်း၍ ကျန်ခဲ့ပုံရပါသည်။ သို့သော်လည်း ယခုအခါ ရုပ်ရှင် ဆုရသည့် မှတ်တမ်းတင် ဗီဒီယိုတခုဖြစ်သည့် “မှော်ဘော်လုံး” (Mystic Ball) ဟူသည့် ရုပ်ရှင်က ဤခြင်းလုံးကစားနည်း အကြောင်းကို မှတ်တမ်းတင် ဖော်ပြထားခြင်း ဖြစ်သည်။ ဤမှတ်တမ်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ဂရက် ဟာမီလ်တန် (Greg Hamilton) က ပြောပြရာ၌ “ခြင်းလုံးနဲ့ ပတ်သက်လို့ ထူးဆန်းအံ့သြရတဲ့ကိစ္စကတော့ တဘက်သားနဲ့ ပြိုင်ဆိုင်တဲ့ ကစားနည်းမျိုး မဟုတ်တာပဲ၊ ဆန့်ကျင်ဘက် ပြိုင်ဘက်အသင်းရယ်လို့ မရှိဘူး။ အမှတ်ပေးစနစ် မရှိဘူး။ နိုင်သူမရှိသလို ရှုံးသူလည်း မရှိဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံ ပြင်ပ၌ စီပက် တာကရော (sepak takraw) ဟု ခေါ်သည့် ခြင်းလုံးကစားနည်းသည် ကြိမ်ဖြင့်ယက်ထားသည့် ခြင်းလုံးကို ခြေထောက်သက်သက်ဖြင့် ခတ်၍ ကစားရသည့်နည်း ဖြစ်သည်။ လက်ဖြင့် ကိုင်ခွင့် မရှိပါ။ ခြင်းလုံးပညာရှင် များက တဦးတည်း အလှပြ ခတ်ကစားခြင်းမျိုးလည်း ရှိတတ်ပါသည်။ အထူးသဖြင့် အမျိုးသမီးခြင်းလုံးမယ်များက ကစားပြ ကြပါသည်။ သို့မဟုတ် နှစ်ဦး၊ ခြောက်ဦးဖြင့် အုပ်စုလိုက် ၀ိုင်းဖွဲ့၍ ၃-၄ ပေခွာရပ်ပြီး ခတ်ကစားခြင်းမျိုးလည်း ရှိသည်။
ဤကစားနည်း၏ ရည်ရွယ်ချက်မှာ ခြင်းလုံးကို လေပေါ်တွင်မြောက်နေစေရန်သာ ခတ်၍ ကစားခြင်းဖြစ်ပြီး၊ ဤကစားနည်း ၏ ပညာ၊ အနှစ်သာရ အနေဖြင့် ခတ်ကွင်း၊ ခတ်ကွက်အစွမ်းပြခြင်းပင် ဖြစ်သည်။ ဟာမီလ်တန်က ဤခတ်ကွက်များကို ဖော်ပြရာ၌ “ရွေ့လျားမှု” ဟု ခေါ်ဆိုခဲ့ပြီး သူပထမဦးဆုံး ခုံမင်နှစ်သက်ဖူးသည့် ကိုယ်ခံပညာ သိုင်းကွက်ရွှေ့မှုများနှင့် တူ ကြောင်း ဖော်ပြထားပါသည်။
ခြင်းလုံးစကားသည့် အဖွဲ့သည် အလွန်ဒီမိုကရေစီကျသည့် ကစားနည်းမျိုးဖြင့် ကစားကြသည်။ ကစားသူများက တဦးချင်း အစွမ်းပြခွင့် ရနိုင်ကြသလို၊ သူတို့ စိတ်ကြိုက်ခတ်ကစားပြနိုင်သည်။ ဤသို့ တကိုယ်တော် ကစားသူကို “မင်းသား” သို့ မဟုတ် “မင်း သမီး” ဟု ခေါ်ပြီး ကျန်ကစားသူများကလည်း ထိုသူကို ၀ိုင်း၍ အားပေးကြသည်။
ဒါရိုက်တာ ဟာမီလ်တန်နှင့် မြန်မာခြင်းလုံးကစားသမား အဖွဲ့တို့ တိုရွန်တိုမြို့ရှိ ပန်းခြံတခုတွင် ၁၉၈၁ ခုနှစ်တွင် ကြုံဆုံခဲ့ ကြပြီး၊ ဤခြင်းလုံးကစားနည်းကို သူစွဲမက်ခဲ့ရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ခြင်းလုံးကစားနည်းကို နှစ်ပေါင်းများစွာ ကြုံ သလို လေ့ကျင့်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တော်တော်တန်တန် ခြင်းထိန်း တတ်လာခဲ့သည်။ နောက်ပိုင်း မြန်မာနိုင်ငံရှိ ခြင်းဆရာများတွင် ကိုယ်တိုင်ကိုယ်ကျ သင်ကြားလေ့လာနိုင်ခဲ့သည်။
ခြင်းအကျော်တယောက်ဖြစ်ရန် ခတ်ကွက် ၂၀၀ ကျော် ကျွမ်းကျင်တတ်မြောက်ရန် လိုအပ်ကြောင်း သူလေ့လာတွေ့ရှိခဲ့ရ သည်။ အသက် ၇၀ ကျော်ပြီဖြစ်သူ ခြင်းအကျော် ၀ိဇ္ဖာသန်းက ခြင်းပညာ၏ အနုအလှသဘောကို သူ့ကို ဖွင့်ဆိုပြခဲ့ပြီး၊ ယခု ရုပ်ရှင် ၂၀၀၇ ခုနှစ်တွင် မတင်ဆက်နိုင်မီ တနှစ်အလိုတွင် ကွယ်လွန်ခဲ့ရသည်။ “ခတ်ကွက် ဆိုသည်မှာ ခေါင်း၊ ခါး၊ ခြေ၊ လက်ကိုသုံး၍ ပုံအကျခတ်ပြနိုင်မှသာလျှင် လှပသည့် ခြင်းခတ်ကွက်ကို ရလိမ့်မည်” ဟု ၀ိဇ္ဖာသန်းက ဆိုခဲ့သည်။
ဤသို့ ယက်လုပ်ထားသည့် ခြင်းလုံးခတ်ကစားနည်းသည် အခြားသော အရှေ့တောင်အာရှနိုင်ငံများတွင်လည်း အခြား နာမည်တမျိုးမျိုးဖြင့် တည်ရှိကစားနေကြပါသည်။ သို့မဟုတ် တည်ရှိခဲ့ဖူးပါသည်။ သို့သော်လည်း (ဂလိုဘယ်လိုက်ဇေးရှင်း) ဟု ခေါ်ဆိုနေကြသည့် ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုနှင့် ကင်းကွာနေသည်ဟု ဆိုနိုင်သည့် မြန်မာနိုင်ငံ၌ ခြင်းလုံးကစားခြင်း သည် ရိုးရာမူဟန်မပျက် ကျန်နေရစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်း တမျိုး ဖြစ်နေပါသည်။ ညင်သာသည့်၊ ခြေခတ် ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့်၊ လူကြီးလူငယ်မရွေး၊ ကျား-မ မရွေး ကစားနိုင်သည့်၊ ပူးပေါင်းကစားနိုင်ကြသည့် ကစားနည်းတခု အဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါသည်။
ခြင်းလုံး စတင်ပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ မြန်မာများ အကြား၌ပင် ငြင်းခုန်နေကြဆဲ ဖြစ်သည်။ အချို့က ဤကစား နည်းသည် နှစ်ပေါင်း ၂, ၅၀၀ ကျော် ကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပြီး အေဒီ ၇ ရာစု ရှေးဟောင်းပျူခေတ်ကာလကပင် ရှိခဲ့သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ အချို့က ပို၍ နောက်ပိုင်းကျသည့် ၁၉ ရာစု နှောင်းပိုင်း ပုဂံမင်းလက်ထက်တွင်မှ စတင်တွေ့ရပြီး နန်းတော်ရှိ မင်းဆွေမင်းမျိုး ပရိသတ်များ ကြည့်ရှုရန် ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု ဆိုသည်။ ခြင်းပညာ၏ ခြေကွက်များ ပေါ်လွင်စေရန် ပုဆိုးကို ခါးတောင်းမြောင်အောင်ကြိုက်၍ ကစားခဲ့ကြသည်ဟု ဆိုပါသည်။
ဤကစားနည်းမှာ နောက်ပိုင်း သာမန်ပြည်သူအများကြားတွင်လည်း ခေတ်စားလာခဲ့ပြီး၊ ညနေစောင်း နေအေးချိန်၌ ဖြစ်စေ၊ သစ်ပင်ရိပ်အောက်၌ ဖြစ်စေ လူအများ ခတ်ကစားလေ့ ရှိကြပါသည်။
အနောက် ကမ္ဘာနိုင်ငံများရှိ တဘက်နှင့် တဘက်ပြိုင်ဆိုင်ကစားကြရသည့် ကစားနည်းများ အနက်မှ ခြင်းလုံးနှင့် ဆင်ဆင် တူသည့် အားကစားနည်းကို ပြောရမည်ဆိုလျှင် အလှပြ စကိတ်စီး ကစားနည်းပင် ဖြစ်ပါလိမ့်မည်။ ဤကစားနည်း ၂-ခုလုံး က လျှင်မြန်ဖြတ်လပ်မှု၊ ကိုယ်ခန္ဓာဟန်ချက် ထိန်းသိမ်းနိုင်မှု၊ ကျွမ်းကျင်မှုနှင့် ကစားသူများ အချင်းချင်းအကြား ရင်းနှီး ဆက်ဆံ အပေးအယူပြုမှုများ ပါဝင်ကြပါသည်။ ဤကစာနည်း ၂-ခုလုံးကို တေးဂီတနှင့် တွဲဖက်တင်ဆက်ကြပြီး၊ သူတို့၏ အနုပညာမြောက်စွာ တင်ဆက်နိုင်မှုအပေါ် ချီးမွမ်းဂုဏ်ပြုလေ့ ရှိကြပါသည်။ ခြင်းလုံးကစားနည်းတွင်လည်း မြန်မာ့ဂီတနှင့် ဆက်စပ်နေပြီး တီးခတ်နေကြသည့် ဆိုင်းဆရာ၏ ဘေးတွင် ခတ်ပြ၍ ကစားလေ့ရှိကြပါသည်။ ဟာမီလ်တန်က ဖော်ပြရာ၌ အတီးကောင်း ဆိုင်းဆရာကလည်း ခြင်းကစားမှုကို ကြွစေကြောင်း ဆိုထားပါသည်။
မြန်မာနိုင်ငံရှိ ယဉ်ကျေးမှု၏ အခြားသော ထူးခြားမှုများနှင့်အတူ၊ မြန်မာနိုင်ငံ ကိုလိုနီလက်အောက် ကျရောက်စဉ်ကာလ (၁၈၈၅-၁၉၄၈) က ခြင်းလုံးကိုလည်း အမျိုးသားရေးလက္ခဏာ တရပ်အဖြစ် အရူးအမူး အားပေးမြှင့်တင်ခဲ့ကြပါသည်။ ၁၉၁၈ ခုနှစ်တွင် ခြင်လုံးဆရာဖြစ်သင်တန်းကို စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ခြင်းလုံးအသင်းများ ပေါ်ပေါက် လာခဲ့ပါသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ခြင်းလုံးကစားနည်းက အမျိုးသားအားကစား ဖြစ်လာခဲ့သည်။ ၁၉၅၀ ခုနှစ် များနှင့် ၁၉၆၀ ခုနှစ် အစောပိုင်းကာလများတွင် မြန်မာနိုင်ငံ အပျော်တမ်း ခြင်းလုံးအသင်းက ခြင်းလုံးခတ် ကစားနည်းကို ပြည်တွင်း တွင် မြှင့်တင်အားပေးခဲ့သလို၊ ဥရောပသို့လည်း သွားရောက် ပြသခဲ့ပါသည်။
ဤမှတ်တမ်းရုပ်ရှင်ကားနှင့် ပတ်သက်၍ ဝေဖန်ကြသူများက ၎င်းရုပ်ရှင်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးကဏ္ဍကို ဖယ်ချန်ခဲ့ ကြောင်း ဆိုကြပါသည်။ ဤ“မှော်ဆန်လှသည့် တန်ခိုးဖြင့်ပြည့်သည့် ခြင်းလုံး” သည် မြန်မာပြည်သူများအတွက်သာမက၊ ကမ္ဘာတခုလုံးအတွက်ပါ ခြင်းလုံးခတ်ကစားသည့် ပူးပေါင်းဆောင်ရွက်မှုမျိုး ရှိကြရန် တနည်းတဖုံ တိုက်တွန်းနေပါသည်။ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီ သဘောလည်း ဤကစားနည်းတွင် ပါဝင်ဖွဲ့စည်းနေသည်။
ဟာမီလ်တန်၏ မှတ်တမ်းရုပ်ရှင်သည် ခြင်းလုံးအကြောင်း သက်သက်မျှ မဟုတ်ပါ။ ပစ်ပယ်ခံထားရသည့် အနောက်တိုင်းမှ လူငယ်တဦး၏ ဘ၀အဓိပ္ပါယ်ကို ရှာဖွေသည့် ခရီးစဉ်တခုလည်း ဖြစ်ပါသည်။ ခြင်းလုံးခတ် ကျွမ်းကျင်စေရန် ကြိုးပမ်းသည့် သူ၏ ကာယအားထုတ်မှုသည် တဖြည်းဖြည်းနှင့် စိတ်ပိုင်းဆိုင်ရာဝိဉာဉ်သဘော ဆန်လာခဲ့သည်။ သူ၏ နှစ် ၂၀-ကာလ ဖွံ့ဖြိုးတိုးတက်လာမှု၏ ခရီးအဆင့်ဆင့်လည်း ဖြစ်သည်။ ဤနှစ် ၂၀ တွင် ရုပ်ရှင်ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ် ခဲ့ရသည့် ၈ နှစ်လည်း အပါအ၀င် ဖြစ်ပါသည်။
ဤရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ထားကြသည့် မြန်မာဇာတ်ကောင်များ အားလုံးမှာ ခြင်းအကျော်များ၊ ခြင်းဝိဇ္ဇာများ ဖြစ်ကြ ပါသည်။ ထိုသူတို့က နိုင်ငံခြားသား ခြင်းပညာသင် ကျောင်းသားလေးကို ၀န်းရံ အားပေးခဲ့ကြပါသည်။ မန္တလေးမြို့၊ မဟာ မုနိဘုရား ၀ါဆိုပွဲတော်၌ ရိုက်ကူးခဲ့သည့် ဇာတ်ဝင်ခန်း ရိုက်ကွက်တခန်းပါပြီး အထူးလှပဝေဆာလှပါသည်။ ဤပွဲတော်၌ နှစ်စဉ် အကြီးအကျယ်ဆုံး ကျင်းပမြဲဖြစ်သည့် ခြင်းလုံးပွဲတော်အခန်း ဖြစ်သည်။ ဤအခန်းကို ကြည့်ရလျှင် ပြည်ပရောက် နေသူ မြန်မာလူမျိုးများအဖို့ သတိရ၍ မျက်ရည်လည်စရာပင် ဖြစ်သည်။
ဤရုပ်ရှင်ထဲတွင် ခြင်းပညာရှင် အမျိုးသမီးငယ် စုစုလှိုင်၏ ဘ၀တစေ့တစောင်းကိုလည်း ဖော်ပြထားပါသည်။ မစုစုလှိုင်က တကိုယ်တော် ခြင်းအစွမ်းပြ၍ ရလာသည့် ၀င်ငွေဖြင့် မိသားစုကို ထောက်ပံ့နေရသူ ဖြစ်သည်။ ဤအခန်းက မြန်မာအမျိုး သမီးများ၏ စွမ်းပကားကိုလည်း ထင်ဟပ်ဖော်ကျူးနေပါသေးသည်။
မြန်မာခြင်းလုံး လောက အသိုင်းအ၀ိုင်းတွင် မစ္စတာဂရက် (Mister Greg) ဟု သိကြသည့် သူက နာမည်ကျော် ပြွေဆရာ တဦးလည်း ဖြစ်ပါသည်။ ဤရုပ်ရှင်ကားအတွက် တေးဂီတစီစဉ်ပုံမှာလည်း ထူးခြားကောင်းမွန်လှပါသည်။ သူက နူးညံ့ သိမ်မွေ့သည့် ပေါ့ပ်တေးဂီတကို အစီအရီတကျ ထည့်သွင်းပေါင်းစပ်ခဲ့ပြီး တခါတရံ စိတ်လှုပ်ရှားဖွယ်၊ တခါတရံ ဆွေးမြေ့ ကြေကွဲဖွယ် မြန်မာတေးဂီတကိုလည်း ပေါင်းစပ်ထည့်သွင်းခဲ့သည်။ ဤရုပ်ရှင်၏ ထူးခြားကောင်းမွန်လှသည့် တည်းဖြတ်ပုံ နှင့် ရိုက်ကွင်းအယူအဆများကိုမူ အထူးထပ်မံ ချီးကျူးရန် မလိုအပ်တော့ပါ။ နိုင်ငံတကာပြိုင်ပွဲများတွင် ဆုအများထူးချွန် ဆွတ်ခူးနိုင်ခဲ့သည်မှာ ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်း ဖြစ်ပါသည်။
ဤရုပ်ရှင်ကို ဟာမီလ်တန်၏ ပြောစကားဆန္ဒတခုဖြင့် အဆုံးသတ်ထားပါသည်။ “သူက မြန်မာ့ခြင်း ကမ္ဘာသို့ ပျံ့နှံ့သိရှိ စေရေးအတွက် ဤကစားသမားများနှင့်အတူ ကမ္ဘာလှည့်ခရီးထွက်ရန် အိပ်မက်ရှိနေသေးသည်” ဟု ဆိုပါသည်။ ဤ “မှော်ဆန်လှသည့် ခြင်းလုံး” (Mystic Ball) ဟု အမည်ရသည့် ရုပ်ရှင်ကားဖြင့် သူတင်ပြလိုသည့် စိတ်ပိုင်းဆိုင်ရာဝိဉာဉ် ဆန်မှု သဘော၊ မြင်ကွင်းအရ လှပရှုမောဖွယ် ရုပ်ရှင်တခုကို သူတင်ဆက်နိုင်ခဲ့ပါသည်။ ထိုထက်ပို၍ ဆိုရလျှင် သူက မြန်မာ့ယဉ်ကျေးမှုကို အထူးအကျိုးပြုခဲ့သူဟု ဆိုရပါတော့မည်။ [Top]
ကိုကိုသက်သည် ဟယ်လ်ဆင်ကီတက္ကသိုလ်တွင် ကမ္ဘာ့နိုင်ငံရေးနှင့်ပတ်သက်၍ သုတေသနပြုနေသူ တဦး ဖြစ်ပါသည်။
၎င်းရေးသားသည့် Stroke of Genius ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
|